စာစဉ် (၁၇) အပိုင်း (၂၃၈)

ကောင်းမွန်သော ရိတ်သိမ်းမှုတစ်ခု

နေ့တစ်ဝက်တည်းဖြင့် လူတစ်ဒါဇင်ကို ဇူယွမ်က တစ်ပြိုင်နက်တည်း သွေးကြောဖွင့်နိုင်ရန် ကူညီလိုက်သည် ဆိုသော သတင်းက အပြင်ဘက် တောင်များတွင် ပျံ့နှံ့နေသည်။ လူတိုင်းက ထိုသတင်းကို ယခုအထိ မယုံကြည်နိုင် ကြသေးပေ။

သို့သော်လည်း ယခုချိန်တွင် ဇူယွမ်က အခြားသူများ၏ သွေးကြောများကို ကူညီပြီး ဖွင့်ပေးနိုင်သည်ကို သက်သေပြသွားပြီး ဖြစ်သည် …

ထိုကြောင့် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျင့်ကြံသော သူများအားလုံး စတင်ပြီး ဂနာမငြိမ် ဖြစ်လာကြသည် …

***

တောင်အနောက်ဘက်ရှိ သင်ခန်းစာ ပို့ချသော အခန်းတစ်ခုတွင် ဖြစ်သည်။

ကျူးယွဲ့က တပည့်များကို ကျင့်စဉ်နှင့် ပတ်သက်သည်များကို ရှင်းပြနေချိန်တွင် အပြင်ဘက်မှ အသံများ ထွက်ပေါ်လာခဲ့သည်။ သူက ရုတ်တရက် မျက်မှောင် ကြုတ်လိုက်ပြီး မည်သည်မှ မပြောရသေးခင် တစ်ယောက်က အော်ပြောလိုက်သည်။

“ဇူယွမ်က တစ်ချိန်တည်းမှာပဲ တပည့် ဆယ်နှစ်ယောက်ကို သွေးကြောပွင့်အောင် ကူညီလိုက် နိုင်တယ်တဲ့ … ”

များစွာသော တပည့်များမှာ တုန်လှုပ်သွားပြီး သင်ခန်းစာ ပို့ချသော ခန်းမတစ်ခုလုံး ဆူညံသွားသည်။

သင်ခန်းစာ ပို့ချသော ခန်းမအတွင်းမှ လူများက အချင်းချင်း ကြည့်လိုက်ကြ ပြီးနောက် အဆုံးတွင် အားလုံး၏ အကြည့်က ကျူးယွဲ့ထံသို့ ရောက်ရှိသွားသည်။

ကျူးယွဲ့လည်း ထိုသတင်းကြောင့် ဆွံ့အသွားပြီး သူ၏ အမူအရာမှာ နက်မှောင်လာသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ ရှုံ့မဲ့သွားပြီး သူ၏ နှလုံးသားထဲတွင် တုန်လှုပ်သွားကြောင်း မြင်သာပေသည်။

သို့သော်လည်း သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသ ထွက်နေဟန်ဖြင့် အေးစက်စက် ပြောလိုက်သည်။

“ဟမ့် ဒီကလေးက သူနဲ့အတူ  ဇာတ်ကဖို့ သရုပ်ဆောင် အချို့ကို ရှာနိုင်ခဲ့တာပဲ”

သည်အချိန်ထိ ဇူယွမ်က သူ့ထက် စွမ်းရည်ရှိသည်ကို သူ လက်မခံနိုင်သေးပေ။

တပည့်များမှာ ထိုအချိန်တွင် စကားမပြောကြ သော်လည်း သူတို့၏ မျက်လုံးများမှာ အတွေးများကြောင့် တောက်ပနေသည်။

ဇူယွမ်အနေဖြင့် လူအများ၏ အကြည့်အောက်တွင် မည်သည့် လိမ်လည် လှည့်စားမှုမှ မလုပ်နိုင်မှန်း သူတို့ သိထားပေသည်။ ကျူးယွဲ့၏ ခေါင်းမာမှုမှာ တကယ့်ကို အကြောင်းပြချက် မဲ့လှသည်။

သည်အဓိပ္ပာယ်မှာ ဇူယွမ်အနေဖြင့် အခြားသူ တစ်ယောက်ကို တစ်လအတွင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ပထမအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သည့် စွမ်းရည်ရှိသည် ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလော။

