တောင်တက်လမ်းပေါ်တွင်။
ဇူယွမ်က မျက်မှောင်ကြုတ် လိုက်ပြီး သူ၏ ရှေ့တွင် လက်နောက်ပစ်ကာ ရပ်နေသော လုဖန်းအား အေးစက်စက် စိုက်ကြည့်လိုက်သည်။
ကျူးဖန်၏ အကြည့်ထဲတွင် သူ့အား အထင်သေးဟန်များ မပါဝင်သော်လည်းပဲ သူထံမှ လူတိုင်းထက် သာလွန်သည် ဟူသော ခံယူချက်နှင့် စိတ်ကြီးဝင်မှုတို့ကို ခံစားမိပေသည်။ ထိုအကောင်က လူတိုင်းကို အထင်သေး အမြင်သေးဖြင့်သာ အမြဲကြည့်လေ့ ရှိပေသည်။
ထိုအကြည့်က လူတိုင်းထက် မိမိက သာလွန်သည် ဟူသော အသွင်မျိုးကို မျက်နှာတွင် ဖော်ပြနေသည်။ မင်းဘာသာမင်း ဘာကောင် ဖြစ်နေပါစေ ငါ့ထက် မသာနိုင်ပါဘူးဟု ဆိုနေသော အကြည့်မျိုး ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အခုလောလောဆယ် မင်းနဲ့ငါနဲ့ စကားတစ်ခါမှ ပြောဖူးဘူး။ မင်းဘာသာမင်း မောက်မာနေလဲ ငါတစ်စက်တောင် စိတ်မဝင်စားဘူး …”
“ဒီကိစ္စက ဘာမှကြီးကျယ် မြင့်မြတ်နေတဲ့ ကိစ္စလဲမဟုတ်ဘူး”
“ငါက ပြဿနာ ဖြစ်ချင်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒါကြောင့် ပြဿနာတွေက ငါ့ရဲ့ တံခါးကို လာမခေါက်ဖို့ မျှော်လင့်တယ်။ ဒါမှမဟုတ်ပဲ အခြားသူတွေက ကျေကျေနပ်နပ်ကြီး သူတို့ရဲ့ ခေါင်းတွေကို ငါ့ရှေ့လာထိုး ပေးရင်တော့ ငါက အဲဒီခေါင်းပေါ် နင်းလျှောက်သွားမှာပဲ”
“ဒါကြောင့် မင်းဘေးဖယ်လိုက်ပြီး ငါ့ကို ဖြတ်သွားခွင့်ပေး”
ထိုခဏတွင် ဇူယွမ်၏ မျက်လုံးအစုံမှ ထက်ရှသွားပြီး လုဖန်းကို စိုက်ကြည့်လိုက်သည်။
လုဖန်းမှာ အံ့အားသင့် သွားသည်။ ဇူယွမ်က သူ့အား မကြောက်ရွံ့့ရုံ သာမက ထိုသို့သော စကားလုံးများဖြင့် အဘယ်ကြောင့် ပြန်လည်ပြောဆို နိုင်သလဲ ဆိုသည်ကို သူနားမလည်နိုင် ဖြစ်သွားသည်။
“အာ …”
လုဖန်း၏ အေးစက်နေသော မျက်လုံးအစုံမှာ နက်မှောင်သွားသည်။ သူက ဇူယွမ်ကို စိုက်ကြည့်ကာ တစ်ခဏမျှ စဉ်းစားနေပြီးနောက် “ မင်းဘာလုပ် နေတယ်လို့ မင်းထင်လဲ မင်းက ဒီလိုမျိုး ငါနဲ့စကား ပြောနိုင်တယ်လို့ ထင်နေတာလား”
“အဲဒီတာ မင်း အတွင်းတောင် တပည့်တစ်ယောက်ကို မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲမှာ အနိုင်ရသွားလို့ သွေးနားထင် ရောက်နေတာလား”
လုဖန်းက အရှေ့သို့ လမ်းလျှောက် လာခဲ့ပြီးနေက် ဇူယွမ်၏ ရှေ့ပေအနည်းငယ် အကွာတွင် ရပ်လိုက်သည်။ ဇူယွမ်၏ မထုံတက်သေး မျက်နှာက လုဖန်း၏ မျက်ဝန်းပေါ်တွင် ထင်ဟပ်နေပြီး လုဖန်းက တိုးညင်းသော အသံဖြင့် “ဇူယွမ်မင်းက သေးငယ်တဲ့ တိုက်ကြီး တစ်ခုကနေ လာတဲ့ ပြိုင်မြင်းတစ်ကောင် ဖြစ်ရင် ဖြစ်လိမ့်မယ်။ မင်းရဲ့ ပါရမီရှင်ဆိုတဲ့ အဆင့်အတန်းပေါ်မှာ လုံးဝကို ကျေနပ်ရင် ကျေနပ် နေလိမ့်မယ် ဒါပေမဲ့ မင်းလက်ခံ ထားရမှာက အခု မင်းရောက်နေတဲ့ နေရာက …”
“ကန်ရွှမ်းကလန်ရဲ့ ရှန်ဇူတိုက်ကြီး ဆိုတာကိုပဲ …”
“အခုမင်းရှေ့မှာ ရပ်နေတာက ရှန်ဇူလုကလန်က လူတစ်ယောက်ပဲ။ ငါ့ရဲ့ ကလန်က ရှန်ဇူတိုက်ကြီးမှာ တော်ဝင်မျိုးနွယ်ပဲ … ဒီအဆင့်အတန်းကို မင်းလိုကောင်မျိုးက သိနိုင်မှာတောင် မဟုတ်ဘူး”
“ငါ့ရဲ့နောက်မှာ ဓားကပ်ဘေး တောင်ကုန်းက အကြီးအကဲ တစ်ယောက်ရှိတယ်။ ပြီးတော့ ငါ့ရဲ့ ကလန်က အစ်မကြီးက ဓားကပ်ဘေး တောင်ကုန်းက တပည့်အရင်း တစ်ယောက်ပဲ …”
လုဖန်းက ဇူယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးတိုင်းသည် မဖော်ပြနိုင်သော ဖိအားများ ပါဝင်နေပေသည်။ သူက သူ၏ နောက်ခံနှင့် အဆက်အသွယ်များကို ပြောပြပြီး ဇူယွမ် အနေဖြင့် သူ့အားယှဉ်နိုင်ရန် မည်သို့မှ မဖြစ်နိုင်ကြောင်း ပြသချင်သည်။
အခြား သာမန်လူ တပည့်တစ်ယောက် ဆိုပါက လုဖန်း၏ စကားလုံးများနှင့်ပင် နှလုံးတုန်အောင် ကြောက်ရွံ့့ နေပေလိမ့်မယ်။
ကံမကောင်းစွာနဲ့ပဲ ဇူယွမ်၏ မျက်လုံးအစုံမှာ အစမှ အဆုံးထိ တည်ငြိမ်နေပြီး ကြောက်ရွံ့ဟန် လုံးဝမပြပေ။ အနည်းငယ်မျှပင် လှုပ်ခတ်ခြင်း မရှိပေ။
ဇူယွမ်ထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိသော အခါ လုဖန်းက သူ၏ စကားလုံးမျာကြောင့် ဇူယွမ် ကြောက်လန့်ပြီး ကြက်သေသေ သွားသည်ဟု ယုံကြည်သွားသည်။ သူ၏ နှုတ်ခမ်း ထောင့်စွန်းမှာ ဖြည်းညင်းစွာ ကွေးညွတ်တက် သွားပြီး သူ၏ လက်ကို ဆန့်တန်းကာ ဇူယွမ်၏ မျက်နှာကို အသာအယာ လှမ်းပုတ်လိုက်သည်။
“ဒါကြောင့်မလို့ ငါမေးမယ် မင်းဂူဟွမ်ဂျီနဲ့ ဝေးဝေး နေပေးနိုင်မလား”
သူ၏ လက်က ဇူယွမ်၏ မျက်နှာနှင့် လက်မခန့်မျှ အကွာအဝေးကို ရောက်သောအခါ ဇူယွမ်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
ဇူယွမ်က လုဖန်းအား စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကုတ်ကာ ပြောသည်။ “အစပိုင်းတုန်းက မင်းမှာ စွမ်းရည် အချို့ရှိလို့ အပြင်ဘက် တောင်ရဲ့ ပထမနေရာကို ရလာခဲ့တယ်လို့ ငါယုံကြည်ခဲ့ မိတယ်။ မင်းသည်လောက်အထိ နုံချာလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိဘူး”
“မင်းဘာပြောတာလဲ” လုဖန်း၏ မျက်လုံးများက နက်မှောင်သွားသည်။
ဇူယွမ်က သူ၏လက်ကို ဆုပ်ကိုင်လျက် ခေါင်းယမ်းလိုက်သည်။ “မင်း ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်ပြောရင်တောင် ငါ့အနေနဲ့ အနည်းငယ် အသိအမှတ် ပြုဦးမယ်။ ဒါပေမဲ့ အဆုံးမှာတော့ မင်းက မင်းရဲ့ နောက်ခံ အင်အားနဲ့ အဆက်အသွယ်တွေကို ပြောသွားတယ်။ ဒါဆို မင်းရဲ့ ကလန်က စွမ်းအား ကြီးတော့ရော ဘာလုပ် ရမှာလဲ။ ကန်ရွှမ်းကလန်ကို ထိန်းချုပ် နိုင်လို့လား”
“လုပ်နိုင်တယ် ဆိုရင် ငါ့ကို အဓိပ္ပာယ် မရှိတဲ့ အရာတွေ လာပြောမနေနဲ့။ မင်းငါ့ကို အရင်ချိန် ကတည်းက အပြင်ကို ကန်ထုတ်နိုင်တယ်”
“ဒါကြောင့် မင်းရဲ့နောက်ခံ အင်အားတွေက ငါ့အပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး”
လုဖန်း၏ အမူအရာ အေးစက် သွားသည်ကို ကြည့်ရင်း ဇူယွမ်၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ”လုဖန်း … ဂူဟွမ်ဂျီက ငါ့ဆီမှာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်နေတာ။ မင်းသာ သူရဲ့ စိတ်ကို ပြောင်းအောင် လုပ်နိုင်ရင် သူ့ကို ခေါ်သွားလို့ ရတယ်”
“ငါ့အတွက်တော့ သူဆီကနေ သင်ကြားခကို လက်ခံ ထားပြီးပြီ။ သူလာရင်တော့ ငါက သင်ပေးရမှာပဲ”
“မင်းဘာတွေ တွေးထင် နေတာလဲ ငါနည်းနည်းလေးတောင် စိတ်မဝင်စားဘူး”
“မင်းတစ်ခုခု လုပ်ဖို့ ရည်ရွယ်ထားရင်လည်း လုပ်လိုက်။ ငါ့ရှေ့မှာ ခဏခဏ လာပြီး သရုပ်ဆောင် ပြဖို့လည်း မလိုဘူး။ သတိပေးဖို့လည်း မလိုဘူး။ မင်းရဲ့ နောက်ခံ အသိုင်းအဝိုင်းက အကူအညီကိုလည်း ယူရင်ယူလိုက်ဦး။ သူမ စိတ်ပြောင်းရင် ပြောင်းမှာပေါ့”
ဇူယွမ်၏ စကားလုံးတိုင်းသည် လုဖန်း၏ မျက်နှာကို တဖြည်းဖြည်း ခက်ထန်မည်းမှောင် လာစေသည်။ သူ၏ နောက်ဆုံး စကားလုံး ပြောအပြီးတွင် သူ၏ ခန့်ညားသော မျက်နှာ၌ ဒေါသများ ပေါက်ကွဲ ထွက်နေပြီ ဖြစ်သည်။
ဇူယွမ်၏ တဲ့တိုး စကားများက လုဖန်းကို အလွန်အမင်း အရှက် ရစေသည်။
ဒီကောင်လေးတွင် မည်သည့် နောက်ခံအင်အားမှ မရှိဘဲ သူအားသည်လို ပြောဆိုရဲခြင်းကို သူ့အနေဖြင့် လုံးဝ နားမလည်နိုင်ပေ။
“ငါမင်းကို ကျူးဖန်နဲ့ ကျူးယွဲ့တို့ကို လုပ်တဲ့နည်း အတိုင်း မင်းကို မလုပ်ချင်ဘူး မင်းနားလည်တယ် ဆိုရင် မင်းရဲ့ စကားတွေကို ပြန်ရုပ်သိမ်း သွားတော့။ မဟုတ်ရင် မင်းလို လူတစ်ယောက်ကတော့ အခေါင်းကို မြင်ပြီး ငိုရတော့မယ်”
“ဇူယွမ် မင်းကသေချင် နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ပေး ရမှာပေါ့” လုဖန်း၏ မျက်ဝန်းများက အလွန်အမင်း အေးစက်သွားပြီး စက္ကန့်ဝက်မျှ အကြာတွင် သူ၏ခန္ဓာကိုယ်မှ မူလချီများက ရုန့်ရင်းစွာ ပေါက်ကွဲ ထွက်လာခဲ့သည်။
“မင်းကို ဒီနေ့သေအောင ်ရိုက်နှက်မယ်။ ပြီးရင် ငါဘယ်လို အပြစ်မျိုး ခံရမလဲ သိချင်မိတယ်”
ဝုန်း …
သူ့ခြေထောက်အောက်မှ မြေပြင်မှ ရုတ်တရက် အက်ကွဲသွားသည်။
လုဖန်းက လက်သီး ဆုပ်လိုက်ပြီး ဇူယွမ်ထံသို့ ထိုးချလိုက်သည်။ ထိုလက်သီးချက်တွင် ပါဝင်သော မူလချီများက နံဘေးရှိ လေဟာနယ်ကို ဖျက်ဆီးသွားပြီး မိုးကြိုးတစ်ခု ကဲ့သို့ ဇူယွမ်၏ ရင်ဘတ်ဆီသို့ ဦးတည်လာသည်။
ဇူယွမ်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ဒြပ်မဲ့အသွင်သို့ ပြောင်းလဲကာ အနောက်သို့ ရွေ့လျားလိုက်သည်။
လုဖန်း၏ လက်သီးချက်က ရုတ်တရက်ပင် ကြမ်းတမ်းသော လေမုန်တိုင်း အသွင်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း ဇူယွမ်က ထိုအရာအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်နှင့် အတူ လေလက်သီး ထိုးချက်များကို ရှောင်တိမ်းသည်။
ဘုန်း …
သို့သော်လည်း လေလက်သီး ထိုးချက်များက လေဟာနယ်ကို လျစ်လျူရှုပြီး သူ့ထံသို့ တိုးဝင်သည်။ ဇူယွမ်၏ ပါးစပ်မှ ချက်ချင်းပင် ရွှေရောင် မူလချီများ ထုတ်လွှတ်လိုက်ပြီး ထိုလေလက်သီးများကို ချေဖျက်လိုက်သည်။
“မင်းဘယ်လောက် မြန်မြန် ပြေးနိုင်ပြေးနိုင် ယုန်က သားကောင်ပဲဆိုတာ မင်းသိအောင် သင်ပေးမယ်” လုဖန်း၏ အမူအရာမှာ ချောက်ချားဖွယ် ကောင်းစွာ အေးစက်နေသည်။ သူက မြေပြင်ကို ဆောင့်နင်းချ လိုက်ပြီးနောက် သူ၏ အမြန်နှုန်းမှာ တိုးမြင့်သွားပြီး ဇူယွမ်ကို ထပ်မံ ထိုးလိုက်သည်။
ဝုန်း …
ရုန့်ရင်းသော မူလချီများက သူ့ကိုယ်ပေါ်မှ ဆက်လက် ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများပင် လဲကျကုန်သည်။
ဇူယွမ်က အင်အားအပြည့်နှင့် တိုက်ခိုက်နေသည့် လုဖန်းအား စိုက်ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။ မူလချီများက သူ၏ ခန္ဓာကိုယ်မှလည်း ပေါက်ကွဲ ထွက်လာပြီး ဦးခေါင်းထိပ်မှ ရွှေရောင် မူလချီများ ထွက်ပေါ်လာကာ ကြီးမားသော ရွှေရောင်စပါးအုံး ပုံရိပ်ကြီးက လေထဲတွင် ပေါ်ထွက် လာခဲ့သည်။
“လုဖန်း နင်ရပ်လိုက်တာ ကောင်းမယ်”
သို့သော်လည်း ထိုအခိုက်တွင် အော်သံနှင့်အတူ အနီရောင် ကျာပွတ်က ကောင်းကင်ပေါ်မှ လုဖန်း၏ ရှေ့သို့ ကြမ်တမ်းစွာ ကျဆင်းလာခဲ့သည်။
ရွမ်း …
