အခန်း (၉၁) မြောက်ရှိုးကိုသတ်ဖြတ်ခြင်း
“ငါ… ငါ ရှုံးသွားပြီပဲ…”
မြောက်ရှိုးတွေးလိုက်သည်။
သူက အလင်းရောင်စက်ဝန်းထက်တွင် ရပ်နေသည့် ကျန်းလန်ကို တုန်လှုပ်စွာဖြင့် ကြည့်နေ၏။
ထိုခဏမှာပင်… သူ၏ တည်ငြိမ်မှု ပျက်ပြားသွားပြီး လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ သူ့ရင်ထဲမှာ အားနည်းချက်တွေ ရှိနေတာပဲ… ၊ သူ မိုးထက်ယံချီလှေကားထစ်တွေကို ဘယ်လိုလုပ်တက်နိုင်ရတာလဲ… ၊ သူ… သူ ဘယ်လိုလုပ်လိုက်တာလဲ…”
စိတ်ခံစားချက်မှ ဖြစ်ပေါ်လာသည့် အားနည်းချက်များ ရှိနေသူတစ်ယောက်က မည်သည့်နည်းနှင့်မှ မိုးထက်ယံချီလှေကားထစ်များကို တက်ရောက်နိုင်မည် မဟုတ်ပေ။
သူတို့ ရပ်တန့်သွားကြမည်သာ ဖြစ်သည်။
သို့သော်… ဒီလူငယ်ကတော့ ထိပ်ဆုံးအထိရောက်အောင် တက်နိုင်ခဲ့သည်။
ကျန်းလန် လှေကားထိပ်ဆုံးရှိ အလင်းရောင်စက်ဝန်းထက်သို့ မည်သို့မည်ပုံ တက်သွားပါသနည်း…။ မြောက်ရှိုး လုံး၀ နားမလည်နိုင်ခဲ့ပေ။
အခြေအနေက… ဤသို့ ဖြစ်စရာ မလိုပေ။
“နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို အနိုင်ရသွားပြီလား…”
တိတ်ဆိတ်နေသည့် ရင်ပြင်ထက်တွင် တပည့်တစ်ယောက် မယုံကြည်နိုင်စွာ မေးလိုက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
နဝမတောင်ထွတ်မှတပည့် တကယ် အနိုင်ရသွားခဲ့ပြီလား…။
ကျန်းလန် ပေးဆပ်ရသည့်တန်ဖိုးက များခဲ့သော်လည်း အလွန်မှ လွှမ်းမိုးနိုင်စွမ်းရှိသည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။
“ဟုတ်တယ်… သူ တကယ်နိုင်သွားပြီ… နတ်လူသားမျိုးနွယ်ကောင် ရှုံးသွားပြီကွ…”
“ဟို နတ်လူသားမျိုးနွယ်ကောင်က သူ့ကိုအနိုင်ယူနိုင်မယ့်သူ ခွန်လွန်တောင်မှာ တစ်ယောက်မှ မရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား… ၊ အခုရော အဲဒီလိုပြောနိုင်ဦးမလား… ဟွန်း…”
“အမှန်ပဲ… ခွန်လွန်တောင်က အတော်ဆုံးပါရမီရှင်တွေ မရှိတဲ့အချိန်ကို ရွေးလာပြီး စော်ကားမော်ကား လုပ်တဲ့ကောင်… ၊ ခွန်လွန်တောင်က မင်းတို့ နတ်လူသားမျိုးနွယ်တွေ စိန်ခေါ်ရမယ့်နေရာ မဟုတ်ဘူးကွ…”
“နေဦး… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကို ကြည့်လိုက်ဦး… ၊ သွေးတွေအရမ်းထွက်နေတာ… ဘာမှတော့ မဖြစ်လောက်ဘူးမလား…”
ထိုစကားသံကြားလိုက်ရမှ အားလုံး ကျန်းလန်ကို လှမ်းကြည့်လိုက်ကြပြီး ထိတ်လန့်သွားကြသည်။
ဟုတ်ပေ၏…။
ကျန်းလန် ဒဏ်ရာများစွာ ရရှိထားပြီး သွေးများက ခန္ဓာကိုယ်တစ်ခုလုံး မြင်မကောင်းအောင် စိုရွှဲလျှက် ရှိသည်။
ကျင်းထင်က ကျန်းလန်ထံသို့ ပျံသန်းသွားပြီး ဒဏ်ရာများကို ကုသပေးရန် ကြံစည်လိုက်သည်။ သို့သော်… သူ့အကြံအစည်ကို ချက်ချင်းပင် လက်လျှော့လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်… ကောင်းကင်ထက်တွင် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက် ပေါ်လာသောကြောင့် ဖြစ်၏။
