Switch Mode

အခန်း ( ၃၆ )

ပါရမီရှင် လျှိုတောက်ပင်း

“ ကျွန်တော်တို့ ဇာမဏီမြို့တော်က သေးသေးလေးပေမဲ့ ဒေသထွက် ပစ္စည်းတွေ အတော်လေးပေါတဲ့ နေရာတစ်ခုလေ။ ကျောင်းသားခေါင်းဆောင်၊ ကျွန်တော် အရင်တုန်းက မရင်းနှီးခဲ့ပေမဲ့ ဒီတစ်ခေါက် ကျောင်းပိတ်ရက်မှာ ကျွန်တော့်ကို ပြုစုဖို့ အခွင့်အရေး ပေးရမယ်နော် ”
လျှိုတောက်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။ အမှန်တွင် သူသည် အရာရှိလမ်းကြောင်းကို လျှောက်ရန် လုံးဝ စိတ်မကူးခဲ့ပေ။ သို့‌သော် ဝမ်ပေါင်လဲ့က သူ့ကို တာအိုကျောင်းတွင် တာဝန်တစ်ခု ပေးလိုက်ပြီးနောက် စစ်ဆေးရေးအရာရှိတစ်ယောက် အဖြစ် ထမ်းဆောင်ရခြင်းမှာ သူနှင့် ပိုလိုက်ဖက်ကြောင်း သတိထားမိသွားသည်။

အထူးသဖြင့် ငယ်ငယ်တည်းက ဖခင်ဆီမှ အမြင်ဖြင့် သင်ယူခဲ့ရခြင်းက ယခု စစ်ဆေးရေး အရာရှိ ဖြစ်လာချိန်တွင် လွန်စွာ အသုံးကျသည်ကို သဘောပေါက် နားလည်လာသောကြောင့် ဖြစ်သည်။

ဝမ်‌ပေါင်လဲ့မှာ လျှိုတောက်ပင်း ပြောစကားကို အလွန် ကျေနပ်ပီတိဖြာနေသည်။ သူက အသာအယာပြုံးကာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်အကြောင်းများ မေးမြန်းပြီးနောက် ရေနွေးကြမ်းခွက်ကို မြှောက်လိုက်သည်။

ထိုသို့ ခွက်ကို မြှောက်သည့် လှုပ်ရှားမှုမှာ အဆင့်မြင့် အရာရှိများ၏ ကိုယ်ရေး အတ္တုပ္ပတ္တိများမှ သင်ယူခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ထိုစာအုပ်များထဲတွင် အဆင့်မြင့် အရာရှိ အတော်များများသည် ရေနွေးကြမ်းကို နှစ်ခြိုက်စွာ သုံးဆောင်ကြသည်ကို ဝမ်ပေါင်လဲ့ ရှာဖွေတွေ့ရှိထားသည်။ မကြာမကြာ သူတို့သည် ခွက်ကို မြှောက်ကာ ပြန်မချမီ အချိန်လေးတွင် အတွေးများ နက်နဲကာ ဉာဏ်ပညာများ တိုးတက်ရရှိလာသည်ဟု ထင်ရသည်။

ဝမ်ပေါင်လဲ့မှာ အပြည့်အဝ နားမလည်သော်လည်း ထိုအပြုအမူမျိုးမှာ သူ၏ အရေးပါမှုကို ထုတ်ပြသည်နိုင်ဟု ခံစားရသဖြင့် ထိုပုံစံမျိုးကို လိုက်လံတုပတော့သည်။

လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့ ရေနွေးကြမ်းခွက် မြှောက်လိုက်သည်ကို ကြည့်ကာ အံ့ဩသွားလေသည်။ သူ့ဖခင် လက်အောက်ငယ်သားများနှင့် ရှိချိန် အပြုအမူများကို ပြန်သတိရမိသည်။ ဝမ်ပေါင်လဲ့မှာ သူနှင့် စကားစမြည်ပြောခြင်းကို ဖြတ်ချင်နေကြောင်း ချက်ချင်းပင် နားလည်လိုက်သည်။ ဝမ်ပေါင်လဲ့က သူလာရသည့် အကြောင်းအရင်းကို ရှင်းပြရန် စောင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ယူလိုက်သည်။ သူက ဝိညာဥ်ကျောက်တုံးများ၊ ဆေးလုံးများကို စားပွဲပေါ်တင်ကာ ဓမ္မလက်နက်မဟုတ်သည့် ဓါးမြှောင်တချို့ကို ဘေးကပ်ထားလိုက်သည်။

