Switch Mode

အခန်း ( ၃၅ )

အသီးအရွက်ကျောင်းသားခေါင်းဆောင်ကျန့်လျန်

မှော်ဆေးရည်ဌာန အသီးအရွက်ခန်းမ၏ ကျောင်းသားခေါင်းဆောင် ကျန့်လျန်မှာ တတိယနှစ်ကျောင်းသား တစ်ယောက် ဖြစ်သည်။ သူသည် ဓါးရှည်ကဲ့သို့ သွယ်တန်းနေသော မျက်ခုံးနှစ်သွယ်နှင့် ကြယ်နှစ်စင်းကဲ့သို့ မျက်လုံးတောက်တောက်လေးများနှင့် လူချောတစ်ယောက် ဖြစ်သည်။ သူ့ဆီမှ တည်ကြည်သည့် အရှိန်အဝါမျိုး ခံစားရသည်။ ရောက်လာစဥ်က အပြုံးနုနုလေး ရှိနေသော်လည်း ဝမ်ပေါင်လဲ့နှင့် သူ့ဘေးတွင် ဝိုင်းရံနေသော ကောင်မလေးများကို တွေ့လိုက်ရသောအခါ မျက်နှာ အမူအရာမှာ ကသိကအောက် ဖြစ်သွားသည်။

ထိုအခိုက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဝိညာဥ်ကျောက်တုံးနှင့် သဏ္ဌာန်တူသည့် တောက်ပမှုတစ်မျိုး ထုတ်လွှတ်နေသည့်အလား ထင်မှတ်ရသည်။ ထို့ပြင် မိန်းကလေးများ၏ စိတ်အားထက်သန် တက်ကြွနေမှုကြောင့် ကျန့်လျန်၏ အပြုံးမှာ ခပ်မဲ့မဲ့ ဖြစ်သွားရသည်။ အခြားဌာနမှ လူတစ်ယောက်က သူ့ဌာနသို့ လာကာ မိန်းကလေးများနှင့် အကြည်ဆိုက်နေသည်ကို တွေ့လိုက်ရသောကြောင့် ကျန့်လျန်မှာ အောင့်သက်သက် ဖြစ်သွားရသည်။

သို့ရာတွင် သူသည် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်လေရကား ထိုအတွေးများကို ခေါင်းထဲမှ အမြန်ထုတ်ပြီး ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။

“ ညီလေးက ပေါင်လဲ့လား။ အစ်ကိုက မှော်ဆေးရည်ဌာနက ကျန့်လျန်ပါ ”
ကျန့်လျန်က ပြုံးကာ လျှောက်လာရင်း နွေးထွေးဖော်ရွေပုံ ဖမ်းထားသည်။ သူ့နောက်မှ လိုက်လာသော ကျောင်းသား ခုနစ်ယောက်၊ ရှစ်ယောက်မှာ ရင်ထဲမှ အောင့်သီးအောင့်သက် ခံစားချက်ကို သည်းခံကာ ဝမ်ပေါင်လဲ့ကို နှုတ်ဆက်လိုက်ကြသည်။ တချိန်တည်းမှာပင် ယခုရက်ပိုင်းအတွင်း အလွန် နာမည်ကြီးနေသူ ဖြစ်သောကြောင့် မသိမသာ အကဲခတ်လိုက်ကြသေးသည်။ သူတို့ပင် ဝမ်ပေါင်လဲ့၏ စွန့်စားခန်းများကို အာရုံစိုက် သတိထားမိနေကြသည်။

“ နှုတ်ဆက်ပါတယ်၊ အစ်ကိုကျန့် ”
ဝမ်ပေါင်လဲ့က ကျန့်လျန်ကို သတိပြုမိသွားပြီး ဈေးသည်များနားမှ နောက်ဆုတ်လိုက်သည်။ ရှေ့တိုးကာ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။ စကားပြောရင်းမှ အင်္ကျီလက်ကို လှုပ်ကာ ကိုးဆယ်ရာခိုင်နှုန်း သန့်စင်သည့် ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထုတ်ကာ လှမ်းပေးလိုက်သည်။

