ရက်အတန်ကြာပြီးနောက် ဝမ်ပေါင်လဲ့သည် ကမ္ဗည်းစာပေါင်း ခုနစ်သောင်းမှ ရှစ်သောင်းခန့်ထိ အလွတ်ကျက်မှတ်ပြီး ဖြစ်သည်။ ထိုမျှအထိ မြန်နေရသည့်အကြောင်းရင်းမှာ မှတ်ဉာဏ် ကြည်လင်ဆေးများနှင့် လျှိုတောက်ပင်း ရှာပေးသော မှတ်ဉာဏ်အားတိုးဆေးများကြောင့် ဖြစ်သည်။
ထိုဆေးလုံးများ၏ အကျိုးသက်ရောက်မှုမှာ ကောင်းလှသော်လည်း မလုံလောက်သေးသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓါတ်ကျနေသည်။ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဝိညာဥ်ကျောက်တုံး များစွာ သုံးနိုင်သည့်တိုင် ဆေးလုံးများမှာ အလျင်မှီအောင် ဝယ်ယူရန် ခက်ခဲလှသည်။ တစ်ပြိုင်နက်တည်းမှာပင် ကမ္ဗည်းစာခန်းမမှ ကျောင်းသားများကလည်း ဆေးလုံးများကို အထူး လိုအပ်နေကြသည် ဖြစ်ရာ ဆေးလုံးများ ထပ်မံဝယ်ယူရန်မှာ အချိန်အတော်လေး ကြာပေမည်။
သူ၏ ကျောင်းသားခေါင်းဆောင် အာဏာကို သုံးလျှင်ပင် သူသုံးသမျှ ဆေးလုံးများကို အလျင်မီအောင် ထပ်မဝယ်နိုင်ပေ။ အရေးအကြီးဆုံးမှာ ချီအားဖြည့်ပညာရပ်ကျမ်းထဲတွင် ဖော်ပြထားသည့်အတိုင်း ဆေးလုံးများမှာ အစောပိုင်း အဆင့်များတွင်သာ သက်ရောက်မှုရှိသောကြောင့် ရေရှည်အတွက် ဆေးလုံးများကိုသာ အားကိုးနေရန် မဖြစ်နိုင်ပေ။ မှတ်ဉာဏ်နှင့် ပတ်သက်လျှင် ဆေးမတိုးခြင်းက အနှေးနှင့််အမြန် ရောက်လာမည် ဖြစ်သောကြောင့် ကိုယ့်အားကိုယ်ကိုးကာ အဆုံးစွန်ထိ ကြိုးစားရမည် ဖြစ်သည်။
အကန့်အသတ် တစ်ခုရှိသည့်တိုင် ကမ္ဗည်းစာပေါင်း သိန်းဂဏန်းထိ မှတ်မိစေရန် လုပ်ဆောင်ပေးနိုင်သည့် အစွမ်းထက်ဆေးလုံးများကို ရမှသာ ဘေးထွက်ဆိုးကျိုးများကို ကာမိမည် ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ရှဲ့ဟေးရန်ကို ဆက်သွယ်ကြည့်သော်လည်း သူသည်လည်း အကောင်းစားဆေးလုံးများကို ရရှိရန် အချိန်ပေးရမည် ဖြစ်သည်။ သို့ရာတွင် ကောင်းကင်မြို့တော်ရှိ မြေအောက် မှောင်ခိုဈေးမှ ဆေးတချို့ရနိုင်သည်ဟု ဝမ်ပေါင်လဲ့ကို သတင်းပေးလိုက်သည်။
မှောင်ခိုဈေးသို့ ဝင်ရမည့်နည်းလမ်းကိုလည်း ဝမ်ပေါင်လဲ့အား သင်ပေးလိုက်သည်။ နောက်ဆုံးအနေဖြင့် မှောင်ခိုဈေးတွင် ဝိညာဥ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးပြုကြသော်လည်း ပစ္စည်းချင်း လဲလှယ်မှသာ ရရှိနိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာတချို့ ရှိကြောင်း ဝမ်ပေါင်လဲ့ကို သတိပေးစကား ပြောလိုက်သည်။
ထို့ပြင် ဈေးထဲတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံ ရှိသည့်အတွက် ရုပ်ဖျက်ကာ သွားရန် မှာလိုက်သည်။ သတိမထားလျှင် ပြဿနာတက်သွားနိုင်သည်။
ဝမ်ပေါင်လဲ့က စာကျက်ရမည့် ပြဿနာနှင့် ပတ်သက်ကာ ဦးနှောက်ခြောက်နေချိန်တွင် လျှိုတောက်ပင်း နောက်တစ်ကြိမ် ရောက်လာသည်။
သူတို့ ဆုံမိသည်နှင့် ချက်ချင်း ရှေ့တိုးကာ ယဥ်ကျေးစွာ ပြောလိုက်သည်။
