စာစဉ် (၁၈) အပိုင်း (၂၅၁)

အဆင့်(၅)

“ဘာကြောင့်လဲ”

ချောင်ကျင့်၏ စကားများကြောင့် ဇူယွမ် အနည်းငယ် တုန်လှုပ်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဈေးနှုန်းနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား။ ဒါမှမဟုတ် ကျွန်တော်ဒါကို မသန့်စင်နိုင်မှာ စိုးရိမ်လို့လား။ တာဝန်ခံချောင် စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော့် အကန့်အသတ်ကို ကျွန်တော် နားလည်တယ်”

ချောင်ကျင့်က လက်ခါပြကာ ကမန်းကတန်း ပြန်ပြောသည်။ “အဲဒီလို မဟုတ်ပါဘူး။ ဒီပုလင်းတွေက ကြိုတင်မှာကြား ထားတဲ့သူ ရှိပြီးသား မလို့ပါ”

“ကျွန်တော် အစောပိုင်းက ဒါကို ယူထုတ်ခဲ့တာက ဒီအရာက မင်းရဲ့ အကြည့်ကို ဖမ်းစားနိုင် သွားမယ်လို့ မထင်မှတ်လို့ပါ”

သူ့အနေဖြင့် အဆင့်လေး အမြင့်ဆုံး မူလ သားရဲသွေးပင် ဇူယွမ်၏ အာရုံကို မဖမ်းစားနိုင်ပဲ ဖြစ်လိမ့်မည်ဟု မတွေးခဲ့မိပေ။ ပြီးလျှင် ဇူယွမ်က နတ်ဘုံခ်းဝါ အဆင့် တစ်ယောက်နှင့် ညီမျှသော အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ်ကိုသာ ယူရန် စိတ်ကူး နေပေသည်။

ဘယ်လိုလုပ်ပြီး မူလစဦး ပထမအဆင့် တစ်ယောက် သည်လိုအဆင့် သွေးအဆီအနှစ်ကို သောက်ရေး မစိုက်ဘဲ နေနိုင်ရ သနည်း။

ဇူယွမ်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုပုလင်းများမှာ ကြိုတင် ဝယ်ယူထားသူ ရှိပြီးသားမှန်း သူတကယ် မထင်မိခဲ့ပေ။

“နောက်ထပ် ဒီအဆင့်တွေ မရှိတော့ဘူးလား” ဇူယွမ်က မေးလိုက်သည်။

ချောင်ကျင့်က ခေါင်းခါယမ်း လိုက်ပြီး “အပြင်ဘက်တောင်ရဲ့ ငှာနခွဲမှာ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့က အတွင်းတောင်က မဟုတ်တော့ ကုန်တွေကို ပိုပိုလျှံလျှံ မသိုလှောင် ထားနိုင်ဘူး”

ဇူယွမ် စကားမပြောနိုင် ဖြစ်သွားသည်။ သူ့အနေဖြင့် တကယ့်ကို သည်အဆင့်ငါး နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ် အပေါ်တွင် လက်လွှတ် ပေးချင်စိတ် နည်းနည်းမှ မရှိပေ။ ထိုကြောင့် သူက ကူကယ်ရာမဲ့စွာ မေးလိုက်သည်။ “ကျွန်တော် ဒါတွေကို ဝယ်ယူသွားတဲ့ တပည့်ကို သိလို့ရမလား။ ကျွန်တော် အဲဒီတစ်ယောက် ဆီကနေ ဈေးနှစ်ဆပေးပြီး ပြန်ဝယ်ချင်လို့ပါ”

နဂါးကိုးကောင် ကျင့်စဉ်၏ မြင့်မားသော လိုအပ်ချက်မှာ အရည်အသွေး ရှိသော မူလသားရဲ သွေးအဆီအနှစ်ကို အသုံးပြုရန် ဖြစ်သည်။ ဇူယွမ်အနေဖြင့် ထိုအရာကို ရရှိမည်ဆိုလျှင် သူ့တွင် ပိုင်ဆိုင်သော အရာအားလုံးနှင့်ပင် အလောင်းအစား ပြုလုပ်နိုင်ပေသည်။

ထိုစကားကို ကြားရချိန်တွင် ချောင်ကျင့်မှာ ဆွံ့အသွားပြီးနောက် သူစကားပြောရန် ပြင်လိုက်စဉ်မှာပင် အခန်း အပြင်ဘက်မှ အူမြူးနေသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး “သည် မူလကျင့်စဉ် သင်ပေးတဲ့ ဆရာလေးက တကယ်ကို ကစားလို့ ကောင်းတာပဲ။ ငါ့မှာ ဒီနေ့လို အကြံကောင်းမျိုး ရှိလာလိမ့်မယ်လို့ ငါ၊ လုဖန်း တစ်ခါမှ တွေးမကြည့်ဖူးဘူး”

တံခါးပေါက်မှာ ပွင့်လာ ခဲ့ပြီးနောက် လုဖန်းက အတွင်းသို့ လမ်းလျှောက် ဝင်လာခဲ့သည်။ သူက အနည်းငယ် ပြုံးနေပြီး ဇူယွမ်ကို လှောင်ပြောင် သရော်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

ဇူယွမ်၏ အမူအရာမှာ လွန်စွာ နက်မှောင်သွားသည်။ သည် ပုလင်း သုံးလုံးကို ကြိုတင်ဝယ်၍ ယူသွားသူမှာ လုဖန်း ဖြစ်လိမ့်မည်ဟု သူမထင်ထားမိပေ။

“မင်းရော နဂါးကိုးကောင် နိယာမကျင့်စဉ်ကို လေ့ကျင့်တာလား” ဇူယွမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

“နဂါးကိုးကောင် နိယာမလား” လုဖန်းက ရယ်မောလိုက်သည်။ ”အဲဒါက မဆိုးပေမဲ့လည်း ငါမှာ ပုံမှန်အားဖြင့် ပိုကောင်းတာတွေ ရှိတယ်။ ငါဒီသွေး အဆီအနှစ်တွေကို ဝယ်ခဲ့တာ အပျော် သဘောနဲ့ပါ”

ဇူယွမ်၏ မျက်လုံးထဲတွင် အေးစက်သွားသည်။ သူ နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို လေ့ကျင့်မှန်း သိသောကြောင့် သူအား နှောင့်ယှက်ရန် လုဖန်းက သည်အဆင့်မြင့် သွေးအဆီအနှစ်များကို တောက်ပသော ရတနာခန်းမတွင် ဝယ်ယူရန် ကြိုတင် စာရင်းပေး သွားသည်မှာ ထင်ရှားပေသည်။

သည်လို နည်းဖြင့် လုဖန်းက နောက်တစ်လ နေလျှင် ကျင်းပမည့် တောင်ထွတ် ရွေးချယ်ပွဲတွင် ဇူယွမ်အစွမ်း နိမ့်ကျသွားအောင် လုပ်ဆောင်ပေသည်။

“လုဖန်း…”

ဇူယွမ်၏ မျက်လုံးများမှာ အေးခဲသွားပြီး ရုန့်ရမ်းသော မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက် လာခဲ့သည်။ ရွှေရောင်ချီများက သူ့ကိုယ်တွင် လည်ပတ်လျက် ရှိပြီး ကြီးမားသာ ရွှေရောင် စပါးအုံးကြီး တစ်ကောင်၏ ပုံရိပ် ပေါ်လာခဲ့ပြီး လုဖန်းအား ကြည့်ကာ ဟစ်ကြွေးလိုက်သည်။

“အိုး … မင်းက ဒီလို လုပ်ချင်တယ်ပေါ့။ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာတုန်း” လုဖန်းက ရယ်မောလိုက်ကာ အကြောက်အရွံ့ မရှိသည့် ဇူယွမ်အား လှောင်ပြောင်လိုက်ပြီး မူလချီများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ် လာခဲ့သည်။

“နှစ်ယောက်လုံး ရပ်လိုက်ကြ”

ချောင်းကျင့်က အလျင်အမြန် အော်ဟစ်လိုက်ပြီး သူတို့နှစ်ယောက်၏ ကြားတွင် ဝင်ရပ်လိုက်သည်။ “မင်းတို့နှစ်ယောက် တောက်ပသော ရတနာ ခန်းမထဲမှာ တိုက်ခိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကိုရော သိလား”

သူ၏ လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် တောက်ပသော ရတနာခန်းမမှ ပုံရိပ်များစွာ ထွက်ပေါ်လာပြီး သူတို့ထံမှ ထွက်ပေါ်လာသော မူလချီများက ဇူယွမ်တို့ နှစ်ဦးအား ပစ်မှတ်ထား လိုက်သည်။