“ အစ်ကိုကျန့်၊ ကျွန်တော်က မှော်ဆေးရည်ပညာ လေ့လာကြသူတွေကို အမြဲတမ်း လေးစားအားကျနေခဲ့တာ၊ ကျွန်တော် ဒီကို ပထမဆုံး အလည်လာတာဆိုတော့ လက်ဆောင်လေး သေချာပြင်ခဲ့ရမှာပေမဲ့ အရေးတကြီး ဖြစ်နေလို့ ကျွန်တော်ကိုယ်တိုင် သန့်စင်ထားတဲ့ ဒီဝိညာဥ်ကျောက်တုံးလေးကို လက်ခံပေးပါလို့ တောင်းပန်ပါတယ် ”
ဝမ်ပေါင်လဲ့က ဝိညာဥ်ကျောက်တုံးကို ကျန့်လျန်လက်ထဲသို့ ရယ်ကာမောကာဖြင့် ထည့်လိုက်သည်။

ထိုဝိညာဥ်ကျောက်တုံးမှာ မှတ်ဉာဏ်ကြည်လင်ဆေးအတွက် ကျေးဇူးတုံ့ပြန်သည့် သဘောမျိုးဖြင့် ပေးခြင်းဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင် သန့်စင်ထားသည်ကို တမင်တကာ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် ကျန့်လျန်၏ အပြုံးမှာ ပါးစပ် နားရွက်တက်ချိတ်လု နီးနီး ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့၏ ဝိညာဥ်ကျောက်တုံးကို ဟန်ဆောင်ပန်ဆောင် ငြင်းမနေတော့ဘဲ သိမ်းလိုက်ပြီး ပုလင်းတစ်လုံး ထုတ်ပေးလိုက်သည်။

“ ညီလေး ပေါင်လဲ့၊ အထဲမှာ အစ်ကို သန့်စင်ထားတဲ့ ဝိညာဥ်ကြည်လင်ဆေးပါတယ်။ အဲဒီဆေးက စားလိုက်တဲ့လူရဲ့ စိတ်ကို ရှင်းလင်းပေးပြီးတော့ မှတ်သားရတာ ပိုလွယ်စေတယ်”

တစ်ယောက်က မိတ်ဖွဲ့ရန် ရည်ရွယ်ထားပြီး အခြားတစ်ယောက်ကလည်း ပါးပါးနပ်နပ်ရှိသဖြင့် နှစ်ယောက်သားမှာ မကြာမီ စကားလက်ဆုံကျသွားကာ ရယ်မောနေကြသည်။

ကျန့်လျန်နောက်မှ လိုက်လာသော ကျောင်းသားများမှာ အထက်ပါ မြင်ကွင်းကို တွေ့ပြီးနောက် တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့သည် ဝမ်‌ပေါင်လဲ့မှာ နာမည်ကြီးသည်နှင့် လျော်ညီစွာ နေတတ်ထိုင်တတ်သူ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။ အခြားသော ကဏ္ဍများတွင် လစ်ဟာမှုများ ရှိနေလျှင်ပင် လူမှုဆက်ဆံရေး ကောင်းလှသောကြောင့် တမူထူးခြားနေသူ ဖြစ်သည်။

ကျန့်လျန်က ‌‌ရှေ့မှ ဦးဆောင်ကာ နှစ်ယောက်သား ရှေ့ဆက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် သူတို့ကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြသည့် မှော်ဆေးရည်ဌာနမှ ကျောင်းသားများနှင့် ဆုံရသည်။

မကြာမီ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ပိုမို ရင်းနှီးလာကြသည်။ မှော်ဆေးရည်ဌာန၏ အဓိကနေရာများကို မိတ်ဆက်ပြီးနောက် ကျန့်လျန်က ဝမ်ပေါင်လဲ့ကို ‌ကျောင်းသားခေါင်းဆောင် အိမ်တော်သို့ ဖိတ်ခေါ်လိုက်သည်။

ဤကျောင်းသားခေါင်းဆောင် အိမ်တော်မှာ ဓမ္မလက်နက်ဌာနမှ အိမ်တော်နှင့် အနည်းငယ် ကွာခြားပေသည်။ အသိသာဆုံးမှာ ဝိညာဥ်ချီများ ပြည့်နှက်နေသည့် ဘေးပတ်ဝန်းကျင်မှ အပင်များ ဖြစ်သည်။ ဝမ်ပေါင်လဲ့အတွက် ထိုအပင်များမှာ လက်ဖျားခါရလောက်အောင် သဘောကျ အံ့ဩစရာ ကောင်းနေသည်။

ကျန့်လျန်က ရယ်မောကာ ရက်ရောစွာ ပေးလေသည်။ “ ညီလေး ပေါင်လဲ့၊ မင်း ကြိုက်ရင် အစေ့တချို့ကို လူလွှတ် ပို့ပေးလိုက်မယ်။ မင်းရဲ့ နတ်ဝိဇ္ဇာဂူဘေးမှာ အလှဆင်တဲ့သဘော စိုက်လို့ရတယ် ”

