စာစဉ် (၁၇) အပိုင်း (၂၃၅)

ဇူယွမ်၏ တုံ့ပြန်တိုက်ခိုက်မှု

ဇူယွမ်၏ စကားများကို နားထောင်ပြီးနောက် လူတိုင်းက ဇူယွမ်ကို သူရူးသဖွယ် လှမ်းကြည့် လိုက်ကြသည်။

သူကဲ့သို့ အပြင်ဘက်တောင် တပည့် တစ်ယောက်က အခြားတပည့်များကို လမ်းညွှန်ပေးမည် ဆိုသည်ကို တစ်ခါမှ မကြားဘူးပေ …

ထိုမျှမကသေး အတွင်းတောင်၏ တပည့်များမှာ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို တစ်လအတွင်း ပထမအဆင့်သို့ ရောက်ရှိရမည်ဟု သူကဲ့သို့ အခိုင်အမာ ဆိုဝံ့သူမရှိပေ။

ကျူးယွဲ့ပင်သည် ထိုသို့ မလုပ်နိုင်ပေ။

ထိုကြောင့် ဇူယွမ်၏ စကားများက ချောင်းရှိုးကိုပင် ဆွဲဆောင်နေသည်။ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သူမရွေးချယ်ခဲ့ပေမဲ့ ဇူယွမ်သာ တစ်လအတွင်း ပထအဆင့်သို့ ရောက်အောင် ကူညီနိုင်သည် ဆိုပါက သူအစမှ လေ့ကျင့်ရလည်း ကိစ္စမရှိပေ …

တကယ်တော့ သူတို့အားလုံး ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို လေ့လာရန် မည်မျှ ခက်ခဲသည်ကို နားလည် ကြပေသည်။ တစ်လတည်းနှင့် အစောပိုင်း ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနိုင်ဖို့ရန်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကိစ္စဖြစ်သည်။

ကျူးဖန်မှာ ဖြူဖျော့နေသည်။ သူ၏ နဖူးပြင်မှ ချွေးစေးများကျနေပြီး သူမျက်လုံးထဲတွင် ချောက်ချားနေသည်။ ဇူယွမ် အနေဖြင့် ထိုအကွက်ကို ထုတ်သုံးလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားပေ။ သူက ချက်ချင်းပင် အံကိုကြိတ်ကာ ပြောလိုက်သည်။

“အပြင်ဘက်တောင် တပည့် တစ်ယောက်က တခြားတပည့်တွေကို သင်ကြားပေးဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်း ရှိမှာလဲ”

ဇူယွမ်က ပြုံးလိုက်ပြီး

“အပြင်ဘက်တောင်က တပည့်တစ်ယောက်က အခြားသူတွေကို မသင်ပေးရဘူးလို့ စည်းကမ်းထဲမှာ ပြောထားလို့လား”

ကျူးဖန်မှာ အေးခဲသွားပြီး သူ၏ ပတ်ဝန်းကျင်တွင် ရှိနေသောသူများကို လှမ်းကြည့်လိုက်သည်။ သည်လူများက သူ့အစ်ကိုကြီးထံတွင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ယူနေကြသူများ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဇူယွမ် ပြောလိုက်သော စကားများကြောင့် တစ်စုံတစ်ခုကို တွေးတောနေကြဟန် ရသည်။

ထိုအရာက သူတို့အတွက် ရှင်းလင်းပေသည်။ ကျူးယွဲ့ဆီတွင် ဆက်လက် သင်ယူပါက ပေးဆောင်ရမည့် ပမာဏမှာ များပြားရုံမက တစ်လတည်းနှင့်လည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ ပထမအဆင့်သို့ မရောက်နိုင်ပေ။

နှိုင်းယှဉ်ပါက ဇူယွမ်၏ အရည်အချင်းနှင့် တန်ဖိုးမှာ သေချာပေါက်ကို ကောင်းမွန်ပေသည်။

ကျူးဖန်က စတင် ထိတ်လန့်လာပြီး ကမန်းကတန်း ပြောလိုက်သည်။

“သူ့ရဲ့ ဆွဲဆောင်တာကို လက်မခံနဲ့။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ပထမအဆင့်ကို သူရောက်နိုင်ခဲ့ပေမဲ့ ဒါက  အခြားသူတွေကို တစ်လအတွင်း အဲဒီအဆင့်ကို ရောက်အောင် သူကူညီနိုင်တယ်လို့ မဆိုလိုဘူး။ ဂူဟွမ်ဂျီက သာလွန်တဲ့ ပါရမီရှိတယ် သူနဲ့ မင်းတို့ကောင်တွေနဲ့က ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ”

အပြင်ဘက်တောင်တွင် သင်ကြားပေးခြင်း ကဲ့သို့ ငွေဝင်လွယ်သော အလုပ်ကို သူ့အစ်ကို ရရှိရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမှန်း သူနားလည်ပေသည်။ သည်အလုပ်က မူလကျောက်စိမ်း ရရှိရန် အလွန် လွယ်ကူပေသည်။ ဇူယွမ်သာ သူတို့လက်ထဲမှ ပိုင်မုန့်ကို လုယူသွားပါက သူတို့အတွက် ခြင်းကြားနှင့် ရေခပ်ရသလို ဖြစ်နေပေတော့မည်။

ကျူးယွဲ့၏ စကားလုံးများက အခြားသော တပည့်များကို တွေဝေသွားစေသည်။ ထို့ပြင် ဇူယွမ်နှင့် ကျူးယွဲ့ကို နှိုင်းယှဉ်ကြည့်ပါက အတွင်းတောင် တပည့်ဆိုသော အဆင့်အတန်းက ပိုမို ယုံကြည်ဖွယ်ရာ ကောင်းပေသည်။

သူ့လူများ သိမ်းသွင်းခံရမည် စိုးသောကြောင့် ကျူးဖန်သည် ဒီနေရာတွင် ဆက်လက်၍ မနေလိုတော့ပေ။ သူက အားတင်းကာ ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး

“ဇူယွမ် မင်းဒီနည်းလမ်းကို ဆက်မလုပ်တာ ကောင်းမယ်။ မင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ကို သင်ကြားပေးတာနဲ့ ငါ့ရဲ့အစ်ကိုက ဒီအတိုင်း ထိုင်နေမယ်လို့ မင်းထင်လား”

သူ၏ စကားလုံးနှင့် လေသံမှာ ခြိမ်းခြောက်နေကြောင်း ပေါ်လွင်ပေသည်။

သို့သော်လည်း ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပဲ အသာအယာ ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ကောင်တွေ ပူးပေါင်းပြီးတော့ အခြားသင်ကြားပို့ချ သူတွေလည်း ငါ့ကို မူလကျင့်စဉ် မသင်ပေးအောင် လုပ်ကတည်းက ကြိုစဉ်းစားထား သင့်တယ်”

ကျူးဖန်က အေးစက်စွာ ပြောလိုက်သည်။

“ဟမ့် … မင်းက အရူးလို ခေါင်းမာနေတာပဲ။ ငါ့အစ်ကိုရဲ့ အမျက်ဒေါသကို စောင့် နေလိုက်… ”

“သွားမယ်”

သူ၏လက်မောင်းအိုးကို ဝှေ့ယမ်းကာ ဦးဆောင်ပြီး ‌ထွက်ခွာသွားသော သူ၏ ပုံစံမှာ အနည်းငယ် သနားဖို့ ကောင်းပေသည်။

