Switch Mode

စာစဉ် (၁၈) အပိုင်း (၂၄၁)

ကျုံးမင်

ဇူယွမ်နှင့် ကျူးယွဲ့တို့ နှစ်ယောက် မူလကျင့်စဉ်ပေါ် အခြေခံပြီး မည်သူက စစ်မှန်သော သင်ကြားပိုချသူ ဖြစ်သင့်ကြောင်း ယှဉ်ပြိုင်မည့် သတင်းက အပြင်ဘက်တောင် တစ်ခွင်လုံး လျင်မြန်စွာ ပျံ့နှံ့သွားသည်။

သည်ကိစ္စက အမှန်ပင် အုတ်အောသောင်းနင်း ဖြစ်စေခဲ့သည်။

အကင်းပါးသော သူများအားလုံးက ထိုအရာသည် ကျူးယွဲ့၏ တိုက်ခိုက်မှုမှန်း သိကြပေသည်။

လူတိုင်းက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန်ကျင့်စဉ်တွင် ဇူယွမ် အလွန်အမင်း ပါရမီ ပါသည်ကို သိကြသော်လည်း ယနေ့ အချိန်ထိ ထိုကျင့်စဉ်ကို သူလေ့ကျင့် နေသည်မှာ တစ်လပင် မပြည့်သေးပေ။

အခြား တစ်ဖက်တွင် ကျူးယွဲ့ကတော့ ထိုကျင့်စဉ်ပေါ်တွင် နှစ်နှစ်မျှ အချိန်ပေးခဲ့ပြီး ဖြစ်သည်။

မည်သို့ပင် ကြည့်ကြည့် ကျင့်စဉ် ယှဉ်ပြိုင်မှုတွင် ဇူယွမ်ဘက်က အခြေအနေ ဆိုးရွားပေသည်။

“တကယ်ကို အရှက် မရှိတာပဲ။ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို မြင့်မားတဲ့ အဆင့်ရောက် နေရုံနဲ့ သူက အကောင်းဆုံး သင်ကြားပို့ချသူ ဖြစ်ရောတဲ့လား”

“ဟုတ်တယ်။ ဇူယွမ်က တစ်လ အတွင်းမှာပဲ ပထမအဆင့် ရောက်အောင် လေ့ကျင့်နိုင်တယ်။ ကျူးယွဲ့က သည်လိုမျိုး လုပ်နိုင်လို့လား”

“ကျူးယွဲ့က တကယ်ကို ပြဿနာ ရှာနေတာပဲ”

“…”

တီးတိုး ပြောသံများက အပြင်ဘက် တောင်များတွင် ပျံ့နှံ့လျက် ရှိသည်။ တပည့်များက ဇူယွမ်၏ ညွှန်ကြား ပြသမှုကိုသာ ရရှိလိုသည့် အတွက် လူတိုင်းက ဇူယွမ်ဘက်မှသာ ပြောဆို နေကြပေသည်။ တကယ့်ကိုပင် ဇူယွမ်နှင့် လေ့ကျင့်ခြင်းက တန်ကြေးနည်းရုံ သာမက ပိုပြီး အကျိုး သက်ရောက်မှု ရှိသည်မလား။

ဇူယွမ်၏ မှန်ကန်သော သင်ကြားမှုကို ရရှိပြီး နောက်တွင် သူတို့က ကျူးယွဲ့ထံသို့ ပြန်မသွားလိုကြပေ။

ထိုသို့ ဖြစ်လာပါက အချိန်နှင့် မူလကျောက်စိမ်း ပိုကုန်မည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော်လည်း သူတို့၏ နည်းပါးသော အတိုက်အခံ ပြုသည့် လူပမာဏလေးနှင့် အတိုက်အခံပြု၍ ဘာမှ မဖြစ်နိုင်ပေ။ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်သည့် သူများမှာ အပြင်ဘက် တောင်တွင် လူနည်းစုမျှသာ ဖြစ်သည် မဟုတ်ပါလား။

ထိုကိစ္စကို စိတ်ဝင်တစား စောင့်ကြည့် နေကြသည့် တပည့်များထဲတွင် ထူးထူးခြားခြား ရှန်ဇူတိုက်ကြီးမှ သူများပင် ပါဝင် နေပေသည်။ ဇူယွမ်၏ အနေအထား တဖြည်းဖြည်း ကြီးထွား လာသည်က သူတို့ကို မပျော်မရွှင် ဖြစ်စေသည်။ ထိုကြောင့် ရှန်ဇူတိုက်ကြီးမှ တပည့်များသည် ကျူးယွဲ့က ဇူယွမ်အား အနိုင်ယူမည်ကို ပိုမိုပျော်ရွှင်စွာ စောင့်ကြည့် နေကြပေသည်။

ထပ်ပြီးတော့ သည်ကိစ္စကို ဆုံးဖြတ်ခဲ့သူမှာ အပြင်ဘက် တောင်၏ စီမံခန့်ခွဲရေးမှူး ချန်းယွင် ဖြစ်သဖြင့် မည်သူမှ ကန့်ကွက်နိုင်ခြင်း မရှိတော့ပေ။

***

တောင်ပေါ်ရှိ စမ်းချောင်းတွင်

မူလကျင့်စဉ် ယှဉ်ပြိုင်ရမည့် သတင်းသည် ဇူယွမ်၏ နားအတွင်းသို့ ရောက်လာခဲ့သည်။

ဇူယွမ်က ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်ကာနေပြီး သူ၏ အမူအရာ  မှာလည်း အလွန် ပြောင်းလဲခြင်း မရှိပေ။ သို့သော်လည်း သူ့အနားရှိ တစ်ရာထက် ပိုသော တပည့်များမှာ ဆူညံစွာ ပေါက်ကွဲ နေကြသည်။

“ကျူးယွဲ့က အရမ်းကို များသွားပြီ”

“ငါတို့ဘာသာ ငါတို့ ဘယ်နေရာမှာ လေ့ကျင့်ကျင့် သူနဲ့ ဘာဆိုင်လို့လဲ”

“သူ့နေရာက ဈေးကြီးတဲ့ အပြင် ထိရောက်မှုလည်း မရှိ။ ဘယ်သူက အဲဒီကို သွားချင်မှာလဲ”

“…”

ဂူဟွမ်ဂျီလည်း မျက်မှောင်ကြုတ်၍ နေသည်။ သူမက ဇူယွမ်အနားသို့ ရောက်လာပြီး ပြောသည်။

“ကျူးယွဲ့ရဲ့ အနိုင်ကျင့်တာက သည်းမခံနိုင်စရာပဲ နင့်ရဲ့ ထင်မြင်ချက်ကို မမေးရုံမကဘူး နင့်ကိုတောင် သတိမပေးပဲ ယှဉ်ပြိုင်ဖို့ သူဆုံးဖြတ်နိုင်ခဲ့တယ် ဆိုတာ ငါမယုံကြည် နိုင်သေးဘူး”

သည်သတင်းအချက်များ ဇူယွမ် ကြားရချိန်တွင် ထိုသတင်းက ပျံ့နှံ့နေပြီ ဖြစ်သည်။ သည်ပုံစံက ကျူးယွဲ့က ဇူယွမ်၏ ထင်မြင်ချက်ကို အမှန်ပင် ဂရုမစိုက်ကြောင်း သိသာပေသည်။

ဇူယွမ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး “ငါက တစ်ယောက်ယောက်ရဲ့ အမြင်မှာ တကယ်ပဲ မျက်စိ စပါးမွေး စူးစရာ ဖြစ်နေတာကို”

ကျူးယွဲ့ အနေဖြင့် သူ၏အတွင်းတောင် တပည့် အဆင့်အတန်းမျှဖြင့် သည်ယှဉ်ပြိုင်မှုကို မဆုံးဖြတ်နိုင်မှန်း သိပေသည်။ အရာ အားလုံးက အပြင်ဘက် တောင်၏ စီမံခန့်ခွဲရေးမှူး ချန်းယွင်၏ ခွင့်ပြုချက် ရရန် အရင်ဆုံး လိုအပ်ပေသည်။

“နင်ဘာစီစဉ် ထားတာရှိလဲ” ဂူဟွမ်ဂျီ၏ တောက်ပသော မျက်လုံးလေးတွင် စိုးရိမ်မှု အချို့ ရှိနေသည်။ ဇူယွမ်မှာ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ ပထမအဆင့်ကို ကျွမ်းကျင် နေသော်လည်းပဲ ကျူးယွဲ့က ထိုအဆင့်ကို လွန်ခဲ့သော တစ်နှစ်က ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

မူလကျင့်စဉ် ယှဉ်ပြိုင်မှုက အမှန်တကယ် တိုက်ခိုက်ခြင်းမျိုး မဟုတ်သော်လည်းပဲ ကံကြမ္မာက ဇူယွမ်၏ ဘက်တွင် ရှိမနေပေ။

“ငါ့ရဲ့ ပြိုင်ဘက်က စိန်ခေါ်လာမှတော့ ငါက လက်ခံ ပေးရုံပေါ့ ” ဇူယွမ်က ပြုံးကာ ပြောလိုက်သည်။

အစောကတည်းက သည်ကိစ္စတွင် ကျူးယွဲ့က သည်အတိုင်း နေမည် မဟုတ်သည်ကို သူသိသည်။ သူ၏ ဝင်ငွေများကို ဇူယွမ်က ဖြတ်ယူသွားသည် မဟုတ်ပါလော။ ဇူယွမ်အနေဖြင့် မူလကျောက်စိမ်းကို ဆက်လက် ရှာဖွေလိုလျှင် ကျူးယွဲ့ကဲ့သို့ ရန်သူကို ဖယ်ရှားရန် ကြိုတင်စီစဉ် ထားသင့်ကြောင်း နားလည်ပေသည်။

ယခု အခြားတစ်ဖက်က သူနှင့် ကစားရန် စိန်ခေါ်လာမှတော့ သည်အရာက အရင်လူကို ဖယ်ရှားရန် ဇူယွမ်အတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

နှစ်ယောက်လုံးက နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြားခြင်းမှ ရရှိသည့် မူလကျောက်စိမ်း ဝင်ငွေကို မျက်စိ ကျနေမှတော့ သူတို့ နှစ်ယောက်တည်းက တစ်ယောက်ကတော့ ဖယ်ရှားခြင်း ခံရပေမည်။

သူအခြားသော မူလ ကျင့်စဉ်များကိုပင် သင်ကြားပေးရန် စဉ်းစား ဖူးသော်လည်း သူသာထိုသို့ လုပ်ပါက လူများကို ပို၍ အပြစ်ပြုမိ ပေလိမ့်မည်။ အပြင်ဘက်တောင် တပည့်ဟူသော သူ၏ အဆင့်အတန်းဖြင့် အရမ်း လောဘကြီး၍ မရသေးပေ။

ဇူယွမ်၏ မျက်နှာတွင် အကြောက်တရား မရှိသည်ကို မြင်သောအခါ ဂူဟွမ်ဂျီက တော်တော်လေး လေးစား မိသော်လည်း သူမ၏ မျက်ဝန်းတွင် စိုးရိမ်မှုများ ရှိနေပေသေးသည်။ သူက အတွင်းတောင် တပည့်ဖြစ်သော ကျူးယွဲ့နှင့် ယှဉ်ပြိုင်ရမည်ကို အလွန် စိုးရိမ်မိပေသည်။

“ကျူးယွဲ့က သူ သွေးကြော (၄၁)ခု ဖွင့်ပြီးပြီးလို့ ပြောတာ ငါကြားဖူးတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ စွမ်းအား အဆင့်အမှန်ကို ဖုံးကွယ်ထားချင် ထားနေမှာ” ဂူဟွမ်ဂျီက သူသိသော အချက်အလက်များကို ဇူယွမ်အား ပြောပြလိုက်သည်။

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး “သူ့လို မရိုးသားတဲ့ လူကတော့ သူ့ရဲ့ အစွမ်းကုန်ကို လွယ်လွယ်ကူကူနဲ့ ထုတ်ပြမှာ မဟုတ်ဘူး”

သွေးကြော (၄၁)ခုကို ဖွင့်ထား နိုင်ရုံနှင့်တော့ ပထမအဆင့်သို့ ရောက်နေသည့် သူ့ကို ရင်ဆိုင်ဖို့ ကျူးယွဲ့တွင် ယုံကြည်ချက် မရှိနိုင်မှန်း ဇူယွမ်လည်း သိပေသည်။

ယခုတော့ သူ့စွမ်းရည်ပေါ်တွင် ကျူးယွဲ့ ယုံကြည်ချက် ရှိနေမှန်း ထင်ရှားပေသည်။ သို့သော်လည်း ကျူးယွဲ့တွင် ယုံကြည်ချက် ရှိရုံမျှဖြင့် ဇူယွမ်ကို အပေါ်စီးမှ နေ၍ မကြည့်သင့်ပေ။

ဇူယွမ်က ဆူညံပွက်လော ရိုက်နေသည့် လူအုပ်ကြီးဆီသို့ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

“အားလုံး ထိတ်လန့်နေဖို့ မလိုအပ်ပါဘူး။ ကျူးယွဲ့က ယှဉ်ပြိုင်ချင် နေမှတော့ ငါက လက်ခံ ပေးရမှာပေါ့”

ဇူယွမ်၏ ယှဉ်ပြိုင်မှုကို လက်ခံသည် ဟူသော စကား ကြားရချိန်တွင် တပည့်များက အချင်းချင်း တုန်လှုပ်ချောက်ချား သွားဟန်ဖြင့် ကြည့်လိုက်သည်။ သူတို့ အားလုံး၏ မျက်လုံးများတွင် စိုးရိမ် ပူပန်နေမှုများကို မြင်တွေ့နိုင်ပြီး လူတိုင်းက အသံတိုးတိုးနှင့် စတင် စကားပြော လာကြသည်။

သူတို့အားလုံး ဇူယွမ် ရှုံးနိမ့်မည်ကို စိုးရိမ် ကြပေသည်။ မဟုတ်လျှင် သူတို့အားလုံး ရွေးချယ်စရာ မရှိဘဲ ကျူးယွဲ့ထံသို့ ပြန်သွား ကြရမည် ဖြစ်သည်။

သို့သော်လည်း ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်ခြင်းက သူတို့၏ စိတ်ထဲမှ ပူပန်မှုကို မပြောင်းလဲနိုင်ပေ။ သူတို့ နောက်ဆုံး လုပ်နိုင်သည့် အရာမှာ နောက်ငါးရက် နေလျှင် ရှိသည့် ယှဉ်ပြိုင်ပွဲကို စောင့်ရန်သာ ဖြစ်သည်။

***

လူအုပ်ကြီး တစ်ခုလုံးကို လေ့ကျင့် ပေးခြင်းက ပြီးဆုံးသွားခဲ့ပြီ သို့သော်လည်း အချို့သော သူများက တီးတိုး ပြောဆိုကာ ကျန်ရှိနေဆဲ ဖြစ်သည်။ လူတိုင်းက နောက်ငါးရက် နေလျှင် ကျင်းပမည့် မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲက မည်သို့ ဖြစ်နိုင်မလဲ ဆိုသည်ကို စိတ်ကူးနှင့် ပုံဖော် နေကြသည်။

ဇူယွမ်က အားလုံးကို လျစ်လျူရူကာ သူ၏ အိမ်ငယ်လေး အတွင်းသို့ ပြန်ရန် ဦးတည်လိုက်သည်။

အိမ်ငယ်လေး ရှေ့တွင် …

မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက နေ့တိုင်း လာရောက်ကာ ယောင်ယောင်နှင့် အတူ ပျောက်စိမ်းပြားပေါ်တွင် မူလ မှော်စာလုံးများကို စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်လေ့ ရှိသည်။

ဇူယွမ်က ယောင်ယောင်၏ နောက်တွင် ရပ်လျက်ရှိပြီး သူ့အကြည့်က ကျောက်စိမ်းပြား‌ပေါ်သို့ ရောက်နေသည်။ သူ သည်ယှဉ်ပြိုင်ပွဲကို ကြည့်တိုင်းတွင် တစ်စုံတစ်ခုကို အစပျိုး နေဟန်ဖြင့် သူ၏ စိတ်ဝိညာဉ်မှာ ရောင်ကိုင်းကာ နာကျင်လာသည်။

ဇူယွမ်က သူ၏ စိတ်ဝိညာဉ် ထိုသို့ ဖြစ်နေရခြင်းမှာ စိတ်ဝိညာဉ် ဒြပ်ထည် အဆင့်သို့ တက်လှမ်းခါနီးသော လက္ခဏာမှန်း သိပေသည်။

လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက ထိုနှစ်ယောက်ကြားက မူလမှော်စာလုံး ကစားပွဲကို ကြည့်နေ ရခြင်းမှာ သူ့အတွက် လွန်စွာ အကျိုး ရှိခဲ့ပေသည်။

နောက်ထပ် တစ်ပွဲ အဆုံးသတ်သို့ ရောက်လာသည့် အချိန်အထိ သူတို့ နှစ်ယောက်ကြားက အနိုင်ရရှိသူမှာ မကွဲပြားသေးပေ။

အကြီးအကဲက ယောင်ယောင်ကို ကျေနပ် အားရသည့် မျက်လုံးအစုံဖြင့် ကြည့်လိုက်ပြီး ဝမ်းနည်း ပူဆွေးဟန်ဖြင့် မှတ်ချက် ချလိုက်သည်။

“မင်းကို ဘယ်သူ သင်ပေးလိုက်လဲ ငါတကယ် သိချင်မိတယ်။ မင်းရဲ့ အသက်အရွယ်နဲ့ မူလမှော်စာလုံး ကျွမ်းကျင်မှုမှာ သည်လောက် အဆင့်မြင့်နေတာ ငါတကယ် မယုံနိုင်သေးဘူး”

“မင်းရဲ့ စိတ်ဝိညာဉ် ကျင့်ကြံမှုသာ မြင့်မား လာခဲ့ရင် မူလမှော်စာလုံး နယ်ပယ်မှာ မင်းရဲ့ အောင်မြင်မှုက စိတ်ကူး ကြည့်လို့ကို ရမှာ မဟုတ်ဘူး”

သူ့၏ ချီးမွမ်းမှုကြောင့် ယောင်ယောင်၏ ခြောက်ပစ်ကင်း သဲလဲစင်သော မျက်နှာလေးမှာ မည်သို့မှ ပြောင်းလဲ မသွားချေ။ ပျင်းရိနေသော သူမ၏ ပုံစံက မည်သည်မှကို စိတ်ဝင်စားဟန် မပြပေ။

ယောင်ယောင်က ရုတ်တရက် မေးလိုက်သည်။

“ဆရာကြီးက အပြင်ဘက်တောင် အကြီးအကဲ နှစ်ယောက်ထဲက တစ်ယောက်မလား”

အကြီးအကဲက ခဏမျ ှကြောင်အသွားပြီး အံ့အားသင့်စွာဖြင့် ပြန်ဖြေခဲ့သည်။

“မင်းဘယ်လို သိတာလဲ”

ယောင်ယောင်၏ နီဆွေးသော နှုတ်ခမ်းလေးက လှုပ်ရှားသွားပြီး “အကြီးအကဲ နှစ်ယောက်က အပြင်ဘက် တောင်မှာ သြဇာအာဏာ အရှိဆုံး ဆိုပေမဲ့ သူတို့က သာမန် ကိစ္စလေးတွေနဲ့ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်တဲ့ အတွက် အရာအားလုံးကို ချန်းယွင်နဲ့ လွှဲအပ်ထားတယ်”

“သင့်ရဲ့ မူလမှော်စာလုံး စွမ်းရည်က ကျွန်မလောက်နီးနီ ကောင်းမွန်ပေမဲ့ အပြင်ဘက်တောင်က အကြီးအကဲ တစ်ယောက်ဖြစ်ဖို့က ရှင့်အတွက် သိပ်မသင့်လျော် သလိုပဲ”

အကြီးအကဲက ရယ်မောလိုက်ပြီး “ကလေးမလေး၊ မင်းကိုယ်မင်း သွယ်ဝိုက်ပြီး ချီးမွမ်း နေတာလား”

ထိုနောက် သူက ခေါင်းညိတ်လိုက်ပြီး “ငါ့နာမည်က ကျုံးမင် ပြီးတော့ ငါက အပြင်ဘက်တောင်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ”

ဇူယွမ်မှာ အံ့အားသင့်စွာ ကြည့်လိုက်သည်။ သည်လူအိုကြီးတွင် ထိုသို့ မြင့်မားသော အဆင့်အတန်း ရှိမည်မှန်း သူလုံးဝကို မျှော်လင့် မထားပေ။ အပြင်ဘက် တောင်၏ အကြီးအကဲ တစ်ယောက်သည် အပြင်ဘက် တောင်တွင် အမြင့်ဆုံးသော အာဏာရှိသ ူတစ်ယောက်ဖြစ်သည်။ ချန်းယွင်ပင်လျှင် သူနှင့် ယှဉ်ပြီး စကားပြောဝံ့မည် မဟုတ်ပေ။

ယောင်ယောင်က သူမ၏ လက်ကို မေးစေ့ပေါ်သို့ တင်လိုက်ပြီး “သက်က အပြင်ဘက်တောင်က အကြီးအက ဲတစ်ယောက်ဆိုရင် ချန်းယွင်က ဇူယွမ်အပေါ်မှာ ထပ်ခါထပ်ခါ ပစ်မှတ်ထား တိုက်ခိုက် နေတာကို သင်တို့ နှစ်ယောက်လုံးက ဘာစုံစမ်း မေးမြန်းမှုမှ မလုပ်ဘူးလား”

မီးခိုရောင် ဝတ်စုံနှင့် အကြီးအကဲက ရွှတ်နောက်နောက်နှင့် ပြန်ပြောသည်။

“ဘာကြောင့်လဲ။ မင်းက တံခါးစောင့်လေးကို တိုင်ကြား ချင်တာလား”

ယောင်ယောင်က အမှုမထားဟန်ဖြင့် ပြောသည်။

“ချန်းယွင်ရဲ့ မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲက စည်းမျဉ်းတွေနဲ့မှ မညီညွတ်ပဲ”

မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲ ကျုံးမင်က ရယ်မောလိုက်ပြီး “သည်ကောင်လေးက တကယ်ကို လောဘ ကြီးလွန်းတယ်။ ကျူးယွဲ့ရဲ့ လာဘ်ငွေတွေကို စားထားပြန်ပြီနဲ့ တူတယ်”

ထိုနောက် သူက ရယ်မောကာ ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး “ဒါပေမဲ့ သူမက ပြောလာမှာတော့ မင်းမယှဉ်ပြိုင် ချင်ရင် ဒီပြိုင်ပွဲကို ဖျက်သိမ်းခိုင်း လိုက်ပါမယ်”

ထိုစကားကို ကြားတော့ ဇူယွမ်က ပြုံးရုံမျှသာ ပြုံးလိုက်ပြီး။ အလျင်အမြန် ခေါင်းယမ်းကာ “ဒါကို ဖျက်သိမ်းပေးဖို့ မလိုပါဘူး။ ကျွန်တော်က ပြိုင်ပွဲမှာ မျှမျှတတပဲ ဖြစ်စေချင်တာပါ”

ချန်းယွင်က ဇူယွမ်ကို အတော်လေး မကျေမနပ် ဖြစ်နေပေသည်။ ထို့ကြောင့် သူက ပြိုင်ပွဲတွင် မမျှော်လင့်သော ပြဿနာများ ဖြစ်မလာအောင် တားဆီးရပေမည်။

ကျုံးမင်၏ မျက်လုံး အစုံတွင် အံ့အားသင့်ခြင်းများ ယှက်သန်းသွားသည်။ ဇူယွမ်သည်လိုမျိုး အကြောက်အလန့် ကင်းလိမ့်မည်ဟု သူမမျှော်လင့် ထားပေ။ သူက ချက်ချင်းပင် စိတ်ဝင်စားဟန်ဖြင့် မေးမြန်းလိုက်သည်။

“မင်းတကယ်ပဲ ကျူးယွဲ့နဲ့ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ ယှဉ်ပြိုင် ရဲလို့လား”

“မူလချီမှာသာ ကျွန်တော့်လက်ရှိ အခြေအနေနဲ့ သူ့ကို မယှဉ်နိုင်ရင် နေမယ်။ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာတော့ သူကျွန်တော့်ကို လွယ်လွယ်နဲ့တော့ အနိုင်ရမှာ မဟုတ်ဘူး”

“မူလကျင့်စဉ် သင်ကြား ပေးတာက တကယ်ကို ဝင်ငွေကောင်းတဲ့ အလုပ်ပဲ ဒီအလုပ်ကို ရရှိပြီး ကတည်းက ပြန်ပေးဖို့ ခက်တယ်”

“ကျူးယွဲ့က ကျွန်တော်ကို ကန်ထုတ်ချင် နေမှတော့ သူ့ကို မျှော်လင့်ချက်လေး တစ်ခုလောက်တော့ ပေးပြီး ကျေနပ်စေ လိုက်ဦးမယ်”

ကျုံးမင်က ဇူယွမ်ကို လှမ်းကြည့်ကာ ပြုံးလိုက်ပြီး “မင်းက ငယ်ရွယ်ပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်တွေ ကတော့ မသေးငယ်ဘူး”

အဆုံးမှာတော့ သူက ခေါင်းညိတ်လိုက်ပြီး “မင်းရဲ့ ယုံကြည်ချက်တွေက ဘယ်က ရလာမှန်း မသိပေမဲ့ မင်းစိတ်ပူ မနေနဲ့တော့။ ဒီပြိုင်ပွဲကို ငါကိုယ်တိုင် လာစောင့်ကြည့်မှာ မလို့ မူလကျင့်စဉ် ယှဉ်ပြိုင်မှုမှာ ဘယ်သူမှ ဘာမှ မလုပ်စေရဘူး”

ကျုံးမင်က မတ်တတ် ထရပ်လိုက်ပြီး ယောင်ယောင်နှင့် ဇူယွမ်ကို ပြုံး၍ကြည့်ကာ “ဘာလိုမှန်းတော့ မသိပေမဲ့ ကန်ရွှမ်းကလန်ကြီးက မင်းတို့ နှစ်ယောက်ကြောင့် ပိုပြီး အသက်ဝင် လာလိမ့်မယ်လို့ ငါခံစားမိ နေတယ် …”

သူက လက်ဝှေ့ယမ်း လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ထွက်သွားသည်။

သူထွက်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် ယောင်ယောင်က ဇူယွမ်ဘက်သို့ လှည့်ကာ ကြည့်လိုက်ပြီး “နင့်ရဲ့ ဆုံးဖြတ်မှုအတွက် နင့်မှာ ယုံကြည်ချက် ရှိတယ်မလား။ ကျူးယွဲ့ကလည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေလိမ့်မယ်”

ဇူယွမ်က ပြုံးဖြဲဖြဲနှင့် “စိတ်အေးအေး ထားပါ။ ကျွန်တော်က နောက်နေ့မှာ နဂါးကိုးကောင် နိယာမကျင့်စဉ်ကို ငှားရမ်းပြီး လေ့ကျင့်ဖို့ အစက စီစဉ်ထားပေမဲ့ အခုတော့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကိုပဲ အားစိုက်ပြီး လေ့ကျင့်ရမယ်နဲ့ တူတယ် …”

သူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ချက် ဖြတ်သန်းသွားပြီး။

“အဲဒီအချိန် ရောက်တဲ့အခါကျ ကျူးယွဲ့ကို အံ့အားသင့်စေမယ့် လက်ဆောင်တစ်ခု ပေးရမှာပေါ့”

Comment

Leave a Reply

Options

not work with dark mode
Reset