ဝမ်ပေါင်လဲ့က ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ့ရှေ့မှ ချောမောလှသည့် ကျန့်လန့်ကို ကြည့်ကာ သူတို့နှစ်ဦးမှာ အတော်လေး ကိုက်ညီသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ကိုးဆယ်ရာခိုင်နှုန်း သန့်စင်သည့် ဝိညာဥ်ကျောက်တုံး လေးတုံးကို ထုတ်ကာ ပေးလိုက်သည်။

ကျန့်လန့်က မြင်လျှင် မြင်ချင်း ဝမ်းပန်းတသာ ဖြစ်သွားလေသည်။ သူက ဂရုတစိုက် ယူလိုက်ကာ လက်နှစ်ဖက်ဆုပ်၍ ဝမ်ပေါင်လဲ့ကို ဦးညွှတ်လိုက်သည်။

“ ကျေးဇူးပါပဲ၊ ညီလေး ‌ပေါင်လဲ့ ”
သူ့အမူအရာမှာ စိတ်ရင်းနှင့် ပြောကြောင်း သိသာလှသည်။ သူသည် ကိုးဆယ်ရာခိုင်နှုန်းထိ သန့်စင်သည့် ဝိညာဥ်ကျောက်တုံးများကို အသည်းအသန် လိုအပ်နေသောကြောင့် ဝမ်ပေါင်လဲ့ကို မိတ်ဖွဲ့လိုခြင်း ဖြစ်သည်။ ဝမ်‌ပေါင်လဲ့ ဤမျှ ရက်ရောနေသောကြောင့် ဝမ်ပေါင်လဲ့ကို ပို၍ သဘောကျလာသည်။ သူက ဆေးပုလင်းနှစ်လုံးကို ထုတ်ကာ ဝမ်ပေါင်လဲ့ ရှေ့သို့ ချလိုက်သည်။

“ ညီလေးပေါင်လဲ့၊ ဒီထဲမှာ မှတ်ဉာဏ်ကြည်လင်ဆေး ငါးလုံးပါတယ်။ စိတ်မကောင်းစရာက ဒါက အစ်ကို့ဆီမှာ ရှိတာ အကုန်ပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းအတွက် ထပ်ဝယ်ပေးဖို့ စီစဥ်လိုက်မယ် ”

အသံလွှင့်လက်စွပ်မှတဆင့် ပြောစဥ်က သဘောတူညီချက်မှာ သူတို့သည် ဝိညာဥ်ကျောက်တုံးတစ်တုံးအတွက် ဆေးလုံးတစ်လုံးနှုန်းဖြင့် လဲလှယ်ကြရန် ဖြစ်သည်။ ဝမ်ပေါင်လဲ့က အပိုနှစ်လုံး ထပ်ထုတ်လိုက်သည်ကို တွေ့လိုက်ချိန်တွင် ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် ပြုံးကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဆေးလုံးများကို သိမ်းလိုက်သည်။ သူသည် ကျန့်လျန်နှင့် စကားဆက်ပြောရာ ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သော်လည်း စော‌စောမတွေ့ခဲ့ရသည်မှာ နှမြောစရာ ကောင်းလေခြင်းဟု တသသဖြစ်သည်အထိ အဆင်ပြေပျော်ရွှင်နေကြသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က ဆေးလုံးဖော်စပ် သန့်စင်ခြင်းကို စိတ်ဝင်စားကြောင်း သိပြီးနောက် ကျန့်လျန်က အချိန်ကြာကြာ ထပ်နေရန် ဖိတ်ခေါ်လိုက်သည်။

“ ညီလေး ပေါင်လဲ့၊ မင်း ပြန်ဖို့ အရေးတကြီး မဟုတ်ရင် ငါတို့ မှော်ဆေးရည်ဌာနရဲ့ မှော်ဆေးစမ်းသပ်ခန်းကို အလည်တစ်ခေါက် ခေါ်သွားမယ်လေ။ စမ်းသပ်ခန်းတွေက ဧရာမ အကြီးကြီးတွေဆိုတော့ လူပေါင်း ထောင်ချီပြီး တစ်နေရာတည်းမှာ ဆေးဖော်စပ်လို့ ရတယ်။ အထဲမှာ ရှုပ်ယှက်ခတ်နေပြီးတော့ များသောအားဖြင့် အပြင်လူတွေ ဝင်ခွင့်မပြုဘူး ”

