အခန်း (၉၄)

အဲဒီပစ္စည်းကကျန်းလန်ဆီမှာ

အခန်း (၉၄) အဲဒီပစ္စည်းကကျန်းလန်ဆီမှာ

လုန်ယွိ၏ မေးခွန်းကိုကြားသည့်အခါ လင်စီးယာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

မကြာမီကပင်… လင်စီးယာက မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်… သူမက အချိန်အနည်းငယ်အားနေသည့်အတွက် လုန်ယွိ၏ နဂါးပုံစံကို မှတ်တမ်းတင်ထားသည့် ပစ္စည်းလေးကို ပြန်လည်ရှာဖွေခဲ့သည်။

သို့သော်… ထိုပစ္စည်းလေးကို ပြန်လည်ရယူနိုင်ခြင်း မရှိသေးပေ။

လင်စီးယာက…

“အဲဒီပစ္စည်းလေး…ဘယ်သူ့ဆီရောက်နေလဲဆိုတာတော့ သိထားပြီးပါပြီ…”

လုန်ယွိက လင်စီးယာကို ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။

သူမက မည်သည့်မေးခွန်းမှ ဆက်မမေးဘဲ ဒီအတိုင်း လင်စီးယာကို ကြည့်နေခြင်း ဖြစ်၏။

လင်စီးယာကလည်း လုန်ယွိကို ပြန်ကြည့်လိုက်ရင်း…

“ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကျင်းထင်ဆီမှာ အဲဒီပစ္စည်းလေးရောက်နေတယ်လို့ ကြားတာနဲ့… သူ့ကို သွားမေးတာ…”

ခဏနားပြီးမှ လင်စီးယာက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့… အခု အဲဒီပစ္စည်းလေးက နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးဆီမှာ ရောက်နေတယ်… တဲ့…”

လင်စီးယာက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“ဒါပေမဲ့ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးရဲ့ လက်ရှိအခြေအနေက သွားပြီး မေးလို့မကောင်းသေးဘူးလေ… အဲဒါကြောင့် သူ့ဆီမသွားရသေးဘူး…”

လင်စီးယာကိုကြည့်နေသည့် လုန်ယွိက နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

စောစောက အပြာရောင်ရေပုလဲနှင့် သူမ နဂါးပုံစံကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေး အလဲအလှယ်လုပ်လိုက်ရလျှင်ကောင်းသားဟု သူမ တွေးလိုက်မိသည်။

သို့သော်… အခွင့်အရေးက လက်လွတ်သွားခဲ့ပြီ ဖြစ်၏။

လုန်ယွိက သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်သည်။

“ဒါဖြင့်… အဲဒီပစ္စည်းလေးပြန်ရဖို့ ခဏတော့စောင့်ရဦးမယ်ထင်တယ်… ၊ အင်း… သူ ဖွင့်မကြည့်ထားပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ…”

***

မကြာမီ… ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာသည်။

သူက နဝမတောင်ထွတ်ခန်းမဆောင်ရှေ့ရှိ ရင်ပြင်ကိုတစ်ချက်လေ့လာကြည့်လိုက်သည်။ အမှန်တကယ်ပင် ပြုပြင်ဖို့ လိုအပ်နေပေပြီ။

သို့သော်… ဤသို့သောအလုပ်များက ကျန်းလန်အတွက် မခက်ခဲပေ။

ရင်ပြင်ကိုပြုပြင်ရန်အတွက် လိုအပ်သည့်ကျောက်တုံးများရှာဖွေရန် ကျန်းလန် ထွက်ခွာလာခဲ့သည်။

အရောင်တင်ပြီးသား ကျောက်တုံးများကို ရှာဖွေလိုသည်ဆိုလျှင်တော့ တောင်အောက်သို့ ဆင်းရမည်ဖြစ်သည်။ သို့သော်… ကျန်းလန်က ကျောက်တုံးများကို သူကိုယ်တိုင်အရောင်တင်ပြုပြင်ရန် စီစဉ်လိုက်သည်။