အခြားသော တပည့်များမှာ ခဏမ ျှတွေဝေနေပြီး အဆုံးတွင် သူ့နောက်လိုက်ပါ သွားကြသည်။

သူ့တို့ ထွက်ခွာသွားသည့် အပေါ်တွင် ဇူယွမ် မည်သို့မှ မခံစားရပေ။

“ဟီးဟီး … အစ်ကိုလေး ဇူယွမ် အခြားတပည့်တွေကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ပေးဖို့ အစီအစဉ် ရှိတာလား။ ကျွန်တော် သိထားသလောက်တော့ အပြင်ဘက်တောင် တပည့်တွေထဲမှာ အဲဒီကျင့်စဉ်ကို လေ့လာနေတဲ့သူ အယောက်တစ်ရာ အနည်းဆုံးရှိတယ်။ သူတို့ အကုန်လုံးသာ အစ်ကိုလေးနားမှာ လာသင်ရင် အစ်ကိုလေးကတော့ တစ်နေ့တစ်နေ့ မူလကျောက်စိမ်းပြားကို ရာနဲ့ချီပြီး နေ့တိုင်း ရနေတော့မှာပဲ”

ရှန့်ဝမ်ကျင်၏ မျက်လုံးအစုံက တောက်ပနေပြီး သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် သွားရည်များပင် စီးကျနေသည်။ သူအနည်းငယ် တွက်ချက်ပြီးနောက် ဇူယွမ်က အပြင်ဘက်တောင် တပည့်များ ကြားထဲတွင် အချမ်းသာဆုံး ဖြစ်လာနိုင်မှန်း နားလည်ခဲ့သည်။

ထိုစကားကို ကြားရချိန်တွင် ဇူယွမ်မှာ နှလုံးခုန် မြန်ဆန်သွားသည်။ အမှန်တွင် အစောပိုင်းက သူပြောခဲ့သည်မှာ ကျူးယွဲ့အား လက်စား ချေလို၍သာ ပြောခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ တွေးကြည့်မှပင် သည်အရာက မူလကျောက်စိမ်းများ ရရှိရန် အကောင်းဆုံးသော နည်းလမ်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။

နှိုင်းယှဉ်ကြည့်ပါက တာဝန် ထမ်းဆောင်ရမည့် စင်မြင့်သို့ သွားပြီး အချို့သော တာဝန်တွေကို လုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိတော့ အလုပ်ကြမ်း သာသာပင် …

ဇူယွမ်က ပြတ်သား ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်သည်။ သည်ကဲ့သို့ ကျင့်စဉ် သင်ပေးခြင်းဖြင့် အနာဂတ်တွင် သူ့၏ ဘဏ္ဍာတိုက်တွင် မူလကျောက်စိမ်းများ တိုးပွားလာ ပြီးနောက် ချမ်းသာလာကာ နောက်ဆုံးတွင် နဂါးကိုးကောင် နိယာမကျင့်စဉ်ကိုပင် ငှားရမ်းနိုင်ရုံမက တောက်ပသော ရတနာခန်းမမှ အချို့သာ ရတနာများပင် ဝယ်ယူနိုင်တော့မည် ဖြစ်သည်။

“မင်းက အများကြီး သိထားတာပဲ”

ဇူယွမ်က ရှန့်ဝမ်ကျင်အား ကြည့်ကာ ပြုံးလိုက်သည်။

“ဒီလို စွန့်စားမယ့် ကိစ္စမှာကော ပါဝင်ဖို့ မင်းစိတ်ဝင်စားလား”

ရှန့်ဝမ်ကျင်က သူ့ရင်ဘတ်ကို သူပုတ်ကာ ပြန်ပြောသည်။

“အစ်ကိုလေးယွမ်က ဒီအလုပ်အတွက် အသင့်လျှော်ဆုံးသော သူကို ရှာတွေ့သွားတာပဲ။ သည်ကိစ္စက ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်းပဲ။ ကျွန်တော် ပထမဆုံး သည်သတင်းကို ဖြန့်ပေးမယ် တပည့်တွေအားလုံး ဒီမှာ လာသင်ယူဖို့ စိတ်ဝင်စား စေရမယ်”

“အစ်ကိုလေးရဲ့ တစ်လအတွင်း ပထမအဆင့်ကို ရောက်စေရမယ်ဆိုတဲ့ ကတိနဲ့ဆို တပည့်တွေ အများကြီးကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်”