“ ကျောင်းသားခေါင်းဆောင်၊ စွန်းချီဖန်းရဲ့ အမှုကို သေချာ စစ်ဆေးပြီးပါပြီ။ အမှုက မသင်္ကာစရာတွေ ရှိနေတာတော့ အမှန်ပဲ”
“ ဘာပြဿနာတွေလဲ ”
ဝမ်ပေါင်လဲ့က သူ့လက်ထဲမှ ကမ္ဗည်းစာ အဘိဓာန်ကို ချကာ သူ၏ ပြောင်လာသော နဖူးကို ပွတ်သပ်လိုက်သည်။ ဝိညာဥ်ရေခဲရေပုလင်းကို ယူရန်ပြင်လိုက်စဥ် လျှိုတောက်ပင်းက သူ့အိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ကာ ဦးအောင် ကမ်းပေးလိုက်သည်။ ထိုသို့ အလိုက်သိသော အပြုအမူမျိုးကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် သဘောကျသွားသည်။
“ ဒီစွန်းချီဖန်းက တော်တော်လေး သနားစရာကောင်းတဲ့လူပါ။ သာမန်ကာလျှံကာ ခိုးတဲ့ အမှုလေးပဲ၊ နောက်ပြီး ခိုးမပြီးခင် လူမိသွားရတာ။ အဲဒါကို အကြောင်းပြပြီး ကျန်းလင်က စွန်းမိသားစုရဲ့ စည်းစိမ်တစ်ဝက်ကို ဇွတ်အတင်း တောင်းထားတာ။ သူတောင်းတာ မပေးရင် စွန်းချီဖန်းကို တာအိုကျောင်းရဲ့ ခုံရုံးကို ပို့ပြီး ကျောင်းတွင်းစစ်ဆေးမှု လုပ်မယ်လို့ ခြိမ်းခြောက်ထားတာ။ ကျောင်းသားခေါင်းဆောင်၊ အခုလောလောဆယ် သူတို့မိသားစုက ဌာန ပြန်လည် ဖွဲ့စည်းလိုက်တာကို ကြားပြီးတော့ ကျွန်တော့်ကို လာရှာကြတယ်။ ဒီအမှုကို ငဲ့ညှာပေးနိုင်မလား တောင်းပန်နေကြတယ်၊ ကျောင်းသားခေါင်းဆောင် ဘယ်လိုသဘောရလဲ” လျှိုတောက်ပင်းက တိုးတိတ်စွာ မေးလိုက်သည်။
ဝမ်ပေါင်လဲ့သည် တင်ပြချက်ကို နားထောင်ပြီးနောက် အခြေအနေကို သေချာစွာ နားလည်လာသည်။ အမှုကို အကြမ်းဖျင်း ခန့်မှန်းထားခဲ့သော်လည်း ယခု လျှိုတောက်ပင်းက စုံစမ်းကာ သူ့အထင်မှာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ရာ ဆုံးဖြတ်ချက် ချလိုက်သည်။ စွန်းချီဖန် အမှားလုပ်မိသော်လည်း ကျန်းလင်ကလည်း အတော်လေး လွန်နေသည်။ သူက သက်ပြင်းချကာ လျှိုတောက်ပင်းကို စကားပြောရန် ခေါင်းမော့လိုက်သည်။
“ စွန်းချီဖန်းက ဒီအမှုမှာ အပြစ်ရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ပြစ်ဒဏ်က ဒီလောက်ထိ ပြင်းထန်ဖို့ မလိုပါဘူး။ စည်းကမ်းနဲ့အညီ အရေးယူပြီး သူ့ကို ခံဝန်နဲ့ ကျောင်းမှာပဲ ထားလိုက်မယ်။ သူအမြင်မှန် ပြန်ရလောက်မယ့် အချိန်ကျမှ လွှတ်ပေးလိုက်မယ် ”
“ ကျောင်းသားခေါင်းဆောင်က စည်းကမ်း တင်းကြပ်ပြီး သမာသမတ်ကျလို့ ကျွန်တော် လေးစားအထင်ကြီးရပါတယ် ”
လျှိုတောက်ပင်းက လက်သီးဆုပ်ကာ အရိုအသေပြု၍ အံ့ဩတကြီး ပြောလိုက်သည်။
လျှိုတောက်ပင်း၏ စကားများက ဝမ်ပေါင်လဲ့ကို ဝမ်းသာပီတိ ဂွမ်းဆီထိစေသည်။ သူက စားပွဲပေါ်မှ ဝိညာဥ်ရေခဲရေကို ဖြည်းဖြည်းချင်း မော့သောက်လိုက်သည်။
ဝမ်ပေါင်လဲ့ စိတ်ကြည်နေသည်ကို သတိထားမိပြီးနောက် လျှိုတောက်ပင်းက ရှေ့တိုးကာ ဝမ်ပေါင်လဲ့နား တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ သူတို့မိသားစုက ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ကိုးဆယ်ရာခိုင်နှုန်း သန့်စင်တဲ့ မှော်ငွေရောင်သဲ ကီလိုဝက်ကို စည်းကမ်း ထိန်းသိမ်းရေးဌာနကို လှူချင်တယ်လို့ ပြောနေတယ် ”
“ မှော်ငွေရောင်သဲ”
ဝမ်ပေါင်လဲ့က မျက်တောင်ခတ်ကာ အတွေးနက်သွားသည်။ ၎င်းမှာ အရည်အသွေးမြင့် ဓမ္မလက်နက်များ သန့်စင်ရာတွင် လိုအပ်သည့် ပစ္စည်းတစ်မျိုး ဖြစ်ကြောင်း သူသိထားသည်။ ဝမ်ပေါင်လဲ့က လျှိုတောက်ပင်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး လာဘ်ပေးလာဘ်ယူ ပုံစံ လက်ခံထားခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က ဤအမှုကို ကိုယ်တိုင် သုံးသပ်ပြီးမှ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး လျှိုတောက်ပင်းက ဘက်လိုက်သည်ဆိုလျှင်တောင် အချက်အလက်များကို ပြောင်းလဲသည်အထိ လုပ်ရဲမည် မဟုတ်ပေ။
ထို့မျှသာမကသေး စွန်းမိသားစုမှာလည်း လူမှုဆက်ဆံရေးတွင် အတော်လေး ပါးနပ်ကျွမ်းကျင်လှသည်။ သူတို့က ဝမ်ပေါင်လဲ့ကို သီးသန့်ပေးခြင်း မဟုတ်ဘဲ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဌာနကို လက်ဆောင်ပေးခြင်း ဖြစ်သည်။ ထို့ပြင် သူက ဤအမှုကို ဘက်လိုက်ခြင်းမရှိ ဆုံးဖြတ်ပေးပြီး ဖြစ်သောကြောင့် လာဘ်စားခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ငွေညှစ်ခြင်းဟု ပြော၍ မရပေ။ ထို့ကြောင့် သူက ဝိညာဥ်ရေကို ကောက်ကိုင်ကာ စကားမပြန်မီ စကားလုံးများ ရွေးချယ် စဥ်းစားနေလိုက်သည်။
“ တောက်ပင်း၊ ငါ့ဘဝမှာ နောင်တအရဆုံး ကိစ္စတစ်ခုက ဘာလဲသိလား။ ကျောင်းသားခေါင်းဆောင် လုပ်မိတာကိုပဲ ”
“ ငါက လုံးဝ ကျောင်းသားခေါင်းဆောင် ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ အဲဒီလိုဆို ပြဿနာတွေလည်း မကြုံရတော့ဘူး။ စာကြည့်ချိန်လည်း အများကြီး ရမယ်။ ဒီလက်ဆောင်ကိစ္စကို မင်းနဲ့ စည်းကမ်း ထိန်းသိမ်းရေးဌာနကိုပဲ လွှဲထားလိုက်မယ်။ ဒါပေမဲ့ မစဉ်းစား မဆင်ခြင်ဘဲ ဘာကိုမှ မလုပ်ပါနဲ့။ အရာရာကို မှန်မှန်ကန်ကန် မျှမျှတတပဲ လုပ်ရမယ် ”
ဝမ်ပေါင်လဲ့က သက်ပြင်းတစ်ချက်ချကာ လျှိုတောက်ပင်းကို အကြည့်တစ်ချက် ဝေ့ကာ ပြောလိုက်သည်။ ထိုစကားများမှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်ရေးအတ္တုပ္ပတ္တိများထဲမှ သင်ယူထားသည်များ ဖြစ်သည်။
လျှိုတောက်ပင်းက သူ၏ သစ္စာရှိမှုကို ချက်ချင်းပင် ဟုတ်မှန်ကြောင်း ထောက်ခံလိုက်သည်။ ဝမ်ပေါင်လဲ့၏ သင်ကြားမှုများကို ကောင်းစွာ မှတ်သားထားမည်ဖြစ်ကြောင်း သိသာအောင် ဖော်ပြလိုက်သေးသည်။
ဝမ်ပေါင်လဲ့က ပြုံးကာ အလ္လာပသလ္လာပ ဆက်ပြောနေသည်။ နောက်ဆုံးတွင် သမ်းဝေပြလိုက်ရာ လျှိုတောက်ပင်းက ချက်ချင်း သဘောပေါက်သွားလေသည်။ သူက အရိုအသေပေးကာ ထွက်ခွာသွားသည်။