လူတိုင်း၏ နှလုံးခုန်သံမှာ ပိုပြီး  မြန်ဆန်လာခဲ့သည်။ သည်လိုဆိုလျှင် သည်အခွင့်အရေးက သူတို့မှာ အခြားသူများထက် သာလွန်နိုင်ပေသည်။

ထပ်ပြီးတော့ သူတို့ ကြားခဲ့သည်မှာ ဇူယွမ်က တစ်နေ့အတွက် မူလကျောက်စိမ်း အပိုင်းအစ သုံးခုသာ အခကြေးငွေ အဖြစ်ယူပေသည်။ ထိုပမာဏက ကျူးယွဲ့၏ မူလကျောက်စိမ်း အပိုင်းအစ ငါးခုထက် သက်သာပေသည်။

သင်ခန်းစာ ပို့ချသော ခန်းမ၏ လေထုမှာ အတော်ပင် ကို့ယို့ကားယား နိုင်နေပေသည်။ များစွာသော အချက်များက သူတို့ကို ဆွဲဆောင်နေ သော်လည်းပဲ သူတို့၏ ခံစားချက် အစစ်အမှန်များကို မပြရဲကြပေ။ ထို့ပြင် ကျူးယွဲ့က သူတို့ကို ကြည့်နေပေသည်။ သူ့ကို အပြစ်ပြုမှုပါက သူတို့အတွက် ကောင်းသော ကိစ္စမဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမှု သူက အတွင်းတောင်တပည့် ဖြစ်ပေသည်။

အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေချိန်တွင် တစ်ယောက်က ကြားဖြတ် ဝင်ပြောလိုက်သည်။

“ငါ ကြားခဲ့တာကတော့ ဇူယွမ်က လူအယောက်တစ်ရာပဲ လက်ခံဖို့အတွက် သတ်မှတ် ထားတယ်တဲ့ အဲဒါသာ ပြည့်သွားရင် နောက်ထပ် ဘယ်သူ့ကိုမှ သင်ကြား မပေးတော့ဘူး ဆိုပဲ”

ဆူဆူညံညံ ပြန်ဖြစ်သွား ပြန်သည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် တော်တော်များများက ဆက်လက် ထိုင်နေနိုင်စွမ်း မရှိတော့ပေ။ အပြင်ဘက်တောင်တွင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်ကြသူများမှာ အယောက်တစ်ရာ မကပေ။ အခြားသူများသာ သူတို့ထက် ဦးသွားပါ သူတို့၏ အခွင့်အရေးကို အဆုံးရှုံးခံ၍ မရပေ။

ကျူးယွဲ့၏ နားထင်နားမှ သွေးပြန်ကြောများပင် ထောင်လာပြီး စကား ပြောလိုက်သူကို ဓားသွားအလား စိုက်ကြည့်လိုက်သည်။

ထိုသူ၏ ခေါင်းမှာ နောက်သို့ ကျုံဝင်သွားပြီး ကျူးယွဲ့၏ အကြည့်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သင်ခန်းစာပို့ချသော ခန်းမအတွင်းရှိ တပည့်များမှာ နောက်ထပ် ချုပ်တည်းနိုင်စွမ်း မရှိတော့ ဟန်ဖြင့် စတင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

“အာယား … ငါဗိုက်နာလာပြီ အိမ်သာသွားမှ ဖြစ်တော့မယ်”

ရုတ်တရက် တပည့် တစ်ယောက်က သူ၏ ဗိုက်ကို ဆုပ်ကိုင်ကာ ပြောလိုက်ပြီး ဖြူရော်နေသော မျက်နှာဖြင့် ထရပ်လိုက်ပြီး ဒယိုင်းဒယိုင်နှင့် ထွက်ပေါက်ဆီသို့ ဦးတည်သွား လိုက်သည်။

နောက်ထပ် တပည့် တစ်ယောက်က လျင်မြန်စွာပဲ အားနည်းနေဟန်ဖြင့် ပြောလိုက်သည်။

“ငါလည်းပဲ ရုတ်တရက် နေလို့မကောင်းဘူးလို့ ခံစားလာရတယ်။ မနေ့က ရခဲ့တဲ့ အတွင်း ဒဏ်ရာတွေကြောင့် ဖြစ်နိုင်တယ်။ ငါ အနားယူဖို့ လိုအပ်နေပြီ”

“ဒီကိုလာ ငါ့ရဲ့အစ်ကိုကြီး မင်းဘယ်လို ဂရုမစိုက်ပဲ နေနိုင်ရတာလဲ။ ငါမင်းကို အနားယူတဲ့ နေရာကို ခေါ်သွားပေးမယ်”

“….”

သင်ခန်းစာ ပို့ချသော ခန်းမတစ်ခုလုံး ဆင်ခြေအမျိုးမျိုး ပေးသံများနှင့် ပရမ်းပတာ အခြေအနေသို့ ရောက်သွားခဲ့သည်။ တပည့်တစ်ယောက်မှ ကျူးယွဲ့ကို ကြည့်ရဲခြင်း မရှိကြပဲ တစ်ယောက်ပြီး တစ်ယောက် နည်းအမျိုးမျိုးနှင့် ထွက်လာကြသည်။

မိနစ် အချို့ကြာပြီးနောက် သင်ခန်းစာ ပို့ချသော ခန်းမတွင် မည်သူမှ ကျန်ရှိမနေတော့ပေ။

လျှပ်တစ်ပြက် အတွင်း ထွက်ခွာသွားသော တပည့်များကို ကြည့်ရင်း ကျူးယွဲ့၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ တဆတ်ဆတ် တုန်ရင်နေသည်။ ထိုကောင်တွေ အားလုံးက သူ့ကို နလပိန်းတုန်း ထင်နေကြသည်လား။ ထို မိမစစ် ဖမစစ်တွေ အကုန်လုံးက တံခါး အပြင်ဘက်သို့ ရောက်သည်နှင့် ဇူယွမ်ထံသို့ အပြေးအလွှား သွားနေကြသည်။

“အစ်ကိုကြီး ငါတို့ ဘာလုပ်ကြမလဲ”

ကျူးဖန်က ဖြစ်ပျက်နေသော အရာများကို ကြည့်ရင်း မျက်နှာ ဖြူရော်နေသည်။ ဇူယွမ် သည်လောက်အထိ ကရုဏာ ကင်းမဲ့လိမ့်မည်ဟု မထင်မှတ်ထားပေ။ သူတို့ကို စိတ်မချမ်းမသာ ဖြစ်စေသော အခြေအနေသို့ အတင်းအကျပ် ရောက်ရှိစေသည်။

ကျူးဖန်က အံကြိတ်နေပြီး ငွေရောင် အလင်းတန်း တစ်ခုက သူ၏ မျက်လုံးမှ ဖြတ်သန်းသွားသည်။ ဇူယွမ်သာ သည်လို ပြဿနာကြီး ဖြစ်လာမည်ကို အစကတည်းက ကြိုသိပါက ကျူးဖန်၏ အသေးအဖွဲ စကားများခဲ့သော ကိစ္စလောက်နှင့် ဇူယွမ်နှင့် ပြဿနာ တက်စေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုချိန်တွင် နောင်တရနေ၍ မည်သို့မှ ဖြစ်လာမည် မဟုတ်မှန်း သူသိပေသည်။ ထိုနောက် သူ၏ မျက်နှာက ချက်ချင်းပင် ကြမ်းကြုတ် ရက်စက်တော့မည့် အသွင်သို့ ပြောင်းလဲသွားသည်။

“ဇူယွမ် မင်းငါ့ရဲ့ ဝင်ငွေကို လာထိပါးရဲမှတော့ ငါ့ကို လာအပြစ် မတင်တော့နဲ့ … ”

အပြင်ဘက်တောင်တွင် သည်အလုပ်ရရှိရန် သူ့အနေဖြင့် ကြီးမားသော အပေးအယူ လုပ်ခဲ့ရသည်။ ဒါပေမဲ့ ယခု ထိုအရာကို ဇူယွမ်က ပျက်စီးအောင် လုပ်ခဲ့ပေပြီ။ ထို့ကြောင့် သူ့အနေဖြင့် သည်အတိုင်းနေ၍ မဖြစ်တော့ပေ။

ဒါမှမဟုတ်လျှင် သည်ကိစ္စ အကြောင်းများသာ အပြင်ဘက်တောင်အတွင်း ပျံ့နှံ့သွားပါက လူရယ်စရာ ဖြစ်နေပေလိမ့်မည်။

***

တောင်တစ်လုံး၏ စမ်းချောင်း နံဘေးတွင် အဆုံးမဲ့သော လူတန်းကြီးက စမ်းချောင်း တစ်လျှောက် ရှိနေခဲ့သည်။ ဇူယွမ်က အနောက်ဘက် ခပ်လှမ်းလှမ်း နေရာတွင် ရပ်နေခဲ့ပြီး  ရှန့်ဝမ်ကျင်၏ စီမံခန့်ခွဲမှု ကိစ္စများကိုတော့ ချောင်းရှိုးတို့ လူစုကလည်း ကူညီနေကြပေသည်။