“ဒီကျော်ကြားတဲ့ မိန်းကလေး ဂူဟွမ်ဂျီရဲ့ ထောက်ခံချက်လေး နဲ့သာ ပေါင်းပြီး ကြေညာလိုက်မယ် ဆိုရင် တခြားတပည့် တွေလည်း သံသယရှိတော့မှာ မဟုတ်ဘူး”

“ငါ့တို့ ခြေတစ်လှမ်း စလှမ်းလိုက်တာနဲ့ ကျူးယွဲ့ရဲ့ နေရာမှာ လူတစ်ယောက်မှ မကျန်စေဘူး ဆိုတာကို ငါပြောရဲတယ်”

ဇူယွမ်က နားထောင်နေရင်း ရယ်မောလိုက်သည်။ ရှန့်ဝမ်ကျင်က သူကို များစွာသော အလုပ်ပိုတွေထဲမှ ကယ်တင်လိုက်ခြင်း ဖြစ်သည်။

ချောင်ရှိုး၏ မျက်လုံးများမှာ လိုအင်ဆန္ဒများဖြင့် တောက်လောင်လျက် ဇူယွမ်ကို ကြည့်ကာ မေးလိုက်သည်။

“ညီတော်ဇူယွမ်က တစ်လအတွင်း အခြားတပည့် တွေကိုလည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ပထမအဆင့် ရောက်အောင် ကူညီပေးနိုင်တာလား”

ဇူယွမ်က အနည်းငယ် တွေးဆကာ ဖြေလိုက်သည်။

“တခြားကိစ္စ ကြီးကြီးမားမား မရှိရင်တော့ တစ်လတည်းနဲ့ ပထမအဆင့် ရောက်အောင် ကျွန်တော် လုပ်နိုင်ပါတယ်။ နောက်တစ်ဆင့် အတွက်ကတော့ တခြားနည်းလမ်း ရှိတယ်”

ချောင်းရှိုးက သက်ပြင်းချလိုက်ပြီး နောက် ပြုံးကာ

“ဒါဆို ငါ ပြန်တဲ့အခါကျရင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ပြန်ငှားလိုက်ဦးမယ်”

သည်ကျင့်စဉ်က အပြင်ဘက်‌တောင် တပည့်များကြားထဲတွင် နာမည်ကြီးသည့် အလျောက် ချောင်းရှိုးလည်း ထိုကျင့်စဉ်က မည်မျှ ဖြုန်ဖို့ကောင်းသည်ကို သိပေသည်။ သူက အချိန်မပေး နိုင်သည့်အတွက် သည်ကျင့်စဉ်ကို လေ့ကျင့်ရန် လက်လျှော့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သွေးကြောရှာဖွေရန် မည်မျှ ပြဿနာများသည်ကို သူသိခဲ့သောကြောင့် ဖြစ်သည်။

ဇူယွမ်က ရယ်မောကာဖြင့်

“မင်းတို့ အတွက်တော့ သင်ကြားခ ပေးစရာမလိုဘူး”

ချောင်းရှိုးက အတော်ကို ကောင်းမွန်သော လူတစ်ယောက် ဖြစ်သည့်အတွက် ဇူယွမ်က သူ့အပေါ်တွင် အလွန်ကောင်းသော ခံစားချက် ရှိပေသည်။ ထိုကြောင့် ငွေကြေးနှင့် ပတ်သက်၍ အနည်းငယ်မျှပင် စိတ်ထဲမထားပေ။

ချောင်းရှိုးက ထိုစကားကြားလျှင် ငြင်းပယ်ခြင်း မပြုတော့ပဲ

“ဒါဆို ညီငယ်လေးကိုပဲ ကျေးဇူးတင်ရမယ်။

မူလကျင့်စဉ် သင်ကြားရခြင်းမှာ တကယ်ကို အကုန်အကျ များပေသည် ထိုကြောင့် သူ့အနေဖြင့်လည်း တတ်နိုင်သမျှ ချွေတာချင်ပေသည်။

