အခန်း (၃)

မာန်စွမ်းအင်နှိုးပွဲတော်

ကျောက်တုံးလေးမှာ ကလေး လက်သီးဆုပ်သာသာရှိသည့် သာမန်ကျောက်တုံးလေးဖြစ်ပြီး မျက်နှာပြင်ကလည်း မညီညာပေ။ မညီညာသော မျက်နှာပြင်ပေါ်၌ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် တချို့ ပုံစံများမှလွဲ၍ ကျောက်တုံးလေးမှာ လူလုပ်ထားအတိုင်း အပေါက်လေးပါနေ၍ ရုတ်တရက် ကြည့်လျှင် လူအသုံးအဆောင်ပစ္စည်းနှင့်ပင် တူနေ၏။

ထိုအချက်ကလွဲ၍ ထူးဆန်းနေသည့် အခြင်းအရာမျိုး မရှိပေ။ ဘယ်နေရာ ကြည့်ကြည့် သာမန်ကျောက်တုံး တစ်တုံးအတိုင်းပင်။

တစ်ခုတည်းသော ထူးခြားမှုဆို၍ စုမင်လက်နှင့် ကိုင်လိုက်သည့်အချိန် ထွက်ပေါ်လာသည့် အနွေးဓာတ်ဖြစ်သည်။ ၎င်းအနွေးဓာတ်က သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသလို သက်တောင့်သက်သာ ခံစားရစေသည်။

“မှန်းစမ်း”

စုမင် အနီးကပ်ကြည့်လိုက်၏။ မည်သို့ပင် အသေအချာ နှံ့နှံ့စပ်စပ် ကြည့်ရှုသော်လည်း ထူးဆန်းမှု တခုလေမျှ မတွေ့မိပေ။

“ရှေးလူကြီးတွေ ပြောကြတာတော့ ဒီနေရာက မာန်မီးလျှံ မျိုးနွယ်စုရဲ့ နယ်မြေ ဖြစ်ခဲ့ဖူးတယ်တဲ့။ ဒီအတိုင်းသာဆိုရင် ဒီပစ္စည်းမှာ မီးနဲ့ ပတ်သက်တဲ့ စွမ်းအင် တစ်ခုခု ရှိရမယ်။ ဒါကြောင့်မို့လည်း လူကိုအနွေးဓာတ် ပေးနိုင်စွမ်း ရှိတာနေမယ်။ မဆိုးပါဘူး။”

သူ့လည်ပင်းမှ သွားစွယ်ပုံ လော့ကတ်ကို ချွတ်ပြီး ကျောက်တုံးကို အစားထိုး ထည့်ပြီး ပြန်ဝတ်လိုက်သည်။ ရင်ဘတ်နှင့်ကျောက်တုံး ထိကပ်သွားသည့်အခါ ခန္ဓာကိုယ်အတွင်း အနွေးဓာတ်က သိသိသာသာ မြင့်တက်လာသည်ကို ခံစားမိလိုက်၏။

“အိမ်ပြန်ကြစို့”

လူငယ်လေးက မီးလုံးလေးများ လင်းနေသည့်နေရာဆီ ခပ်သုတ်သုတ် ပြေးသွား၏။ စုမင် သတိမထားမိခင် အခိုက်အတန့်လေး၌ ရင်ဘတ်ပေါ်မှ ကျောက်တုံးလေးမှာ အလင်းရောင်လေး တချက် လင်းလက်သွားပြီး ပြန်လည်ပျောက်ကွယ်သွားလေ၏။

စုမင်တယောက် ဦးတည်ရာ အရပ်သို့ ရောက်ခါနီးလေ မကြာခင်က မြင်ခဲ့ရသော အလင်းရောင် ခပ်မှိန်မှိန် မီးလုံးလေးများမှာ သူ့မျက်စိရှေ့တွင်ပင် ပို၍ လင်းထိန်လာ၏။ ထို့နောက် ကြီးမားလှသည့် သစ်သားခြံစည်းရိုး ခတ်ထားသည့် ကျေးရွာလေးကို သူမြင်လိုက်ရ၏။

ကျေးရွာလေးမှာ ရွာငယ်လေးတခု ဖြစ်သည်။ လူနေ ၁၀၀ ခန့်သာ ရှိကြသော်လည်း စုမင် စိတ်ထဲ၌ ဤနေရာလေးသည် အိမ်ဟု ခံစားရစေသည့် နေရာလေး ဖြစ်သည်။ ရွာနား နီးလာသည်နှင့် ပျော်ရွှင်စွာ ရယ်မောလိုက်သည့် အသံများကို ခပ်သဲ့သဲ့ ကြားလာရ၏။ သစ်သားနံရံကြီး၏ အက်ကွဲကြောင်းများမှတစ်ဆင့် မျိုးနွယ်စုအလယ်ဗဟိုတွင် ဖိုထားသော မီးပုံကြီးကို သူလှမ်းတွေ့လိုက်ရသည်။ မီးပုံ ပတ်ပတ်လည်တွင် မျိုးနွယ်စုဝင် အမျိုးသားများ ဝိုင်းရံနေကြပြီး အမျိုးသမီးများက မီးပုံ အနီး တစ်ဝိုက်တွင် ကခုန်နေကြ၏။

မျိုးနွယ်စု အဝင်တံခါးကို ကြီးမားသည့် သစ်သားထုကြီးနှင့် ဆောက်လုပ်ထားလေ၏။ ပုံမှန် ဖွင့်နေသည့် အချိန်မျိုး၌ ကြိုးဆိုင်း အများအပြားနှင့် ဆွဲထားရသော်လည်း ယခုလက်ရှိ တံခါး ပိတ်ထားသည်မို့ သစ်သားတံခါးကြီးအနီး၌ တိရစာၦန်အရေနှင့် ချုပ်လုပ်ထားသည့် အပေါ်အကျႌ ဝတ်ဆင်ထားသော လူသန်ကြီးများ မတ်တတ်ရပ်နေကြ၏။ ၎င်းတို့၏ အသားအရေမှာ ကြမ်းတမ်းပြီး လည်ပင်းတွင် အဖြူရောင် အရိုးလော့ကတ်ပါ လည်စွဲများကို ဝတ်ဆင်ထားကြရာ ကြည့်ရအတော် ဆိုးလှလေ၏။ နားကပ်များကို အရိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနီးအနား ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေသည့် ၎င်းတို့၏ပုံစံမှာ ထိတ်လန့်စရာပင်။ ပြေးလာသည့် စုမင်ကို မြင်သည့်အခါ ၎င်းတို့က ပြုံးပြကြ၏။

“လာစု … အကြီးအကဲက မင်းကို တစ်နေ့လုံး ရှာနေတာ။ မင်းဘာလို့ ဒီလောက်နောက်ကျနေတာလဲ”

“အခုနက မိုးတွေရွာတယ်။ မင်းထပ်ပြီးတော့ နဂါးခံတွင်းရည်ကို သွားခိုးပြန်တာလား”

“အကြီးအကဲက ကျွန်တော့်ကို ရှာနေတယ်ဟုတ်လား… ကြိုးချပေးစမ်းပါ … ဒီတစ်ခါ ပစ္စည်းကောင်းလေးပါလာတယ်”

စုမင် အရှိန်မြှင့်ပြီး တံခါးဝဆီ ပြေးလာလိုက်၏။ သူ့ခြင်းတောင်းကို ပုတ်ပြပြီး အကျယ်ကြီး အော်လိုက်သည်။

ကြိုးတစ်ချောင်း ကျလာ၍ စုမင်က ဆုပ်ကိုင်ပြီး အပေါ်တက်လာလိုက်သည်။ သက်ပြင်းမော အဆုံးတွင်တော့ တံခါးထိပ်ကို ရောက်လာသည့် စုမင်က အစောင့်တွေကို ပြုံးပြလိုက်သည်။ ဘေးနားတွင် ရှိနေသော လှေကားမှတစ်ဆင့် အောက်သို့ မြန်မြန် ဆင်းလိုက်သည်။

“ကောင်လေးရဲ့ ကိုယ်က အတော့်ကို ချိနဲ့လွန်းတာပဲ။ ဒါပေမဲ့ သူက သတ္တိကောင်းလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက နဂါးနက်တောင်ကို တက်ခဲ့တာဗျ။ ကြည့်ရတာ နောက်ဆို သူလည်း မျိုးနွယ်စုရဲ့ သာမညသမားတော် တစ်ယောက်ပဲ ဖြစ်လာမယ် ထင်တယ်”

“သူ့မှာ မာန်ကိုယ်ခန္ဓာ မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် သူက အကြီးအကဲလိုမျိုး မာန်ကုသသူ တစ်ယောက်ဖြစ်လာမှာ”

ထွက်ခွာသွားသည့် စုမင်နောက်ကျောကို ကြည့်ပြီး လူကြီးက သက်ပြင်းချလိုက်သည်။

ရွာလေးထဲ စုမင် ဝင်လာပြီး သစ်သား အိမ်လေးများကြားမှ ဖြတ်ပြေးလာစဉ် လာစုဟု ယဉ်ယဉ်ကျေးကျေး ခေါ်လိုက်သည့် အမျိုးသားကို တွေ့လိုက်ရသည်။

လာစုဟူသည်မှာ စုမင်၏ နာမည်မဟုတ်ပေ။ မာန်စွမ်းအင် စမ်းသပ်ခြင်း ဒုတိယအဆင့်အား မကျော်ဖြတ်ရသေးသည့် လူငယ်အားလုံးကို ခေါ်ဆိုသည့် အမည်နာမ တခု ဖြစ်သည်။

စုမင် မြန်မြန် ပြေးလာလိုက်၏။ သိပ်မကြာခင် မျိုးနွယ်ဒေသ၏ အလယ်နား ရောက်လာခဲ့ပြီး မကြာသေးခင်က အပြင်မှ လှမ်းကြည့်လိုက်စဉ် မြင်တွေ့ခဲ့ရသည့် မီးပုံအနားမှ ပျော်ပျော်ပါးပါး စကားပြောနေကြသူများကို မြင်တွေ့လိုက်ရ၏။

မီးဒဏ်ခံနိုင်သည့် အကာအကွယ်ပြားများနှင့် မီးပုံကို ဝိုင်းထားလေသည်။ မီးကင်ထားသည့် အရည်တရွှမ်းရွှမ်း အသားစိုင်များမှ အနံ့မွှေးမွှေးများ ကြိုင်လှိုင် ထွက်ပေါ်နေ၏။

စုမင် လာနေသည်ကို မြင်ကြသည့် အမျိုးသမီးငယ်လေးများက သူ့အား တစ်ချက်လောက် ငဲ့ကြည့်ပြီး ဂရုမစိုက်သလို ဟန်မျိုးနှင့် အကြည့်လွှဲသွားကြ၏။

မျိုးနွယ်စုထဲတွင် သန့်ရှင်းသပ်ရပ်ပြီး ချောမောခန့်ညားသည့် စုမင်၏ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံမှာ သူများမျိုးနွယ်ဝင်များနှင့် သိပ်မတူပေ။ အခြားသော မျိုးနွယ်စု ယောက်ျားသားအားလုံးမှာ စုမင်ထက် ခန္ဓာကိုယ် ကြီးထွား ကြံ့ခိုင်ကြပြီး ကြောက်လန့်စရာ အဆင်း ရှိကြ၏။

လူအုပ်ထဲ တိုးဝင်လာသည့် စုမင်က အသားကင် နည်းနည်း ဖဲ့စားပြီး ရှေ့ဆက်သွားလိုက်သည်။

လူအုပ်၏ အလယ်ဗဟိုတွင် တိရစာၦန်အရေခွံအစား ချည်ထည်ကြမ်း ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးရှိနေသည်။ အဘိုးအိုက ဆံပင်များကို ကျစ်ထားပြီး ချိနဲ့သော သဏ္ဌာန်ရှိ၏။ မည်သို့ပင် ဆိုစေကာမူ ၎င်း၏ မျက်လုံးများက ဆွဲဆောင်မှု တစ်မျိုးနှင့် တောက်ပနေသည်။ ကြာကြာစိုက်ကြည့်ပါက ကြည့်ရှုသူ၏ စိတ်ဝိညာဉ်ကို ခိုးယူသွားနိုင်ဟန်မျိုး ရှိသည်။

အဘိုးအိုမှာ ဂုဏ်သရေရှိ အကြီးအကဲတဦး ဖြစ်ဟန်တူသည်။ အဘိုးအိုက လေသံကလေးနှင့် ပြော၏။ သို့တိုင် သူ့အား ဝန်းရံပြီး အာရုံစိုက် နားထောင်နေကြသည့် မျိုးနွယ်စုဝင်များ၏ အကြည့်တွင် အဘိုးအိုအပေါ် လေးစားမှုများနှင့် ပြည့်နှက်နေ၏။

အဘိုးအိုက စုမင် ပြေးလာသည်ကို မြင်လျှင် သူ့အနီးတွင် လာထိုင်ဟူသော သဘောနှင့် ပြုံး၍ ခေါင်းဆတ်ပြပြီး မျိုးနွယ်ဝင်များကို စကားဆက်ပြောနေ၏။

စုမင်ကို မြင်သွားသည့် မျိုးနွယ်ဝင်များက ချက်ချင်း ပြုံးပြကြသည်။

“နက်မှောင်တောင် မျိုးနွယ်စုတွေက လူဦးရေအားဖြင့် နည်းနိုင်ပေမဲ့ အနည်းဆုံးတော့ ငါတို့ကသာ နက်မှောင်တောင်ရဲ့ ဆက်ခံသူ အစစ်အမှန်တွေ ဖြစ်ကြတယ်။ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ အကြီးအကဲက မွေးနေ့ ကျင်းပဖို့ ရှိတယ်။ သူတို့နဲ့ ဟိုးအရင်နှစ် ကာလတွေထဲက ဆက်ဆံရေး ကောင်းခဲ့တဲ့ မျိုးနွယ်စု ဖြစ်နေတော့ လေးစားသမှုနဲ့ ငါတို့က သူ့မွေးနေ့ပွဲကို တက်ရောက် ချီးမြှင့်ပေးဖို့ လိုတယ်”

အဘိုးအိုက ခပ်ဖြည်းဖြည်းပဲ ပြောနေသည်။

“စိတ်မကောင်းစရာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ နက်မှောင်တောင် မျိုးနွယ်စုက တကွဲတပြားစီ ဖြစ်ကုန်ပြီး အခုဆိုရင် မျိုးနွယ်စု အပိုင်ဆိုလို့ နယ်မြေလေး သုံးလေးခုလောက်ပဲ ကျန်တော့တယ်။ အဲဒီလိုတွေသာ မဖြစ်ခဲ့ရင် နက်မှောင်တောင် မျိုးနွယ်စုဟာ ခုချိန်မှာ အလယ်အလတ် အင်အားစုရှိတဲ့ မျိုးနွယ်စု ဖြစ်နေလောက်ပြီ။ လေပြေစီးကြောင်း မျိုးနွယ်စု ပိုင်ဆိုင်ထားတဲ့ နယ်မြေ ဒေသတွေကို အုပ်ချုပ်နေရမဲ့ဟာကို အခုများတော့ … ဟမ်”

ဝင်ပြောလိုက်သည့် သူမှာ အသက် ၄၀ အရွယ်ခန့်ရှိသူ ဖြစ်သည်။ သူသည် နက်မှောင်တောင် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ပြီး ခန္ဓာကိုယ် ထွားကျိုင်း၍ လန့်စရာ ကောင်းလောက်အောင် အင်အား သန်မာလွန်းသည့် အမျိုးသား တဦး ဖြစ်သည်။ ၎င်း၏ လည်ပင်းတွင် လက်ချောင်းအရွယ် အစွယ်ကိုးခုကို ဝတ်ဆင်ထားလေ၏။

၎င်း၏ မျက်နှာပေါ်တွင် သိပ်မထင်ရှားသည့် အမှတ်အသား တစ်ခုရှိနေပြီး ၎င်းအမှတ်အသားကြောင့်ပင် အမျိုးသားမှာ ရှိရင်းစွဲထက် ပို၍ ကြောက်လန့်စရာဟု ထင်မြင်နေရလေသည်။