လေထုပင် ကျာပွတ်ရိုက်ချက် အောက်၌ ထက်ပိုင်းပြတ် သွားသည်။ လုဖန်း၏ ပုံရိပ်မှာ ထိုအချိန်တွင် ရပ်တန့်သွားပြီး အနောက်သို့ ဆုတ်လိုက်သည်။
သူ၏ ခေါင်းကို မော့ကြည့်လိုက်လျှင် အနီးရှိ ကျောက်တုံးကြီးပေါ်တွင် ဒေါပွနေသော မျက်နှာလေးနှင့် ရပ်နေသော ဂူဟွမ်ဂျီကို တွေ့လိုက်ရသည်။ သူ့လက်ထဲရှိ ကြက်သွေးနီရောင် ကျာပွတ်မှာ မီးတောက်များ တောက်လောင်လျက် ရှိပြီး အနီးရှိ မြေပြင်ကိုပင် အရည်ပျော် နေစေပေသည်။
ဂူဟွမ်ဂျီ၏ အသံက ခက်ထန် တင်းမာနေပြီး “လုဖန်း … ငါ့ရဲ့ နောက်ကွယ်မှာ ဒီလိုမျိုး လုပ်ဖို့ ကြိုးစားတယ်ပေါ့ ငါတို့နှစ်ယောက် ရင်းနှီးမှုအချို့ ရှိရင်တောင် ငါနင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
လုဖန်းက မျက်မှောင်ကြုတ် လိုက်ပြီး ခပ်တည်တည်ဖြင့် ပြောသည်။ “ဟွမ်ဂျီ ဒါက ငါနဲ့သူကြားက ကိစ္စပါ”
“အစ်ကိုတော် တစ်ယောက် အနေနဲ့ ညီငယ် တစ်ယောက်ကို ဘယ်လိုပြုမူ နေထိုင်ရမလဲ ဆိုတာ သင်ပေး သင့်တယ်လေ။ ငါသာ ညီတော် ဇူယွမ်ကို မသင်ပေးဘူး ဆိုရင် အနာဂတ်မှာ သူ့အနေနဲ့ သူ့ကိုယ်သူ ပြဿနာတွေထဲ ဆွဲသွင်းမိ နေလိမ့်မယ်”
သို့သော်လည်း သူက ခေါင်းခါယမ်း လိုက်သည်။ ဒီနေ့တွင် ဂူဟွမ်ဂျီက ဇူယွမ်၏ နံဘေးတွင် ရှိနေမှတော့ သူ့အနေဖြင့် မည်သည်မှ လုပ်နိုင်တော့မည် မဟုတ်ပေ။ သူ၏ နံဘေးတွင် ဖြစ်ပေါ်နေသော မူလချီများကို ပြန်ရုပ်သိမ်း လိုက်ပြီး ဇူယွမ်အား အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဇူယွမ်အား နှစ်ကိုယ်ကြား ကြားရရုံ လေသံဖြင့် “ဇူယွမ် ဒီနေ့မှာ သူမက မင်းကို ကာကွယ် လိုက်နိုင်ပေမဲ့ ထာဝရတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး …”
“မင်းက အလျှော့ မပေးမှတော့လည်း … မင်းနဲ့ သေသေချာချာလေး ကစားပေး ရတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ ကစားစရာ မဖြစ်ခင် မသေအောင် ဂရုစိုက်နေဦး …”
သူ၏ စကားများ အဆုံးသတ် သွားသည်နှင့် လုဖန်းက တစ်ဖက်သို့ လှည့်ကာ ထွက်ခွာသွားသည်။
ထွက်သွားသော ပုံရိပ်ကို ကြည့်ရင်းဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။ အန္တရာယ် အငွေ့အသက်များက သူ၏ မျက်ဝန်းထဲတွင် ယှက်သန်းသွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်
“လုဖန်း …”
“ငါမင်းကို အစောက ပြောတာ ဟာသတစ်ပုဒ် မဟုတ်ဘူး။ မင်းက လိုလိုလားလားနဲ့ ခေါင်းထိုးဝင် လာမှတော့ …”
“ငါက တကယ် တက်နင်း ပေးရမှာပေါ့”