ထိုသူက အပြာရောင်ဝတ်ဆင်ထားပြီး မျက်နှာက တည်ကြည်လေးနက်လျှက်ရှိသည်။
သို့သော်… သူ၏ နက်ရှိုင်းသည့် မျက်ဝန်းများတွင်တော့ ကျေနပ်အားရသည့်အရိပ်အယောင်များ ပြည့်နက်လျှက် ရှိသည်။
ထိုသူကား… မော့ကျန်းသုန့်ပင် ဖြစ်ပေ၏။
မော့ကျန်းသုန့်က ကျန်းလန်အနား ချက်ချင်းရောက်ရှိလာပြီး မန္တန်အသုံးပြုကာ ဒဏ်ရာများကို ကုသပေးလိုက်သည်။
အဝါရောင်အလင်းတန်းတစ်ခုက ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး ဒဏ်ရာများ ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းသွားသည်။
မော့ကျန်းသုန့်က…
“မင်း တကယ်ကြိုးစားခဲ့တာပဲ… ကျေးဇူးတင်ပါတယ်ကွာ…”
ထို့နောက်… သူက ကျန်းလန်၏ ဒဏ်ရာများကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
ကျန်းလန် စကားပြန်မပြောနိုင်ခင်မှာပင် မော့ကျန်းသုန့်က လက်တစ်ဖက်ဝှေ့ရမ်းလိုက်သည်။
ထို့နောက်… နေရာမှာပင် ကျန်းလန်ရော မော့ကျန်းသုန့်ပါ ပျောက်ကွယ်သွားလေတော့၏။
မော့ကျန်းသုန့်က ကျန်းလန်ကို နဝမတောင်ထွတ်မှ ယခင် ကျန်းလန်နေထိုင်ရာ အဆောက်အဦသို့ ခေါ်ဆောင်သွားသည်။
ပြိုင်ပွဲကြည့်ရှုနေကြသူများမှာလည်း ကျန်းလန် စိတ်ချရသည့် အခြေအနေရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိလိုက်သည့်အတွက် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိကြတော့သည်။
ဘာပဲဖြစ်ဖြစ်… ယှဉ်ပြိုင်ပွဲတွင်လည်း သူတို့ အနိုင်ရသွားခဲ့ပြီ မဟုတ်ပါလား။
“ဒီပွဲကို လာမကြည့်တဲ့သူတွေမှ အများကြီးပဲ… သူတို့ လာမကြည့်တာ ဘယ်လောက် နောင်တရစရာကောင်းတယ်ဆိုတာ သွားပြီး သတင်းပေးလိုက်ဦးမယ်…”
“ဟက်… နတ်လူသားမျိုးနွယ်တွေ နောက်ဆုံးတော့ အရှုံးပိုက်ပြီး ပြန်ကြရတော့မယ်…”
ကျင်းထင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“နောက်ဆိုရင် ဂိုဏ်းတူညီလေး’ကျန်း’ နဲ့ ဘယ်တော့မှ စိတ်စွမ်းအားချင်း မယှဉ်ပြိုင်မိစေနဲ့… ဝေးဝေးရှောင်ကြ… ၊ အဲဒါမှ အရှက်မကွဲမှာ… ၊ ကဲ… အခုတော့ ပြန်ကြရအောင်… ၊ တော်ကြာ မရဏအငွေ့အသက်တွေကြောင့် ကိုယ်တွင်းမိစ္ဆာ ဝင်လာလိမ့်မယ်…”
ကျင်းထင်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကျင်းထင်၏ စကားကြောင့် အားလုံး အသံတိတ်ဆိတ်သွားကြသည်။
အထူးသဖြင့်… တပည့်အငယ်များမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ကိုယ်တွင်းမိစ္ဆာ… တဲ့…။
ယခုမှ… သူတို့ရောက်ရှိနေသည့်နေရာက သာမန်အချိန်များတွင် သူတို့ အနားပင်မကပ်ရဲကြသည့် နဝမတောင်ထွတ်ဖြစ်သည်ကို သတိရသွားကြသည်။
ဤနေရာတွင် ကြာကြာနေပါက သူတို့အားလုံး စိတ်ဖောက်ပြန်သွားနိုင်သည်။
ချက်ချင်းပင်… နတ်လူသားမျိုးနွယ်ကိုလှောင်ပြောင်နေခြင်းများကို ရပ်တန့်လိုက်ကြပြီး နဝမတောင်ထွတ်မှ အလျှိုလျှို ထွက်ခွာသွားကြလေတော့သည်။
လင်စီးယာလည်း နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
သူမက ဂိုဏ်းတူအစ်မလုန်ယွိရှိရာသို့ သတင်းကောင်းကို သွားရောက်ပြောပြရမည် မဟုတ်ပါလား…။
သို့သော်… လုန်ယွိအတွက် သတင်းကောင်းဆိုသော်လည်း နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးကတော့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့လေသည်။
ထိုအချက်ကတော့ စိတ်မကောင်းစရာပင်…။
…………
ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…
“အကြီးအကဲ’မြောက်’… ရောက်လာမှတော့ နောက် (၂)ရက်လောက် နေပါဦးလား…”
မြောက်ထျန်းက ချက်ချင်းပင် မြောက်ရှိုးကို ပြန်ခေါ်လိုက်ပြီး ခွန်လွန်တောင်မှ ချက်ချင်းထွက်ခွာသွားရန် ပြင်ဆင်နေ၏။
ထို့ကြောင့်… ဖုန်းယီရှောက်က ခွန်လွန်တောင်တွင် နေပါရန် လောကွတ်ချော်သလိုနှင့် ခနဲ့လိုက်ခြင်း ဖြစ်၏။
မြောက်ထျန်းက…
“မလိုတော့ဘူး… ခင်ဗျားလည်း ကျုပ်ကို လိုက်မပို့နဲ့တော့… ၊ ကျုပ်သွားတော့မယ်… တာအိုရောင်းရင်း ‘ဖုန်း’…”
ပြောပြီးသည်နှင့်… မြောက်ထျန်းတို့အားလုံး သူတို့စီးနှင်လာသည့် မှော်ဝင်ယဉ်ပျံကြီးပေါ်သို့ တက်လိုက်ကြပြီး ခွန်လွန်တောင်မှ ထွက်ခွာသွားကြလေတော့သည်။
မြောက်ထျန်း အကြီးအကျယ် မျက်နှာပျက်လျှက် ရှိသည်။
ဖုန်းယီရှောက်ကတော့ မြောက်ထျန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်ရစ်ခဲ့၏။
မှော်ဝင်ယဉ်ပျံကြီးထွက်ခွာသွားသည်ကို တစ်ခဏမျှ လေ့လာနေပြီးမှ ဖုန်းယီရှောက်လည်း ပထမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင်… ကျန်းလန်ကတော့ သူနေထိုင်ရာ အဆောက်အဦရှိ အခန်းတစ်ခုထဲတွင် လဲလျောင်းလျှက် ရှိသည်။
ဆရာဖြစ်သူမော့ကျန်းသုန့်က သူ၏ ဒဏ်ရာများကို ဂရုတစိုက်ကုသပေးနေပြီး ဒဏ်ရာသက်သာစေသည့် ဆေးများလည်း တိုက်ကျွေးထားသည်။
“ဆေးသောက်ပြီးသွားရင်… မနက်ဖန်ဆို ဒဏ်ရာတွေ သက်သာသွားလိမ့်မယ်…”
မော့ကျန်းသုန့်က ပြောလိုက်သည်။
ကျန်းလန် ခေါင်းညိတ်ပြလိုက်၏။
မော့ကျန်းသုန့်က…
“ကဲ… အခုတော့ ကောင်းကောင်းအနားယူဖို့လိုတယ်…”
ကျန်းလန် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။
သူလည်း အနားယူချင်နေပြီ ဖြစ်သည်။
ကျန်းလန် အိပ်ပျော်သွားပြီး ညအချိန်ရောက်မှ အိပ်ယာမှ ပြန်နိုးလာလေသည်။
ထိုအချိန်ထိ… မော့ကျန်းသုန့်က သူ့နံဘေးတွင် စောင့်ပေးနေဆဲ ဖြစ်သည်။
“ဆရာ…”
ကျန်းလန် အိပ်ယာမှ နိုးလာသည်နှင့် မော့ကျန်းသုန့်က အခြေအနေကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။
ကျန်းလန် ဘာမှ မဖြစ်သည်မှာ သေချာမှ စိတ်သက်သာရာရသွားဟန်ဖြင့်…
“မင်း အနားယူလိုက်ဦး… ၊ ဆရာ ကိစ္စတစ်ခုရှိလို့ အပြင်ခဏလောက် သွားလိုက်ဦးမယ်…”
ကျန်းလန် ရရှိထားသည့် ဒဏ်ရာများက ပြင်းထန်လေသည်။
သို့သော်… တစ်နေ့လုံး အနားယူလိုက်ရသည့်အတွက် အတော်လေး သက်သာလာပြီ ဖြစ်သည်။ ထို့ပြင်… ဆရာဖြစ်သူ တိုက်သည့်ဆေးများကလည်း အမှန်တကယ်ပင် ကောင်းမွန်လှ၏။
ထို့ကြောင့်… စနစ်မှ ရရှိထားသည့် ဆေးလုံးများကိုပင် ဒဏ်ရာများကိုကုသရန် အသုံးမပြုခဲ့ရပေ။
နောက်ဆုံးလှေကားထစ်တွင် တိုက်ခိုက်ခံရမှုက အလွန်ပြင်းထန်လှသည်။ ထို့ကြောင့်… ကျန်းလန် ဒဏ်ရာအပြင်းအထန် ရသွားခြင်းဖြစ်၏။
ထိုတိုက်ခိုက်မှုက မရှိအာကာသအဆင့်ကို ထုတ်ဖော်လျှင်တောင်မှ ပေါ့ပေါ့ပါးပါး ရင်ဆိုင်နိုင်မည့် တိုက်ခိုက်မှုမျိုး မဟုတ်ပေ။
မော့ကျန်းသုန့် ထွက်ခွာသွားသည်နှင့် ကျန်းလန်လည်း မျက်လုံးများကို မှေးမှိတ်ကာ ပြန်လည်အနားယူလိုက်သည်။
သို့သော်… ညသန်းခေါင်ယံချိန်တွင်တော့… ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
ထို့နောက် သက်ပြင်းတစ်ချက်ရှူထုတ်လိုက်ရင်း သူ့ဒဏ်ရာအခြေအနေကို တစ်ချက် အကဲခတ်လိုက်သည်။
“ဒဏ်ရာက အတော်သက်သာသွားပြီပဲ…”
ကျန်းလန် ရေရွတ်လိုက်၏။
ဆရာဖြစ်သူ ရုတ်တရက် အဘယ့်ကြောင့် တောင်ပေါ်မှထွက်ခွာသွားရသည်ကို ကျန်းလန် မသိရှိပေ။
ယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့်အတွက် သူ့ကို လက်ဆောင်တစ်ခုခုပေးရန် သွားရောက်စီစဉ်ခြင်းများလားဟု ကျန်းလန် တွေးလိုက်သည်။
အမှန်တော့… ယနေ့ အနိုင်ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပွဲ ကျင်းပသင့်လေသည်။
သို့သော်… သူရရှိထားသည့်ဒဏ်ရာက အနည်းငယ် ပြင်းထန်သည့်အတွက် ဂုဏ်ပြုပွဲကျင်းပရန် မဖြစ်နိုင်တော့ပေ။
“ဒါပေမဲ့…”
ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်ပြီး မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။
“ငါ့ကို တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ… ၊ ငါ့ကို တစ်ယောက်ယောက်က သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ပြည့်နက်နေတဲ့ အကြည့်နဲ့ ကြည့်နေတာပဲ… ၊ သေချာတယ်… ဒီကောင် မြောက်ရှိုးပဲ ဖြစ်ရမယ်…”
ဤနေရာက ခွန်လွန်တောင် ဖြစ်သည်။
တစ်ဖက်လူက ခွန်လွန်တောင်အထိလာပြီး သူ့ကို အန္တရယ်ပေးရဲမည် မဟုတ်ပေ။
သို့သော်… သူတောင်ပေါ်က ဆင်းသည်နှင့် လှုပ်ရှားမှု ပြုလုပ်မည် ဖြစ်သည်။
ထို့ပြင်… သူ့ကိုစောင့်ကြည့်နေခြင်းကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်မှာ သစ်ရွက်အမြင်တန်ခိုးစွမ်းအား အဆင့်မြင့်လာသောကြောင့် ဖြစ်သည်။
ကျန်းလန် ပြတင်းတံခါးမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ညသန်းခေါင်ယံဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်တိတ်ဆိတ်လျှက် ရှိသည်။
ကျန်းလန် တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးမှ အိပ်ယာထက် အသာပြန်လှဲကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူ… ဒဏ်ရာများ သက်သာပျောက်ကင်းရန် ဆက်လက်အနားယူရမည် ဖြစ်သည်။ သူ… အကောင်းပကတိအတိုင်း ပြန်လည်သက်သာသွားရန် လိုအပ်သည်။
ကျန်းလန် အိပ်ယာမှ နောက်တစ်ကြိမ်နိုးလာသည့်အခါ… နံနက်နေရောင်ခြည်က သူ့အခန်းထဲသို့ ဖြာလင်းကျရောက်နေပြီ ဖြစ်၏။
သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ဆိုသည့် ခံစားချက်ကတော့ ရှိနေဆဲပင် ဖြစ်သည်။
ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။
သူ့ကို စောင့်ကြည့်နေသူကို သွားရောက်ရင်ဆိုင်ရန် လိုအပ်သည်။
ရန်သူက သူ ရင်မဆိုင်နိုင်လောက်သည့်အနေအထားဆိုလျှင် အလျှင်အမြန်ရှောင်တိမ်းရန်အတွက် ကောင်းကင်ဘုံ ခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုနိုင်သည်။
ထို့ပြင်… အရံအနေဖြင့် မှော်ဝင်ပစ္စည်းအချို့လည်း သူ့တွင် ရှိနေလေသည်။
အင်မော်တယ်နှောင်ကြိုး (၃)ခုကို အထူးပြင်ဆင်ပြီးနောက် ကျန်းလန် တုံ့ဆိုင်းမနေတော့ဘဲ တောင်ပေါ်မှ ထွက်ခွာလာခဲ့တော့သည်။
“အပြန်ကျမှ ဆရာ့အတွက် သေရည်တစ်အိုးလောက် လက်ဆောင်ဝယ်ဦးမယ်…”
သူ့အပေါ် ဂရုတစိုက်ရှိသည့် ဆရာဖြစ်သူကို ထပ်ပြီး ဂါရဝပြုသင့်သည် မဟုတ်ပါလား…။
တောင်ပေါ်မှမဆင်းခင်… ကျန်းလန် မရဏဂူသို့သွားကာ ဝိညာဉ်သားရဲဥလေးကို ဝိညာဉ်ဆေးရည်များဖြင့် လောင်းပေးလိုက်သည်။
ခွန်လွန်တောင်မှ ထွက်ခွာသွားသည်နှင့် ကျန်းလန်၏ အငွေ့အသက်က ပြောင်းလဲသွားသည်။ သစ်ရွက်အမြင်စွမ်းအားကို ထုတ်ဖော်လိုက်သောကြောင့် ဖြစ်၏။
သစ်ရွက်အမြင်စွမ်းအားက သူလုပ်သည့်အလုပ် ၊ သွားသည့်လမ်းကြောင်းမှန်သမျှကို ဖုံးကွယ်ပေးထားမည် ဖြစ်သည်။
စောစောက.. သူ့ကိုစောင့်ကြည့်နေသူမှလည်း သူဘာလုပ်နေသည်ကို သိရှိနိုင်တော့မည် မဟုတ်ပေ။
ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာလာခဲ့သည်။
အတန်ကြာသွားပြီးနောက်…
“ဒီကောင်နဲ့ နီးလာပြီလို့ ခံစားရတယ်…”
ထိုသို့ တွေးလိုက်မိသည်နှင့် ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ထုတ်ဖော် အသုံးပြုလိုက်သည်။
ကျန်းလန်၏ ပုံရိပ်သည် လေနှင့်အတူ လျှင်မြန်စွာ လွင့်မျောသွားလေတော့၏။
………………
လိုဏ်ဂူတစ်ခု…
ခွန်လွန်တောင်နှင့် သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် လိုဏ်ဂူတစ်ခု…
ထိုလိုဏ်ဂူထဲတွင် မြောက်ရှိုး ရှိနေလေသည်။
မြောက်ရှိုး၏ရှေ့တွင် အလင်းရောင်စက်ဝန်းတစ်ခု ရှိနေပြီး ထိုအလင်းရောင်စက်ဝန်းမှတစ်ဆင့် ကျန်းလန်၏ လှုပ်ရှားမှုများကို တွေ့မြင်နေရခြင်း ဖြစ်သည်။
ထိုအလင်းရောင်စက်ဝန်းကို ကံကြမ္မာသော့ခတ်မှော်ဝင်ကြေးမုံဟု ခေါ်လေ၏။
မနေ့ကပင် ကျန်းလန်နှင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် သူက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိထားသည်။
ထို့ကြောင့်… ကျန်းလန်ကို တိုက်ခိုက်ရန်မှာ သူ့အတွက် လွယ်ကူသည်။
မြောက်ရှိုး၏နားထဲတွင် အကြီးအကဲမြောက်ထျန်း၏ စကားသံများကို ပြန်လည်ကြားယောင်နေမိသည်။
“ဒီလိုကောင်မျိုးက အရှင်မထားသင့်ဘူး… ၊ ဒီကောင့်ကိုသတ်ဖို့ အချိန် (၁၀)နှစ် ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ စောင့်နေရမယ်ဆိုရင်တောင် ရအောင် သတ်ပစ်ရမယ်…”
ကျန်းလန်ကို သတ်ဖြတ်ပစ်ရန် အကြီးအကဲ မြောက်ထျန်းက အမိန့်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော်… လောလောဆယ် ဤနေရာတွင် မြောက်ရှိုးတစ်ယောက်သာ ကျန်းလန်ကို လုပ်ကြံသတ်ဖြတ်ရန် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
အကြီးအကဲ (၃)ယောက်ကတော့ အရင် ပြန်နှင့်ကြပြီ ဖြစ်၏။
အကြီးအကဲ(၃)ယောက် မပြန်သေးဘဲ ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေမည်ဆိုပါက ခွန်လွန်တောင်က သေချာပေါက် သတိထားမိသွားမည် ဖြစ်သည်။
သို့သော်… မြောက်ရှိုးကတော့ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာဖြစ်လေရာ သူ ပုန်းအောင်းနေသည်ကို ခွန်လွန်တောင်မှ ရိပ်မိနိုင်မည် မဟုတ်ပေ။
အရာရာက ပုံမှန်အတိုင်း ဖြစ်နေပေလိမ့်မည်။
သူက တိုက်ခိုက်ရန် သေသေချာချာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ကျန်းလန် ခွန်လွန်တောင်မှ ထွက်လာမည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။
“ထူးဆန်းလိုက်တာ… ၊ ဒီကောင့်လှုပ်ရှားမှုတွေက ခွန်လွန်တောင်တံခါးမှာ ရပ်နေတယ်… ၊ ဘာလို့ တောင်အောက်ကို ဆင်းမလာသေးတာလဲ… ၊ တောင်အောက်ကို ဆင်းလာခဲ့စမ်းပါကွာ… ၊ မင်း လုံး၀ ကျုပ်လက်က မလွတ်စေရဘူး…”
မြောက်ရှိုး အသံထွက်ကာ ရေရွတ်လိုက်သည်။
မြောက်ရှိုးက သူ့ရှေ့မှ မှော်ဝင်ကြေးမုံကို စူးစိုက်ကြည့်နေ၏။ သူ၏မျက်ဝန်းများက သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်လျှက်ရှိသည်။
“ဘာလို့ အဲဒီလိုဖြစ်နေရတာလဲဆိုတော့ မင်းကို ထင်ယောင်ထင်မှားဖြစ်အောင် ခွန်လွန်တောင်တံခါးမှာပဲ တည်နေရာကို ပြထားခဲ့လို့ပဲ…”
ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် မြောက်ရှိုးမျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ထို့နောက်… ချက်ချင်းပင် အရှေ့ဆီသို့ လှမ်းကြည့်လိုက်၏။
မကြာမီ… သူ့ရှေ့တွင် လူရိပ်တစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ သို့သော်… မြူခိုးများက ဖုံးကွယ်နေသဖြင့် ထိုသူ မည်သူဖြစ်ကြောင်း သဲသဲကွဲကွဲ မတွေ့မြင်ရပေ။
ရန်သူက မြောက်ရှိုးကို လုံး၀ အလွတ်မပေးပေ။
ချက်ချင်းပင်… စတင်တိုက်ခိုက်လိုက်သည်။
လက်သီးတစ်ချက်…။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားစေသည့် လက်သီးတစ်ချက်…။
ထိုလက်သီးချက်က ကောင်းကင်တစ်ခုလုံးကို မှောက်လှန်ပြီး လောကတစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်အောင် စွမ်းအားကြီးမားလွန်းလှသည်။
သို့သော်… ဤသို့ သေရေးရှင်ရေး ရင်ဆိုင်ရသည့်အခါ အသက်ကိုကာကွယ်နိုင်ရန်နှင့် အချိန်ဆွဲနိုင်ရန်အတွက် မှော်ဝင်ပစ္စည်းများစွာ မြောက်ရှိုးတွင် ရှိလေသည်။
ထိုမှော်ဝင်ပစ္စည်းများကို အသုံးပြုကာ မြောက်ရှိုးက လက်သီးချက်ကို ကာကွယ်လိုက်သည်။
“ဘုန်း…”
ရုတ်တရက် ထွက်ပေါ်လာသည့် လက်သီးချက်က များပြားလှစွာသော မှော်ဝင်ပစ္စည်းများကို ထိုးနှက်မိသွားသည်။
“ဘုန်း…”
“ဘုန်း…”
မှော်ဝင်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ပေါက်ကွဲသံကြီးများ အဆက်မပြတ်ထွက်ပေါ်လာသည်။
ထို့နောက်… စက္ကန့်ပိုင်းအတွင်းမှာပင် လက်သီးချက်က မြောက်ရှိုးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ထိုအချိန်… မြောက်ရှိုး၏ မျက်ဝန်းများ လင်းလက်တောက်ပသွားပြီး သူ၏ မျက်ခုံး (၂)ခုကြားတွင် “မိုးကောင်းကင်” ဟု အဓိပ္ပါယ်ရသည့် စာလုံးတစ်လုံး ထွက်ပေါ်လာသည်။
သူ၏ တန်ခိုးစွမ်းအားများသည်လည်း ချက်ချင်း မြင့်တက်လာသည်။
ဤသည်က နတ်လူသားမျိုးနွယ်များ၏ လျှို့ဝှက်တန်ခိုးစွမ်းအားတစ်ခုဖြစ်သည့် “ကောင်းကင်ဘုံနှင့်လူသားပေါင်းစည်းခြင်း” ဆိုသည့် ကျင့်စဉ်ဖြစ်၏။
ကောင်းကင်ဘုံနှင့်လူသားပေါင်းစည်းခြင်းကျင့်စဉ်က လူတစ်ယောက်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ထက် နောက်ထပ်တစ်ဆင့်ကို ယာယီအားဖြင့် အဆင့်မြှင့်တင်ပေးနိုင်သည်။
ဥပမာ… မူလဝိညာဉ်အဆင့်ဆိုလျှင် တစ်ဆင့်မြင့်သည့် မရှိမှုအာကာသအဆင့်သို့ ယာယီအားဖြင့် ရောက်ရှိသွားမည် ဖြစ်သည်။
ဤကျင့်စဉ်က နတ်လူသားမျိုးနွယ်များ၏ ထင်ရှားသော ကျင့်စဉ်တစ်ခု ဖြစ်၏။
မြောက်ရှိုးက သူ့ထံသို့ ဝင်ရောက်လာသော ရန်သူ၏ လက်သီးချက်ကို လက်သီးဖြင့်ပင် တန်ပြန်ရင်ဆိုင်လိုက်သည်။
“ဘန်း…”
လက်သီးချက် (၂) ချက် ထိပ်တိုက်တွေ့သွား၏။
မြောက်ရှိုး သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည်။
သို့သော်… ရန်သူ၏ လက်သီးချက်ဖြင့် ထိလိုက်မိသည်နှင့် ချက်ချင်းပင် အံ့သြမှင်တက်သွားသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခုက သူ့လက်တစ်လျှောက် မုန်တိုင်းကြီးတစ်ခုအလား ဝင်ရောက်လာသည်။
သူ့လက်သီး စိစိညက်ညက်ကြေသွားပြီး သူ့လက်အရိုးများအားလုံး တစ်စစီ ကြေမွသွားသည့်အလား ခံစားလိုက်ရသည်။
“အား…”
မြောက်ရှိုး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်လေတော့၏။