တစ်နာရီ ကြာပြီးနောက် သတ်မှတ်လူဦးရေ အယောက်တစ်ရာတွင် ဆယ်နေရာသာ ကျန်တော့သည်။

ထိုအခိုက်တွင် နောက်ထပ် တပည့်များ စုပြုံပြီး လာနေသေးသည်။ နောက်ဆုံးကျန်သော ဆယ်နေရာကို ရယူနိုင်ရန်အတွက် လူတိုင်းက ကြိုးစားနေကြပြီး အချို့ တပည့်များဆိုလျှင် စတင်တိုက်ခိုက် နေကြပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ရှန့်ဝမ်ကျင်က တစ်ချက် စဉ်းစားလိုက်သည်။ သူက ချောင်းတစ်ချက် ဆိုးလိုက်ပြီး

“ငါတို့မှာ နေရာ ဆယ်နေရာပဲ‌ ကျန်တော့ပေမဲ့ လူတိုင်းက ဝင်ရောက်ချင် နေကြတယ်။ အဲဒါကြောင့်မလို့ မူလကျောက်စိမ်း အပိုင်းအစ ဆယ်ခုကို ကြမ်းခင်းစျေးအဖြစ် သတ်မှတ်ပြီး ပိုပေးနိုင်တဲ့သူတွေက ကျန်တဲ့ ဆယ်နေရာကို ရရှိမယ်”

သူ သည်သို့ ပြောသည်မှာ ယခုချိန်တွင် ရောက်ရှိလာသူများမှာ ရှန်ဇူတိုက်ကြီးမှ အဖွဲ့များ ဖြစ်မှန်း သိသောကြောင့် ဖြစ်သည်။ သည်ကောင်တွေက အမှန်ပင် ချမ်းသာလှပေသည်။ ထို့ပြင် ပိုအရေးကြီးသည်က သူတို့အားလုံး အစောပိုင်းတွင် ဇူယွမ်ကို မယုံကြည်ကြပဲ နောက်ကျမှ လာကြသောကြောင့် ဖြစ်သည်။

ဇူယွမ်က သည်ကိစ္စကို ဂရုမစိုက် သော်လည်းပဲ ရှန်ဝမ်ကျင် အနေနဲ့တော့ သည်ကိစ္စကို သည်အတိုင်း အလွတ်မပေးနိုင်ပေ။

ထိုစကား၏ ရည်ရွယ်ချက်ကို သူတို့ နားလည်ကြ သောကြောင့် ထိုတပည့်များက ရှန့်ဝမ်ကျင်ကို ဒေါသတကြီး စိုက်ကြည့် လိုက်ကြသည်။

သို့သော်လည်း သူတို့အားလုံး အတွက် ကျန်သော နေရာများကို ရရှိနိုင်ရန်က ဒီအချိန်တွင် ပိုအရေးကြီးသည်ကို ပိုသိပေသည်။

ရှန်ဇူတိုက်ကြီးမှ တပည့်တစ်ယောက်က လျင်မြန်စွာ အော်ပြောသည်။

“ငါ မူလကျောက်စိမ်း အပိုင်းအစ လေးခုပေးမယ်”

“ငါ ငါးခုပေးမယ်”

အခြားတစ်ယောက်က အံကြိတ်လျက် အနောက်ကလိုက်ကာ စျေးပေးသည်။ သည်စျေးနှုန်းက ကျူးယွင်၏ နေရာမှ စျေးနှုန်းနှင့် တူညီနေပြီ ဖြစ်သည်။ သို့သော်လည်း ဇူယွမ်ထံတွင်က ပိုမို အကျိုးသက်ရောက်မှု ရှိစေသောကြောင့် သည်စျေးနှုန်းမှာ လက်ခံနိုင်သော ပမာဏဖြစ်သည်။

“အပိုင်းအစ ခြောက်ခု”

များစွာသော တပည့်များသည် ထိုမြင်ကွင်းကြောင့် သူတို့၏ နှုတ်ခမ်းကို တိတ်တဆိတ် သပ်လိုက်ကြသည်။ တစ်နေ့လျှင် မူလအပိုင်းအစ ခြောက်ခုနှုန်းနှင့် ဆိုပါက တစ်လလျှင် မူလကျောက်စိမ်း အပိုင်းအစ(၁၈၀) ကျသင့်မည် ဖြစ်သည်။ ထိုအရာက နာကျင်စရာ ကောင်းသော တန်ဖိုးပင် ဖြစ်သည်။

ကျန်ရှိနေသော နေရာများအတွက် ပထမ တစ်နေရာမှသာ မူလကျောက်စိမ်း အပိုင်းအစ ခြောက်ခုရပြီး ကျန်သော နေရာများအတွက် ငါးခုစီရခဲ့သည်။ ဤသည်မှာ ရက်ရောလှသော ပမာဏများပင် ဖြစ်သည်။

ဇူယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်အတွင်းမှ ကျိတ်ကာ ရယ်မောလိုက်သည်။ ရှန့်ဝမ်ကျင်က တကယ့်ကိုပင် အခြားသူ တစ်ယောက်ကို ကောင်းကောင်း နှပ်ချနိုင်ပေသည်။

ကန့်သတ် ပမာဏ၏ နောက်ဆုံးဆယ်ယောက် ပြည့်ပြီးနောက် ရှန့်ဝမ်ကျင်က နောက်ထပ် မည်သည့် ကျောင်းသားမှ လက်မခံတော့ကြောင်း ကြေညာလိုက်သည်။

ကျန်ရှိနေသော တပည့်များမှာ ထပ်တလဲလဲသာ သက်ပြင်း ချနေကြပြီး စိတ်ပျက် နေကြပေသည်။ ယခုချိန်တွင် သူတို့အားလုံး ဇူယွမ်ကို အစောကတည်းက မယုံကြည်နိုင်ခဲ့မှု အပေါ် နောင်တ ရနေကြသည်။

သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြ သော်လည်းပဲ မည်သူမှ ပြဿနာရှာရန် မကြိုးစားကြပေ။ ဇူယွမ်၏ စွမ်းအားကို မျက်မြင် တွေ့ပြီးနောက် အပြင်ဘက်တောင်၏ တပည့်တိုင်းက သူ့ကို လေးစားနေကြပြီ ဖြစ်သည်။

ထိုပြင် လူတိုင်းက သူ၏ ညွှန်ကြားပြသမှုကို လိုအပ်နေသောကြောင့် မည်သူမှ သူ့ကို အပြစ်ပြုလိုခြင်း မရှိပေ။

ထိုနောက် စမ်းချောင်းနား တစ်ဝိုက်သည် ပရမ်းပတာ အခြေအနေမှ တဖြည်းဖြည်း အေးချမ်းသွားတော့သည်။

ရှန့်ဝမ်ကျင်မှာ ကြီးမားလှသော အိတ်ကြီးကို သူ၏ ကျောတွင် သယ်ပိုးကာ ပျော်ရွှင်နေဟန် ရသည်။ သူတစ်လှမ်း လှမ်းလိုက်တိုင်းမှာ အတွင်းရှိ မူလကျောက်စိမ်းပြားများ လှုပ်ခတ်သွားသံက အလွန်ပင် နားဝင်ချိလှပေသည်။

သူက ထိုအိတ်ကြီးကို ဇူယွမ်၏ ရှေ့တွင် ချကာ

“အစ်ကိုလေးဇူယွမ် လူတိုင်းကို လက်ခံပြီးသွားပြီ။ သည်မှာက မနက်ဖြန်အတွက် သင်တန်းကြေးတွေ အားလုံးပေါင်း မူလကျောက်စိမ်း သုံးရာကျော် ရှိတယ်”

စကားပြောရင်းနှင့် သူ၏ ပါးစပ်မှပင် သွားရည်များ ကျနေသည်။ ကျသည်မှာ ပထမနေ့သာလျှင် ရှိသေးသည်။ တစ်လသာဆိုလျှင် ဇူယွမ်တွင် မူလကျောက်စိမ်း အပိုင်းအစ ထောင်ကျော် ရရှိပေလိမ့်မည်။ ထိုပမာဏက အတွင်းတောင်မှ တပည့်များပင် ယှဉ်နိုင်မည် မဟုတ်ပေ။

ဇူယွမ်က သက်ပြင်း ချလိုက်သည်။ မူလကျောက်စိမ်း ရှာဖွေရသည်မှာ အလွန် လွယ်ကူပေသည်။ သည်လိုဆိုလျှင် သူ့အနေဖြင့် အပူအပင်မရှိပဲ သုံးစွဲနိုင်တော့မည် ဖြစ်သည်။

အိတ်ကို အသာအယာ ပုတ်လိုက်ပြီး ထိုထဲမှ မူလကျောက်စိမ်း အပိုင်းအစ တစ်ရာခန့်ကို ထုတ်ယူကာ ရှန့်ဝမ်ကျင်နှင့် ချောင်းရှိုးတို့ လူစုဆီ ပစ်ပေးလိုက်သည်။

“မင်းတို့တွေ အကုန်လုံး ဒီနေ့ အလုပ် ကြိုးစားခဲ့တယ်”

“သည် ပမာဏလေးကို မငြင်းပယ်လိုက်ပါနဲ့ မင်းတို့သာမရှိရင် ငါလည်း ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး”

ရှန့်ဝမ်ကျင်နှင့် ချောင်းရှိုးတို့ လူစုက ငြင်းပယ်ရန် လုပ်သော်လည်းပဲ ဇူယွမ်၏ စကားများ ကြားချိန်တွင် ရပ်တန့်လိုက်ကြသည်။ သည့်အပြင် သူတို့လည်း မူလကျောက်စိမ်း အပိုင်းအစများ လိုအပ်ပေသည်။

ဇူယွမ်က ပြုံးကာ ပြောလိုက်သည်။

“မင်းတို့အားလုံး မနက်ဖြန် သည်နေရာကိုပဲ လာခဲ့ကြပါ။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကျင့်ဖို့ ငါကူညီမယ်”

ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့ လူစု ခေါင်းညိတ် လိုက်ကြသည်။

ထို့နောက် ဇူယွမ်က မည်သည့်စကားမှ မပြောတော့ပဲ မူလကျောက်စိမ်း အိတ်ကို သယ်ဆောင်ကာ တစ်ဖက်သို့ လှည့်လိုက်ပြီး သူ၏ အိမ်ငယ်လေးဆီသို့ ဦးတည်သွား လိုက်သည်။

“အခုတော့ ငါ့မှာ ပိုက်ဆံရှိပြီ။ ဒါကြောင့် သင်းရနံ့တစ်ရာ အိမ်တော်က အစားအစာတိုင်းကို ငါစားနိုင်ပြီ … ”

ဇူယွမ်က အသာအယာ ရယ်မောလိုက်သည်။ သူက အစားအသာက် ရွေးတတ်သူ မဟုတ်သော်လည်း သင်းရနံ့တစ်ရာ အိမ်တော်မှာ အစားအစာများက အလွန် အကျိုးရှိပေသည်။

သူက တောင်အချို့ကို ဖြတ်သန်း လာခဲ့ပြီးနောက် အိမ်ငယ်လေးဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူအိမ်လေးဆီသို့ ပြန်လည်ရောက်ရှိ သွားချိန်တွင် ဇူယွမ်မှာ ရုတ်တရက် ကြောင်အသွားသည်။ အိမ်ငယ်လေး၏ အရှေ့ရှိ ကျောက်တုံး စားပွဲပေါ်တွင် ယောင်ယောင်က ထန်ထန်ကို ပွေ့ကာ ထိုင်နေပြီး သူမ၏ လှပရွန်းစိုသော မျက်နှာလေးမှာ လေးနက်နေသည်။ သူမ၏ ရှေ့တွင်တော့ မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို တစ်ဦးက ထိုင်နေသည်။

ထိုအကြီးအကဲ၏ မျက်နှာမှာ တည်ကြည်နေပြီး ကျောက်တုံး စားပွဲပေါ်ရှိ ကျောက်စိမ်းပြားကို စိုက်ကြည့်နေသည်။

သူနှင့် ယောင်ယောင်တို့ နှစ်ယောက်လုံး၏ လက်ထဲတွင် မူလမှော်စာလုံး စုတ်တံများ ကိုင်ဆောင် ထားကြသည်။

ဇူယွမ်သညိ ထိုထူးဆန်းသော မြင်ကွင်းကြောင့် ကြောင်အသွားသည်။ သူတို့ ဘာလုပ်နေကြတာလဲ။

ယောင်ယောင်နှင့် အကြီးအကဲတို့၏ စုတ်ချက်များ တစ်ချက်ပြီး တစ်ချက် ကျောက်စိမ်းပြားပေါ်သို့ ကျဆင်းနေကာ သူတို့အချင်းချင်း ဖျက်ဆီး တိုက်ခိုက် နေကြသည်။

သည်နှစ်ယောက်က မူလမှော်စာလုံး ကစားနည်းကို ကစားနေ ကြတာလား …


Comment

Leave a Reply


Options

not work with dark mode
Reset