အခန်း (၂)

စုမင်

စိမ်းလန်းလွန်းသော တောင်တန်းကြီးများက လှပစွာ သွယ်တန်းလျက် ရှိနေသည်။

နဂါးတစ်ကောင်၏ ကျောပေါ်မှ အဖုအထစ်များပမာ တောင်တန်းတို့သည် မညီမညာနှင့် အဆုံးမဲ့ သွယ်တန်းနေကြသည်။ တောင်စဉ် တစ်တန်းလုံး အမျိုးအစား စုံလင်လှသည့် သစ်နွယ် ပန်းမန်များနှင့် ကျေးငှက်တို့၏ အသံစုံက ဖုံးလွှမ်းထားလေသည်။

သိသိသာသာကြီး မြင့်တက်နေသော တောင်စဉ်ငါးတန်းသည် ကောင်းကင်ကို ညွှန်ပြနေသည့် လူလက်ငါးချောင်း သဏ္ဌာန်ရှိ၏။ တောင်စဉ်တန်းတို့၏ အလယ်ဗဟို ကျောက်ချိုင့် လျှိုကြီးထဲတွင် အရိပ်ခိုနေသော လူငယ်လေး တစ်ဦးရှိနေသည်။ သူ့ဘေးတွင် ဆေးပင်ဆေးရွက်များ အပြည့်ထည့်ထားသည့် ခြင်းတောင်းတစ်လုံးရှိပြီး ဆေးနံ့များက အနီးတစ်ဝိုက်ကို လှိုင်လှိုင်ထနေ၏။

လူငယ်လေး၏ မျက်နှာကျ ဖွဲ့စည်းပုံမှာ အချိုးအစားကျပြီး ချောမောခန့်ညား၏။ သို့တိုင် ၎င်း၏ခန္ဓာကိုယ် သေးသေးလေးကို ကြည့်ရသည်မှာ ချူချာ အားနည်းပုံ ပေါ်လေသည်။ လည်ပင်းတွင် သွားစွယ် သဏ္ဌာန် လည်ဆွဲ ဆွဲထားပြီး၊ တိရစ္ဆာန် အရေဖြင့် ပြုလုပ်ထားသော ရိုးရိုးရှင်းရှင်း အင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူ၏ ခပ်ရှုပ်ရှုပ် ဆံပင်များကို ကောက်ရိုးနွယ် တစ်မျှင်နှင့် စည်းနှောင်ထားလေ၏။

လက်ထဲတွင် တိရစ္ဆာန်သားရေဆယ်မျိုးထက် မနည်းသော သားရေမျိုးစုံနှင့် ပြုလုပ်ထားသည့် သားရေစာလိပ်ကို ကိုင်၍ စိတ်ဝင်တစား ဖတ်ရှုနေလေသည်။ ပြီးလျှင် စာလိပ်ပေါ်မှ ရေးသားချက်များကို သဘောမတူသည့် ဟန်ဖြင့် ခေါင်းကို ခါယမ်းနေလေ၏။

“ကမ္ဘာမြေနဲ့ လူသားတွေ စတင်ဖြစ်တည် လာချိန်ကစလို့ မာန်မျိုးနွယ်စုတွေ တည်ရှိ  လာလိုက်တာ အခုထိ တိုင်အောင်ပဲ။ မာန်စွမ်းအင် ပိုင်ဆိုင်ထား သူတွေကို မာန်စွမ်းအားရှင်လို့ ခေါ်တွင်တယ်။ သူတို့ဟာ လေပေါ်မှာ ပျံသန်း နိုင်စွမ်းရှိပြီး ပင်လယ် ဒီရေအတတ်အကျကို ချုပ်ထိန်းနိုင်တဲ့ တန်ခိုးရှိတယ်။ မာန်တွေဟာ အနာဂတ် ကိုကြိုတင် သိနိုင်ပြီး နေမင်း၊ လမင်းနဲ့ ကြယ်တာရာ အစွမ်းကို ရယူနိုင်တယ်။