ဝမ်ပေါင်လဲ့က အမှန်တကယ်ပင် မှော်ဆေးရည်ဖော်စပ်ခြင်းကို သိချင်စိတ်ရှိနေသည်။ သူက လိုလိုချင်ချင် သဘောတူလိုက်ပြီး ကျန့်လျန်က ဦးဆောင်ကာ မှော်ဆေးရည်ဌာန၏ နာမည်ကျော် မှော်ဆေးစမ်းသပ်ခန်းများသို့ ရောက်ရှိသွားလေသည်။ ၎င်းတို့မှာ မှော်ဆေးရည်တောင်ထိပ်၏ အတွင်းပိုင်းတွင် ရှိကာ အလွန်ကြီးမားကြသည်။ ဝင်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ လေပူကြီး လာဟပ်သည်ကို ခံစားလိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် နေရာကျယ်ကြီးထဲမှ အရာအားလုံးကို သူ တွေ့မြင်နိုင်သည်။

အထဲတွင် မှော်ဆေးပေါင်းဖိုများ ထောင်ချီရှိနေကာ မှော်ဆေးရည်ဌာန ကျောင်းသား အများအပြားက ဆေး‌ပေါင်းဖိုများဘေးတွင် ဆေးဖော်စပ်နေကြလေသည်။ ပတ်ပတ်လည်တွင် ဆေးနံ့များ ကြိုင်လှိုင်စွာ ထွက်နေသည့် အခန်းငယ်‌လေးများ ရှိသည်။

ထိုမြင်ကွင်းမှာ အလွန် ထူးကဲအံ့ဩစရာ ကောင်းလှသောကြောင့် စမ်းသပ်ခန်းထဲသို့ မျက်လုံးဝေ့ကြည့်လိုက်စဥ် ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“ ဘယ်လိုလဲ၊ မင်းတို့ရဲ့ ဓမ္မလက်နက်ဌာနက ဝိညာဥ်ဒယ်အိုးဂူနဲ့ ယှဥ်ရင် တော်တော်လေး ကွဲပြားတယ်မလား ”
ကျန့်လျန်က ဝမ်ပေါင်လဲ့ကို ဦး‌ဆောင်ခေါ်လာရင်း ရယ်မောကာ ပြောလိုက်သည်။ ဘေးမှ ကျောင်းသားများက သူ့ကို မြင်သောအခါ ချက်ချင်းပင် တလေးတစား နှုတ်ဆက်ကြလေသည်။

ဝမ်ပေါင်လဲ့မှာ တအံ့တဩ ရေရွတ်လိုက်သည်။
“ အရင်တုန်းက ဆေးဖော်စပ်တာက လက်နက်သန့်စင်တာနဲ့ ဆင်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ ကွာခြားချက် ကြီးကြီး ရှိပုံပဲ ”

သူသည် ဓမ္မလက်နက်ဌာနမှ ဝိညာဥ်ဒယ်အိုးဂူသို့လည်း မ‌ရောက်ဖူးသေးသည့်တိုင် ကြားဖူးထားသည်။ စည်းကမ်းများအရ ဝိညာဥ်အမြုတေများ လေ့လာရာတွင် အဆင့်တစ်ခုထိ ရောက်နေသည့် အတန်းကြီး ကျောင်းသားများကိုသာ ဝင်ခွင့်ပေးထားသည့် နေရာတစ်ခု ဖြစ်သည်။ ထိုဂူထဲတွင် ပါဝင်ပစ္စည်းများ ပေါင်းစပ်ခြင်းနှင့် အဆင့်သတ်မှတ်မထားသည့် လွယ်လွယ်ကူကူ ဓမ္မလက်နက်များ ဖန်တီးရာတွင် အခြေခံ အတွေ့အကြုံ ရနိုင်သည်။

ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်ကို တအံ့တဩ လိုက်ကြည့်နေစဥ် သူ့အကြည့်မှာ တစ်နေရာတွင် ရပ်သွားလေသည်။ သူသည် လူတစ်စုကြားထဲမှ ကောင်မလေး တစ်ယောက်ကို တွေ့လိုက်သည်။ သူမသည် ချွေးများကို သုတ်ကာ ရှေ့မှ မှော်ဆေးပေါင်းဖို အဖုံးကို ဖွင့်ရင်း ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ သူမသည် ပျော်ရွှင်မှုကြောင့် ထအော်လိုက်သည်။

“ ဘန်နီလေးပါလား ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး နှုတ်ဆက်ရန် လက်ကို မြှောက်လိုက်သည်။

