အခန်း (၂၃)

ချိုမြသောသွေးရနံ့

အခန်း (၂၃) ချိုမြသောသွေးရနံ့

ဆန်းလျန်ဆက်ပင် မကြည့် နိုင်တော့ပေ။ အစိမ်းရောင်ဝတ် လူမှာ အလွန်ပင် ရက်စက် ကြမ်းကြုတ်သူ တစ်ယောက်ဖြစ်သည်။ လင်ချုန်းရှောင်မှာ သိပ်မကြာခင် ရှုံးနိမ့် ရတော့မည် ဖြစ်လေ သည်။

ထိုအချိန်မှာပင် လင်ချုန်းရှောင်၏ ဝမ်းဗိုက်အောက်ပိုင်းမှာ ချိုင့်ဝင်သွားပြီး စက္ကူစလေး တစ်ခု အလား ပါးလွှာ သွားလေသည်။

အစိမ်းရောင်ဝတ် လူကဲ့သို့ အဆင့်မြင့် သိုင်းသမားများပင်လျှင် ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက် သည့်အခါ သိုင်းကွက် ရွေ့လျားမှုကို တွက်ချက် ကြရပြီး တိကျ ပြတ်သားသည့် သတ်မှတ်ချက် ထားရ လေသည်။

သို့သော် သူ၏ “မီးလျှံထဲမှ သစ်အယ်ပင်” သိုင်းကွက်ကို လင်ချုန်းရှောင်က ထိုသို့တုန့်ပြန်လိုက်မည်ဟု အစိမ်းရောင် ဝတ်လူက လုံးဝထင်မထားမိပေ။

သူ၏လက်ဝါး ရိုက်ချက်မှာ လေကိုသာ ရိုက်မိလိုက်ပြီး လင်ချုန်းရှောင်၏ ခန္ဓာကိုယ်ကို ထိမိခြင်း မရှိတော့။

ကြောက်စရာ ကောင်းသည့် လက်ဝါးရိုက်ချက်မှာ လင်ချုန်းရှောင်၏ တုန့်ပြန်မှုတွင် ပျောက်ကွယ် သွားရလေသည်။

လက်ဝါးရိုက်ချက်မှာ သဲထဲသို့ ရိုက်မိ သွားသကဲ့သို့ ဖြစ်သွား ရလေသည်။

ဆန်းလျန် ရနံ့တစ်ခု ရလိုက်သည်။

ထူးဆန်းပြီး နှစ်လိုဖွယ် ကောင်းသည့်ရနံ့….။

ချိုမြသည့် ရနံ့…။

လင်ချုန်းရှောင်၏ အစိမ်းရောင် မျက်ခုံးများမှာ အနီရောင်သို့ ပြောင်းသွားပြီး မျက်ခုံးမွေးများ ပေါ်တွင် အနီရောင် သွေးစက်လေးများ ဖြစ်တည် လာလေသည်။

ဆန်းလျန် ရရှိလိုက်သည့် ရနံ့မှာ ထို သွေးစက်လေးများမှ ထွက်ပေါ်လာသည့် ရနံ့ ဖြစ်လေသည်။ သူ၏ အတွင်းအားနှင့် သွေးအား သိပ်သည်းဆ ပေါင်းစပ်သွားကာ ပေါက်ကွဲမှု ဖြစ်သွားခြင်း ဖြစ်လေ သည်။

“ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့်ကျင့်စဉ်” ကို အောင်မြင် ထားသောကြောင့် သူ၏ အတွင်းအားကို ထိန်းချုပ် ထားရာမှ လွှတ်ပေး လိုက်ခြင်းပင်။

ဤသည်မှာ လင်ချုန်းရှောင်၏ အလွန်ကြီးမားသော စွမ်းအားများ စတင် ထွက်ပေါ်လာသည့် နိမိတ်ပင် ဖြစ်လေသည်။

လင်ချုန်းရှောင်က သူ၏ လက်ဝါးရိုက်ချက်ကို လက်သီးချက်အဖြစ် ပြောင်းလိုက်ပြီး လှံတစ်စင်း ကဲ့သို့ လေထုထဲသို့ တည့်တည့်မတ်မတ် ထိုးသွင်း လိုက်လေသည်။

အဖြစ်အပျက်များမှာ မြန်ဆန် လွန်းလှသည့်အတွက် ဆန်းလျန်မှာ လိုက်၍ပင် မမီ ဖြစ်သွား ရသည်။ တိုက်ပွဲတွင် အနိုင်ရရှိ သွားသူမှာ ဒီလောက် မြန်မြန်ကြီး ထွက်ပေါ် လာလိမ့်မည်ဟု ဆန်းလျန် တွေးထင် မထားခဲ့။ အံ့သြ တုန်လှုပ်စရာ ကောင်းသော အနိုင်ရမှုပင် ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူမှာ စွန်လေးတစ်ခု လွင့်ထွက် သွားသည့်ပမာ ခန်းမထဲမှ လွင့်စင် ထွက်သွား ပြီး မိုးရေထဲသို့ ရောက်ရှိ သွားလေတော့သည်။

တစ်ချိန်တုန်းက လူပေါင်းများစွာကို မရေမတွက် နိုင်အောင် သတ်ဖြတ်ခဲ့သည့် အစိမ်းရောင်ဝတ် လူသည် ယခု အချိန်တွင်တော့ ကံကြမ္မာ တစ်လှည့်ပြန်ကာ အသတ် ခံလိုက်ရပြီ ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူ၏ မျက်လုံးများတွင် သွေးများဖြင့် ပြည့်နေလေသည်။ သို့သော် သူ၏ မျက်နှာတွင်တော့ ထိတ်လန့် ကြောက်ရွံ့သည့် အရိပ်အယောင် လားလားမျှ မရှိပေ။ သူ၏ မျက်နှာ ပေါ်တွင် သူ တိုက်ခိုက်လိုက်သည့် နောက်ဆုံး သိုင်းကွက်အတွက် များစွာ ကျေနပ်ပီတိ ဖြစ်နေကြောင်း ပေါ်လွင် နေလေသည်။

သို့သော် သူ ရှုံးနိမ့်ခဲ့ပြီ ဆိုသည်ကိုတော့ ငြင်းဆန်၍ မရနိုင်တော့ပေ။ သူလုံးဝ နှိမ်နင်း ခံလိုက်ရ ပြီး ရှုံးနိမ့် သွားခဲ့လေပြီ။

အစိမ်းရောင်ဝတ် လူ၏ ခန္ဓာကိုယ်ဆီမှ အစိမ်းရောင် အငွေ့တန်းလေး ထွက်ပေါ်လာပြီး မိုးရေထဲသို့ လွင့်မျော သွားလေသည်။ ထို အငွေ့တန်းလေးသည် သွေးစက်များနှင့် ရောနှောသွားပြီး မုန်တိုင်း တိုက်ခတ်လျှင်ပင် ပျောက်ကွယ် မသွားနိုင်တော့သည့် ပုံမျိုး ဖြစ်သွားလေသည်။

သစ်သားငါးရုပ် တုံးခေါက်သံ တစ်ချက် ထွက်ပေါ် လာလေသည်။

တစ်တုံတုံ ထွက်ပေါ်နေသည့် သစ်သားငါးရုပ် တုံးခေါက်သံမှာ အောင်ပွဲ ခံနေသကဲ့သို့ ဖြစ်လေ သည်။ တုံးခေါက်သံ၏ တုန်ခါမှု အောက်တွင် အစိမ်းရောင် အငွေ့တန်းလေး ပျောက်ကွယ် သွားလေ သည်။ တဖြည်းဖြည်း ထိုအစိမ်းရောင် အငွေ့တန်းလေးမှာ အစိမ်းရောင်ဝတ် လူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး မည်သည့် ထူးဆန်းသည့် အရာမှ ဖြစ်ပေါ် လာခြင်း မရှိတော့ပေ။

ဆန်းလျန် ဆက်မကြည့် နိုင်တော့ပါ။ သူက အစိမ်းရောင်ဝတ် လူကို သနားမိခြင်း မရှိသော်လည်း သူ၏ ရင်ထဲတွင် အမည် မဖော်နိုင်သည့် ဝေဒနာတစ်ခုကို ခံစားနေရလေသည်။

အရာရာတိုင်းကို အစကသာ ပြန်စနိုင်မည် ဆိုလျှင် အစိမ်းရောင်ဝတ် လူသည် လမ်းမှန်သို့ ပြန်ရောက် နိုင်မည်လားဟု ဆန်းလျန် စဉ်းစား နေမိသည်။

အခြားသူများ၏ အသက်ကို အလေးမထား ရုံမျှမက မိမိကိုယ်တိုင်၏ အသက်ကိုလည်း တန်ဖိုး မထားသည့် ဘာမထီ စိတ်ထားနှင့် အစိမ်းရောင်ဝတ်လူ….

သူအသက်ရှည်ရှည် မနေရသည့် အကြောင်းအရင်းမှာ ထိုသို့ အလေးမထားသည့် အချက် ကြောင့်ပင် ဖြစ်လေသည်။

ဆန်းလျန် ခန္ဓာကိုယ်ထဲမှာ အပူလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသလို ခံစား လိုက်ရသည်။ အဖျားတက်သည့် ပုံစံမျိုး ဖြစ်လေသည်။ ဆန်းလျန် သူ၏စိတ်များကို တည်ငြိမ် အောင် ပြန်လည် စုစည်းလိုက်ပြီး မတ်တတ် ရပ်လိုက်လေသည်။

လင်ချုန်းရှောင်၏ အစိမ်းရောင် မျက်ခုံးများမှာ အနီရောင် ဖြစ်နေလေသည်။ သူ၏ပုံစံမှာ ရက်စက်သည့် လူတစ်ယောက်နှင့်တော့ မတူပါ။ သူ၏ အကြည့်များမှာ ကြမ်းတမ်းလွန်းသည့် လောက ထဲတွင် တာအိုကျင့်စဉ်ကို စိတ်ရှည်သည်းခံ ကျင့်ကြံနေသည့် ထိပ်တန်း တာအိုဆရာလေး တစ်ပါးနှင့် တူ နေလေသည်။

မိစ္ဆာဝိညာဉ်များ ကြားတွင် အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်သည့် ဗောဓိဿကျ “တိကျန်” ကဲ့သို့ပင် ဖြစ်လေသည်။

ထို့ပြင် လင်ချုန်းရှောင်၏ ဦးခေါင်းမှာ ဆံပင်မရှိဘဲ ပြောင်နေသောကြောင့် သူ၏ ပုံသဏ္ဌာန်မှာ တရားအလင်း ရထားသည့် ဘုန်းတော်ကြီး တစ်ပါးနှင့် တူနေလေသည်။

ဆန်းလျန်က တစ်ချက် ရယ်လိုက်မိလေသည်။

သူက လင်ချုန်းရှောင်၏ ဦးခေါင်းပြောင်ပြောင်ကို ငေးကြည့်နေခြင်း ဖြစ်သောကြောင့် လင်ချုန်းရှောင်ကလည်း သူ့ကို သတိပြုမိ သွားသည်။

“ခေါင်းပြောင်ပြောင် ခေါင်းပြောင်ပြောင် မိုးရွာလည်း စိတ်ပူစရာမရှိ … သူများတွေ ထီးဆောင်း ကြလည်း ကျုပ်ကတော့ ခေါင်းပြောင်ပြောင်နဲ့ပါပဲ …၊ ကလေး … မင်းလူကြီးကို မလေးမစား မလုပ်သင့် ဘူးနော်”

လင်ချုန်းရှောင်က ဆန်းလျန်၏ ခေါင်းကိုအသာ ပွတ်သပ်လိုက်ပြီး သီချင်းညည်းရင်း ပြောလိုက် လေသည်။

“အာ ကျွန်တော်က ကလေး မဟုတ်ဘူးဗျ။ပြီးတော့ ခင်ဗျားလည်း သီချင်းညည်းလို့ မရဘူး လေ”

ဆန်းလျန်က တည်ငြိမ်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကလေးတွေက သူတို့ကို ကလေးလို့ ခေါ်ရင် မကြိုက်ကြဘူး”

လင်ချုန်းရှောင်က ပြုံးပြီး ပြောလိုက်သည်။

လင်ချုန်းရှောင် နောက်ပြောင် လိုက်မှုကြောင့် ဆန်းလျန် စိတ်တို သွားရလေသည်။

လင်ချုန်းရှောင်၏ မျက်လုံးများမှာ မိုးရေထဲရှိ အစိမ်းရောင်ဝတ် လူ၏ အလောင်းကို မျက်တောင်မခတ် ကြည့်နေလေသည်။ သူ၏ ခံစားချက်များ မပေါ်အောင် ထိန်းနေသည့်ပုံ ရလေသည်။

အမှန်တော့ အစိမ်းရောင်ဝတ် လူမှာ လင်ချုန်းရှောင်၏ ဂိုဏ်းတူညီလေး မဟုတ်ပါလား။ နှစ်ပေါင်းများစွာ အတူတကွ ပညာ သင်ကြားခဲ့ကြသည့် ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူက အကြင်နာတရား ကင်းမဲ့သော်လည်း လင်းချုန်းရှောင်ကတော့ ထိုသို့ မဟုတ်ပါ။ ဤသည်မှာ အစိမ်းရောင်ဝတ် လူနှင့် လင်ချုန်းရှောင်၏ မတူညီသော အချက်ပင် ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူက တာအိုကျင့်စဉ်မှ လွဲ၍ မည်သူ့ကိုမျှ သံယောဇဉ် ထားသူ မဟုတ်ပေ။ သူက လောကကြီး တစ်ခုလုံးကို ဂရုမစိုက်ပေ။ ထို့ကြောင့်ပင် ချစ်ခင်ရမည့်သူ မရှိသည့် ယုတ်မာသည့် လူတစ်ယောက် ဖြစ်လာရလေသည်။

သို့သော် လင်ချုန်းရှောင်ကတော့ သူ့ကို လူသားတစ်ယောက်ဟု ရှုမြင်သည်။ ပျော်ရွှင်မှု၊ ဒေါသ၊ သောက၊ ပူဆွေးမှုနှင့် စိတ်ရွှင်လန်းရခြင်းများကို ခံစား နားလည်သည်။ အချစ်၊ အမုန်း၊ သံယောဇဉ်နှင့် လက်စားချေခြင်းများကို လက်ခံသည်။

တာအိုကျင့်စဉ် လမ်းအတွက် မည်သူက ပိုပြီး သင့်တော်သည့်သူ ဖြစ်သည်လဲတော့ မပြောလိုပါ။ သို့သော် လင်ချုန်းရှောင်မှာ တာအို ကျင့်စဉ်လမ်းတွင် တကယ်တမ်း ထိပ်တန်းအဆင့် မရောက်သေး သည့်တိုင် အစိမ်းရောင်ဝတ် လူထက်တော့ ပိုပြီး နီးစပ်မှု ရှိသည်မှာ သေချာလေသည်။

…….

ဆန်းသခင်ကြီးမှာ အစိမ်းရောင်ဝတ်လူ ပျောက်ဆုံးသွားသည်ကို အချိန်တို အတွင်းမှာပင် သိရှိ သွားလေသည်။ မြွေကို ရိုက်ပြီးမှ အသက်ရှင်လျက် ချန်ထားခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်ကြောင်းကို ဆန်းသခင်ကြီး ကောင်းစွာ နားလည်လေသည်။

သတင်း ကြားကြားချင်းပင် ဆန်းအိမ်တော်မှာ တံခါးများကို အလုံပိတ်ထား လိုက်ကြလေသည်။

ဆန်းသခင်ကြီး ပို၍ စိတ်ပူနေသည်မှာ ဆန်းလျန်ကိုပင် ဖြစ်လေသည်။

ထူးဆန်းသည့် ကိစ္စများ ဖြစ်တော့မည်ကို ဆန်းသခင်ကြီး သိလေသည်။ အသေးစိတ်ကို ဂရုစိုက် တတ်သည့် လူတစ်ယောက် ဖြစ်သောကြောင့် တစ်ခုခု ဖြစ်နေပြီ ဆိုသည်ကိုတော့ သူ သိလိုက်လေသည်။

အစိမ်းရောင်ဝတ် လူကို ဝင်ရောက်တွေ့ဆုံသည့် ဆန်းလျန်မှာ လွတ်လမ်း မရှိတော့ဟု ပြည်နယ် အုပ်ချုပ်ရေးမှူးက ထင်လိုက် မိလေသည်။

ထို့ကြောင့်ပင် ပြည်နယ် အုပ်ချုပ်ရေးမှူးစောက ဆန်းသခင်ကြီး ဆန်းလျန်အကြောင်းကို သိမသိ စမ်းသပ်သည့် အနေဖြင့် သတင်းပို့သူကို လွှတ်လိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ အကျဉ်းထောင် ထဲတွင် ရှိနေပြီး  အစိမ်းရောင်ဝတ် လူနှင့်အတူ ပျောက်ကွယ် သွားသည်ကိုတော့ ဆန်းသခင်ကြီးကို သူဘယ်တော့မှ ပြောမည် မဟုတ်ပေ။

ဆန်းလျန် သေလားရှင်လား ဆိုသည်ကို ပြည်နယ် အုပ်ချုပ်ရေးမှူးစော မသိပါ။ ဆန်းလျန် သူ့ဆီသို့လာပြီး အစိမ်းရောင်ဝတ် လူကို တွေ့ခွင့်တောင်းသည့် ကိစ္စကို ဆန်းအိမ်တော် မသိအောင် ဖုံးကွယ် ထားရုံသာ ရှိလေသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးစောမှာ စိတ်ထဲလေးလံ နေခဲ့ရသည်မှာ ဆန်းလျန်တစ်ယောက် မသေမပျောက်ဘဲ အန္တရာယ် ကင်းကင်းဖြင့် ဆန်းအိမ်တော်သို့ ပြန်ရောက်လာ သည့် သတင်း ကြားရသည့် နေ့အထိပင် ဖြစ်လေတော့သည်။

ယခုမှပင် ပြည်နယ် အုပ်ချုပ်ရေးမှူးစောမှာ စိတ်သက်သာရာ ရသွားလေသည်။ သူသိချင်သည်မှာ အစိမ်းရောင်ဝတ်လူ ဘာဖြစ်သွားလဲ ဆိုသည့် အချက်ပင်။ ဆန်းလျန်က ထိုအကြောင်းကို သိမည် ဖြစ် သော်လည်း သူကမေးရန် အခွင့်မသာ ဖြစ်နေလေသည်။

နောက်နေ့များတွင်တော့ အုပ်ချုပ်ရေးမှူး စောအတွက် အခွင့်အရေး ရလာ ခဲ့လေသည်။

မြို့ထဲတွင် ဆန်းသခင်ကြီး ပိုင်ဆိုင်သည့် အကြီးဆုံး တည်းခိုရိပ်သာကို ဆန်းလျန်သို့ လွှဲပေးလိုက် လေသည်။ တုန်းဖူ တည်းခိုရိပ်သာမှာ ယခုအခါ ဆန်းလျန်၏ စီမံခန့်ခွဲမှု အောက်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

ဆန်းသခင်ကြီးမှာ ဆန်းလျန်အား ဆန်းအိမ်တော်၏ ဆက်ခံသူအဖြစ် သတ်မှတ်လိုက်ပြီ ဆိုသည့် အချက်မှာ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထင်ရှားနေပြီ ဖြစ်လေသည်။

ထိုနေ့က အဖြစ်အပျက်များကို ပြန်ပြောရမည် ဆိုလျှင် မိခင်ဖြစ်သူအတွက် သွားရောက် ဝတ်ပြု ဆုတောင်းပေးနေသည့် ဆန်းလျန်တစ်ယောက် ညနေပိုင်းရောက်မှ ဆန်းအိမ်တော်သို့ ပြန်ရောက်လာခဲ့ လေသည်။ ထိုအချိန်တွင် ဆန်းအိမ်တော် တစ်ခုလုံးမှာ သော့များ ခတ်ထားလျက် ရှိလေသည်။

ဆန်းသခင်ကြီးနှင့် ဆန်းချင်းစန်း တို့မှာလည်း ဆန်းလျန် ပြန်ရောက် လာမှပင် စိတ်သက်သာရာ ရလေတော့သည်။

ထိုအချိန်မှာပဲ ဆန်းလျန်နောက်သို့ လိုက်သွားကြသည့် သက်တော်စောင့် များမှာလည်း ပြန်ရောက် လာကြလေသည်။

သူတို့က ဆန်းလျန်နောက်သို့ တိတ်တဆိတ် လိုက်သွားကြရင်း ဆန်းလျန်ကို မျက်ခြည် ပြတ်သွား သည့်အတွက် အပြစ်ပေး ခံရမည်ကို ကြောက်ရွံ့ပြီး ချယ်လန်း ဝတ်ကျောင်းတော်တွင် ဆန်းလျန်ကို သွားရောက် ရှာဖွေကြလေသည်။

နောက်ဆုံးတော့ မိုးရေများ စိုရွှဲနေသည့် ဆန်းလျန်ကို တောင်ပေါ်တွင် ရှာတွေ့သွားကြလေသည်။ ဆန်းလျန်၏ ဘေးနားတွင်လည်း ကြည်ညိုဖွယ် ကောင်းသည့် ဘုန်းတော်ကြီးတစ်ပါးကို တွေ့ရလေသည်။ သူတို့နှစ်ယောက်မှာ တောင်ပေါ် လမ်းလေးအတိုင်း လမ်းလျှောက် လာကြခြင်း ဖြစ်လေသည်။

သက်တော်စောင့်များ ဆန်းလျန်ရှေ့သို့ ရောက်လာသည့် အခါတွင်တော့ ဘုန်းတော်ကြီးက မည်သည့်စကားမျှ မဆိုဘဲ တစ်ချက်မျှသာ ကြည့်ကာ ထွက်ခွာသွားလေသည်။

ထိုနေ့က မိုးသည်းထန်သောနေ့ ဖြစ်သောကြောင့် တောင်ပေါ်လမ်းမှာ ချောနေသော်လည်း ဘုန်းတော်ကြီးက ဂရုစိုက်သည့်ပုံ မရှိပေ။ သူက ခပ်မြန်မြန်ပင် လျှောက်သွားသောကြောင့် တစ်ခဏ အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ် သွားလေသည်။

စပ်စုတတ်သည့် သက်တော်စောင့်တစ်ယောက်က ဆန်းလျန်ကို ဘုန်းတော်ကြီးအကြောင်း မေးကြည့်သော်လည်း ဆန်းလျန်က ပြုံးပင် ပြုံးနေလိုက်ပြီး ပြန်တော့မဖြေ။ သူက သက်တော်စောင့် များနှင့်အတူ ဆန်းအိမ်တော်သို့ ပြန်လိုက်ခဲ့လေသည်။

ဆန်းအိမ်တော်သို့ ပြန်ရောက်တော့ ဆန်းလျန်က အစိမ်းရောင်ဝတ်လူ သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။ အသေးစိတ်ကိုတော့ ပြောပြခြင်း မရှိသလို ဆန်းသခင်ကြီးကလည်း သူပြောပြသည့် အကြောင်းအရာထက် ပိုပြီးမမေးပေ။

ထို့နောက်တွင်တော့ ဆန်းသခင်ကြီး တောင်းဆိုသည့်အတိုင်း တည်းခိုရိပ်သာ တစ်ခုကို စီမံ အုပ်ချုပ်ပေးရန် ဆန်းလျန် သဘောတူ လိုက်လေသည်။ ဆန်းသခင်ကြီးမှာ အရှိန်အဝါ ကြီးသည့် လူတစ်ယောက် ဖြစ်သည့်အတွက် ဆန်းလျန် ငြင်းဆန်ဖို့ လက်လျှော့လိုက်ပြီး မိသားစု စီးပွားရေးသို့ ဝင်ရောက်လုပ်ကိုင် လိုက်ရခြင်း ဖြစ်လေသည်။

ဤသည်မှာ ဆန်းလျန်တစ်ယောက် မြို့ထဲတွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး တုန်းဖူ တည်းခိုရိပ်သာကို လက်လွှဲ ယူလိုက်ရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset