Switch Mode

စာစဉ် (၁၈) အပိုင်း (၂၄၇)

နဂါးကိုးကောင် နိယာမ

မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ပြိုင်ပွဲ၏ အကျိုးဆက် အနေဖြင့် အပြင်ဘက် တောင်တစ်ခွင်တွင် ထိုအကြောင်းကို နောက်ရက် အနည်းငယ်အထိ ရွှန်းရွှန်းဝေအောင် ပြောဆို နေကြသည်။

သည်ပြိုင်ပွဲအတွင်း စွမ်းဆောင်မှု ပြီးနောက် ဇူယွမ်၏ နာမည်ကို အပြင်ဘက် တောင်ရှိ လူတိုင်း သိလာကြသည်။

မူလ အစောပိုင်းတုန်းက ဇူယွမ်အား အနောက်တံခါးမှ ပထမတန်း တပည့်အဖြစ်သို့ ဝင်ရောက် လာသူဟု များစွာသော တပည့်များက လှောင်ပြောင် သရော်ကျသော်လည်း ယခုချိန်တွင် မည်သူမှ ဇူယွမ်အား အထင်သေးခြင်း မရှိတော့ပဲ အထင်သေးသော လေသံများနှင့်လည်း ဇူယွမ်အကြောင်းကို မပြောဆို ကြတော့ပေ။

အဆုံးတွင် မည်သူမှ အတွင်းတောင် တပည့် တစ်ယောက်နှင့် မူလကျင့်စဉ်ကို မယှဉ်ပြိုင် နိုင်ကြပေ …

သည်နေ့ရက်တွေ အပြီးတွင် လူတိုင်းက အပြင်ဘက် တောင်၏ တပည့် အဆင့်များနှင့် ပတ်သက်ပြီး အငြင်းပွား နေကြပေသည်။ လူအများက ဇူယွမ်၏ စွမ်းအားမှာ အပြင်ဘက် တောင်တွင် အဆင့် တစ်မှ ငါးအတွင်း ဝင်ရောက်နိုင်သည်ဟု ခံစားမိကြ ပေသည်။

သို့သော်လည်း အချို့သူများက နူးညံ့ သိမ်မွေ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် သူ၏ အမြန်နှုန်းမှာ အလွန် သာလွန်သော်လည်းပဲ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလစဦး ပထမအဆင့်သာ ရှိသေးသောကြောင့် သူ့အနေဖြင့် မြင့်မားသော အဆင့် မရသင့်ဟု ဆိုကြသည်။ ထို့ကြောင့် ဇူယွမ်အနေဖြင့် အပြင်ဘက် တောင်ရှိ အဆင့်မြင့်မား သူများနှင့် တိုက်ခိုက်လျှင်လည်း ဇူယွမ်မှာ အနိုင်မရရှိနိုင်ဟု ထင်ကြေး ပေးကြသည်။

တခြား တစ်ဖက်တွင်လည်း ဇူယွမ်သာ ကျူးယွဲ့နှင့် အစစ်အမှန် တိုက်ပွဲတွင် အနိုင်ရရှိပါက ဇူယွမ်အား အပြင်ဘက် တောင်၏ ပထမအဆင့် ပေးလျှင်လဲ မငြင်းဆန်ဟု ဆိုသူက ဆိုကြပေသည် …

သို့သော်ငြားလည်းပဲ ဇူယွမ်က အပြင်ဘက်တောင်၏ အဆင့် သတ်မှတ်ချက်များကို လုံးဝ  စိတ်ဝင်စားခြင်း အလျှင်းမရှိပေ။

***

လျှို့ဝှက်သော ကျမ်းစာဆောင်၏ တောင်အနောက်ဘက် သင်ခန်းစာ ပို့ချခန်းအတွင်း …

ကျူးယွဲ့ အတွင်းဆောင်သို့ ပြန်သွားပြီးနောက် သူအသုံးပြုခဲ့သော သင်ခန်းစာ ပို့ချသည့် ခန်းမမှာ နေရာလွတ်တစ်ခု ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အကြီးအကဲ ကျုံမင်က ဇူယွမ်အား ထိုခန်းမကို ပေးအပ်ခဲ့ပြီး သူ၏ တပည့်များကို သည်နေရာတွင် သင်ကြားစေသည်။

ယခုလက်ရှိတွင် သင်ခန်းစာ ပို့ချသော အခန်းတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်။

ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကိုင်လျက် ခန်းမ အလယ်တွင် ထိုင်နေခဲ့သည်။ ငွေမျှင်ရောင် စုတ်တံ အမျှင်များသည် ဖြန့်ကျဲ ထွက်နေပြီး တပည့်တိုင်း၏ လက်ကောက်ဝတ်တွင် ရစ်ပတ်ထားလျက် ရှိသည်။ တပည့်များ၏ မျက်နှာပေါ်တွင် လေးစားခြင်းများ လေးနက်မှုများက ပေါ်လွင်နေသည်။

ခန်းမထဲတွင် လူပေါင်းများစွာ ရှိသော်လည်း ငြိမ်းချမ်းကာ တိတ်ဆိတ်နေသည်။

ဇူယွမ်က မျက်လုံး မှိတ်ထားလျက် ရှိပြီး မျက်ခုံး နှစ်ခုကြားရှိ စိတ်ဝိညာဉ်မှာ တလက်လက် တောက်ပလျက် ရှိကာ သူ၏ မြင်ကွင်းက စုတ်တံ၏ အမျှင်များဆီသို့ ရောက်ရှိနေသည်။

စိတ်ဝိညာဉ် ဒြပ်ထည် အဆင့်သို့ ရောက်ရှိပြီး နောက်တွင် သူအနေဖြင့် အခြားသူများ၏ သွေးကြောများကို ရှာဖွေပေးရာ၌ အလွန် လွယ်ကူခဲ့ပြီး အရင်ကလို အချိန်အကြာကြီး ယူရန် မလိုအပ်တော့ပေ။

အလားတူပင် သူ့မြင်နိုင်စွမ်း၏ အကျိုးသက်ရောက်မှု မှာလည်း များစွာ ကောင်းမွန် လာခဲ့သည်။

ဇူယွမ်က အချိန်အတန် ကြာသည်အထိ မျက်လုံးမှိတ်လျက် ရှိနေရာမှ ထိုအခိုက်တွင် ရုတ်တရက် မျက်လုံးဖွင့် လိုက်ပြီး တပည့်များ၏ ခန္ဓာကိုယ် အတွင်းမှ မူလချီများကို သူတို့၏ ခန္ဓာကိုယ်ဆီမှ အမှတ် တစ်ခုဆီသို့ စီးဝင်ရန် လမ်းညွှန်ပေး လိုက်သည်။

ချပ် …  ချပ် …

တိုးညင်းသော အသံများ ထွက်ပေါ်လာပြီး တပည့်တိုင်း၏ မျက်နှာတွင် ကျေနပ် အားရဟန်များ ပေါ်ထွက် လာခဲ့သည်။ လူတိုင်းက သူတို့ခန္ဓာကိုယ် အတွင်းမှ သွေးကြောများ ပွင့်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက် ရသည်။

ပျော်ရွှင်မှုများက သင်ခန်းစာ ပို့ချသော အခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။

ဇူယွမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဒီနေ့ သင်ကြားချိန် ကတော့ ဒီမှာပဲ ပြီးဆုံး သွားခဲ့ပြီ။ မင်းတို့အားလုံး ဖွင့်ထားပြီးတဲ့ သွေးကြော အသစ်တွေကို ချောမွေ့အောင် ပြုလုပ်သင့်ပြီ”

ထိုစကား ကြားချိန်တွင် အားလုံးက သူတို့၏ လက်များကို ယှက်ပြီး ဇူယွမ်ကို အရိုအသေ ပေးလိုက်ကာ စိတ်လှုပ်ရှား နေသော အမူအရာများနှင့် အခန်းထဲမှ ထွက်ခွာ သွားကြတော့သည်။

ဇူယွမ်က အပျင်းကြော ဆန့်လိုက်ပြီး သူ၏ အရိုးများ တောင့်တင်း နေမှုကို ဖြေလျှော့လိုက်သည်။ နေ့တိုင်း ညွှန်ကြားပြသ ပေးနေရသည်မှာ ပျင်းရိဖွယ် ကောင်းလွန်း လှပေသည်။ မူလ ကျောက်စိမ်းပြားများ အတွက်သာ မဟုတ်ပါက သူ့အနေဖြင့် ဒီအလုပ်ကို လုပ်နေတော့မည် မဟုတ်ပေ။

ပိုပြီး အရေးကြီး သည်မှာ သူ၏ ကျင့်ကြံချိန်များပါ ကုန်ဆုံး နေရသည်။ ထို့ကြောင့် ယခုထိတိုင် ကျူးယွဲ့နှင့် ယှဉ်ပြိုင်စဉ်က ဖွင့်ထားသော သွေးကြော(၁၄)ခုကိုသာ ပြည့်စုံအောင် လုပ်ရသေးသည်။

တပည့်များ ထွက်ခွာ သွားသည်နှင့် လှပသော ပုံရိပ်လေး တစ်ခုသာ အနောက်တွင် ကျန်ရစ်ခဲ့သည်။ သူမက ထုံးစံအတွင်း ဂူဟွမ်ဂျီပင် ဖြစ်သည်။

သူမက ပြုံးလျက် ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး “ဟေ့ သူများတွေ အကုန်လုံး ဒီနေ့မှာ သွေးကြောတွေ ဖွင့်ပြီးကြပြီး ငါ့ကျ ဘာလို့ မပြီးသေးတာလဲ”

ဇူယွမ်က သူမကို အကူအညီမဲ့စွာ ကြည့်လိုက်ပြီး “နင်က ပထမအဆင့်ကို ရောက်ပြီးသားလေ ဒါကြောင့် နင့်ရဲ့ သွေးကြောတွေကို ရှာတာကာ ပိုမို ခက်ခဲလာပြီ”

ဂူဟွမ်ဂျီသည် လွန်ခဲ့သော နှစ်ရက် ကတည်းက သွေးကြော(၃၆)ခုကို ပြည့်စုံစွာ ဖွင့်ပြီးနောက် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် ပထမ အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ ရလာဒ်ကို သူမ စိတ်မကျေနပ် နိုင်သေးပေ။ ထို့ကြောင့် ဇူယွမ်၏ ညွှန်ကြားမှု အောက်တွင် ဒုတိယအဆင့်ထိ ရောက်ရှိချင် နေပေသည်။

ဂူဟွမ်ဂျီက ဝမ်းနည်း နေဟန်ဖြင့် ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး “ဒါပေမဲ့ နင်ငါ့ကို ကတိပေး ထားတယ်လေ”

“ဟန်လုပ် မနေနဲ့” ဇူယွမ်က စိတ်ရှုပ်နေသည့် ဟန်ဖြင့် ခေါင်းခါယမ်း လိုက်သည်။ တခြားတစ်ယောက် ဆိုလျှင် ဂူဟွမ်ဂျီ၏ သနားစဖွယ် ကောင်းသော သရုပ်ဆောင်မှုကို လက်ခံ ယုံကြည်ပေလိမ့်မည်။

ဂူဟွမ်ဂျီက သူမ၏ လက်များကို ခါးတွင် ထောက်လိုက်ပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။ ဟန်ဆောင်နေမှု အရေခွံက ကွာကျသွားပြီ ဖြစ်သည်။

“ကောင်လေး။ နင့်ရဲ့ ကတိကို နင်ချိုးဖောက် ရဲတယ်လား ငါနင်ကို ဘယ်လို အပြစ်ပေးမလဲ စောင့်ကြည့်နေလိုက်”

သူမက ထိုစကားများ ပြောနေသော်လည်း စကားဆုံးသည်အထိ ပြုံးထားတုန်းပင် ရှိသည်။

ဇူယွမ်က သက်ပြင်း ချလိုက်သည်။ သူမ၏ နောက်တီး နောက်တောက် အမူအရာက သူ့အတွက် တကယ်ကို စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူက မတ်တတ်ထရပ်က ထွက်ပေါက်ဆီသို့ လျှောက်လှမ်းလိုက်ရင်း ပြောသည်။

“နောက်ကျရင် ငါမင်းအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးပါ့မယ်။ မင်းကို ငါ တကယ် အပြစ် မပြုရဲပါဘူး”

ဂူဟွမ်ဂျီမှာ အတော့်ကို ပါရမီရှိပြီး သူမ၏ နောက်ခံမှာလည်း စွမ်းအား ကြီးလှသည်။ အနာဂတ်တွင် ကန်ရွှမ်းကလန်၏ အဓိက အဖွဲ့ဝင် တစ်ယောက် ဖြစ်လာရန်က သူမအတွင် ခက်ခဲမည် မဟုတ်ပေ။ ထို့အပြင် သူမ၏ အပြုအမူများမှာလည်း မဆိုးလှပေ။ ထို့ကြောင့် ဇူယွမ်အနေဖြင့် သူမလို သူငယ်ချင်း ရှိသည်ကို စိတ်ထဲ မထားနိုင်ပေ။

ထိုအခါမှ ဂူဟွမ်ဂျီက သဘောကျစွာ ရယ်မောလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်မှာ မြင့်တက်လျက် ဇူယွမ်၏ အကူညီမဲ့စွာ ဖြစ်နေမှုကို ကြည့်နေသည်။ သူက တိုက်ပွဲတွင် ရက်စက် ကြမ်းကြုတ်ကာ အကြင်နာ ကင်းမဲ့သော်လည်း အချိန်အများစုတွင် နူးညံ့ ပျော့ပျောင်းကာ သည်းခံ တတ်ပေသည်။

“လျှို့ဝှက်သော ကျမ်းစာဆောင်မှာ မူလကျင့်စဉ်တစ်ခု သွားငှား လိုက်ဦးမယ်”

ဇူယွမ်က လျှို့ဝှက်သော ကျမ်းစာဆောင် ဆီသို့ ဦးတည်လိုက်သည်။ မူလအစောပိုင်း ကတည်းက သူ့အနေဖြင့် နဂါးကိုးကောင် နိယာမကျင့်စဉ်အား လေ့ကျင့်ရန် ဆန္ဒရှိခဲ့ပေသည်။

နူးညံ့ သိမ်မွေ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ဒုတိယ အဆင့်သို့ ရောက်ပြီး နောက်ပိုင်းတွင် ဇူယွမ်က သူ၏ တိုးတက်နှုန်းမှာ လွန်စွာ မြန်ဆန် လာသည်ကို ခံစားမိပေသည်။ အနက်ဖော် သူတော်စင် စာလုံး၏ စွမ်းရည်နှင့် ဆိုလျှင် သူအတွက် တတိယ အဆင့်သို့ ရောက်ရန် အချိန် သိပ်လိုမည် မဟုတ်ပေ။

ထို့ကြောင့် ဇူယွမ်အနေဖြင့် သူ့၏ အချိန်များကို နဂါးကိုးကောင် နိယာမအား ထပ်မံ လေ့လာရန် ရွေးချယ်လိုက်သည်။

သူကန်ရွှမ်း ကလန်သို့ ရောက်ရှိသည်မှာ နှစ်လခန့်ပင် ကြာမြင့်နေပြီး တောင်ထွတ် ရွေးချယ်မှု အခမ်းအနားသို့ ရောက်ရှိရန် တစ်လသာ လိုပေတော့သည်။ အဆင့် တစ်ဆယ်အတွင်း ဝင်သည့် တပည့်များ သာလျှင် မိမိတို့ ကြိုက်နှစ်သက်ရာ တောင်ထွတ်များကို ရွေးချယ်ရန် အခွင့်အရေး ရှိသောကြောင့် ဇူယွမ် အနေဖြင့် အဆင့်တစ်ဆယ် အတွင်းသို့ ဝင်ရောက်ရန် လိုအပ်ပေသည်။ မဟုတ်ပါက မူလသူတော်စင် တောင်ထွတ်တွင် ဒုတိယမြောက် မှော်စာလုံးကို ရှာဖွေရန်မှာ သူ့အတွက် ခက်ခဲ သွားပေလိမ့်မည်။

“ငါနင်နဲ့အတူ လိုက်ခဲ့မယ်” ဂူဟွမ်ဂျီက ပြောပြောဆိုဆိုဖြင့် ဇူယွမ်၏ နံဘေးသို့ ခုန်ဝင်လိုက်သည်။

လူနှစ်ဦးက တောင်အနောက်ဘက်ကို ဖြတ်သန်း၍ လျှို့ဝှက်သော ကျမ်းစာဆောင်သို့ ဝင်ရောက် သွားခဲ့သည်။

ဇူယွမ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည့် အတွက် သူက နဂါးကိုးကောင် နိယာမရှိရာသို့ တန်းသွားလိုက်သည်။

နဂါးကိုးကောင် နိယာမ ကျင့်စဉ်မှာ ယခင်က နေရာတွင်သာ တည်ရှိနေပြီး မည်သူမှ ထိုအရာအား မထိတွေ့ခဲ့သေးပုံ ပေါ်သည်။ အဆင့်မြင့် ကောင်းကင်ဘုံငယ် ကျင့်စဉ်မှာ တပည့်များ အကုန်အကျ ခံနိုင်သည့် ပမာဏထက် များပြားလွန်း သောကြောင့် အနည်းငယ်သော တပည့်များသာ နဂါးကိုးကောင် နိယာမကို ရွေးချယ်ကြပေ လိမ့်မည်။

“တစ်လ ငှားယမ်းခ မူလကျောက်စိမ်း အပိုင်းအစ (၆ဝ ဝ )”

စျေးနှုန်းကို မြင်ပြီးနောက်တွင် ဇူယွမ်၏ နှုတ်ခမ်းများ စိုစွတ်သွားသည်။ ထိုအရာက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတွက် များစွာ ဈေးကြီးပေသည်။ သူသာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ညွှန်ကြား ပေးခြင်းမှ ဝင်ငွေမရှိပါက ထိုမျှ အကုန်အကျ ခံနိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားရင်း ဇူယွမ်၏ အကြည့်က တောက်လောင် နေပေသည်။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်က အမြန်နှုန်းကို အခြေခံပြီး နဂါကိုးကောင် နိယာမကျင့်စဉ်က တိုက်ခိုက်မှုကို အသားပေးသော ကျင့်စဉ်ဖြစ်သည်။ သူသာ ဒီကျင့်စဉ်ကို ကျွမ်းကျင် သွားပါက သူ၏ တိုက်ပွဲဝင် စွမ်းရည်မှာ များစွာ တိုးမြင့် လာပေမည်။

“နင် ကျင့်စဉ်ကို ဘယ်လို ရွေးချယ်ရမလဲကော သိလား။ နဂါးကိုးကောင် နိယာမ ကျင့်စဉ်က စွမ်းအားကြီးတာ မှန်ပေမဲ့ လေ့လာဖို့ တအားကို ခက်ခဲလွန်းတယ်။ အတွင်းတောင် တပည့်တွေ ထဲမှာတောင် လူအနည်းငယ်ပဲ ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ ရွေးချယ်ကြတာ”

ဇူယွမ်က ရယ်မော လိုက်သော်လည်း မည်သည့်စကားမှ မဆိုပဲ ကျင့်စဉ် ငှားရမ်းရန် အတွက် ပေးဆောင်ရမည် ငွေကိုသာ အသင့်ပြင်နေသည်။

သူတို့နှစ်ယောက် ရယ်မောကာ စကားစမြည် ပြောရင်းဖြင့် ကောင်တာဆီသို့ ပြန်လျှောက် လာချိန်တွင် ဇူယွမ်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ သူက မိမိကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် ကြော့ရှင်း သပ်ရပ်စွာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကို မြင်လိုက် ရသောကြောင့် ဖြစ်သည်။ ထိုသူက လုဖန်းဖြစ်သည်။

သူလည်း သည်နေရာသို့ မူလကျင့်စဉ် ရွေးချယ်ဖို့ လာရောက်နေပြီး သူ၏ အနောက်တွင် စကားပြောသံများ ကြား၍ လှည့်ကြည့် လိုက်ချိန်တွင် ဇူယွမ်နှင့် ဂူဟွမ်ဂျီတို့ အတူတကွ လျှောက်လှမ်း လာသည်ကို တွေ့မြင်လိုက် ရသည်။

သူလက်ထဲရှိ ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

သူ၏ မျက်လုံးအစုံက ချက်ချင်းပင် ကျဉ်းမြောင်း သွားသော်လည်း ဂူဟွမ်ဂျီအား နွေးထွေးသော အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

ဂူဟွမ်ဂျီမှာ မျက်မှောင်ကြုတ် လိုက်ပြီး ခေါင်းအနည်းငယ်မျှ ညိတ်ပြကာ ပြန်နှုတ်ဆက် လိုက်သည်။

လုဖန်းက ဇူယွမ်အား တစ်ချက်မျှပင် လှမ်းမကြည့်ပေ။ ထိုနောက် ဂူဟွမ်ဂျီထံမှ အကြည့်ကို ပြန်ရုပ်သိမ်းကာ ကျောက်စိမ်းပြားကို ငှားရမ်းရန် စာရင်းသွင်းပြီး လျှို့ဝှက်သော ကျမ်းစာဆောင်မှ လမ်းလျှောက် ထွက်ခွာသွားသည်။

ဇူယွမ်မှာ လုဖန်းက သူအား တမင်သက်သက် လျစ်လျူရှု သွားသည်ကို သိသော်လည်း သူအနေဖြင့် မည်သို့မှပင် မခံစားရပေ။ သူ၏ အမူအရာမှာ မူလက အတိုင်းပင် ရှိနေပြီး အရှေ့သို့ လျှောက်လှမ်းသွားကာ နဂါးကိုးကောင် နိယာမကျင့်စဉ ်ကျောက်စိမ်းပြားကို ကောင်တာ အနောက်ရှိ သတ်လတ်ပိုင်း လူကြီးဆီသို့ ပေးလိုက်သည်။

နဂါးကိုးကောင် နိယာမကျင့်စဉ်အား လာရောက် ငှားရမ်းသည့် အတွက် ထိုသတ်လတ်ပိုင်း လူကြီးက အနည်းငယ် အံ့အားသင့် သွားသော်လည်းပဲ မည်သည့် စကားမှမဆိုဘဲ အရင်အတိုင်းသာ မှတ်တမ်းတင် လိုက်သည်။

ကျောက်စိမ်းပြား ငှားရမ်းပြီး နောက်တွင် ဇူယွမ်မှင့် ဂူဟွမ်ဂျီတို့က လျှို့ဝှက်သာ ကျမ်းစာဆောင်မှ ထွက်လာခဲ့ ကြသည်။ သူတို့နှစ်ယောက်မှာ လေ့ကျင့်ရန် နေရာကို ကြိုတင်၍ အသေးစိတ် စီစဉ်ကာ ပြောဆိုပြီး နောက်တွင် သူ့တို့နှင့် သက်ဆိုင်သာ နေရာသို့ အသီးသီးသွားရန် လမ်းခွဲလိုက်ကြသည်။

ဇူယွမ်က အေးအေးဆေးဆေးနှင့် တောင်တက်လမ်းလေး အတိုင်း လျှောက်လှမ်း လာခဲ့ပြီးနောက် သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူက အရှေ့သို့ လှမ်းကြည့်လိုက်လျှင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည် ပုံရိပ်တစ်ခုက လက်နောက်ပစ်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ လုဖန်းကလွဲ၍ မည်သူမှ မဖြစ်နိုင်ပေ။

လုဖန်းက ဇူယွမ်ဘက်သို့ ဖြည်းညင်းစွာ လှည့်လာခဲ့သည်။ အများအားဖြင့် ပုံမှန်အတိုင်း ရှိနေတတ်သော သူ၏ မျက်ဝန်းများမှာ အေးစက်မှုများ ယှက်သန်းနေသည်။ သူက ဇူယွမ်ကို စိုက်ကြည့် လိုက်ပြီးနောက် တိုးညင်းသော အသံတစ်ခုက တောင်တက်လမ်း တစ်လျှောက် ပဲ့တင်ထပ် သွားသည်။

“ဇူယွမ် …”

“မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲမှာ အတွင်းတောင် တပည့်တစ်ယောက်ကို အနိုင်ရ လိုက်တာနဲ့ ငါ့ကို စော်ကား နိုင်တယ်လို့ မင်းကိုယ်မင်း ထင်နေတာလား”

Comment

Leave a Reply

Options

not work with dark mode
Reset