ထို့နောက်… သူက ကျောက်တုံးများထက်တွင် အင်းသင်္ကေတအချို့ ရေးဆွဲလိုက်သည်။

ဤသို့ပြုလုပ်ခြင်းက ရင်ပြင်ကို ပိုမိုအရည်အသွေးကောင်းမွန်စေပြီး တိုက်ပွဲများကိုလည်း ခံနိုင်ရည် ရှိစေမည် ဖြစ်သည်။

တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာမည့် ကြီးမားသည့်အပေါက်ကြီးများ ၊ အက်ကွဲရာများ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။

ထို့ပြင်… ဤသို့ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားခြင်းအားဖြင့် မကြာခဏ ပြုပြင်ရခြင်းမှလည်း ကင်းဝေးမည် ဖြစ်၏။

ကျန်းလန် ကျောက်တုံးများကို အရောင်တင်ပြီး အင်းသင်္ကေတများ ရေးဆွဲပြီးနောက်… မရဏဂူသို့ ပြန်လာခဲ့သည်။

မနက်ဖန်မှ ရင်ပြင်ကို ပြုပြင်သည့်အလုပ်များ ဆက်လက်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဒဏ်ရာများ သက်သာခါစရှိသေးသည့်အတွက် အနားယူရဦးမည် ဖြစ်သည်။

မရဏဂူသို့မသွားခင် သူ့ကို စောင့်ကြည့်နေသူ ရှိ မရှိ တစ်ချက်အကဲခတ်လိုက်သည်။

မြောက်ရှိုးကတော့ ကြွသွားပြီ ဖြစ်၏။

သို့သော်… နတ်လူသားမျိုးနွယ် အကြီးအကဲ (၃)ယောက်ကတော့ အသက်ရှင်နေသေးသည်။

မြောက်ရှိုးက သူ့ကို သတ်ဖြတ်ရန် ပုန်းအောင်းချောင်းမြောင်းနေသည်ကို ထို အကြီးအကဲ (၃)ယောက် သိရှိမည်အမှန်ပင်…။

လောလောဆယ်တော့ သူ့ကိုစောင့်ကြည့်နေသူ မရှိကြောင်း သိရတာ့မှ ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။

ဒဏ်ရာများ အပြည့်အ၀ ပြန်လည်သက်သာလာစေရန်အတွက် ကျင့်ကြံရန် လိုအပ်သည်။

ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်လိုက်သည်။

သို့သော်… ပန်းချီကားကိုဖွင့်လိုက်သည်နှင့် ကျန်းလန် အံ့သြမှင်တက်သွားရသည်။

“ဘာဖြစ်သွားတာလဲ…”

ပုံမှန်ဆိုလျှင်… ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားတွင် ကျောက်စိမ်းရေကန်မှ စွမ်းအားအနှစ်သာရများဖြင့် ပြည့်ဝနေတတ်သည်။

သူ အင်မော်တယ်တစ်ပါး ဖြစ်လာလျှင်တောင်မှ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက ကျင့်ကြံခြင်းအတွက် အသုံးဝင်နေဦးမည် ဖြစ်သည်။

သို့သော်… ယခုတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက စွမ်းအားအနှစ်သာရများ ကင်းမဲ့လျှက် ရှိသည်။

“ကျောက်စိမ်းရေကန်မှာ တစ်ခုခုများ ပြဿနာဖြစ်လို့လား…”

ကျန်းလန် တွေးလိုက်သည်။

ပန်းချီကားကို သေသေချာချာ ကြည့်လိုက်သည့်အခါ ရေကန်နံဘေးတွင် အားနည်းဖျော့တော့စွာ လဲလျောင်းနေသည့် နဂါးဖြူလေးလုန်ယွိကို တွေ့လိုက်ရသည်။

“ပြဿနာက လုန်ယွိ ဖြစ်မယ်ထင်တယ်… ဒါပေမဲ့… သူ ဘာပြဿနာဖြစ်မှန်း ငါလည်း မသိနိုင်ဘူး…”

လုန်ယွိကို သွားမေးရန်မှာလည်း ကျန်းလန်အတွက် မဖြစ်နိုင်ပေ။

နောက်ဆုံးတော့… ကျန်းလန် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ပြန်ပိတ်လိုက်ပြီး စနစ်မှရရှိထားသည့် ပြဒါးဆေးတစ်လုံးကို သောက်လိုက်သည်။