“ ကျိုးရှောင်ရ”

ဘန်နီလေးသည် ဆေးပေါင်းဖိုအဖုံးကို ဖွင့်ကာ သူမကိုယ်တိုင် သန့်စင်ထားသည့် အထဲမှ ဆေးလုံးများကို ပျော်ရွှင်စွာ ကြည့်နေသည်။ ဆေးလုံးများကို ဂရုတစိုက် ထုတ်ယူနေစဥ် သူမကို တစ်စုံတစ်ယောက် ခေါ်လိုက်သံကြောင့်‌ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။ မကြာမီပင် သူမကို လက်ပြနေသော ဝမ်ပေါင်လဲ့ကို တွေ့လျှင် ချက်ချင်းပင် အံ့ဩဝမ်းသာသွားပုံပေါ်လေသည်။

“ ပေါင်လဲ့ ”
ဘန်နီလေးမှာ မျက်လုံးများ ဝင်းလက်တောက်ပကာ အရည်လဲ့နေသည်။ သူမ၏ ကျေနပ်နေသော စိတ်ခံစားချက်မှာ ဝမ်ပေါင်လဲ့ကို တွေ့ပြီးနောက် ပျော်ရွှင်သွားပြီး ဝမ်ပေါင်လဲ့ရှေ့သို့ အပြေးလှမ်းလာသည်။

“ ကျိုးရှောင်ရ … ညီလေး ပေါင်လဲ့၊ မင်း တာအိုကျောင်းကို စတက်တုန်းက ဝိညာဥ်ကွန်ယက်ပေါ်မှာ ဖွင့်ပြောထားဖူးတာ မှတ်မိတယ်နော် ”
ကျန့်လျန်က ကျိုးရှောင်ရကို ဝေ့ကြည့်လိုက်ပြီး ဝမ်ပေါင်လဲ့ကို စလိုက်သည်။ တချိန်တည်းမှာပင် သူသည် ကျိုးရှောင်ရနာမည်ကို မှတ်ထားကာ သူ့လက်အောက်ငယ်သားများကို ဂရုစိုက်ခိုင်းရန် စိတ်ကူးလိုက်သည်။

ကျန့်လျန်မှာ ယခင်က အကြောင်းအရာများကို ထုတ်ပြောနေသော်လည်း မျက်နှာပြောင်ပြီး အရေထူသော ဝမ်ပေါင်လဲ့က တဟားဟား ရယ်ကာ ဟာသလုပ်ပစ်လိုက်သည်။ သို့သော်ငြား ကျိုးရှောင်ရမှာ အရှက်သည်းသူဖြစ်ရာ ချက်ချင်းပင် မျက်နှာများ နီရဲတက်လာသည်။ ခေါင်းငုံ့ထားရာမှ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး မော့ကြည့်လိုက်သည်။ သူမက လက်သေးသေးလေးကို ဆန့်ထုတ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ ပေါင်လဲ့၊ ငါ အခု ဆေးလုံးတွေ ဖော်စပ် သန့်စင်နိုင်ပြီ။ ကြည့်ဦး၊ ဒါ ငါ ခုလေးတင် သန့်စင်လိုက်တဲ့ သက်တံ့ဆေးလုံးလေ၊ လှတယ်မလား ”

ကျိုးရှောင်ရမှာ သူမ၏ ပျော်ရွှင်မှုကို ဝမ်ပေါင်လဲ့အား မျှဝေချင်သည့်အလား အလွန်တက်ကြွနေသည်။ သူမ၏လက်ဖဝါးထက်တွင် သူမနှင့်အပြိုင် လှနေသော အရောင်စုံ‌ဆေးလုံးလေးကို တွေ့ရသည်။

“ ရှောင်ရရယ်၊ ငါကတော့ မင်းလက်ကလေးတွေက ပိုလှတယ် ထင်တာပဲ ”
ဝမ်ပေါင်လဲ့က ပြုံးစစ ပြောလိုက်သည်။

ဘန်နီလေးမှာ ဝမ်ပေါင်လဲ့ကို မျက်လုံးပြူး ကြည့်ကာ ရှက်သွားလေသည်။ သို့သော် စိတ်ထဲတွင်တော့ ကြိတ်ကာ သဘောကျ ကျေနပ်နေသည်။

“ ဒါနဲ့ တုမင်ရော ”
ဝမ်ပေါင်လဲ့က ဘန်နီလေးကို တွေ့ပြီးနောက် တုမင်ကို သတိရသွားသည်။ လှည့်ပတ်ကြည့်သော်လည်း လူများလွန်းသောကြောင့် အတိအကျ ရှာမတွေ့ပေ။