လူငယ်လေးက ယင်းစာပိုဒ်ကို ဖတ်ပြီး သက်ပြင်းချလိုက်သည်။

“မာန်ကိုယ်ခန္ဓာ မရှိဘဲနဲ့တော့ မာန်ကျင့်ကြံခြင်း အတတ်ကို လေ့ကျင့်နိုင်စရာ အကြောင်းမရှိဘူး။ ဪ မာန် … မာန် … စုမင်ရေ …  ဆေးရွက် ဆေးမြစ်လေးတွေ လိုက်စုဆောင်းပြီး မျိုးနွယ်စုထဲမှာ သာမန် သမားတော်လေး တစ်ယောက် ဖြစ်လာဖို့ကပဲ မင်းကံတရားထင်ပါတယ်။ မာန်ကျင့်ကြံခြင်း နည်းလမ်းတွေ အတိုင်း ဆည်းပူးလေ့လာတဲ့ သူတစ်ယောက် ဖြစ်လာဖို့က ဒီတစ်သက်တော့ မဖြစ်နိုင်တဲ့ အိပ်မက် တစ်ခုပါပဲ”

လူငယ်လေးက သူ့ကိုယ်သူ လှောင်ပြောင်ပြီး လက်ထဲမှ စာလိပ်ကို အောက်ချလိုက်သည်။ ပြီးလျှင် အဝေးကို ငေးပြီးကာ အတွေးနယ်ချဲ့နေတော့၏။ သူ့အနေဖြင့် ယခုစာလိပ်ကို ဖတ်သည်မှာ အကြိမ်ပေါင်း မနည်းတော့။ အကြောင်းအရာတို့ကို နောက်ပြန်မရွတ်နိုင်သည့်တိုင် သူ့လက်ဖမိုးကို သိသလို စာပိုဒ်အကုန်လုံးအား နှံ့နှံ့စပ်စပ် ကျွမ်းဝင်နေပြီ ဖြစ်၏။

“စက်ဝိုင်းသဏ္ဌာန် ကောင်းကင်ယံနဲ့ ပြားနေတဲ့ ကမ္ဘာကြီးက အဆုံးအစမဲ့ ကျယ်ပြောလွန်းတယ်”

လူငယ်လေးက စာလိပ်ထဲမှ စာသားကို တီးတိုးရွတ်ဆိုပြီး စာလိပ်ထဲတွင် ပုံဖော်ထားသည့် ကမ္ဘာကြီးကို စိတ်ကူးယဉ် ကြည့်နေမိသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်မှာ မည်းမှောင်လာပြီး မိုးတိမ်နက်များ အုံ့ဆိုင်း လာလေ၏။

ပတ်ဝန်းကျင် လေထုက ပိုမိုစိုထိုင်းလာသည်။ အပင်များကို ဖြတ်တိုက်သွားသည့် လေကြောင့် သစ်ရွက် အချင်းချင်း ပွတ်ခတ်သံများ ညံစီသွား၏။

ကောင်းကင်မှ တိမ်နက်များကို တွေ့လိုက်ရချိန် စုမင် ခဏတစ်ဖြုတ် မှင်တက်မိသွားသည်။

“အကြီးအကဲရဲ့ ခန့်မှန်းချက်အတိုင်း ဖြစ်လာပြီ။ နဂါးခံတွင်းရည်က ဒီနေ့မှာပေါ်မယ်ဆိုတာ အမှန်ပါပဲလား”

စုမင်မျက်လုံးများ တောက်ပလာပြီး စာလွှာကို ရင်ဘတ်ထဲ ထည့်ကာ မတ်တတ်ရပ်လိုက်သည်။ ခြင်းတောင်းကို ဘယ်လက်နှင့် ကောက်ယူပြီး နောက်ကျောမှာ လွယ်လိုက်၏။ သိမ်မွေ့လှသည့် လှုပ်ရှားမှုနှင့် ကြိုးကို ခိုတွယ်လိုက်ကာ တောင်ထိပ်ပေါ်  တက်သွားလေသည်။

ချိနဲ့နဲ့ လူငယ်လေးမှာ ခိုင်မာသည့် အားနှင့် လမ်းခရီးကို ရှေ့ဆက်နေ၏။ သူ၏ လှုပ်ရှားပုံများက မျောက်ဝံတစ်ကောင်လိုပင်။ အချိန်ပင် သိပ်မကြာလိုက်၊ အောက်ခြေ၌ အနက်ပေအတော်များများ ချန်ရစ်ခဲ့ပြီ ဖြစ်သည်။

ကောင်းကင်မှ တိမ်နက်များသည် ဒီရေလှိုင်းများပမာ ညာသံပေး ရောက်ရှိလာပုံမှာ နတ်ဘုရားများမှ ဒေါသကို တောင်စဉ်တောင်တန်းများ အပေါ် ပုံချနေသလိုပင်။ ကောင်းကင် တစ်ပြင်လုံး ဖုံးအုပ်လိုက်သည့် တိမ်နက်များကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေသည် တစ်ပေါင်းတည်း ဖြစ်သွားသယောင် ထင်မြင်လိုက်ရသည်။ မြေပြင်တစ်ခုလုံး အမှောင်ဖုံးသွားပြီး တောင်စဉ်တန်းများထံသို့ အမှောင်ထုသည် ခပ်မြန်မြန် ချဉ်းကပ် လာနေတော့သည်။

စုမင် အရှိန်မြှင့်ပြီး အပေါ်မြန်မြန် တက်လိုက်သည်။ တောင်ပေါ်တွင် တိမ်နက်များ တဖြည်းဖြည်းနှင့် နေရာယူ ဖြန့်ကြက်လာ၏။ သူလည်း တောင်ထိပ်ပေါ် ရောက်ရန် လက်တကမ်းသာ လိုတော့သည်။ တောင်ထိပ်ပေါ်တွင် ထူးဆန်းသော အသွင်သဏ္ဌာန်နှင့် ကျောက်ဆောင်တစ်ခု ရှိနေ၏။ ထူးဆန်းသည်ဟု ဆိုသော်လည်း သဘာဝအတိုင်း ဖြစ်တည်နေသည်နှင့်လည်း တူနေသည်။ အလယ်တွင် ချိုင့်ဝင်နေပြီး လက်သီးဆုပ်အရွယ် အပေါက်များ အများအပြား ရှိနေ၏။ ပြောရလျှင် စပါးအုံးမြွေ တစ်ကောင် စတည်းချရာ ဖြစ်ခဲ့ဖူးသည့် ကျောက်တုံးတခု အလားပင်။

ထိုထူးဆန်းသော ကျောက်ဆောင်အောက်တွင် ကြည့်ရဆိုးသည့် သွားစွယ်သဏ္ဌာန် ကျောက်စွန်းတခု ရှိနေသည်။ ထူးခြားချက်မှာ ၎င်းတောင်စွန်းသည် တောင်ထိပ်အမြင့်ဆုံးနေရာတွင် ဖြစ်၍ လေထဲတွင် တွဲလွဲကျနေသည့် ပုံစံ ဖြစ်နေသည်။ လေပေါ် ဝဲပျံနိုင်သည့် အစွမ်းမရှိလျှင် ရောက်ရန် မလွယ်ကူသည့် နေရာလည်း ဖြစ်သည်။

စုမင်က ဘယ်လက်နှင့် ကြိုးကိုကိုင်ထားပြီး ညာလက်နှင့် ခြင်းတောင်းထဲမှ ပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းကို သွားနှင့် ကိုက်ထားပြီး ထိုထူးဆန်းသည့် သွားစွယ်သဏ္ဌာန် ကျောက်စွန်းနှင့် ဆန့်ကျင်ဘက် အရပ်ဆီ ရွှေ့လျားလိုက်၏။ သူဖြတ်ကူးသွား၍ ကြိုးတင်းသွားရာ တောင်နံရံကို ဆွဲကိုင်ပြီး ကိုယ်ကို ဖိကပ်လိုက်၏။ သူ မိုးကောင်းကင်ဘက် ခေါင်းမော့မျက်နှာမူပြီး တိမ်နက်များကို ကြည့်လိုက်သည်။ သည်အတိုင်း မလှုပ်မယှက် နေနေရင်း သူ့မျက်လုံးများ တောက်ပနေလေသည်။

ခဏအကြာ၌ ကောင်းကင်တစ်ခွင်လုံး တိမ်နက်များ ဖုံးအုပ်လာပြီး မိုးကြိုး ထစ်ချုန်းသံများ မြည်ဟည်းလာ၏။ အသံမှာ ကျယ်လောင်လွန်း၍ သူ့နားပင် ကန်းတော့မတတ် ခံစားလိုက်ရသည်။ လေပြင်းများ မညှာမတာ တိုက်ခတ်နေပုံမှာ သွယ်တန်းနေသော တောင်တန်းများကို မြေပြင်ပေါ် လွင့်စင်ကျသွားစေချင်သည့် အတိုင်းပင်။ လေပြင်းမုန်တိုင်းအလယ် ကျောက်တောင်များကို ကုပ်တွယ်ထားသည့် စုမင်၏ လက်ဆစ်များပင် သွေးဆုတ်ဖြူရော်လာ၏။ သို့တိုင် စုမင်က တုတ်တုတ်မျှ မလှုပ်ရှား။ ကောင်းကင်ကို ကြည့်နေသည့် သူ့မျက်လုံးများက ခွန်အားများနှင့် တောက်ပနေဆဲ။

မုန်တိုင်းက ပိုပြင်းလာသည်။ တောင်ပေါ်ရှိ အပင်များမှာ ကူကယ်ရာမဲ့ ယိမ်းထိုးနေကြ၏။ လေပြင်း တိုက်ခတ်သံများက သားရဲကောင်ကြီးများ မာန်ဖီကြုံးဝါးနေသည့် အသံနှင့်ပင် တူနေတော့သည်။ အရွက်ခြောက်များ၊ သစ်ကိုင်းခြောက်များ လေထဲ လွင့်ဝဲနေပုံမှာ …  လောကမြေတခွင်လုံး ရူးသွပ်ကခုန်နေသည့် သစ်ကိုင်း သစ်ရွက်ခြောက်များ ပြည့်လျှံနေသည့် အလားပင်။

သစ်ကိုင်းကြီးများနှင့် တချို့အကောင်ငယ်လေးများ မုန်တိုင်းနှင့်အတူ လွင့်ပါသွားကြ၏။ တိုက်ခတ်နေသည့် လေပြင်းမုန်တိုင်းသံတွေကြား ၎င်းတို့၏ သွေးပျက်အော်ဟစ်နေသံများမှာ တိုးဝင်ပျောက်ကွယ်သွားတော့၏။

စုမင် အကြာကြီး တောင့်မခံနိုင်တော့ပေ။ ကောင်းကင်တစ်ခွင်လုံး တိမ်နက်များကြောင့် ပကတိ မည်းမှောင်နေပြီ ဖြစ်၏။ မိုးထစ်ချုန်းသံများနှင့်အတူ ကြီးမားလှသည့် မိုးရေစက်ကြီးများ တစ်စက်ပြီးတစ်စက် ကျဆင်းလာ၏။ ၎င်းအခိုက်အတန့်မှာ ကမ္ဘာကြီးအား ရေကန့်လန့်ကာကြီးနှင့် ကာထားသည့်အလားပင်။

အချိန် ကြာလာလေ မိုးစက်များက ပိုမို အားကောင်း ပြင်းထန်လာလေ ဖြစ်သည်။ သို့သော် စုမင်မှာ မိုးရေစက်များ ရွှဲနစ်နေသော ကြိုးကို မြဲမြဲ ကိုင်ထားပြီး တောင်နံရံကို ကိုယ်နှင့်မခွာစတမ်း ကပ်ထားဆဲပင်။ သူက မိုးရေမစိုအောင် ရှောင်ရှား အကာအကွယ်ရှာခြင်း မလုပ်ဘဲ ကျောက်ရုပ်တရုပ်ပမာ မလှုပ်မယှက် နေနေသည်။ သူ့အကြည့်များက သွားစွယ်သဏ္ဌာန် ကျောက်တုံးပေါ်မှ ထူးဆန်းသည့် ကျောက်ဆောင်ပေါ် စူးစူးနစ်နစ် စိုက်ဝင်လျက် ရှိနေဆဲ။

အချိန်အတော်ကြာသွားသည့်တိုင် မိုးကသည်းထန်စွာ ရွာသွန်းနေဆဲပင်။ ကမ္ဘာကြီးတစ်ခုလုံး မိုးရေများ၊ မြူမှုန်များနှင့် ပြည့်နှက်နေ၏။ မိုးရေ၏ သန့်စင်ပေးမှုအောက်တွင် စုမင်ကြည့်နေသည့် ကျောက်ဆောင်ပေါ်မှ အနက်ရောင် အရည်များ စိမ့်ထွက်စ ပြုလာသည်ကို မြင်တွေ့လိုက်ရသည်။

မိုးရေနှင့်အတူ အနက်ရောင်အရည်များ အောက်သို့ စီးကျနေ၏။

၎င်းကို မြင်လိုက်သည်နှင့် စုမင်၏မျက်လုံးတွင် စိတ်လှုပ်ရှားမှု ပြည့်လျှံသွားလေ၏။ သို့သော် သူက စိမ့်ထွက်နေသည့် အနက်ရောင်အရည်များ တဖြည်းဖြည်း အရှိန်လျော့သွားပြီး ရွှေရောင်ပြောင်းသွားသည့်အထိ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေလိုက်သည်။

စုမင် နည်းနည်းမျှ တွန့်ဆုတ်မနေဘဲ တောင်နံရံအား ဆုပ်ကိုင်ထားသည်ကို လွှတ်လိုက်၏။ လက်ကိုလွှက်လိုက်ချိန် ပါးစပ်တွင် ကိုက်ထားသည့် ပုလင်းကို ညာလက်နှင့် ယူလိုက်၏။

ဘယ်လက်တွင် ရှိနေသည့်ကြိုးက ဓားလွယ်ခုတ် အနေအထားနှင့် အသင့်ဖြစ်နေလေပြီ။ တောင်နံရံကို လက်လွှတ်လိုက်ပြီး သွားစွယ်သဏ္ဌာန် ကျောက်ဆောင်ဘက်သို့ ကြိုးကိုအားပြုပြီး ခန္ဓာကိုယ်ကို အရှိန်ပြင်းပြင်းနှင့် လွှဲခိုလိုက်၏။

အချိန်အဆ ကောင်းကောင်းနှင့် ကြိုး၏ ခိုင်မြဲမှုကြောင့်သာ လေထဲ တွဲလွဲကျနေဟန်ရှိသည့် ကျောက်တုံးဆီ ရောက်သွားချိန် သူခေါင်းနေရာတည့်တည့် ပစ်ချလိုက်သည့် မိုးကြိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ စုမင်က ဘယ်လက်နှင့် ကြိုးကို ကိုင်ပြီး ညာလက်နှင့် ပုလင်းကို ကိုင်ထားလိုက်သည်။ အနားကို တိုးကပ်သွားပြီး ကျောက်တုံးအောက်သို့ ပုလင်းကို ထည့်လိုက်လေ၏။ ကြိုးကို အမြင့်ဆုံး ဟိုသည်လွှဲခိုပြီး မူလနေရာ ပြန်ရောက်သည့် အချိန်ခဏလေးအတွင်း၌ စုမင်၏ ပုလင်းလေးထဲ ရွှေရောင်အရည်တစ်ဝက်လောက် ဝင်နေပြီ ဖြစ်သည်။

ထိုအချိန်အခိုက်အတန့်လေး၌ စုမင်တယောက် အော်သံစူးစူးတခုကို ကြားလိုက်ရသည်။ လူလက်မောင်း လေးငါးလုံးစာလောက်ရှိပြီး ကင်းခြေများနှင့် သဏ္ဌာန်တူသည့် အကောင်များက ကျောက်ဆောင်ရဲ့ အပေါက်များထဲမှ တိုးထွက်လာကြပြီး ယခုထိတိုင် လေထဲတွင် တွဲခိုနေဆဲ ဖြစ်သည့် စုမင်ကိုယ်ပေါ်သို့ ဒေါသတကြီး ခုန်အုပ်လိုက်သည်။

စုမင်က နည်းနည်းလေးမျှ မအံ့ဩပေ။ ကင်းခြေများကောင်များ ပေါ်လာချင်းမှာပင် သူ ကိုင်ထားသည့် ကြိုးကိုလွှတ်ပေးလိုက်၏။ ၎င်းတို့၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည့်အခါ စုမင်ကိုယ်မှာ အောက်သို့ အရှိန်အပြင်းပြင်းနှင့် ကျသွားလေသည်။

“ရှောင်ဟုန်”

အောက်သို့ ပြုတ်ကျလာသည့် စုမင် တစ်ကိုယ်လုံး ဓားများနှင့် ခုတ်ထစ်ခံရသလို မုန်တိုင်းဒဏ်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။

သို့သော် စုမင်က နည်းနည်းလေးမျှ မကြောက်ရွံ့ပေ။ တောင်စွန်းမှ အနီရောင် အရိပ်တစ်ခု ကြိုးတစ်ချောင်းနှင့်အတူ စုမင်ထံ ပြေးဝင်လာ၏။ သူ့အနား ရောက်ရောက်ချင်း စုမင်ကို ဆွဲဖမ်းလိုက်သည်။

အနီရောင် အရိပ်လေးမှာ တကိုယ်လုံးအမွှေးအမျှင်များ နီမြန်းနေသည့် မျောက်နီကလေး တစ်ကောင် ဖြစ်တယ်။ မျောက်နီလေးက သွားဖြဲထားပြီး မျက်လုံးများက အားအင်များ ပြည့်ဝနေသည်။

လူတစ်ယောက်နှင့် မျောက်တစ်ကောင် ခပ်လှမ်းလှမ်းရှိ တောင်စွန်းတစ်နေရာစီသို့ ကျသွားကြသည်။ ၎င်းတောင်စွန်းမှာ စောနက စုမင် စာထိုင်ဖတ်နေသော တောင်စွန်းလေး ဖြစ်သည်။ စုမင်မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာပြီး လက်ထဲမှ ပုလင်းလေးကို ထုတ်ကြည့်လိုက်သည်။

“ရှောင်ဟုန် ငါတို့ အမြန်ပြေးမှဖြစ်မယ်။ ကြည့် … ဒီတစ်ခေါက် ရလိုက်တဲ့ နဂါးခံတွင်းရည်တွေ အများကြီးပဲ။ ဟမ်… မင်းလက်ထဲက ဘာလဲ” မျောက်လေးလက်ထဲမှ အနက်ရောင် ကျောက်တုံးကို တွေ့၍ မေးလိုက်သည်။

မျောက်ကလေး၏ အကြည့်က ရုတ်တရက် စူးရှသွားပြီး လက်များကို နောက်ဘက်တွင် ဝှက်လိုက်ပြီး စုမင်အား ရှူးရှူးရှားရှားနဲ့ ကြည့်လိုက်လေသည်။ စုမင်က အရေးမလုပ်တော့ဘဲ ရှေ့တိုးပြီး ကြိုးကိုဆွဲ၍ အောက်သို့ ခုန်ချလိုက်သည်။ ခပ်မြန်မြန်ပဲ မျောက်ကလေးနှင့်အတူ အောက်သို့ကျလာ၏။

အသံများ ဆူညံနေသည့် ကောင်းကင်ကြီးနှင့် တောင်နံရံထက်မှ ဆင်းလာနေသည့် ကင်းခြေများကောင်များက အရှိန်ပြင်းပြင်းနှင့် စုမင်တို့နှစ်ဦးနောက် လိုက်လာကြသည်။ ၎င်းတို့မှာ ကောင်းကင်ထက်မှ တိုက်ရိုက် ဆင်းသက်လာသည့် အနက်ရောင် ရောင်ခြည်တန်းများလိုပင်။

စုမင်အား အသံစုံပြုနေသည့် မျောက်နီလေးမှာ ဂနာမငြိမ်ဖြစ်နေသည်။ အနောက်တွင် ပါလာသည့် ကင်းခြေများများကို မကြာခဏ လှည့်ကြည့်နေသည့် ၎င်း၏မျက်လုံးထဲတွင် ဒေါသရိပ်၊ ကြောက်ရိပ်များ သိသိသာသာကြီး မြင်နေရ၏။

“ငါတို့ အလိုက်ခံရတာ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ အဲဒီဝူလုံ(ကင်းခြေများတွေရဲ့နာမည်)တွေက တောင်ပေါ်က ဆင်းလာလို့လည်း ရတာမဟုတ်ဘူး။ အဲဒါကြောင့် ဟန်ပျက်မနေနဲ့တော့။ အရင်အတိုင်းပဲ နဂါးခံတွင်းရည် တစ်ဝက်ပေးမယ်။” စုမင်က အရှိန်ကောင်းကောင်းနှင့် အမြန်ဆုံးပြေးနေသော်လည်း သူ့အသံက ပျင်းရိပျင်းတွဲ့နှင့်ပင်။ သူစကားပြောလိုက်သည်နှင့် မျောက်ကလေးက သွားများကို ဖြဲပြလိုက်၏၊ သူသက်သက် ဟန်ဆောင်ကြောက်ပြနေမှန်း သိသာလှသည်။

လူနဲ့ မျောက်နှစ်ကောင်လုံး သည်တောင်စဉ်တွေနှင့် အကျွမ်းတဝင် ရှိလွန်းသည်။ ဘာကြောင့်မှန်းမသိ … ဝူလုံများက တချို့နေရာအထိ လိုက်မလာနိုင်သော်လည်း သူတို့အနားတွင် တစ်ရစ်ဝဲဝဲ ရှိနေသေး၏။ စုမင်နှင့် မျောက်ကလေးက ဝူလုံတွေလောက် မမြန်နိုင်ဘဲ ကြိုးကို အားပြုလျက် အောက်သို့သာ တစ်လမ်းလုံး ခုန်ချနေ၏။ ထိုကဲ့သို့ အကြိမ်ရေ အတော်များများ လုပ်ပြီးနောက်တွင် ၎င်းတို့တောင်ထိပ်ပေါ်မှ လွတ်မြောက်လာကြပြီဖြစ်ကာ တောထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြလေသည်။

မျှော်လင့်ထားသည့် အတိုင်း ဝူလုံများက တောင်ပေါ်မှ ဆင်းမလိုက်လာကြပေ။ ဒေါသတကြီး အော်မြည်သံများ ပြုပြီးနောက် စိတ်ပျက်စွာနှင့် တောင်ပေါ်ပြန်တက်သွားကြလေသည်။

အလာခရီးကဲ့သို့ တိမ်နက်များ ခပ်မြန်မြန် ပြန်ရှဲသွားကြသည်။ အချိန်တစ်ခု ကြာပြီးနောက် တိမ်စိုင် တိမ်နက်များ ရှင်းလင်းသွားသည့် တောင်တန်းမှာ ယခင်ကအတိုင်း ကြည်လင် သာယာသွားပြီ ဖြစ်၏။

စုမင်နဲ့ မျောက်ကလေးတို့ သစ်တော နယ်နိမိတ်မှ ကျော်လွန် လာကြသည်။ ခပ်ဝေးဝေးတွင် မီးလုံး မှိန်မှိန်များ တွေ့နေရ၏။ စုမင်တို့ လူမျိုးစုရဲ့ အမှတ်အသားနေရာသို့ ရောက်သောအခါ ညအချိန်ပင် ရောက်နေပြီ ဖြစ်သည်။

“မင်းကို မင်းဝေစု ပေးပြီးတာတောင် ထပ်လိုချင်နေသေးတာလား” တောထဲမှ ထွက်လာသည့်အချိန် စုမင် တစ်ကိုယ်လုံး ရွှဲစိုနေပေသော်လည်း နည်းနည်းလေးမှ မငြိုငြင်ခဲ့ပေ။ ထိုအစား သူ့နောက်မှ မျှော်လင့်တကြီး မျက်လုံးလေး တစ်ဖျတ်ဖျတ်နှင့် လိုက်နေသည့် မျောက်လေးကို ကြည့်လိုက်သည်။

မျောက်ကလေးက ဉာဏ်သိပ်ကောင်းသည်။ လွန်ခဲ့သည့် သုံးနှစ် တောင်ပေါ် စွန့်စားခရီး စတက်စဉ်က မတော်တဆ ဆုံဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ စတွေ့စဉ်က လုံးထွေး သတ်ပုတ်ခဲ့ကြသော်လည်း အဆုံးတွင် အခင်မင်ဆုံး မိတ်ဆွေရင်းများ ဖြစ်လာကြ၏။

မျောက်လေးက မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ပြီး မျက်နှာကို ကုတ်လို့ ခဏတုံ့ဆိုင်း နေသည်။ သို့သော် ခပ်မြန်မြန်ပဲ သူ မကြာခင်က ကိုင်ထားသည့် အနက်ရောင် ကျောက်တုံးကို စုမင်လက်ထဲ ထည့်ပြီး ဂီးဂီးဂဲဂဲနဲ့ ကျောက်နက်နှင့် နဂါးခံတွင်းရည်ကို လဲလှယ်ချင်သည့် အကြောင်း သိသိသာသာ ဟန်လုပ်ပြလိုက်လေ၏။

“ကောင်းပြီ ငါမင်းကို နည်းနည်းထပ်ပေးမယ်။ ဒါပေမဲ့ အဲဒီကျောက်တုံး အစုတ်ကို မလိုချင်ပါဘူး။ မင်းဘာသာသိမ်းထား” စုမင်က ပြုံးပြီး ခြင်းတောင်းထဲက ပုလင်းလေးကို ထုတ်ပေးလိုက်သည်။

မျောက်ကလေးက ပုလင်းကိုယူပြီး ပါးစပ်အပြည့် သောက်ချလိုက်သည်။ လုံးဝ စိတ်ချမ်းသာသွားသည့် အမူအရာမျိုး မျက်နှာပင်တက်၍ အရိပ်လာထင်၏။ ကိုယ်လေးကို ဟိုဒီ ယိမ်းနွဲ့ပြီး လေချဉ်လေးများပင် တက်လိုက်သေး၏။ ထို့နောက် ကျောက်တုံးနက်ကို ပုလင်းနှင့်အတူ စုမင်ထံ ပစ်ပေးလိုက်ပြီး တောထဲသို့ ပြန်ဝင်သွားသည်။

စုမင်က တစ်ဝက်လောက်သာ ရှိတော့သည့် ပုလင်းသေးလေးကို ကြည့်ပြီး မပွင့်တပွင့် ပြုံးလိုက်သည်။ ခြင်းတောင်းထဲ ပြန်ထည့်လိုက်ပြီးနောက် အနက်ရောင် ကျောက်လေးကို အာရုံစိုက် ကြည့်လိုက်လေသည်။

*****


Comment

Leave a Reply


Options

not work with dark mode
Reset