ထို့နောက်… ကျင့်ကြံခြင်း စတင်ပြုလုပ်တော့၏။

နောက်တစ်နေ့…

အခြားအလုပ်များမလုပ်မီ ကျန်းလန် စနစ်တွင် အရင်ဆုံး မှတ်ပုံတင်လိုက်သည်။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ဆေးလုံးတစ်မျိုးဖြစ်တဲ့ အာကာသဝိညာဉ်ဆေးလုံးကို ရရှိပါတယ်…]

[ အာကာသဝိညာဉ်ဆေးလုံး : အဆင့်မြင့်အဆင့်ဆေးလုံး ၊ ဝိညာဉ်အားဖြည့်ရန် ရည်ရွယ်ပါတယ်… ၊ မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ကျင့်ကြံခြင်းမြင့်တက်လာစေရန် အသုံးပြုနိုင်တယ်…]

အာကာသဝိညာဉ်ဆေးလုံးဆိုသည်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူများ အသုံးများသည့် ဆေးတစ်မျိုး ဖြစ်၏။

စနစ်တွင် မှတ်ပုံတင်ခြင်းအားဖြင့် မန္တန်များ ၊ မှော်ဝင်ပစ္စည်းများနှင့် အင်းသင်္ကေတများ ရံဖန်ရံခါ ရရှိတတ်ပြီး အများစုရရှိသည်ကတော့ ကျင့်ကြံခြင်းအဆင့်အလိုက် ဆေးလုံးများ ဖြစ်လေသည်။

“အချိန်ရမှ ထူးခြားတဲ့တစ်နေရာလောက် ရှာဖွေပြီး စနစ်မှတ်ပုံတင်ရမယ်… ၊ ဒါဆို အခုရတာတွေနဲ့ မတူတာတစ်ခုလောက်တော့ ရနိုင်မယ်ထင်တယ်…”

ကျန်းလန်တွေးလိုက်သည်။

“ကျောက်စိမ်းရေကန်ကိုသာသွားနိုင်ရင် ကောင်းတာလေးတွေ ရချင်ရမှာ…”

ကျောက်စိမ်းရေကန်သို့ နောက်တစ်ကြိမ်သွားရောက်ပြီး စနစ်တွင်မှတ်ပုံတင်နိုင်လျှင် အတော်လေးကောင်းမွန်သည့် ပစ္စည်းများရရှိနိုင်မည်ဟု ကျန်းလန် တွေးမိသည်။

သို့သော်… လောလောဆယ်တွင်တော့ ကျောက်စိမ်းရေကန်သို့သွားရန် မဖြစ်နိုင်သေးပေ။

သူ့အနေဖြင့် တန်ခိုးစွမ်းအား မြင့်မားလာစေရန် ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သည်။

နတ်လူသားမျိုးနွယ်များကလည်း သူ့ကို ပစ်မှတ်ထားနေလေရာ သူ့အနေဖြင့် ပေါ့ပေါ့ဆဆနေလို့ မဖြစ်ပေ။

သူ့တွင် တန်ခိုးစွမ်းအားပြည့်ဝနေပါမှ သူ့ကိုယ်သူ ကာကွယ်နိုင်မည် ဖြစ်သည်။

သို့သော်… တစ်စုံတစ်ယောက် သူ့ကို စောင့်ကြည့်နေသည့် ခံစားချက်မျိုးကိုတော့ ကျန်းလန် တစ်ညလုံး မခံစားခဲ့ရပေ။

ဖြစ်နိုင်ချေ (၂)ခု ရှိလေ၏။

ပထမအချက်မှာ… နတ်လူသားမျိုးနွယ်များက သူ့ကို ပစ်မှတ်မထားတော့ခြင်း ဖြစ်နိုင်သည်။

ဒုတိယအချက်မှာ… နတ်လူသားမျိုးနွယ်များက သူ့ကို စောင့်ကြည့်နေခြင်း မပြုလုပ်ဘဲ တမင်သက်သက် လွှတ်ပေးထားခြင်း ဖြစ်နိုင်သည်။