လျှိုတောက်ပင်း သွားသည်နှင့် ဝမ်ပေါင်လဲ့က ထိုင်ရာမထဘဲ သူ့လက်ထဲမှ ဝိညာဥ်ရေခဲရေကို တချိုးတည်း မော့ချလိုက်သည်။ သူ့စိတ်ထဲတွင် စွန်းချီဖန်းအမှုကို စားမြုံ့ပြန်ကာ တွေးနေဆဲ ဖြစ်သည်။ ပြဿနာမှာ ရှင်းပြီးဖြစ်သော်လည်း ဤအမှုမှတဆင့် ပြည်ထောင်စုအတွင်း၌ တာအိုကျောင်းကြီးလေးကျောင်းတို့မှာ မြင့်မားလှသော ဂုဏ်ပုဒ်တစ်ခုနှင့် ရပ်တည်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။ ကျောင်းသားခေါင်းဆောင် တစ်ယောက်၏ ကျောင်းသားများအပေါ် သက်ရောက်သည့် အာဏာကပင် မျိုးနွယ်စုတစ်စုကို ကျဥ်းထဲကျပ်ထဲ ရောက်အောင် လုပ်ပစ်နိုင်သည်။ မျိုးနွယ်စုမှာ အင်အားမကြီးသော်လည်း ယေဘုံယျအားဖြင့် သွယ်ဝိုက်ပတ်သက်မိရုံနှင့် တာအိုကျောင်းတစ်ကျောင်း၏ တမူထူးခြားလှသော ဩဇာ၊ အဆင့်အတန်းကို ဤအမှုက သက်သေပြသွားသည်။
အမှန်တွင် ဝမ်ပေါင်လဲ့သည် ဤအကြောင်းအရာများကို ယခင်က ကြားဖူးနားဝ ရှိထားပြီး တာအိုကျောင်း လေးကျောင်းမှာ သီးခြားဟု ထင်ရသော်လည်း ပြည်ထောင်စုထဲ၌ အဖွဲ့အစည်း တစ်ခုအနေဖြင့် ရှိနေကြောင်း သိထားသည်။ သူတို့သည် ကောင်းအတူ ဆိုးအတူ တစ်ခရီးတည်း သွားနေကြသူများ ဖြစ်သည်။ ဧရာမ အဖွဲ့အစည်းတစ်ခုဟု ထင်ရသည့်အပြင် ပြည်ထောင်စုအတွင်း၌ အတော်လေး ရာထူးဂုဏ်သိက္ခာကြီးမားသည်ဟု ပြောနိုင်သည်။ ယခင် ဥက္ကဋ္ဌဟောင်းဖြစ်စေ၊ လက်ရှိဥက္ကဋ္ဌ ဖြစ်စေ တာအိုကျောင်းထွက်များ ဖြစ်ကြသည်။ တာအိုကျောင်း ဘွဲ့ရများမှ ရယူထားသည့် အဆင့်မြင့်ရာထူးများပင် မရေမတွက်နိုင်အောင် များပြားလှလေသည်။
ပြည်ထောင်စု ရာထူးနေရာများထဲမှ တစ်ဝက်ကျော်မှာ တာအိုကျောင်းလေးကျောင်း အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဟု ပြောနိုင်သည်။ သို့ရာတွင် ပြည်ထောင်စုထဲ၌ ဟန်ချက်ညီအောင် ထိန်းထားသည့် နောက်တစ်ဖွဲ့လည်း ရှိသေးသည်။ ယင်းမှာ တစ်ဆယ့်ခုနစ်ယောက်အဖွဲ့ လွှတ်တော်ပင် ဖြစ်သည်။
အဓိကမြို့ပေါင်း ( ၁၇ ) မြို့၏ မြို့စား ( ၁၇ ) ယောက်တို့က လွှတ်တော်ဖွဲ့စည်းထားသည်။ သူတို့သည် ပြည်ထောင်စု အစိုးရဆိုင်ရာ အဓိက မူဝါဒများကို ဆုံးဖြတ်ပိုင်ခွင့် ရှိပြီး ပြည်ထောင်စုဥက္ကဋ္ဌကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ဤအချက်မှာလည်း လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံ၊ ဝါရင့်ပညာရှင် အရေအတွက်များပေါ် အခြေခံအားဖြင့် မူတည်နေသည်။ နှစ်ဖက်လုံး တစ်ဦးနှင့်တစ်ဦး မျှခြေဖြစ်နေသော်လည်း အပြင်ပန်းအရ စည်းလုံးနေခြင်းသာ ဖြစ်ပြီး အတွင်းထဲတွင် မတူကွဲပြားမှုများ ရှိနေသည်။ ကမ္ဘာတစ်လွှားမှ ဆွေကြီးမျိုးကြီး တော်ဝင်မိသားစုများဟု သတ်မှတ်နိုင်သည့် အခြားသော အဖွဲ့ပေါင်းများစွာ၏ တွန်းအားပေးမှုကြောင့် သူတို့မှာ စည်းလုံးနေခြင်းလည်း ဖြစ်သည်။
တော်ဝင်အုပ်စုများမှာ အာကာသ ရှေးဟောင်းဓါးကြီး၏ အပိုင်းအစများကို ပြန်လည်ရယူထားသည့်အပြင် သားရဲစစ်ပွဲများ ဖြစ်ခဲ့သည့် သမိုင်းကြောင်းများအရ သူတို့အချင်းချင်းထဲ၌ အမှီအခိုမဲ့ ကိုယ်ပိုင်စနစ်တစ်ခု ဖွဲ့စည်းထားခဲ့သည်။
ဝမ်ပေါင်လဲ့က သတင်းများကို အမြဲမပြတ် စောင့်ကြည့်ထားသောကြောင့် ထိုအဖွဲ့များမှာ လသုံးစင်းမဟာမိတ်၊ ဆည်းဆာကြယ်စင်စုဂိုဏ်း၊ ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ငါးဆက်မြောက် ကောင်းကင်ဂိုဏ်းတို့ ဖြစ်ကြောင်း သိထားသည်။
ထိုအဖွဲ့ကြီး လေးဖွဲ့မှာ အပေါ်ယံကြည့်လျှင် ပြည်ထောင်စုလက်အောက်ခံဟု ထင်ရပြီး ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသဖြစ်သည်ဟု အသိအမှတ်ပြု လက်ခံထားကြသည်။ သို့ရာတွင် အမှန်စင်စစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပြီး ခွဲထွက်ရေးဝါဒီ လက်ကိုင်ထားသည့် အစိုးရထဲတွင် ပါဝင်နေသည်။
အဖွဲ့တစ်ဖွဲ့ချင်းအနေဖြင့် ပြည်ထောင်စုကို လုံးလုံးလျားလျား မတွန်းလှန်နိုင်သော်လည်း သူတို့အဖွဲ့ အားလုံးပေါင်းလျှင် ပြည်ထောင်စုအတွက် စိုးရိမ်ကြောင့်ကျ ဖြစ်စေနိုင်သည်။
ယခု သူသည် ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်ရာ အာဏာနှင့် ပတ်သက်၍ အတွင်းကျကျ နားလည်လာသည်။ အနည်းငယ်တွေးတောပြီးနောက် အမှုကိုင်တွယ်ပုံမှာ အဆင်ပြေသည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီး လိပ်ပြာလုံစွာ ဖြေရှင်းနိုင်ခဲ့သည်ဟု ခံစားရသည်။ ထို့နောက် ဗိုက်ကို အားပါးတရ ပုတ်လိုက်ပြီး ကမ္ဗည်းစာ အဘိဓါန်ကို ကောက်ကာ ကမ္ဗည်းစာများ ဆက်လက် မှတ်သားနေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားပြန်သည်။ လျှိုတောက်ပင်း နောက်တစ်ကြိမ် ပြန်ရောက်လာသောအခါ သူနှင့်အတူ မှော်ငွေရောင်သဲကို တစ်ပါတည်းယူလာခဲ့သည်။ သဲပွင့်တစ်ပွင့်ချင်းစီက ကြည်လင်နေကာ မျက်စိစူးလောက်အောင် တောက်ပနေသည်။ အလင်းရိုက်သောအခါ ကျောက်မျက်ရတနာများအလား ထင်ရပြီး အလွန်မာကျောသည့် ပုံလည်းပေါ်သည်။ ဝမ်ပေါင်လဲ့ အမြင်အရ ၎င်းတို့မှာ ထူးကဲလှသည်ဟု ထင်မိသည်။
“ ကျောင်းသားခေါင်းဆောင်၊ ဒီမှော်ငွေရောင်သဲက ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဌာနက တရားမျှတလို့ဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ပေးထားတာ၊ ကျောင်းသားခေါင်းဆောင် ဒါတွေကို ကျွန်တော် အပ်ပါတယ်၊ သင့်တော်သလို သုံးပါ ”
ဝမ်ပေါင်လဲ့က မှော်ငွေရောင်သဲကို ကြည့်ပြီး လျှိုတောက်ပင်းကို တဖန် ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ နက်ရှိုင်းကာ အရာရာကို သိနေသော အရိပ်အယောင်များကြောင့် လျှိုတောက်ပင်းမှာ စိတ်လှုပ်ရှား ရင်တုန်လာသည်။ သူ့နဖူးမှ ချွေးများ တဒီးဒီး စီးကျလာပြီး တဒင်္ဂ ကြာပြီးနောက် ဝမ်ပေါင်လဲ့က အေးစက်စွာ ပြောလိုက်သည်။
“ ဒီတစ်ခါပဲနော်”
ဝမ်ပေါင်လဲ့၏ စကားကို ကြားပြီးနောက် လျှိုတောက်ပင်းက အမြန်ပင် ခေါင်းညိတ်လိုက်သည်။ သူ့နောက်ကျောတစ်ခုလုံး ရွှဲနစ်နေသည်ကိုပင် သတိမထားမိချေ။ ဝမ်ပေါင်လဲ့၏ အကြည့်စိမ်းကြီးက သူ့ကို ဖိအား အတော်လေး ပေးနိုင်လေသည်။ ဝမ်ပေါင်လဲ့သည် သူနှင့် စွန်းမိသားစုကြားမှ အပေးအယူများကို အမြင်စူးရှစွာဖြင့် သတိထားမိသွားကြောင်း သိလိုက်သည်။ သူသည် စွန်းမိသားစုထံမှ အကျိုးအမြတ် ရခဲ့သည်တိုင် ဤအမှုကို မျှတစွာ စစ်ဆေးခြင်းဖြစ်ပြီး စွန်းချီဖန်းအတွက် ဘက်လိုက်ပေးခြင်း မရှိခဲ့ချေ။
သူသည် ဝမ်ပေါင်လဲ့၏ နည်းစနစ်များကို တဖြည်းဖြည်းချင်း နားလည်လာပြီး ၎င်းနည်းလမ်းများမှာ သူ့ဖခင်၏ သုံးသပ်ချက်များနှင့် ကွဲလွဲနေကြောင်း သိလာသည်။ သူသည် မူလအစကပင် ပြဿနာရှာခဲ့မိသည်။ ဝမ်ပေါင်လဲ့၏ မှန်ကန်တည်ကြည်မှု ရှိပါစေဆိုသော အမှာစကား၏ အဓိပ္ပါယ်မှာ သူသည် စုံစမ်းစစ်ဆေးနေချိန်တွင် ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး လာဘ်စားခြင်းများ မလုပ်ရန် ဖြစ်သည်။
သဘောပေါက်သွားပြီးနောက် လျှိုတောက်ပင်းမှာ ပင့်သက်ကို ရှိုက်လိုက်မိသည်။ သူက လေးစား ကြည်ညိုသည့် မျက်လုံးကြီးများဖြင့် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူသည် ရှေ့လျှောက် မည်သို့ ပြုမူရမည်ကို နားလည်သွားလေပြီ။
ဝမ်ပေါင်လဲ့က မှော်ငွေရောင်သဲများ အားလုံး မယူပေ။ ထိုအစား တချို့အဝက်ကို လျှိုတောက်ပင်းမှတဆင့် စည်းကမ်းထိန်းသိမ်းရေးဌာမှ အခြားလူများအား ခွဲဝေပေးလိုက်သည်။
လျှိုတောက်ပင်းကို ပြန်လွှတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့သည် မှော်ငွေရောင်သဲများကို ပြန်မကြည့်တော့ပေ။ ယခုလတ်တလောတွင် ထိုသို့သော သန့်စင်သည့် ပစ္စည်းများမှာ သူ့အတွက် လက်တွေ့ အသုံးမကျသေးကြောင်း နားလည်ထားသည်။
“ ငါ အခုလောလောဆယ် အလိုအပ်ဆုံးကတော့ အဆင့်မြင့် မှတ်ဉာဏ်အားဖြည့်ဆေးတွေပဲ”
ဝမ်ပေါင်လဲ့က တခဏမျှ တွေးနေပြီးနောက် မြေအောက် မှောင်ခိုဈေး၌ မှော်ငွေရောင်သဲ တချို့ကို ဆေးကောင်းများနှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
မှောင်ခိုဈေးတွင် အလဲအထပ် လုပ်လျှင် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ မရှိလာစေရန် ပုံစံအစစ်ကို ဖုံးကွယ်ရန် လိုအပ်သည်။ ဝမ်ပေါင်လဲ့သည် ထိုသို့ အခြေခံအချက်များကိုမူ သိထားသောကြောင့် ရုပ်ဖျက်ကာ တာအိုကျောင်းမှ ထွက်လာခဲ့သည်။
လမ်းတွင် သူ့ကိုယ်သူ ငုံ့ကြည့်ကာ ခေါင်းကုတ်လိုက်သည်။
“ ဒီလိုဆို မဖြစ်သေးဘူး။ ငါ့ခန္ဓာကိုယ်က ဝလွန်းနေတယ်။ သူများတွေ ငါ့ကို မှတ်မိဖို့ လွယ်သွားလိမ့်မယ် ”
ဦးနှောက်ခြောက်နေသော ဝမ်ပေါင်လဲ့က အံကြိတ်ကာ အဝတ်တင်းတင်းကြပ်ကြပ်များ ဝယ်ရန် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားသည်။ ဝတ်ကြည့်ပြီးနောက် သူ့အသားများကို တင်းကျပ်စွာ စည်းနှောင်ခံထားရသည့်တိုင် သိပ်မသိသာသေးဟု ခံစားရသည်။
“ ဟား … ဝိတ်ချဖို့ အချိန်ကျပြီ….”
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်လာသည်။ သူသည် ဝိတ်ချရာတွင် ကိုယ့်ကိုယ်ကို လုံးဝ မညှာသည့် လူဖြစ်သည်ဟု ထင်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ လုံးဝ မပိန်သွားပေ။
“ မဖြစ်သေးဘူး။ ငါ မနက်ဖြန်ကစပြီး ဝိတ်ချတော့မှာ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ လုံးဝ စိတ်ပိုင်းဖြတ်လိုက်သည့်အလား လှိုက်လှိုက်လှဲလှဲ ရှိသည်။ နောက်ထပ် အဝတ်အစား ၇စုံ၊ ၈စုံခန့် ဝယ်ပြီး အကုန်လုံးကို ထပ်ဝတ်လိုက်သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို အောင်မြင်စွာ ရုပ်ဖျက်နိုင်ခဲ့ပြီး အပေါ်ဆုံးမှ ခပ်ပွပွ ဝတ်ရုံတစ်ထည် ဝတ်လိုက်သည်။
ရင်းနှီးသူတစ်ယောက်ယောက်ပင် သူ့ခန္ဓာကိုယ် ပုံစံကို တစ်ချက်ကြည့်ရုံမျှနှင့် မှတ်မိရန် မလွယ်ပေ။
သို့ရာတွင် ကျပ်လွန်းသဖြင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူရခက်နေသည်။ သို့သော် သူ့ပုံစံအစစ် မပေါ်သွားစေရန် ကြိတ်မှိတ်သည်းခံနေရသည်။ မျက်နှာဖုံးတစ်ခုကို စွပ်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး သိသာစွာ ပြောင်းလဲသွားသည်တွင် မြေအောက်မှောင်ခိုဈေးသို့ ခပ်သွက်သွက် ထွက်လာခဲ့သည်။
“ ဒီနေ့က စပြီး ငါ ထမင်းမစားတော့ဘူး။ ငါ အစားကို ချင့်ချိန်စားတော့မှာ…”
လမ်းတွင် မတော်တဆ အဝတ်ကျပ်ကျပ်များ ပေါက်ထွက်သွားမည် စိုးသဖြင့် ဝမ်ပေါင်လဲ့မှာ တောင့်တောင့်ကြီး လျှောက်လာရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝိတ်ချရန် နောက်တစ်ကြိမ် စိတ်ပိုင်းဖြတ်လိုက်ပြန်သည်။ သို့သော် ထိုစိတ်ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် မုန့်ဆိုင်ရှေ့က ဖြတ်လျှောက်မိရာ ဆိုင်ရှေ့တွင် ရပ်လိုက်မိလေသည်။
ဒါက….
ဝမ်ပေါင်လဲ့သည် ဆိုင်အပြင်ဘက်တွင် ထောင်ထားသည့် ကြော်ညာဆိုင်းဘုတ်ကို ကြည့်ကာ နှုတ်ခမ်းများ သပ်လိုက်သည်။ နောက်ဆုံးပေါ် မုန့်များကို ပြထားသည့် ပိုစတာတစ်ခု ချိတ်ဆွဲထားလျက် ရှိသည်။ သူ တခဏမျှ အခက်တွေ့သွားရသည်။
“ ငါ မနက်ဖြန်မှ အစားလျှော့စားမှာဆိုတော့ ဒီနေ့ နည်းနည်း ထပ်ဝယ်စားလဲ ဘာမှ မဖြစ်လောက်ပါဘူး”
ထိုသို့တွေးကာ ဝမ်ပေါင်လဲ့က မုန့်ထုပ်အနည်းငယ်ကို ဝယ်လိုက်သည်။ လမ်းလျှောက်ရင်း စားလာပြီး မုန့်ကုန်သွားချိန်၌ စိတ်ကျေနပ်နေသော ဝမ်ပေါင်လဲ့သည် မှောင်ခိုဈေးသို့ ဆိုက်ရောက်လာသည်။
ဆေးလုံးလဲလှယ်ခြင်း လုပ်ငန်းစဥ်မှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။ မကြာမီ ဝမ်ပေါင်လဲ့သည် လုံလောက်သည့် အဆင့်မြင့်ဆေးလုံး ပမာဏတစ်ခုကို လဲလှယ်နိုင်ခဲ့ပြီး ဈေးထဲမှ ထွက်လာခဲ့သည်။ စည်ကားနေသော ကောင်းကင်မြို့တော်ထဲတွင် လမ်းလျှောက်နေရင်း အဝတ်ကျပ်ကျပ်များကို ချွတ်ပစ်ရန် နေရာရှာနေသည်။ ထိုစဥ် သူသွားနေသည့် လမ်းအဆုံးနားမှ ရုတ်တရက် အော်သံများ ကြားလိုက်ရလေသည်။
“ အမြန်၊ ရှောင်ကြ”
“ မင်းဘကြီး၊ လေသင်္ဘောကို အဲဒီလို မောင်းလို့ ရပါ့မလား”
“ ကျနေပြီဟ”
အော်သံများ မရေမတွက်နိုင်သော လမ်းသွားလမ်းလာများဆီမှ ထွက်လာနေသည်။ ဝေဟင်ထက်မှ အော်ဟစ်သံများမှာလည်း နားကွဲလောက်အောင် စူးရှနေပြီး ဝမ်ပေါင်လဲ့မှာ ငေးကြောင်နေရာမှ သတိဝင်လာပြီး မော့ကြည့်လိုက်သည်။ လေသင်္ဘောတစ်စင်းမှာ မီးခိုးငွေ့ အလုံးလိုက်ထွက်ကာ ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အလား မြေပြင်ပေါ်သို့ စိုက်ဆင်းလာနေသည်။
လေသင်္ဘောမှာ အရှိန်ပြင်းလှသည်။ လူများက ကြောက်လန့်တကြား ရှောင်ပြေးသွားကြသော်လည်း အချိန်မီ လွတ်ရာမပြေးနိုင်သူ တချို့ရှိနေသေးသည်။ ထိုလူများထဲတွင် ကျောပိုးအိတ်လေး တစ်လုံးလွယ်ထားသော ( ၇ ) နှစ်၊ ( ၈ ) နှစ်အရွယ် ကလေးမလေး တစ်ယောက်လည်း ပါသည်။ ကလေးမလေးသည် ကြောက်စိတ်ကြောင့် မလှုပ်နိုင်ဖြစ်ကာ နေရာမှာပင် ရပ်နေမိသည်။ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ လေသင်္ဘောက သူ့အပေါ်တည့်တည့် ကျလာသည်။
လေသင်္ဘောနှင့် တိုက်ရိုက်ထိမိခြင်း မဟုတ်သည့်တိုင် သူ့ကိုယ်မှာ ဆောင့်ချလိုက်သည့်အလား ကျိုးကြေပွန်းပဲ့ကုန်သည်။ တဒင်္ဂအတွင်း လွင့်စင်သွားပြီး သွေးများ ချင်းချင်းနီသွားသည်။ မြေပေါ်ပြန်ကျချိန်တွင် ကလေးမှာ အသက်ကို မျှင်းမျှင်းသာ ရှူနိုင်တော့သည်။
သွေးများ လွှမ်းနေသော မျက်နှာလေးက မြင်ရသူတိုင်း၏ နှလုံးသားကို ဆွဲမွှေ့နေသည့်အလား ခံစားရစေသည်။ မြင်ကွင်းကို တွေ့လိုက်ရသူ လူအုပ်ကြီးက ဒေါသတကြီး အော်ဟစ် သောင်းကျန်းကုန်သည်။ ဝမ်ပေါင်လဲ့က ရှေ့သို့ အမြန်ပြေးကြည့်ရာ မြင်လိုက်ရသည့် အခြင်းအရာက သူ့အမူအရာကို ပြောင်းလဲသွားစေသည်။ ပျက်ကျလာသော လေသင်္ဘောထဲမှ ထွက်လာသည့် လူများကို သတိထားမိသောအခါ သူ့မျက်လုံးတွင် ဒေါသအခိုးအငွေ့များ ဆူဝေလာသည်။