ဇူယွမ်နှင့် လုဖန်းတို့၏ အေးစက်နေသော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး အဆုံးတွင် နှစ်ယောက်လုံးက အေးစက်စက် နှာခေါင်းရှုံ့၍ သူတို့၏ မူလချီများကို ရုပ်သိမ်းလိုက်သည်။

သူတို့နှစ်ယောက်သာ ဒီနေရာတွင် တိုက်ခိုက်ပါက နှစ်ယောက်လုံး အပြစ်မှ လွတ်မြောက်နိုင်ခြင်း မရှိဘဲ အဆုံးတွင် သူတို့၏ ကျင့်ကြံရမည့် အချိန်များသာ ကုန်ဆုံးမည်ကို သူတို့သိပေသည်။

လုဖန်က အေးစက်စက် ရယ်လိုက်ပြီးနောက် သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းကာ အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ် ပုလင်းသုံးခုကို သိမ်းယူလိုက်ပြီး ဂရုမထားဟန်ဖြင့် ပြောသည်။ “စိတ်မပူပါနဲ့ သည်သွေး အဆီအနှစ်တွေ ငါလက်ထဲမှာ ပုပ်သိုး သွားရင်တောင်မှ ငါမင်းကို ရောင်းမှာ မဟုတ်ဘူး”

ဇူယွမ်၏ မျက်လုံးအစုံမှ အေးစက်မှုများ ပြန်၍ ပျောက်ကွယ် သွားသော်လည်းပဲ သူ့မျက်လုံး၏ အနက်ရှိုင်းဆုံး နေရာတွင် ဒေါသလှိုင်းများ လှုပ်ခတ်လျက် ရှိသည်။ သူက လုဖန်းကို လျစ်လျူရှု လိုက်ပြီးနောက် ချောင်းကျင့်ကို လှမ်းကြည့်လိုက်ကာ “တာဝန်ခံချောင် ကျွန်တော် အဆင့်လေး အမြင့်ဆုံးအဆင့် မူလသားရဲ သွေးအဆီ အနှစ်တွေကို ဝယ်သွားမယ်”

အဆင့်ငါး မရနိုင်တော့မှတော့ ဇူယွမ်မှာ ရွေးချယ်စရာ မရှိဘဲ အဆင့်လေး အမြင့်ဆုံး အဆင့်ကိုသာ ယူရန်ရှိပြီး သူ၏ ရလဒ် အရမ်းကြီး သိသာအောင် မကျဆင်း သွားစေဖို့ကိုပဲ မျှော်လင့် ရပေတော့မည်။

ချောင်ကျင့်က ဇူယွမ်ကို တောင်းပန်ဟန်ဖြင့် တစ်ချက်ကြည့် လိုက်ပြီး ခေါင်းညိတ်ပြ လိုက်ကာ တစ်ယောက်အား မူလသားရဲ အဆီအနှစ်များ သယ်လာရန် ပြောလိုက်သည်။

ဇူယွမ်က ထိုအရာများကို လက်ခံပြီးနောက် ငွေပေးချေပြီး မည်သည့်စကားမှ မဆိုတော့ပဲ တစ်ဖက်သို့ လှည့်ကာ ထွက်ပေါက်ဆီသို့ ဦးတည်လိုက်သည်။

သူက လုဖန်းအား ဖြတ်ကျော် သွားချိန်တွင် လုဖန်းက “ဒါက ပြီးပြီထင်လား ဇူယွမ်။ မကြာခင်မှာ ငါ မင်းအတွက် ပြင်ဆင် ထားပေးတဲ့ အရာတွေကြောင့် မင်းကျေနပ် ရဦးမှာပါ”

ဇူယွမ်၏  မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး လုဖန်းဘက်သို့ လှည့်လိုက်ကာ

“မင်းက ပြသာနာ ရှာရတာ ကြိုက်တဲ့ပုံပဲ”

“ငါကြားတာတော့ မင်းက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ပထမနေရာ ယူဖို့ ဆုံးဖြတ်ထားတယ် မလား”