ဒုတိယအချက်က ဖြစ်နိုင်ချေပိုများသည်။

နတ်လူသားမျိုးနွယ်များ နောက်ထပ် မည်သည့်ခြေလှမ်း လှမ်းမည်ကို ကျန်းလန် မသိရှိပေ။

သို့သော်… လောလောဆယ်တွင် သူက ခွန်လွန်တောင်အပြင်ဘက်သို့ ထွက်ခွာမည်မဟုတ်လေရာ စိတ်ပူပန်စရာ မလိုပေ။

ခွန်လွန်တောင်၏ အကာအကွယ်အောက်တွင် ရှိနေသရွေ့ သူလည်း အန္တရယ်ကင်းနေမည် ဖြစ်သည်။

ထို့ကြောင့်… အင်မော်တယ်မဖြစ်မချင်း ခွန်လွန်တောင်မှ တစ်ဖဝါးမှ မခွာရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင်… နတ်လူသားမျိုးနွယ်များအကြောင်းကိုလည်း ပိုမိုသိရှိရန် လေ့လာရမည် ဖြစ်သည်။

ရန်သူ၏အကြောင်းကို သိရှိနေမှသာ ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ကိုယ့်ဘက်မှ အသာစီးရမည် ဖြစ်၏။

ထို့နောက်… ကျန်းလန် မရဏဂူထဲမှ ရင်ပြင်ဆီသို့ ထွက်ခွာလာခဲ့သည်။

သို့သော်… ရင်ပြင်ဆီသို့ ရောက်သည်နှင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားရသည်။

ရင်ပြင်က အလိုလို ပြန်ကောင်းသွားသောကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ပေ။

ရင်ပြင်ထက်ရှိ လေထုထဲသို့ အပြာရောင်ရေပုလဲတစ်လုံး လွင့်မျောရောက်ရှိနေသောကြောင့် ဖြစ်သည်။

အပြာရောင်ရေပုလဲ၏နောက်ဘက်မှ အပြာနုရောင် အလင်းအမြီးတန်းလေးကို ကြည့်ခြင်းအားဖြင့် ရေပုလဲက ခွန်လွန်တောင်အနောက်ဘက်မှ ရောက်ရှိလာဟန် ရှိသည်။

“ဒီရေပုလဲက ကျောက်စိမ်းရေကန်က ရောက်လာတာလား…”

ကျန်းလန် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက်… လက်ဖဝါးကို အသာဖြန့်လိုက်ပြီး ဝိညာဉ်စကားမန္တန်ကိုအသုံးပြုကာ…

“လာစမ်း…”

ဟု ပြောလိုက်၏။

စကားသံဆုံးသွားသည်နှင့် ရေပုလဲက ကျန်းလန်၏ လက်ဖဝါးထက်သို့ ညင်ညင်သာသာ ကျရောက်လာသည်။

“ကျောက်စိမ်းရေကန်ရဲ့ စွမ်းအားအနှစ်သာရတွေ ပေါင်းစည်းထားတဲ့ ရေပုလဲပဲ…”

ကျန်းလန် ရေရွတ်လိုက်သည်။

ဤရေပုလဲက ကျောက်စိမ်းရေကန်နတ်ဘုရားမ”လုန်ယွိ” ပြုလုပ်ပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။ သို့သော်…  နဝမတောင်ထွတ်သို့ အဘယ့်ကြောင့် ရောက်ရှိလာရပါသနည်း။

လုန်ယွိက သူ့အတွက် ပေးပို့လိုက်ခြင်းများလား…။

“ဒါဆို လုန်ယွိက စွမ်းအားအနှစ်သာရတွေ စုစည်းပြီး ရေပုလဲ ပြုလုပ်လိုက်လို့ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက စွမ်းအားအနှစ်သာရတွေ ပျောက်ကွယ်သွားတာဖြစ်မယ်… ၊ အရင်တစ်ခေါက်ကလည်း အဲဒီလိုဖြစ်ဖူးတာပဲ…”

ကျန်းလန် တွေးလိုက်သည်။

ယခင်ကလည်း လုန်ယွိက သူ့ကို ရေပုလဲတစ်လုံး လက်ဆောင်ပေးဖူးသည်။

ထိုစဉ်ကလည်း… ကျောက်စိမ်းရေပန်နတ်ဘုရားမပန်းချီကားမှ စွမ်းအားများ ထွက်ပေါ်လာခြင်းမရှိတော့ဘဲ အသုံးပြု၍မရ ဖြစ်ခဲ့ရသည်။