“ အစ်မတုမင်က ဒီမှာ မရဘူး။ သူက အရမ်းတော်တာပဲ။ မှော်ဆေးရည်ဌာနမှူးက တပည့်အနေနဲ့ ခေါ်ထားတယ် ”
ဘန်နီလေးသည် အားကျဟန်ရှိသော်လည်း ကျေနပ်ပီတိဖြစ်နေပုံပေါ်သည်။ တုမင်‌ တော်လာသည်နှင့်အမျှ သူမ ပိုပျော်ရသည်။

“ အဲဒီလောက်ကို တော်တာလား ”
ဝမ်ပေါင်လဲ့မှာ အံ့ဩသွားသည်။

“ ညီလေး ပေါင်လဲ့၊ မင်းက တုမင်လည်း သိတာပဲလား”
ကျန့်လျန်က တုမင်နာမည်ကို ကြားသောအခါ အံ့ဩတကြီး ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့က သူ့အား ပြန်ကြည့်နေသည်ကို သတိထားမိသောအခါ သေချာ ရှင်းပြလိုက်သည်။

“ အဲဒီတုမင်က တော်တော်လေး ပြောစမှတ်ပြုရလောက်အောင် တော်တဲ့သူလေ။ သူ့ရဲ့ မှော်ဆေးရည်ပညာရပ်က လက်ဖျားခါရလောက်တယ်။ အစ်ကိုတို့ ဌာနမှူးက တပည့်အနေနဲ့ ခေါ်ထားတာ။ သူက ကျောင်းသားခေါင်းဆောင် မဟုတ်ပေမဲ့ သူ့ အဆင့်နဲ့ ဂုဏ်သတင်းကလည်း မသေးဘူး”

ဝမ်ပေါင်လဲ့က နေရခက်ကာ နှာခေါင်းကို ပွတ်လိုက်သည်။ သူ၏ ကျောင်းသားခေါင်းဆောင် ရာထူးကို တုမင်ရှေ့တွင် မကြွားရသေးမီ အကြွားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် တုမင် ငယ်စဥ်ကတည်းက တွေ့ကြုံခဲ့ရသည်များကို ပြန်လည်အမှတ်ရချိန်တွင် ဝမ်ပေါင်လဲ့က နားလည်ပေးနိုင်သွားသည်။

“ သူက အဆင့်တစ် ကျောင်းသားပဲ၊ ငယ်ငယ်တည်းက နံပါတ်တစ် ဖြစ်ခဲ့တာ ”
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ကြိတ်၍ အောင့်သက်သက် ဖြစ်သွားသော်လည်း သူ့အနေဖြင့် ပိုကြိုးစားရန် လိုနေသည်ဟု ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ပါက တုမင်သာ သူ့ကို ကျောသွားလျှင် ရှက်စရာ ဖြစ်ပေမည်။

ဘန်နီလေးသည် ဝမ်ပေါင်လဲ့နှင့် စကားစမြည်ပြောပြီးနောက် အခြားသော ဆေးပေါင်းဖိုထဲမှ ဆေးများကို ပြီးဆုံးအောင် သန့်စင်ရဦးမည်ဖြစ်ရာ သူ့ကို နှုတ်ဆက်စကား မဆိုချင်သေး‌သော်လည်း နှုတ်ဆက်လိုက်ရသည်။

ဝမ်ပေါင်လဲ့က မပြန်သေးခင် တခဏမျှ ဟိုဟိုသည်သည် ကြည့်လိုက်သေးသည်။ ထို့နောက် ကျန့်လျန်က လိုက်ပို့ပြီး မှော်ဆေးရည်တောင်ထိပ် ဝင်ပေါက်နားသို့ လျှောက်လာခဲ့ကြသည်။

ဝမ်ပေါင်လဲ့ကို လိုက်ပို့ပြီးနောက် ကျန့်လျန်က သူ့ကို ကြည့်ကာ ရုတ်တရက် တီးတိုးပြောလိုက်သည်။
“ ညီလေး ‌ပေါင်လဲ့၊ ငါတို့တွေ တော်တော်လေး ပေါင်းရသင်းရ အဆင်ပြေလို့ ပြောတာ၊ ငါက အခုမှ တွေ့ဖူးတဲ့လူတစ်ယောက်ကို အများကြီး ပြောတယ်လို့ ထင်စရာပေမဲ့ သတိတော့ ပေးရလိမ့်မယ်။ မင်းတို့ ဓမ္မလက်နက်ဌာနက တော်တော်လေး ရှုပ်တယ် ”

ဝမ်ပေါင်လဲ့က ဂရုတစိုက် နားထောင်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ ကျန့်လျန်က ဝမ်ပေါင်လဲ့၏ အမူအရာကို သတိထားမိကာ အသံတိုးတိုးနှင့် ဆက်ပြောလေသည်။ “ သေချာပြောရရင် မင်းတို့ ဓမ္မလက်နက်ဌာနရဲ့ ကျောင်းသားခေါင်းဆောင် သုံးယောက်က ကျန်တဲ့ ဌာနက ကျောင်းသားခေါင်းဆောင်တွေနဲ့ မတူဘူး။ အတော်လေး စည်းလုံးကြတာ ”

“ သူတို့ ဒုပါမောက္ခနဲ့ ရင်းနှီးလို့လည်း ပါတယ်။ အဲဒါကြောင့် မင်းတို့ ဓမ္မလက်နက်ဌာနမှူးက ကျောင်းစည်းကမ်းနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ အခွင့်အာဏာ လုံးဝ မရှိသလောက်ပဲ ”

“ နောက်ပြီး မင်းတို့ ဓမ္မလက်နက်ဌာန ကျောင်းသားခေါင်းဆောင် သုံးယောက် စည်းလုံးကြတာက ဝိညာဥ်အမြုတေ ကျောင်းသားခေါင်းဆောင် လင်းတျန်ဟောက်နဲ့လည်း အဓိက သက်ဆိုင်တယ်။ သူ့မှာ နောက်ခံအကောင်ကြီးကြီး ရှိတယ်။ အဲဒီလူဘယ်သူလဲဆိုတာတော့ ငါ မသိရသေးဘူး ”

ကျန့်လျန်က သူသိသမျှကို ဝမ်ပေါင်လဲ့အား မျှဝေပြောပြပြီးနောက် ပခုံးကို ပုတ်ကာ သတိပေးလိုက်သည်။ သူသည် နှုတ်ဆက်စကားပြောပြီးနောက် သူ ယခင် ဝယ်ထားသမျှ ဆေးလုံးများကို ဓမ္မလက်နက်ဌာနသို့ ပို့ပေးမည် ဖြစ်ကြောင်း ပြောကာ ထွက်ခွာသွားသည်။

ဝမ်ပေါင်လဲ့မှာ ကျန့်လျန် ထွက်သွားသည်ကို တွေ့ပြီးနောက် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။ ကျန့်လျန်က သူ့ကို စေတနာ အရင်းခံဖြင့် သတိပေးသွားခြင်း ဖြစ်ကြောင်း နားလည်သည်။ တွေးကြည့်ပြီးနောက် သူက ရင်ထဲတွင် သေချာတေးမှတ်ထားလိုက်သည်။

သူ့မှာ ဩဇာအာဏာကြီးတဲ့ အဖေရှိလို့မလား။ သူလည်း ကျောင်းသားခေါင်းဆောင်၊ ငါလည်း ကျောင်းသားခေါင်းဆောင် ဘာကြောက်စရာ ရှိလဲ…

ကျိုးရိဖန်လည်း နောက်ခံကောင်းတာပဲမလား။ သူလည်း သူနဲ့တန်သလို ငါ့အရိုက်ခံရတာပဲမလား …

ထိုသို့ တွေးတော ကောက်ချက်ချပြီးနောက် ဝမ်ပေါင်လဲ့က စိတ်ချမ်းသာသွားလေသည်။ လက်ကို နောက်ပစ်ကာ သီချင်းတအေးအေးနှင့် ဓမ္မလက်နက်တောင်ထိပ်သို့ ပြန်လာခဲ့သည်။ သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ရောက်ရောက်ချင်း အိတ်တစ်လုံးကိုင်ကာ ကျိုးနွံစွာ ထိုင်နေသည့် လျှိုတောက်ပင်းကို တွေ့လိုက်ရသည်။ သူသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေရဟန် တူသည်။ သူက ဝမ်ပေါင်လဲ့ကို သတိပြုမိသောအခါ အသက်ကို ပြင်းပြင်းရှိုက်ကာ အဝတ်ကို ဆွဲဆန့်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီ အမြန်လျှောက်လာပြီး လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ နှုတ်ဆက်ပါတယ်၊ ကျောင်းသားခေါင်းဆောင် ”