ချောင်းရှိုးက မှတ်ချက်ချသည်။

“သည်သတင်းသာ ပျံ့နှံ့သွားရင် ညီလေးဇူယွမ်က အပြင်ဘက်‌တောင် တပည့်တွေထဲမှာ နာမည်ကြီးတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်”

ထိုအရာက အမှန်ပင် ဖြစ်သည်။ ဇူယွမ်၏ ကိစ္စလိုမျိုး မည်သည့်ကိစ္စမှ မဖြစ်ပွားဖူးသေးပေ။

“ပြီးရင်တော့ ညီငယ်လေးဇူယွမ် အနေနဲ့ ကျူးယွဲ့ကို နည်းနည်း ပိုဂရုစိုက်ဖို့ လိုမယ်။ မင်းရဲ့ အစီအစဉ်က သူ့ရဲ့ အသက် မွေးဝမ်းကြောင်းကို သွားပြီး တိုက်ခိုက်တာလို့ ပြောလို့ရတယ်။ ငါစိုးရိမ်မိတယ် သူလည်း ဒီကိစ္စမှာ ငြိမ်ငြိမ်လေး နေမှာ မဟုတ်ဘူး”

ကျူးယွဲ့၏ အတွင်းတောင်တပည့် အဆင့်အတန်းနှင့် သန်မာမှုက သူတို့လို အပြင်ဘက်တောင်၏ တပည့်များ အားလုံးထက် သာလွန်ပေသည်။

ဇူယွမ်က ရယ်မောကာ ခေါင်းညိတ်ပြ လိုက်သည်။ သူ့အနေဖြင့် ကျူးယွဲ့နှင့် ပတ်သက်ပြီး စိတ်ပူခြင်း မရှိပေ။ သူသာ ဇူယွမ်ကို တိုက်ရိုက် တိုက်ခိုက်ရန် ကြိုးစားပါက ကျူးယွဲ့အား ထန်ထန်နှင့် တွေ့ပေးလိုက်ရုံသာ ရှိသည် …

ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့သည် အခြားသော အသေးစိတ် အချက်အလက်များ ဆွေးနွေးပြီးနောက် ထွက်ခွာ သွားတော့သည်။ သူတို့ထွက်ခွာ သွားချိန်တွင် သူတို့၏ မျက်လုံးထဲတွင် အရောင်များ တောက်ပလျက် ရှိသည်။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ဇူယွမ် သင်ကြားပေးမည် ဟူသော သတင်းမှာ အပြင်ဘက်တောင်တွင် ပျံ့နှံ့သွားပါက မည်မျှပင် ကြီးကျယ်လိမ့်မည် နည်းဟု တွေးတောနေကြသည်။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီးနောက် ဂူဟွမ်ဂျီက ဇူယွမ်ဘက်သို့ လှည့်ကာ

“နင့်ရဲ့ ရည်မှန်းချက်က သေးသေးလေး မဟုတ်ဘူးပဲ … နင်သာ အောင်မြင်သွားရင် မူလကျောက်စိမ်းတွေ ဘယ်လောက်များများ ရနိုင်မလဲ ငါတကယ် သိချင်မိတယ်”

“သူတို့က ငါ့ကို ပစ်မှတ် ထားမှတော့ သူတို့လည်း ကောင်းကောင်း မနေစေရဘူး”

ဇူယွမ်က ပခုံးတွန့်ကာ ပြောသည်။ ကျူးယွဲ့၏ အနိုင်ကျင့်မှု အတွက် သူ့အနေဖြင့်လည်း သနားငဲ့ညှာနေစရာ မရှိပေ။

“နင်က သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ ပထမအဆင့်ကိုပဲ သင်ပေးမှာပေါ့”

ဂူဟွမ်ဂျီက ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ဇူယွမ်က ပြုံးလျက် ပြန်ဖြေသည်။

“နောက်ပိုင်း ကျင့်စဉ်အပိုင်းတွေက အရမ်းခက်ခဲတယ်။ ငါကူညီနိုင်မှာ မဟုတ်ဘူး။ မင်းကိုမင်း မှီခိုအားထားဖို့ လိုတယ်”

ဂူဟွမ်ဂျီက နှုတ်ခမ်း ဆူလျက်ပြောသည်။

“ငါဘာလို့ နင်မလုပ်နိုင်ဘူးလို့ မခံစားမိတာပါလိမ့်။ နင် လုပ်ချင်စိတ် မရှိတာမလား”

ဇူယွမ်၏ မျက်ခုံးများ မြင့်တက်သွားသည်။ မိန်းမတွေရဲ့ အလိုလိုသိစိတ်က ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်လှသည်။

ဇူယွမ် မည်သည်မှ ပြန်မပြောနိုင်သည်ကို မြင်သောအခါ ဂူဟွမ်ဂျီက ပြုံးလိုက်ပြီး

“ကြည့်ရတာ နင့်ရဲ့ ပညာတွေကို လျှိုထားတာပဲ။ ငါ့ကို ဒုတိယ အဆင့်ကော ဆက်သင်ပေးပါ”

ဇူယွမ်က ခေါင်းခါလိုက်ပြီး

“ငြင်းပယ်တယ်”

ဒုတိယအဆင့်မှာ ပထမအဆင့်ထက် မနှိုင်းယှဉ်သာ နိုင်အောင် အားထုတ်ကြိုးပမ်း ရပေလိမ့်မည်။

ဇူယွမ် ငြင်းပယ်လိုက်သည်နှင့် ဂူဟွမ်ဂျီ၏ မျက်နှာက ပိုမို နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ ထိုနောက် သူမက ဇူယွမ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပြီး ဇူယွမ်၏ နား အနီးသို့ကပ်က စွဲမက်ဖွယ် ကောင်းသော အသံဖြင့် ပြောလိုက်သည်။

“ဇူယွမ် ငါ့ရဲ့မိသားစုက အကြီးအကဲက ကန်ရွှမ်းကလန်ရဲ့ ဟုန်ယာတောင်ထွတ်က ဆရာသခင်ပဲ။ နင်က ငါ့ကို အနိုင်စားနေတယ်လို့ ငါသာ သူ့ကို တိုင်လိုက်ရင် နင် ဘာဖြစ်သွားမယ် ထင်လဲ ”

ပြုံးနေသော ဇူယွမ်မှာ ချက်ချင်းပင် တောင့်တင်းသွားသည်။ ဂူဟွမ်ဂျီ၏ နောက်ခံမှာ တောင်ထွတ်ခုနစ်ခုမှ ဆရာသခင် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှာ မမျှော်လင့်မိပေ။ ဒါက မလွန်လွန်းဘူးလား …

“ဒါက နည်းနည်း အကြောင်းပြချက် မရှိသလိုပဲ။ ဟုတ်တယ်မလား”

ဇူယွမ်က အားတင်းကာ ပြုံးလိုက်သည်။

ဂူဟွမ်ဂျီက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်ပြီး အသံချိုချိုလေးဖြင့် ပြောသည်။

“ငါက ကောင်မလေး တစ်ယောက်ဆိုတာ အကြောင်းပြချက်လေ။ နင်ရူးနေလား”

ဇူယွမ်က ပြောလိုက်သည်။

“ဒါဆို သည့်အတွက် ငါ ဘာပြန်ရမှာလဲ”

ထိုအခိုက်တွင် ဂူဟွမ်ဂျီက ခေါင်းကို တစ်ချက် ငဲ့စောင်း ကြည့်လိုက်ပြီး နှစ်လိုဖွယ်ကောင်းစွာ ပြုံး၍

“နင်က ဂူဟွမ်ဂျီဆီကနေ ပိုပြီး ထောက်ခံမှုတွေ ရမှာပေါ့”

ဇူယွမ်

“ … ”

သူက သွေးအန်လု မတတ်ဖြစ်သွား သော်လည်းပဲ အဆုံးတွင် အံကြိတ်ကာ ခါးသက်သက်နှင့် ပြောလိုက်ရသည်။

“မင်းနိုင်ပါတယ် … ”


Comment

Leave a Reply


Options

not work with dark mode
Reset