ယခုလည်း… လုန်ယွိက နောက်ထပ် ရေပုလဲတစ်လုံး ထပ်မံပြုလုပ်လိုက်သည့်အခါ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကား အသုံးပြု၍မရ ဖြစ်ရပြန်သည်။

အပြာရောင်ရေပုလဲနှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားက ဆက်စပ်နေဟန် ရှိ၏။

ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား၏ အားနည်းချက်ကို မထင်မှတ်ဘဲ ကျန်းလန် သိလိုက်ရသည်။

ယင်းမှာ လုန်ယွိက ရေပုလဲတစ်လုံး ပြုလုုပ်လိုက်သည်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားမှ အနှစ်သာရစွမ်းအားများ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။

ထိုသို့ဆိုလျှင်…  ကျောက်စိမ်းရေကန် နတ်ဘုရားမ ပန်းချီကားကို အချိန်တစ်ခုအထိ အသုံးပြုနိုင်မည် မဟုတ်တော့ပေ။

ကျန်းလန် အဖြေကို သိရှိသွားပြီးနောက် ရေပုလဲကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။

လုန်ယွိက သူ့ကို အဘယ့်ကြောင့် ရေပုလဲတစ်လုံး ထပ်ပြီး လက်ဆောင်ပေးရပါသနည်း…။

ခဏမျှ စဉ်းစားကြည့်ပြီးနောက် ကျန်းလန် သဘောပေါက်သွားသည်။

မြောက်ရှိုး၏ အဓိကရည်ရွယ်ချက်က လုန်ယွိကို စိန်ခေါ်ရန် ဖြစ်သည်။

သို့သော်… နဂါးမျိုးနွယ်ဖြစ်သည့် လုန်ယွိက ကျင့်ကြံခြင်းအဆင့် အလျှင်အမြန် မြင့်တက်သွားသည့်အခါ အားနည်းသည့် အခြေအနေသို့ ရုတ်တရက် ရောက်ရှိသွားသည်။

ထို့ကြောင့်… သူမအနေဖြင့် မြောက်ရှိုးကို မည်သည့်နည်းနှင့်မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထို့ပြင်… ကျောက်စိမ်းရေကန် နတ်ဘုရားမက ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့လျှင် ခွန်လွန်တောင်လည်း သိသိသာသာ သိက္ခာကျဆင်းပေလိမ့်မည်။

သို့သော်… အခက်အခဲများအားလုံးက ကျန်းလန်ကြောင့် ပြေလည်သွားခဲ့သည်။

ကျန်းလန် မည်သို့သဘောထားသည် မသိသော်လည်း လုန်ယွိကတော့ ကျန်းလန်ကို ကျေးဇူးတုန့်ပြန်ရန် ရည်ရွယ်ခဲ့ဟန်တူသည်။

ထို့ကြောင့်… သူမက ကျန်းလန်ကို အပြာရောင်ရေပုလဲတစ်လုံး ထပ်မံလက်ဆောင်ပေးလိုက်ခြင်း ဖြစ်၏။

လုန်ယွိ ပေးသည့်လက်ဆောင်ကို ကျန်းလန် ငြင်းစရာအကြောင်းမရှိပေ။

သူ ချက်ချင်းပင် ရေပုလဲကို သိမ်းဆည်းလိုက်၏။

ရေပုလဲအကူအညီဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာ မြင့်တက်လာနိုင်သည်။

မရဏအခိုးအငွေ့များ ၊ ပြဒါးဆေးလုံးများနှင့် အပြာရောင်ရေပုလဲတို့ ပေါင်းစပ်လိုက်လျှင် သူ့အနေဖြင့် ဆက်လက်ကျင့်ကြံရန် ရင်းမြစ်ပစ္စည်းများ လုံလောက်သွားပြီ ဖြစ်သည်။

ဤသည်က… သူ့ကို အင်မော်တယ်ဖြစ်လာသည်အထိ တွန်းပို့ပေးနိုင်ပေသည်။

အခြေအနေများအားလုံးကို နားလည်သွားပြီးနောက် ကျန်းလန် ရင်ပြင်ကို ပြုပြင်သည့်အလုပ်ကို စတင် ပြုလုပ်တော့သည်။

သူက မနေ့က အရောင်တင်ထားသည့် ကျောက်တုံးများကို ပုံသဏ္ဍန်အမျိုးမျိုးရရှိရန် မန္တန်တစ်ခုကို အသုံးပြုကာ ဖြတ်တောက်လိုက်သည်။

အမှန်တော့… ကောင်းကင်လှေကားကို အဆုံးထိတက်ရောက်ခြင်းက ကျန်းလန်၏ စိတ်စွမ်းအားကို အနည်းငယ် ထိခိုက်သွားစေသည်။ ယခုအချိန်ထိ အပြည့်အ၀ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။

ထို့ကြောင့်… ယခုလို အလုပ်များလုပ်နေခြင်းက စိတ်ကို ပိုမိုတည်ငြိမ်စေမည် ဖြစ်သည်။

ကျန်းလန်က ရင်ပြင်ကိုပြုပြင်ရင်း ကျောက်တုံးများတွင် အင်းသင်္ကေတများသာမက အစီအရင်များပါ ထည့်သွင်းရန် စဉ်းစားလိုက်သည်။

သူက အစီအရင်ပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ မဟုတ်ပေ။

သို့သော်… တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်သည့် အစီအရင် တစ်ခု ၊ နှစ်ခုကိုတော့ သိရှိထားသည်။

တန်ခိုးစွမ်းအားများကို ခုခံရန်မှာ ပိတ်ဆို့ခြင်းထက် လမ်းလွှဲခြင်းက ပိုမိုကောင်းမွန်သည်။ ထို့ကြောင့်… သူက လမ်းလွှဲခြင်းအစီအရင်ကို အသုံးပြုလိုက်သည်။

ရင်ပြင်ထက်သို့ ကျရောက်လာသည့် တန်ခိုးစွမ်းအားများကို ကျောက်တုံး ၊ ကျောက်ပြားများက စုပ်ယူပြီး အခြားနေရာတစ်ခုသို့ လမ်းလွှဲပေးမည် ဖြစ်သည်။

ထို့နောက်… အတွေးများကို ရပ်တန့်ကာ ကျန်းလန် အလုပ်စလုပ်တော့သည်။

ထိုသို့ဖြင့်… အချိန် (၅)ရက် ကုန်ဆုံးသွား၏။

နဝမတောင်ထွတ်၏ ရင်ပြင်တစ်ခုလုံးလည်း အကောင်းပကတိအတိုင်း ပြုပြင်ပြီးသွားပြီ ဖြစ်သည်။

ကျန်းလန်က သူကိုယ်တိုင်ပြုပြင်ထားသည့် ရင်ပြင်ထက်တွင် မတ်တတ်ရပ်ရင်း စစ်ဆေးမှုပြုလိုက်သည်။

“တိုက်ခိုက်မှုစွမ်းအားတွေ စုပြုံကျလာရင်တော့ ခံနိုင်ရည် မရှိလောက်သေးဘူး… ၊ ပေါက်ကွဲသွားနိုင်တယ်… ၊ ဒီတော့ တန်ခိုးစွမ်းအားစုပ်ယူတဲ့ အစီအရင်တစ်မျိုးကို ထပ်ပေါင်းထည့်သင့်တယ်…”

ထို့နောက်… ကျန်းလန်က ရင်ပြင်ထက်မှ ကျောက်တုံး ၊ ကျောက်ပြားများအတွင်းသို့ တိုက်ခိုက်ခြင်းနှင့်ခုခံခြင်း အစီအရင်များ ထပ်မံထည့်သွင်းလိုက်သည်။

ကျန်းလန်၏ အစီအရင်ပညာ မကျွမ်းကျင်မှုကြောင့် သေးငယ်သည့်အစီအရင်လေးများကိုသာ ထည့်သွင်းနိုင်ခဲ့သည်။

အစီအရင်ပညာကို ထပ်မံလေ့လာပြီးမှ ပိုမိုကောင်းမွန်သည့်အစီအရင်များကို ဖြည်းဖြည်းချင်း ထည့်သွင်းပေးသွားရန် ကျန်းလန် ဆုံးဖြတ်လိုက်၏။


Comment

Leave a Reply


Options

not work with dark mode
Reset