“ ကျောင်းသားခေါင်းဆောင်၊ ကျွန်တော် စစ်ဆေးရေး အရာရှိ ဖြစ်လာပြီးတော့ ကျောင်းသားတွေ အများကြီးက လက်ဆောင်လာပေးကြတာ။ တချို့လက်ဆောင်တွေက အရမ်း တန်ဖိုးကြီးနေတော့ ကျွန်တော် လက်ခံရမလား၊ လက်မခံရဘူးလား ဘာလုပ်ရမှန်း မသိဖြစ်နေတာ။ လက်ခံလိုက်ပြန်ရင်လည်း စိတ်လေးနေရမယ်။ လက်မခံတော့လည်း သူတို့က သဘောရိုးနဲ့ ပေးတာကို အားနာနေရမယ် ”
လျှိုတောက်ပင်းက ဝမ်‌ပေါင်လဲ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။ သူ့မျက်လုံးများမှာ ရိုးသားပွင့်လင်းသည့် ပုံစံ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် အံ့ဩသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်မှ သတင်းပေးသဖြင့် လျှိုတောက်ပင်း လက်ဆောင် ပစ္စည်းများ လက်ခံသည့် အကြောင်းကို မကြာသေးမီက ကြားသိပြီး ဖြစ်သည်။ သို့တိုင် ဝမ်ပေါင်လဲ့က စိတ်ထဲတွင်သာ တေးမှတ်ထားပြီး မေးမြန်းစစ်ဆေးခြင်း မလုပ်ခဲ့ပေ။ ယခု ထိုပစ္စည်းများကို တွေ့ရသောအခါ လျှိုတောက်ပင်းအပေါ် ဝမ်ပေါင်လဲ့၏ သဘောထားမှာ ပိုမို ပျော့ပျောင်းသွားပြီး လုံးဝ ကျေနပ် သဘောကျသွားလေသည်။

“ ပစ္စည်းတွေက အရမ်းကြီး တန်ဖိုးကြီးတာတွေလည်း မဟုတ်ပါဘူး။ ကျောင်းသားတွေက စိတ်ထဲက တကယ် တန်ဖိုးထားပြီး ပေးကြတာဆိုတော့ မယူရင် သူတို့ ဝမ်းနည်းစိတ်ပျက်သွားလိမ့်မယ်။ သိမ်းထားလိုက်ပါ ”
ဝမ်ပေါင်လဲ့က ပြုံးကာ ရေနွေးခွက်ကို မြှောက်လိုက်ပြီး ပြန်ချလိုက်သည်။

လျှိုတောက်ပင်းမှာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို စပြောသည့် အချိန်ကတည်းက သတိထားကြည့်နေသည်။ ဝမ်ပေါင်လဲ့၏ အပြုံးမှာ ယခင်ထက် ပိုမို နွေးထွေးအသက်ဝင်လာသည်ကို တွေ့မှ သက်ပြင်းကို အသာ မှုတ်ထုတ်လိုက်ရသည်။ သူ့လုပ်ရပ် မှန်ကန်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက လက်နှစ်ဖက်ဆုပ်ကာ ဝမ်ပေါင်လဲ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူထုတ်လိုက်သော ပစ္စည်းများအနက် တန်ဖိုးအကြီးဆုံးသော ဆေးလုံးနှစ်လုံးကို ချန်ကာ ကျန်ပစ္စည်းများကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။
“ ကျောင်းသားခေါင်းဆောင်မှာ ဘာမှ မလိုအပ်ဘူးဆိုတာ သိပါတယ်။ လက်အောက်ငယ်သားတစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ စိတ်ရင်းကို ပြဖို့ ပစ္စည်းပိုင်ရှင်တွေကိုယ်စား လက်ဆောင်လေး ပေးတာပါ။ ကျွန်တော့်ကို ပုံရိပ်ယောင်စစ်ဆေးပွဲမှာ ကယ်တင်ခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး”

သူက လက်သီးဆုပ်ကာ နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။ စစ်ဆေးပွဲအကြောင်း သူ ထပ်ပြောရခြင်းမှာ ၎င်းစစ်ဆေးပွဲမှတဆင့် ဝမ်ပေါင်လဲ့နှင့်သူ အခြားသူများထက် ပိုမို ရင်းနှီးခဲ့ခြင်းကြောင့် ဖြစ်သည်။

“ အာ …”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ တလက်လက်ထသွားသည်။ လျှိုတောက်ပင်းမှာ စကားလုံး ရွေးချယ်သုံးနှုံးရာတွင် အတော်လေး ပညာသားပါသည်ဟု ခံစားရသည်။ ထို့ပြင် သူ့ထံမှ သင်ယူစရာများလည်း ရှိသည်။ လျှိုတောက်ပင်း၏ စကားများသည် သူ့ကို စိတ်သက်သာရာရစေသည့် အပြင် စိတ်ရင်းမှန်ကန်သည်ဟု ခံစားရသည်။ ဝမ်ပေါင်လဲ့၏အပြုံးမှာ ပို၍ပီပြင်သွားပြီး လက်မြှောက်ကာ တောက်ပင်းကို လက်ညှိုးညွှန်၍ ပြောလိုက်သည်။

“ ဟား ဟား … အဲဒီလောက်လည်း မမြှောက်ပါနဲ့ကွာ၊ ပစ္စည်းတွေ မင်းအတွက်သာ ပြန်ယူသွားပါ”

လျှိုတောက်ပင်းက မျက်နှာပူသွားသည့်ဟန် ပြသော်လည်း ပစ္စည်းများကို ပြန်မသိမ်းလိုက်ပေ။ နေရာတွင် ရပ်ကာ ဝမ်ပေါင်လဲ့နှင့် စကား ဆက်ပြောနေသည်။ ဝမ်ပေါင်လဲ့ကလည်း ပစ္စည်းများကို နောက်တစ်ကြိမ် ပြန်သိမ်းရန် မပြောပေ။ လျှိုတောက်ပင်း၏ သင်ခန်းစာများနှင့် ပတ်သက်၍ အနည်းငယ် မေးမြန်းပြီးနောက် အားပေးစကား ပြောပေးသည်။ ဝမ်ပေါင်လဲ့က ရေနွေးခွက်ကို မြှောက်ကာ တစ်ငုံထပ်သောက်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ လျှိုတောက်ပင်းကို ယဥ်ယဥ်ကျေးကျေး နှင်လွှတ်ခြင်း ဖြစ်သည်။ လျှိုတောက်ပင်းမှာ ထိုအသိမျိုးကို သူ့ဖခင်ထံမှ သင်ယူပြီး ဖြစ်ကာ သူ့ဆိုလိုရင်းကို သဘောပေါက်မည်ဟု ဝမ်ပေါင်လဲ့က တွက်ဆထားသည်။ ရုံးပိုင်းဆိုင်ရာ အခြေအနေများကို ကောင်းစွာ ကိုင်တွယ်နိုင်သည့် အရည်အချင်းကြောင့်လည်း ဝမ်ပေါင်လဲ့ အလွန်သဘောကျနေသည်။

“ ကျောင်းသားခေါင်းဆောင်၊ ကျွန်တော့်မှာ ရဲတင်းလွန်းတဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ သဘောတူပေးဖို့ မျှော်လင့်ပါတယ်”
လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့၏ သဘောထားကို သတိမပြုမိသည့်အလား အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်ပြီး ဝမ်ပေါင်လဲ့ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ဝိညာဥ်ရေခဲရေ ပုလင်းအလွတ်တစ်လုံးကို အလွန်တရာ စိတ်အားထက်သန်ပုံဖြင့် ကောက်ယူလိုက်သည်။

“ ကျောင်းသားခေါင်းဆောင်၊ ကျွန်တော့်ကို ဒီပုလင်းအခွံလေး ပေးလို့ရမလား ”

“ ဘာပြောလိုက်တာလဲ ”
ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းက သူ့သဘောကို နားမလည်ပုံပေါက်နေသောကြောင့် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ေသာ်လည်း ကြားလိုက်ရသော တောင်းဆိုချက်ကြောင့် နားမလည်နိုင်ဖြစ်ကာ အံ့ဩသွားရသည်။ လျှိုတောက်ပင်းကို ငေးကြည့်နေရင်း ပါးစပ်ထဲမှ ရေနွေးကြမ်းများကိုပါ ထွေးထုတ်မိတော့မလို ဖြစ်သွားသည်။

လျှိုတောက်ပင်း၏ လေးနက်လှသော တောင်းဆိုချက်မှာ ပုလင်းအခွံတစ်ခု ဖြစ်နေမည်ဟု လုံးဝ ထင်မထားခဲ့ချေ။

လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့နားသို့ အမြန်သွားကာ နောက်ကျောကို ထုပေးလိုက်ပြီး တက်ကြွစွာ ပြောလိုက်သည်။

“ ကျောင်းသားခေါင်း‌ဆောင်၊ ဒီပုလင်းလေးကို အထင်မသေးပါနဲ့၊ ခေါင်းဆောင်က သတိမထားမိပေမဲ့ ခုလတ်တလော ကျောင်းသားခေါင်းဆောင် အိမ်တော်နဲ့ ဓမ္မလက်နက်ဌာနထဲမှာပါ ခေါင်းဆောင်ကို အရမ်းလေးစားနေတဲ့သူတွေ အများကြီး ရှိနေတာ။ တစ်နှစ်အတွင်း ကျောင်းသားခေါင်းဆောင် ဖြစ်အောင် လုပ်နိုင်ဖို့ဆိုတာ ပါရမီရှင်တွေမှ လုပ်နိုင်တာလေ။ အဓိကအချက်က ကျန်းလင်ရဲ့ မျက်နှာလွှဲခဲပစ်လုပ်တာတွေကြောင့် စစ်‌ဆေးရေးမှူးတွေက အာဏာအလွဲသုံးစား လုပ်ကြပြီးတော့ ကျောင်းသားတွေက သူတို့ကို ကြောက်နေရတာ။ စိတ်ဆိုး ဒေါသထွက်ပေမဲ့လည်း တစ်ခွန်းမျှ ပြန်မပြောရဲကြဘူး။ နောက်ပြီးတော့ ခေါင်းဆောင်က ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ကို ပြန်ဖွဲ့စည်းလိုက်တော့ အားလုံးက ကျေးဇူးတင် သဘောကျနေကြတာ”

“ အားလုံးက ခေါင်းဆောင်ရဲ့ အရှိန်အဝါ အငွေ့အသက်လေးတွေ နည်းနည်းလောက် ဖြစ်ဖြစ် ရချင်နေကြတာ။ ဒီပုလင်းခွံလေးကို ကျွန်တော် ထုတ်သွားရင် အားလုံးက အလုအယက် ဖြစ်နေကြမှာ”

“ ကျွန်တော် ဒီကို လာတာ တကယ်တော့ အားလုံးရဲ့ တောင်းဆိုချက်ကြောင့်ပါ။ သူတို့ကြိုးစားမှုလေးကို ထောက်ထားသောအားဖြင့် ပုလင်းအခွံတွေနဲ့ မုန့်ထုပ်တွေကို ရောင်းပေးစေချင်နေတာ”
လျှိုတောက်ပင်းက စကားဆုံးအောင် ပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ကို မဝံ့မရဲ ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း အသက်ရှူလိုက်သည်။ သူသည် အဆင့်မြင့် အရာရှိများ၏ ကိုယ်ရေးအတ္တုပ္ပတ္တိများထဲမှ တံစိုးလက်ဆောင်ငြင်းဆန်ပုံများကို များစွာ ဖတ်ခဲ့ဖူးသည်။ တံစိုးလက်ဆောင်ပေးနည်းများစွာ ရှိသော်လည်း လျှိုတောက်ပင်း ထုတ်သုံးလိုက်သည့် အကွက်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ ကသိက‌အောက် နေရခက်သွားကာ ဤအကွက်မှာ လျှိုတောက်ပင်း သူ့အဖေဆီမှ သင်လာသည့် အချက်ဖြစ်လေမည်လား တွေးတောနေမိသည်။

ထိုသို့တွေးနေရာမှ လျှိုတောက်ပင်း၏ ဖခင်မှာ အံ့မခန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ကောင်းစွာ သဘောပေါက်လာသည်။

“ ကျောင်းသားခေါင်း‌ဆောင်၊ သူတို့ကို သနားငဲ့ညှာသောအားဖြင့် အခွင့်အရေးလေး တစ်ခါလောက်ပေးပါ ”
လျှိုတောက်ပင်းမှာ လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအတွက် တောင်းပန် တိုးလျှိုးနေသည့်အလား ထင်ရသည်။ သူက ဝမ်ပေါင်လဲ့၏ သဘောတူညီချက် မရလျှင် ပြန်မထတော့မည့် ပုံစံနှင့် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်သည်။

နောက်ဆုံး လျှိုတောက်ပင်း၏ အကြိမ်ကြိမ် တောင်းပန်သံများကြောင့် ဝမ်ပေါင်လဲ့က တွန့်ဆုတ်စွာ သက်ပြင်းချလိုက်သည်။

“ ကောင်းပြီ၊ ကောင်းပြီ၊ ငါ အားလုံးကို စိတ်မပျက်စေသင့်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါကြီးကို အစဥ်အလာတစ်ခု မဖြစ်မနေ လုပ်ရမဲ့ အရာတစ်ခုလို မသတ်မှတ်ပါနဲ့။ နောက်ပြီး တောက်ပင်း ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ရဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အားလုံး စိတ်မပျက်ရအောင် နေပါ၊ ဒီအချက်ကိုတော့ မြဲမြဲမှတ်ထားပါ ”

လျှိုတောက်ပင်းက ရုတ်ခြည်း စိတ်လှုပ်ရှားလာကာ အမြန်ဆုံး ကျေးဇူးတင်စကားပြောပြီး လိုက်နာပါမည့်အကြောင်း ပြောလိုက်သည်။ အဖေသင်ပေးလိုက်သည့် အကွက်မှာ အသုံးဝင်လှကြောင်း ကြိတ်တွေးလိုက်မိသည်။ ကြမ်းပြင်ပေါ်မှ ပုလင်းအခွံများနှင့် မုန့်အိတ်ခွံများကို ရတနာများအလား ကောက်ယူကာ ကျေးဇူးတင်စွာ ပြန်သွားလေသည်။

ထိုသို့ ထွက်ခွာသွားမှ ဝမ်‌ပေါင်လဲ့က ရုတ်တရက် ထရပ်လိုက်သည်။ ဂူထဲ၌ ပတ်လျှောက်နေပြီးနောက် မှတ်စုစာအုပ်သေးလေးကို ထုတ်ကာ လျှိုတောက်ပင်း ယနေ့ ထုတ်သုံးသွားသည့် အကွက်များအားလုံးကို ချရေးထားလိုက်သည်။

“ ပါရမီရှင်ပဲ၊ လျှိုတောက်ပင်းကတော့ ပါရမီရှင်ပဲ။ သူ့အဖေရဲ့ အရည်အချင်းတွေက ပိုတောင် ပြောင်မြောက်နေသေးတယ်။ သူက တစ်နေ့ကျရင် မြို့စားတောင် ဖြစ်လာနိုင်တယ် ”

ဝမ်ပေါင်လဲ့သည် သူ၏ အသိပညာများ တိုးတက်သွားသည်ဟု ခံစားရပြီး ပိုမိုသဘောကျ ကျေနပ်နေသည်။ အမှန်စင်စစ် အတွင်းစိတ်ထဲတွင်မူ မြှောက်ပင့်ချီးကျူးခံရသည်ကို သဘောကျနေခြင်း ဖြစ်သည်။ အထူးသဖြင့် မြှောက်လုံးပင့်လုံးများကို အလိမ္မာသုံးကာ ပါးနပ်စွာ ပြောနိုင်သောကြောင့် ဖြစ်သည်။ ထိုအချက်ကြောင့် ဝမ်‌ပေါင်လဲ့မှာ ပို၍ပင် စိတ်ကျေနပ်ရခြင်း ဖြစ်သည်။

သုံးရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လျှိုတောက်ပင်း ထပ်လာချိန်၌ ဆေးပုလင်း ဆယ်လုံးကျော် ယူလာသေးသည်။

ထိုဆေးလုံးများမှာ မှတ်ဉာဏ်အားကောင်းစေရန် သောက်ရခြင်း ဖြစ်သည်။ ကျန့်လျန်ပေးခဲ့သော ဆေးများလောက် အကျိုးသက်ရောက်မှု မကောင်းသော်လည်း ဝမ်ပေါင်လဲ့အတွက် အသည်းအသန် လိုအပ်နေသည့် ဆေးများ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဆေးများကို တွေ့ပြီး သက်ပြင်းချမိပြန်သည်။ လျှိုတောက်ပင်းမှာ ပါရမီရှင်စစ်စစ် ဖြစ်ပေသည်။

ထိုသို့ ထူးချွန်ထက်မြက်သူ တစ်ယောက်ကို စိတ်မပျက်စေသင့်ဟု ယုံကြည်ထားရာ ဆုပေးရန် လိုအပ်နေသည်။ တခဏမျှ တွေးနေပြီးနောက် ဝမ်ပေါင်လဲ့က လျှိုတောက်ပင်း ထွက်ခွာတော့မည့် ဆဲဆဲတွင် ရုတ်တရက် ထပြောလိုက်သည်။

“ တောက်ပင်း၊ စွန်းချီဖန်းရဲ့ အမှုကို စုံစမ်းကြည့်ပါဦး”

ဝမ်ပေါင်လဲ့သည် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ကို လက်လွှဲယူစဥ်က ထိုအမှုတွဲကို ဖတ်ကြည့်ပြီး ဖြစ်သည်။ ၎င်းပေလွှာထဲတွင် အပြင်လူများ မသိနိုင်သည့် ပြဿနာဖြစ်ထားသော ကျောင်းသား၏ ငယ်စဥ်ဘဝမှစ၍ အသေးစိတ် အချက်အလက်များ၊ နောက်ခံအချက်အလက်များ ပါဝင်သည်။ သူ့မိသားစုမှာ ဓမ္မလက်နက်သန့်စင်သည့် ဆိုင်ဖွင့်ထားပြီး ရိုးသားသော မိသားစု တစ်စုဖြစ်သည်။ သူသည် တချိန်က ဓမ္မလက်နက်ဌာန ကျောင်းသားဖြစ်ခဲ့သော်လည်း ဌာနပိုင် ရတနာတိုက်မှ သန့်စင်နည်းတစ်မျိုး ခိုးယူသည့် အမှုဖြင့် ကျောင်းစည်းကမ်းများ ချိုးဖောက်ခဲ့သည်။ ထိုလျှို့ဝှက်သန့်စင်နည်းမှာ အထူးဝိညာဥ်အမြုတေတစ်မျိုး ဖန်တီးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

သူက သန့်စင်နည်းကို ခိုးယူပြီးနောက် သူ့မိသားစုမျိုးနွယ်ဆီသို့ လွှဲပေးရန် စီစဥ်ထားခဲ့သည်။

ပြည်ထောင်စုထဲမှ ဓမ္မလက်နက်သန့်စင်နည်းများ အားလုံးနီးပါးက တာအိုကျောင်းတော်ကြီး လေးကျောင်းလက်ထဲတွင်သာ ရှိကြသည်။ ကောင်းကင်တာအိုကျောင်း၏ ဓမ္မလက်နက် ဌာနမျိုးဆက်မှာ တာအိုကျောင်း လေးကျောင်းအနက် အကောင်းဆုံး ဖြစ်ရာ သန့်စင်နည်းပေါင်း မြောက်များစွာ ပိုင်ဆိုင်ထားသည်။ ထို့ပြင် ၎င်းသန့်စင်နည်းများမှာ အထူးလျှို့ဝှက်ရမည့် အတွင်းရေး အချက်အလက်များ ဖြစ်နေသည်။ သတ်မှတ်ထားသည့် အဆင့်ကို မမီသော ကျောင်းသားများသည် ထိုသန့်စင်နည်းများနှင့် လက်လှမ်းမီရန် လုံးဝ မလွယ်ကူလှချေ။ သန့်စင်နည်းများကို လေ့လာခွင့် ရခဲ့လျှင်ပင် ၎င်းတို့ကို ပြင်ပသို့ မျှဝေခြင်းများ မပြုရပေ။

စွန်းချီဖန်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိသောကြောင့် သန့်စင်နည်းကို ခိုးယူနိုင်ခဲ့သော်လည်း ဝိညာဥ်ကျောက်တုံး ကျောင်းသားခေါင်းဆောင် အိမ်တော်မှ စစ်ဆေးရေး အရာရှိများ မတွေ့မီ အပြင်သို့ မထုတ်နိုင်ခဲ့ပေ။ သူသည် ဝိညာဥ်ကျောက်တုံး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ ချုပ်နှောင်ခြင်း ခံထားရပြီး ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရသည်။

အခိုးခံရသော သန့်စင်နည်းမှာ အထူးတလည် အရေးပါသည် မဟုတ်သောကြောင့် ဤအမှု၏ အရေးပါမှုမှာ ပြောင်းလဲနိုင်သည့် အရာဖြစ်သည်။

ဝမ်ပေါင်လဲ့ အမှုကို ဖတ်ခဲ့စဥ် တစ်ခုခု မူမမှန်သည်ကို ခံစားမိသည်။ သို့ရာတွင် စိတ်မပါသောကြောင့် အာရုံမစိုက်ခဲ့‌ပေ။ သူ့လူများကို ဤအမှုအကြောင်း သေချာစုံစမ်းစေပြီးမှ မျှမျှတတ ကိုင်တွယ်မည်ဟု စီစဥ်ထားခဲ့သည်။

ယခု လျှိုတောက်ပင်းက စဥ်းစားချင့်ချိန်တတ်သူ ဖြစ်ရာ ထိုအမှုကို ကိုင်တွယ်ခိုင်းမည်ဟု ဆုံးဖြတ်ထားသည်။ ထိုသို့အမှုမျိုးကို ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ကိုင်တွယ်ခြင်းက အာဏာကို ပိုမို တည်မြဲစေနိုင်သည်။

“ စွန်းချီဖန်းကို စုံစမ်း စစ်ဆေးရာမှာ မှန်ကန်တည်ကြည်မှု ရှိပါစေ ”
ဝမ်ပေါင်လဲ့က လျှိုတောက်ပင်းကို တစ်ချက်ကြည့်ပြီး ရေနွေးခွက်ကို မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ခွက်ကို ချက်ချင်း ပြန်မချပေ။

လျှိုတောက်ပင်းက ဝမ်ပေါင်လဲ့ပြောသည့် စွန်းချီဖန်းအမှုကို စဥ်းစားနေစဥ် ရေနွေးကြမ်းခွက် မြှောက်လိုက်သည်ကို သတိထားလိုက်မိသည်။ ဝမ်ပေါင်လဲ့ကို သူ့ကို ထွက်ခွာရန် ယဥ်ကျေးစွာ အချက်ပြခြင်း ဖြစ်ကြောင်း ချက်ချင်းပင် နားလည်လိုက်သည်။ သူက နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ဝမ်ပေါင်လဲ့က ထွက်သွားသည့် လျှိုတောက်ပင်း၏ ကျောပြင်ကို ကြည့်ကာ ဘဝင်ခိုက်စွာ ပြုံးလိုက်သည်။ သူသည် လျှိုတောက်ပင်းထံမှ များစွာ သင်ယူလိုက်ရသည်ဟု ခံစားရသည်။ ထိုအချက်များကို အဆင့်မြင့်အရာရှိ အတ္တုပ္ပတ္တိများနှင့် ပေါင်းစပ်ပြီးနောက် သူသည် လက်အောက်ငယ်သားများကို ထိန်းချုပ်ကိုင်တွယ်ရာ၌ ဆရာတစ်ဆူ ဖြစ်နေလေပြီ။

ဆေးလုံးများကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး တစ်လုံးပြီး တစ်လုံး ထုတ်ယူလိုက်သည်။ ဖွင့်ဖောက်ထားခြင်း မရှိ၊ ပြဿနာမရှိကြောင်း သေချာစွာ ဂရုတစိုက် လေ့လာ စစ်ဆေးပြီးနောက် မရှိကြောင်း သေချာလျှင် ဝမ်းမြောက်ဝမ်းသာ မျိုချလိုက်သည်။

ထို့နောက် စိတ်ခံစားချက် ကောင်း‌စွာဖြင့် ကမ္ပည်းစာများ ဆက်လက် မှတ်သားနေခဲ့သည်။

ထိုစဥ် ဝမ်ပေါင်လဲ့၏ ဂူထဲမှ ထွက်လာခဲ့သည့် လျှိုတောက်ပင်းက သူ့အဆောင်သို့ အပြန်တွင် ဖခင်ထံ အမြန် ဆက်သွယ်လိုက်သည်။ သူ့ဖခင်က အဖြစ်အပျက် အလုံးစုံကို နားထောင်ပြီးနောက် အခရာကျသော အချက်ကို ထောက်ပြလိုက်သည်။

“ ဒီတော့ ကျောင်းသားခေါင်းဆောင် ပြောသွားတဲ့ထဲက အခရာက မှန်ကန်တည်ကြည်မှုရှိပါစေ ဆိုတဲ့ နောက်ဆုံးဝါကျထဲမှာ ရှိတာပေါ့ ”


Comment

Leave a Reply

Options

not work with dark mode
Reset