ဇူယွမ်၏ နှုတ်ခမ်း ထောင့်စွန်များမှာ တွန့်ကွေးသွားပြီး အေးစက်စက် ပြုံးလိုက်သည်။

လုဖန်းကလည်း သူဘက်သို့ လှည့်လာကာ ပြုံးလိုက်ပြီး “မင်းဘာလုပ်နိုင်မယ် ထင်လို့တုန်း”

ဇူယွမ်က သူ့ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းပထမ နေရာမရလို့ ပူဆွေး ဝမ်းနည်းသွားတဲ့ ပုံစံကို ငါမြင်ချင်တယ်”

“မင်းက ကစားချင် မှတော့ ငါက နှစ်ယောက်လုံး ကျေနပ်တဲ့အထိ လိုက်ကစား ပေးရမှာပေါ့”

ဇူယွမ်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ထွက်ခွာသွားသည်။

လုဖန်းက ထွက်ခွာသွားသော ပုံရိပိကု ကြည့်ကာ ခဏမျှ ကြောင်အ နေပြီးနောက် သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့ပြီး ခေါင်းခါယမ်း လိုက်ကာ ရယ်စရာကောင်းသော စကားကို ကြားလိုက်ရသည့် အလား ရယ်မော နေတော့သည်။

“တကယ်ကြီးလား…”

“ဘယ်လောက်တောင် စိတ်ကြီးဝင်ပြီး ရူးနေတဲ့ ကောင်လဲ”

“ဟမ်… ငါ့ရဲ့ ပထမနေရာကို မင်းဘယ်လို ယူမလဲ မြင်ချင် ပါသေးတယ်”

***

အခန်းမှ ထွက်ခွာ လာပြီးနောက်တွင် ဇူယွမ်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန် မပျော်မရွှင် ဖြစ်ရပေသည်။ လုဖန်း၏ သည်တစ်ခေါက် လုပ်ရပ်မှာ အလွန် စိတ်ပျက်ဖို့ ကောင်းလှပေသည်။

“အဆင့်ငါး နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ် မရှိမှတော့ ငါ့မှာရှိတဲ့ အဆင့်လေး အမြင့်ဆုံး အဆင့်ကိုပဲ သုံးရတော့မှာပေါ့” ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။

သူ့က နောက်ထပ် အကြောင်းအရာများကို မတွေးတော ချင်တော့သည့်အတွက် တောက်ပသော ရတနာခန်းမထဲမှ ယောင်ယောင်ကိုသာ လိုက်ရှာလိုက်သည်။ နေ့တစ်ဝက်မျှ ဈေးဝယ်ထွက်ပြီး နောက်ပိုင်းတွင် သူတို့က ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် အိမ်လေးဆီသို့ ပြန်လည် လျှောက်လှမ်း လာခဲ့သည်။

သူတို့နှစ်ယောက် တောင်များကို ဖြတ်သန်းပြီး လာချိန်တွင် ယောင်ယောင်က ဇူယွမ်ကို ကြည့်နေခဲ့ပြီးနောက် သူမ၏ နီဆွေးသော နှုတ်ခမ်းများ လှုပ်ရှားသွားပြီး မေးလိုက်သည်။ “နင့်ကြည့်ရတာ စိတ်ခံစားချက် မကောင်းသလိုပဲ တစ်စုံတစ်ခုက စိတ်တိုအောင် လုပ်ပြန်ပြီလား”

“အဲဒါက သိသာနေလို့လား”ဇူယွမ်က ကိုးရိုးကားရားဖြင့် သူ၏ မျက်နှာကို ပြန်ထိကြည့် လိုက်သည်။ သူတကယ်ကြီး သိသာနေသည်လား …

ယောင်ယောင်က သူ၏ မျက်နှာကို ဆက်ကြည့် နေခဲ့သည်။

ဇူယွမ်က မတတ်နိုင်တော့သည့် ဟန်ဖြင့် ပခုံးတွန့် လိုက်ပြီး အစောပိုင်းက ဖြစ်ပျက်သမျှကို ရှင်းပြလိုက်သည်။

ထို ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ယောင်ယောင်၏ လှပတော့ မျက်နှာလေးမှာ အနည်းငယ် လှုပ်ခတ်သွားပြီး “အဲဒီ နဂါးကိုးကောင် နိယာမက နဂါးအမျိုးအစား မူလ သားရဲတွေရဲ့ သွေးတွေကို လိုအပ်တာလား”

ဇူယွမ်က ခေါင်းညိတ်ပြ လိုက်သည်။

“ဒါပေမယ့် ကျွန်တော်က အဆင့်လေး အမြင့်ဆုံးအဆင့် မူလသားရဲ သွေးအဆီအနှစ်ပဲ ဝယ်နိုင်ခဲ့လို့ အဆုံးမှာ ကျွန်တော့်ရဲ့ နဂါးကိုးကောင် နိယာမက အားနည်း သွားလိမ့်မယ်” ဇူယွမ်က ပြောလိုက်သည်။

ယောင်ယောင်က ရုတ်တရက် ပြုံးလိုက်ပြီး သူမ၏ ခေါင်းကို ဇူယွမ်ဘက်သို့ ငဲ့စောင်း လိုက်သည်နှင့် သူမ၏ ဆံနွယ်ရှည်ကြီးများက သူမ၏ လှပသော မျက်နှာလေးကို တစ်ဝက်လောက် အထိ ဖုံးအုပ် သွားခဲ့သည်။ “ဒါက ပြဿနာကြီး မဟုတ်ပါဘူး …”

သူမက ဇူယွမ်ကို ကြည့်လိုက်ပြီး အသံ တိုးတိုးဖြင့် “ငါမှာ နင့်ရဲ့ အဆင့်လေး အမြင့်ဆုံးအဆင့် သွေးအဆီအနှစ်ကို အဆင့်ငါး ထက်တောင်မှ အရည်အသွေး ကောင်းစေမယ့် နည်းလမ်းရှိတယ်”

ဇူယွမ်၏ မျက်လုံးများက ဝိုင်းစက်သွားပြီး စိတ်ရှုပ်ထွေး သွားဟန်ဖြင့် မေးလိုက်သည်။ “တကယ်လား”

ယောင်ယောင်က သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသည့် မေးစေ့လေး လှုပ်ရုံမျှ ခေါင်းညိတ်လိုက်သည်။ သူမ၏ လက်နှစ်ဖက်ကို အရှေ့သို့ ထုတ်လိုက်ပြီး ထန်ထန်၏ နားကို လက်ဖြင့်အုပ်ကာ ဇူယွမ်ကို တိုးညင်းစွာ ပြောသည်။ “ငါနင့်ကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ နင်သာ ထန်ထန်ရဲ့ သွေးကို အဆင့်လေး အမြင့်ဆုံးအဆင့် မူလသားရဲ သွေးအဆီအနှစ်တွေနဲ့ ရောနိုင်ရင် သူတို့ရဲ့ အရည်အသွေးကို မြှင့်တင်လို့ ရတယ် …”

ဇူယွမ်၏ ခြေထောက်များက ထိုနေရာ၌ပင် အေးခဲတောင့်တင်း သွားပြီး တံတွေး မျိုချကာ ယောင်ယောင်ကို လှမ်းကြည့်လိုက်သည်။

ယောင်ယောင်က ပြုံးဖြီးဖြီးနှင့် ဆက်ပြောသည်။ “ဒီကိစ္စကို ငါပြောပြတယ်လို့ ထန်ထန်ကို နင်သွာ းမပြောနဲ့နော်”

ဇူယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ရင်းနှီးပြီး ကြင်နာသော အပြုံးဖြင့် ယောင်ယောင်၏ လက်အတွင်းမှ ထန်ထန်ကို ကြည့်လိုက်သည်။

သူက ဂရုတစိုက်ဖြင့် ကြင်နာမှု အပြည့်ရှိသော အသံနှင့် ပြောသည်။ “ချစ်စရာကောင်လေး သင်းရနံ့တစ်ရာ အိမ်တော်ကို သွားချင်လား”

“ငါမင်းစားချင်တာတွေ အများကြီး ဝယ်ကျွေးမယ်လေ”

ထန်ထန်၏ ဝိုင်းစက်သော မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပနေသည်။

ထိုအခိုက်တွင် သူ၏ မျက်လုံးထဲ၌ ဇူယွမ်ကို ခမ်းနား ကြီးကျယ်ပြီး အံ့အားသင့်ဖွယ် ကောင်းသော လူတစ်ယောက်အဖြစ် ရုတ်တရက် မြင်ယောင်လာသည်။


Comment

Leave a Reply


Options

not work with dark mode
Reset