“ ဟာ၊ တောက်ပင်း မင်းရောက်နေတာပဲ၊ စောင့်နေရတာ တော်တော်လေး ကြာသွားမှာပဲ။ မင်း လာမယ်လို့ ငါ့ကို ပြောလိုက်တာ မဟုတ်ဘူး” ဝမ်ပေါင်လဲ့က အပြုံးယဲ့ယဲ့နှင့် ပြောလိုက်သည်။ လျှိုတောက်ပင်းမှာ စစ်ဆေးရေးမှူးတစ်ယောက် ဖြစ်လာပြီးတည်းက လုံးဝ မတူညီသည့် လူတစ်ယောက် အဖြစ် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။ သူသည် စည်းမျဥ်းများနှင့် ပတ်သက်၍ စေ့စပ်သေချာသည့်အပြင် သူ၏ လုပ်ပုံကိုင်ပုံမှာလည်း စိတ်ကျေနပ်စရာ ကောင်းလှသည်။

“ ကိစ္စကြီး မဟုတ်ပါဘူး။ ဒီတိုင်းပဲ လာလိုက်တာပါ”
လျှိုတောက်ပင်းက ပြုံးကာ ပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့၏ ဖိတ်ခေါ်မှုနှင့်အတူ ဂူထဲသို့ ဝင်လာသည်။ သို့သော် ဝမ်ပေါင်လဲ့နောက်မှ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ကာ ဝင်လာသည်။ ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ ပရိယာယ်တစ်ခု အသစ်သင်လိုက်ရသည်ဟု ခံစားရသည်။

ဂူထဲသို့ ဝင်ပြီးနောက် လျှိုတောက်ပင်းက ဝိညာဥ်ရေခဲရေပုလင်း အလွတ်များနှင့် မုန့်ထုပ်များကို ထောင့်တစ်ထောင့်သို့ ပို့ကာ အခန်းထဲကို မြန်မြန်သွက်သွက် ရှင်းလိုက်သည်။ ထို့နောက် သူက ဝိညာဥ်ရေနွေးကြမ်းကို ထုတ်ပြီး သေချာလေ့ကျင့်ထားသော အမူအရာမျိုးဖြင့် ဝမ်ပေါင်လဲ့ကို ကမ်းပေးလိုက်သည်။

သို့နှင့် ဝမ်ပေါင်လဲ့က ရေနွေးကြမ်းခွက်ကို မြှောက်ကာ တစ်ငုံငုံလိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။
“ တောက်ပင်း၊ မင်းတို့အိမ်က ဘာလုပ်ငန်းများ လုပ်ကြတာလဲ”

“ အဲဒါက … ကျွန်တော့်အဖေက ကျွန်တော်တို့ ဇာတိမြို့ ဇာမဏီမြို့ရဲ့ လက်ထောက် မြို့စားပါ၊ အမှန်အတိုင်း ပြောရရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ အဖေ့ဆီကနေ မကြာခဏ အကြံဉာဏ်၊ အကူညီ တောင်းနေရပါတယ် ”
လျှိုတောက်ပင်းက အနည်းငယ် ရှက်ကာ နေရခက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ လက်ထောက်မြို့စား … ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးသွားလေသည်။ သူ့စိတ်ထဲတွင် မယုံနိုင်အောင် ဖြစ်သွားရသည်။ သူ တာအိုကျောင်းသို့ မလာမီက ဇာမဏီမြို့၏ လက်ထောက်မြို့စား ရာထူးမှာ သူ့မျက်လုံးထဲတွင် အကြီးကြီး ဖြစ်ခဲ့သည်။ ယခု ထိုသို့ ရာထူးကြီးပုဂ္ဂိုလ်၏ သားမှာ သူ့လက်အောက်တွင် ရောက်နေသည်။ ထိုအချက်ကြောင့် သူ ပို၍ အံ့ဩ ထူးဆန်းကာ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။

“ အဟမ်း၊ တောက်ပင်း ကျောင်းပိတ်ရက်တွေတောင် ရောက်တော့မှာပဲ၊ ဒါနဲ့ အိမ်နဲ့ ဒီလောက် အကြာကြီး ခွဲဖူးတာ ဒါပထမဆုံးပဲ။ ဇာမဏီမြို့တော်ကိုတောင် လွမ်းသလိုလိုပဲ ”
ဝမ်ပေါင်လဲ့က စိတ်ထဲမှာ ကြိတ် ကျေနပ်သဘောကျနေရင်း ရေနွေးကြမ်းခွက်ကို ချကာ ပြောလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset