အခန်း (၈၉)

မိုးထက်ယံချီ လှေကားဆီသို့

အခန်း (၈၉) မိုးထက်ယံချီ လှေကားဆီသို့

နဝမတောင်ထွတ်အစွန်းရှိ ခန်းမဆောင်ထဲတွင်တော့ မော့ကျန်းသုန့် မတ်တတ်ရပ်လျှက် ရှိသည်။

သူက နဝမတောင်ထွတ်၏ ရင်ပြင်ထက်ရှိ ယှဉ်ပြိုင်ပွဲသို့ လှမ်းမျှော်ကြည့်ရှုနေ၏။

သူ့နံဘေးတွင် လူ (၄)ယောက် ရှိနေသည်။

ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက်နှင့် နတ်လူသားမျိုးနွယ်မှ အကြီးအကဲ (၃)ယောက် ရောက်ရှိနေကြခြင်း ဖြစ်သည်။

မြောက်ထျန်းက ကျန်းလန်ကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

“သူ့စိတ်က မှန်လိုပဲ ကြည်လင်တယ်… ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျရင်တောင် တုန်လှုပ်မယ့်သူ မဟုတ်ဘူး… ၊ ကောင်းကင်လှေကားကို ဒီလောက်အမြင့်ကြီးရောက်အောင် တက်နိုင်တာကို မအံ့သြတော့ပါဘူး ၊ ဒီလောက်အသက်ငယ်တဲ့ လူငယ်လေးတစ်ယောက်က ဘာလို့ စိတ်စွမ်းအား ဒီလောက်ကောင်းရတာလဲ…”

မြောက်ထျန်း ရေရွတ်လိုက်သည်။

ဒီလူငယ်လေးက သူမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။

ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က အဘယ့်ကြောင့် ဤမျှလောက် စိတ်စွမ်းအား ကောင်းမွန်နေရပါသနည်း။

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…

“အကြီးအကဲ’မြောက်’ … ခင်ဗျားရဲ့ တပည့်တော့ ရှုံးတော့မယ်ထင်တယ်…”

မြောက်ထျန်း ဖြစ်ညှစ်ကာ ပြုံးရန် ကြိုးစားလိုက်၏။

“ဟားဟား… စောင့်ကြည့်ကြတာပေါ့…”

ထိုအချိန်မှာပင်… ကောင်းကင်လှေကားထိပ်ရှိ အလင်းရောင်စက်ဝန်းထက်မှ မှော်ဆူးချွန်အလင်းတန်း နောက်တစ်ခု ထပ်မံထွက်ပေါ်လာသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။

မှော်ဆူးချွန်အလင်းန်းက တဖြည်းဖြည်း စွမ်းအားများ မြင့်မားလာသည်။

ဖုန်းယီရှောက် မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ကောင်းကင်လှေကားထက်သို့ လှမ်းကြည့်လိုက်၏။

ထိုအခါ… မြောက်ရှိုးက ရှေ့ဆက်မတက်ဘဲ နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

“အိုး…အကြီးအကဲ ‘မြောက်’ ရေ… ခင်ဗျားရဲ့တပည့်က နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တာပဲ… ၊ သူ ဒီလို ခြေတစ်လှမ်းဆုတ်လိုက်တော့ အလင်းရောင်စက်ဝန်းထိပ်က မှော်ဆူးချွန်က စွမ်းအားတွေ အဆမတန် မြင့်မားလာတယ်… ၊ ဒါ… ပြိုင်ပွဲမှာ တစ်ဖက်လူကို လှည့်စားတာ မဟုတ်ဘူးလား…”

မြောက်ထျန်းက…

“ဘယ်သူမဆို ရှေ့မဆက်နိုင်ရင် နောက်ဆုတ်မှာပဲလေ… ၊ ဒါပေမဲ့ ဒီလိုနောက်ဆုတ်လိုက်လို့ လှေကားတက်တဲ့လမ်းမှာ အခက်အခဲတွေကြုံရရင် သူတို့ (၂)ယောက်လုံး ရင်ဆိုင်ရမှာပဲလေ… ၊ ခင်ဗျားတို့ နဝမတောင်ထွတ်က တပည့်တစ်ယောက်ပဲ ဒုက္ခရောက်မှာမှ မဟုတ်တာ… ၊ ခင်ဗျားတို့တပည့်လည်း မဟန်နိုင်လို့ နောက်ဆုတ်ရင် လှည့်စားတယ်လို့ ပြောနိုင်မတဲ့လား…”

မြောက်ထျန်းက တပည့်ဖြစ်သူ မြောက်ရှိုးကို ကာကွယ်ပြောဆိုလိုက်၏။

မြောက်ရှိုးတစ်ယောက် လှေကားထိပ်သို့ရောက်အောင် မတက်နိုင်တော့သည့်အတွက် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကလိန်ကျလိုက်သည်ကို မြောက်ထျန်း သိနေခဲ့သည်။

ကောင်းကင်လှေကားတွင် ရှေ့ဆက်မတက်ဘဲ နောက်ဆုတ်မိပါက တိုက်ခိုက်မှုများ ပရမ်းပတာဖြစ်သွားနိုင်သည်။ ထို့ကြောင့်… ကျန်းလန်အနေဖြင့် အန္တရယ်ကြီးမားသည့် ဖိအားများနှင့် ရင်ဆိုင်ရနိုင်သည်။

ဖုန်းယီရှောက်က မည်သည့်စကားမှ မပြောတော့ဘဲ မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်၏။

သို့သော်… မော့ကျန်းသုန့်ကတော့ ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနေလေသည်။

***

ရုတ်တရက်… မြောက်ရှိုး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်ကို လူတိုင်းတွေ့မြင်လိုက်ကြရသည်။