အမှတ်အသားကို မြင်လိုက်ရသည့် စုမင်၏မျက်လုံးများမှာ အားကျမှုများနှင့် ပြည့်နှက်သွား၏။ စာလိပ်ထဲတွင် ဖော်ပြချက်အရ ၎င်းမှာ သဏ္ဌာန် ထင်ရှားမှု မပြည့်ဝသေးသည့် မာန်အမှတ်အသား ဖြစ်သည်။ မျိုးနွယ်စုထဲတွင် အမှတ်အသားကို ပြည့်ပြည့်ဝဝ လက်ခံရရှိပြီး ၎င်း၏ စွမ်းအား အစစ်အမှန်ကို အသုံးပြုနိုင်သေးသူ မပေါ်ပေါက်သေးပေ။

မျိုးနွယ်စုရဲ့ အကြီးအကဲပင် ဝိညာဉ် ကျောက်သားအဆင့်၏ အဆင့်၉ အထိသာ ကျင့်ကြံ ရောက်ရှိထားသူ ဖြစ်သည်။

သို့တိုင် ထိုအဆင့်ကပင် အကြီးအကဲအား နက်မှောင်တောင် မျိုးနွယ်စုတို့၏ စွမ်းအားအကြီးဆုံး မာန်စွမ်းအင်ရှင်များထဲမှ တစ်ဦး ဖြစ်စေသည်။ သူတို့နှင့် ပခုံးချင်း ယှဉ်နိုင်သူဆို၍ မဟူရာတောင် မျိုးနွယ်စုနှင့် ယခင်က နက်မှောင်တောင် အနွယ်ဖြစ်ခဲ့သော်လည်း ယခုအခါ ခွဲထွက်သွားပြီ ဖြစ်သည့် နဂါးနက် မျိုးနွယ်စုတို့သာ ရှိလေသည်။

“အတိတ်က ကိစ္စတွေ ပြန်ပြောနေလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ရုပ်ခန္ဓာရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန် ဖောက်ထွက်နိုင်တဲ့ မာန်စွမ်းအားရှင် တစ်ယောက် မရှိဘဲနဲ့ ငါတို့ဟာ အလယ်အလတ် အင်အားစု အမျိုးအနွယ်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ နက်မှောင်တောင် မျိုးနွယ်စုတွေ ကွဲထွက်ကုန်ရတဲ့ အကြောင်းအရင်းက မူလနက်မှောင်တောင် မျိုးနွယ်စုရဲ့ ရုပ်နယ်လွန်တန်း ပညာသည် ဘိုးဘေးတွေ တိမ်းပါးသွားမှုကြောင့်သာ ဖြစ်တယ်”

“အခုချိန်ထိ ငါအစွမ်း ရှိသလောက် ကျင့်ကြံခဲ့ပေမဲ့ ဝိညာဉ် ကျောက်သား ကျင့်စဉ်ရဲ့ အမြင့်ဆုံးအဆင့် ၁၁ကို မဆိုနဲ့၊ အဆင့်၉ကနေတောင် မတက်လှမ်း နိုင်သေးဘူး။ ပြီးပြည့်စုံတဲ့ မာန်အမှတ်အသားကို မရေးခြယ်နိုင်သေးတာမို့ ရုပ်နယ်လွန် အဆင့်ကို မရောက် နိုင်သေးဘူး”

ချည်ထည်ကြမ်း ဝတ်ထားသည့် အဘိုးအိုက မောလျသွားဟန်နှင့် အသက်ကို ဖြည်းဖြည်း ရှုရင်း ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

“ကောင်းပြီ မင်းတို့ သွားလို့ ရပါပြီ။ လက်ဆောင်တွေ ပြင်ဆင်ထား၊ မနက်ဖြန်ကျရင် …  ရှန်ဟန်း မင်းက မျိုးနွယ်စုရဲ့ အမဲလိုက် အဖွဲ့ခေါင်းဆောင်ဆိုတော့ မင်းကပဲ အဖွဲ့ကို ဦးဆောင်ရမယ်”

အဘိုးအိုက မတ်တတ် ထရပ်ပြီး သူ့ဘေးတွင် ရပ်နေသည့် လူလတ်ပိုင်းအရွယ် နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ပြီးနောက် ချာခနဲ လှည့်ထွက်သွားလေ၏။

လူလတ်ပိုင်း အမျိုးသားမှာ ပကတိ တည်ငြိမ်နေဆဲ။ ထိုစကားများကို ကြားသည်နဲ့ ချက်ချင်း မတ်တပ်ရပ်ပြီး အမိန့်ကို လက်ခံလိုက်သည်။

စုမင်က ပျော်ပွဲ ကျင်းပရာနေရာကို ချန်ရစ်ခဲ့ပြီး အကြီးအကဲနောက်ကို မြန်မြန်လိုက်သွားလိုက်၏။

အသံဗလံများ လုံးဝမကြားရတော့သည်အထိ အကြီးအကဲမှာ တစ်လမ်းလုံး မည်သည့်စကားတခွန်းမျှ မဆိုဘဲ ခပ်မဆိတ် လျှောက်လှမ်းလာသည်။ သစ်သားနှင့် မြက်နွယ်များ တည်ဆောက်ထားသည့် အိမ်တစ်အိမ်ဆီ ရောက်သွားပြီး သူ အထဲဝင်သွားလိုက်သည်။

အိမ်မှာ မကြီးမားသလို အတွင်းပိုင်း အပြင်အဆင်ကလည်း ရိုးစင်းလွန်းသည်။ အိမ်ထဲ ရောက်သည်နှင့် အဘိုးအိုမှာ ထောင့်တစ်နေရာတွင် ဒူးချိတ်ထိုင်လိုက်ပြီး စုမင် ဝင်လာသည်ကို ကြည့်နေလေသည်။

“မင်း ထပ်ပြီးတော့ နဂါးခံတွင်းရည် အမဲလိုက် ထွက်ခဲ့တယ် မဟုတ်လား”

စုမင်သည် သူ့အား ကြီးပြင်းအောင် စောင့်ရှောက်ပျိုးထောင်ပေးခဲ့သည့် အကြီးအကဲကို လေးစားသည်။ ခြင်းတောင်းကို ကြမ်းပြင်ပေါ် ချပြီး ပုလင်းလေးကို ထုတ်ယူကာ အကြီးအကဲကို ကမ်းပေးလိုက်၏။

“မင်းရဲ့ ဖျတ်လတ်မှုနဲ့ဆို ဝူလုံတွေ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ မသွားတာကတော့ အကောင်းဆုံးပဲ။ သုံးသပ်ကြည့်ရရင် အဲဒါက မဟူရာတောင် မျိုးနွယ်စုနဲ့ နဂါးနက် မျိုးနွယ်စုတို့ရဲ့ အပိုင်နယ်မြေ မဟုတ်လား။ ငါ့အတွက် နဂါးခံတွင်းရည်က အသုံးမဝင်ပါဘူး။ မင်းကျန်းမာရေး ကောင်းဖို့အတွက်သာ သုံးပါ”

အဘိုးအိုက စုမင်ကို ကြင်ကြင်နာနာ ပြောလိုက်၏။

စုမင်က ခေါင်းညိတ်ပြပြီး ပုလင်းကိုဘေးတွင် ချထားလိုက်သည်။ သူ ပုလင်းထဲမှ အရည်ကို သောက်လာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်၏။ ပြောရလျှင် ယခုလို ဖျတ်လတ်သည့် ခန္ဓာကိုယ်ကို ထိုဆေးရည်ကြောင့် ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုလို ဖျတ်လတ်နေရခြင်းမှာ အကြီးအကဲက အမျိုးအစား စုံလင်လှသည့် ဆေးဝါးများကို သူ့ဘဝတစ်လျှောက်လုံး တိုက်ကျွေးခဲ့သည်ကြောင့်လည်း ပါသည်။ မာန်ကိုယ်ခန္ဓာ ဖြစ်ရန် အရည်အချင်း မပြည့်မီသော်လည်း စုမင်မှာ သာမန် နက်မှောင် မျိုးနွယ်ဝင် တစ်ယောက်ထက်တော့ သန်စွမ်းကြံ့ခိုင်၏။

“မာန်စွမ်းအင်နှိုးပွဲတော် ဆင်နွှဲဖို့ မင်းတို့ လာစုတွေ အားလုံးအတွက် အချိန် သုံးရက် ကျန်သေးတယ်။ မင်း ၁၆နှစ် ပြည့်တော့မယ် မဟုတ်လား။ မင်း မာန်နတ်ဘုရားကို ကိုးကွယ် ပူဇော်ဖို့ အချိန်ကျနေပြီ။ ”

အဘိုးအိုက စုမင်ကို ကြည့်ရင်း ဖြည်းဖြည်း ပြောလိုက်သည်။

“မာန်နတ်ဘုရားရဲ့ ရုပ်တုကို မူလနက်မှောင်တောင် မျိုးနွယ်စုဆီကတစ်ဆင့် ဆက်ခံ ရရှိထားတာပဲ။ အဲဒါက ကနဦး ရုပ်တု မဟုတ်ဘဲ အလယ်အလတ်တန်းစား မျိုးနွယ်စုတွေနဲ့ သွားယှဉ်လို့တော့ မရပေမဲ့ ငါတို့ အနီးအနားတစ်ဝိုက်က တခြားမျိုးနွယ်စုတွေ ရုပ်တုတွေနဲ့ ယှဉ်ရင် စွမ်းအားကြီးပါသေးတယ်”

စုမင်က ခဏငြိမ်နေပြီးမှ ခေါင်းညိတ်ပြလိုက်၏။

“ဒီရက်တွေထဲ ဘယ်မှမသွားနဲ့။ အနားယူပြီး သုံးရက်ကြာပြီးရင် စွမ်းအားနှိုးပွဲ ဆင်နွှဲဖို့ သူတို့နဲ့ အတူသွားချေ”

အဘိုးအိုက ထိုအတိုင်းပြောပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်သည်။

စုမင် အချိန်အတော်ကြာကြာ ရပ်နေသေး၏။ ပြီးမှ ခြင်းတောင်းကို ကောက်ကိုင်ပြီး သစ်သားအိမ်နှင့် ဘယ်လောက်မှ မဝေးသည့် သူ့အိမ်လေးဆီ တိတ်တဆိတ် ထွက်သွားလိုက်သည်။

ပထမဆုံးအကြိမ် နိုးထခြင်းတွင် တခြား ကလေးများနှင့်အတူ မာန်နတ်ဘုရား ရုပ်တုကြီးဘေး ဝိုင်းရံခဲ့ရသည့် နေ့ရက်ကို စုမင် မည်သည့်အခါမျှ မမေ့နိုင်။ ထိုစဉ်က အားလုံးမှာ ခုနစ်နှစ်သား သာသာလေးသာ ရှိကြသေး၏။

မာန်မျိုးနွယ်စုတို့၏ ဘဝ၌ ကျင်းပရမည့် အထိမ်းအမှတ် အခမ်းအနားမှာ မာန်စွမ်းအင် နိုးထခြင်း အခမ်းအနား ဖြစ်သည်။ ပထမဆုံး အခမ်းအနားကို အသက်ခုနစ်နှစ်တွင် ကျင်းပပြီး ဒုတိယအခမ်းအနားကို အသက် တစ်ဆယ့်ခြောက်နှစ်ပြည့်တွင် ကျင်းပကြ၏။

တစ်ချိန်တည်းတွင် မာန်နတ်ဘုရား ချီးမြှောက်သည့် မာန်စွမ်းအင်အား လက်ခံနိုင်သည့် မာန်ခန္ဓာ ပိုင်ဆိုင်သူကို အကြီးအကဲက ရွေးချယ်သည်။

ရင်ထဲမှ ခါးသီးလှသည့် ခံစားချက်များကို စုမင်က သက်ပြင်းမောတစ်ခုအဖြစ် မှုတ်ထုတ်လိုက်၏။ စုမင်သည် မာန်စွမ်းအားရှင် တယောက် ဖြစ်ချင်ပြီး မာန်ပညာရပ်ကို ကျင့်ကြံလိုသူ ဖြစ်သည်။ စာလိပ်ထဲတွင် ဖော်ပြထားသည့် ထိုမြင်ကွင်းမှာ စုမင်၏ ငယ်ဘဝအိပ်မက်တခု ဖြစ်သည်။ သို့သော် တကယ့် လက်တွေ့တွင် အခြေအနေများက ကြမ်းတမ်းလွန်းလှသည်။ အသက်ခုနစ်နှစ် မာန်နတ်ဘုရား ပူဇော်ပွဲတော်၌ စုမင်မှာ မာန်ကိုယ်ခန္ဓာ မရှိသည့်အကြောင်းနှင့် မာန်ပညာရပ်အား လေ့ကျင့်ရန် မဖြစ်နိုင်သည့် အကြောင်းတို့ကို ပြတ်သား ရှင်းလင်းစွာ ဟောပြောခဲ့ရပြီး ဖြစ်သည်။

‘မာန်’ဟာ ဒီစကြဝဠာမှာ ရှိရှိသမျှသော အရာခပ်သိမ်းရဲ့ သော့ချက် ဖြစ်တယ်။ မာန်စွမ်းအားရှင်မှသာလျှင် အများတကာကို ကျော်လွန်နိုင်သူဖြစ်ပြီး အမှန်တကယ် ခွန်အား ကြီးမားသူ ဖြစ်လိမ့်မယ်”

စာလွှာမှတစ်ဆင့် ဤကမ္ဘာတွင် အရွယ်အစားစုံလင်သည့် မျိုးနွယ်စု အများအပြား ရှိကြောင်းကို စုမင်သိပြီး ဖြစ်သည်။ မျိုးနွယ်စုတိုင်းတွင် မာန်နတ်ဘုရား ရုပ်တုကိုယ်စီ ရှိကြ၏။ ၎င်းမှာ မျိုးနွယ်စုတိုင်း၏ အသက်ဝိညာဉ်ဖြစ်ပြီး မာန်စွမ်းအင်ရှိသည့် ဆက်ခံသူအတွက် အဓိက အရေးပါဆုံး သော့ချက်လည်း ဖြစ်သည်။

၎င်းတို့သည် မာန်နတ်ရုပ်တုနှင့် နားလည်မှု ရရှိနိုင်ရန် အဆင့်တစ်ခု ရောက်ရှိဖို့ လိုအပ်တယ်။ ရုပ်တု၏ တုံ့ပြန်မှုကို ခံစားရလျှင် မာန်ပညာရပ်ကို လေ့ကျင့်နိုင်မည့် ဆက်ခံသူ ဖြစ်လာပြီ ဖြစ်သည်။ မည်သူမျှ မသင်ပေးပေ။ မိမိဘာသာမိမိ ကျင့်ကြံရခြင်း ဖြစ်၏။

အကယ်၍ ခုနစ်နှစ် သာမက တစ်ဆယ့်ခြောက်နှစ်တွင်ပါ ကျရှုံးခဲ့လျှင် ထိုလူ၏ ကျန်သက်တမ်းတစ်လျှောက်လုံး ပြောင်းလဲမှု လုံးလုံးမရှိတော့ပေ။ စုမင်မှာ လူမသိအောင် ကြိတ်ပြီး ရုန်းကန်နေရ၏။ သူ့မှာ ဖြစ်နိုင်ချေ မရှိသည်ကို သိသော်လည်း သူမျှော်လင့်နေမိသည်။ သို့သော် ဘဝ၏ နောက်ဆုံးသော ဉာဏ်အလင်းဆောင်မည့် နေ့ရောက်ရန် သုံးရက်သာ လိုတော့၍ စုမင်တယောက် ကြောက်လန့်နေမိပြန်သည်။

“ဒီတစ်ခါရော ဖြစ်နိုင်ပါ့မလား”

စုမင် အိမ်ထဲကို တိုးတိုးတိတ်တိတ် ဝင်ထိုင်လိုက်ပြီး အတွေး နယ်ချဲ့နေမိတော့၏။

*****


Comment

Leave a Reply


Options

not work with dark mode
Reset