မြောက်ရှိုးနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် အလင်းရောင်စက်ဝန်းထက်မှ မှော်ဆူးချွန်က စွမ်းအား (၂)ဆ ပြင်းထန်လာသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။

“ဟာ… အဲဒီကောင် ကလိန်ကကျစ်လုပ်နေတာကွ… သူ တမင်တကာ နောက်ဆုတ်လိုက်တာ… အဲဒါကြောင့် လှေကားပေါ်မှာ ပရမ်းပတာတွေ ဖြစ်ကုန်ပြီ…”

“နတ်လူသားမျိုးနွယ်တွေက သောက်ရှက်ကို မရှိဘူး… ဘာလဲ … အရှုံးကို လက်မခံနိုင်ဘူးလား…”

“စောစောကတော့ သောက်ပြောတွေကြီးနေပြီး… ခုကျ ဘာလို့ ကလိန်ကကျစ်လုပ်နေရတာလဲဟေ့…”

မြောက်ရှိုးက ရင်ပြင်အောက်သို့ ငုံ့ကြည့်လိုက်ပြီး အေးစက်သည့်လေသံဖြင့်…

“နဝမတောင်ထွတ်က တပည့်ကတောင်မှ ဘာမှမပြောဘူး… မင်းတို့လို အရည်အချင်းမရှိတဲ့ သောက်ရူးတွေက လာပြောနေတယ်… ၊ ပေါက်ကရတွေပြောနေတာ အခု ရပ်စမ်း…”

မြောက်ရှိုး၏ မောက်မာသည့်စကားကြောင့် ရင်ပြင်ထက်မှတပည့်များ အကြီးအကျယ် ဒေါကန်ကုန်ကြသည်။

သို့သော်… မြောက်ရှိုးကတော့ ထိုသူများကို အရေးမစိုက်ဘဲ ကျန်းလန်ကို လှမ်းကြည့်လိုက်၏။

သူက ကျန်းလန် ဒေါသထွက်အောင် တမင်တကာ စွပေးလိုက်ခြင်း ဖြစ်သည်။ ဒေါသထွက်လာလျှင် တည်ငြိမ်မှု ပျက်ပြားသွားပေလိမ့်မည်။

သို့သော်… ကျန်းလန်က သူ့ကို ကျောပေးထားပြီး လမ်းဆက်လျှောက်နေသည်။

သူမျှော်လင့်သလို ဒေါသတကြီးဖြင့် သူ့ကိုလှည့်ကြည့်မလာခဲ့ပေ။

မြောက်ရှိုး ကျန်းလန်ကို နားမလည်နိုင် ဖြစ်သွားသည်။

“ငါ ဒီလောက်စွပေးနေတာတောင် ဒီကောင်က ဒေါသမထွက်ဘူးလား…”

မြောက်ရှိုးတွေးလိုက်၏။

ကျန်းလန်၏ မျက်ဝန်းများကတော့ အရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လျှက် ရှိသည်။ သူ့မျက်လုံးထဲတွင် ရှေ့ဆက်ရမည့်လမ်းတစ်ခုတည်းကိုသာ မြင်လေသည်။

သူက မြောက်ရှိုးကို တစ်စက်လေးမှ အဖက်မလုပ်ပေ။

မြောက်ရှိုး ပြောသမျှ လုပ်သမျှသည် မြောက်ရှိုးကိစ္စသာ ဖြစ်၏…။ သူနှင့်မဆိုင်ပေ…။

သူ ဂရုစိုက်သည်က လှေကားထိပ်ဆုံးထိရောက်အောင်တက်ပြီး ပြိုင်ပွဲကို အနိုင်ယူရန် ဖြစ်သည်။ နိုင်ချေရှိသည့် ပြိုင်ပွဲတစ်ခုကို သူ မည်သည့်နည်းနှင့်မှ အရှုံးမပေးနိုင်ပေ။

အလင်းရောင်စက်ဝန်းထက်ရှိ မှော်ဆူးချွန်မှ စွမ်းအားများက ပိုမိုမြင့်မားလာသည်။

သို့သော်… သူ လျှောက်ရမည့်လမ်း အနည်းငယ်ခက်ခဲလာသည်မှအပ အခြားပြဿနာ မရှိပေ။

သူ၏ ဆုံးဖြတ်ချက်က ရှေ့ဆက်တက်ရန်ဖြစ်ပြီး သူ့ရင်ထဲမှ ဖြစ်ချင်သည့်ဆန္ဒကလည်း ရှေ့ဆက်လျှောက်လှမ်းရန်သာ ဖြစ်သည်။

“နောက်ဆုံး လှေကားထစ် (၂၀)သာ တက်ရန် ကျန်တော့သည်…”

ကျန်းလန် ရှေ့ဆက်တက်လိုက်၏။

(၈၁) တစ်မြောက် လှေကားထစ်ကို တက်လှမ်းလိုက်သည့်အချိန်တွင်… မရေမတွက်နိုင်သည့် အလင်းရောင်အမှုန်ငယ်များ မှော်ဆူးချွန်ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။

ထိုအလင်းမှုံများက ချက်ချင်းပင် တိုက်ခိုက်မှုစွမ်းအားများဖြင့် ပြည့်နေသည့် ဓားမြှောင်ငယ်များအဖြစ် ပြောင်းလဲသွားပြီး ကျန်းလန် ရှိရာသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။

ဓားမြှောင်များ၏ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ မခုခံနိုင်ကြောင်း ကျန်းလန် သိလိုက်သည်။

ထို့ပြင်… ဓားမြှောင်တစ်ခုချင်းစီတွင် ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် စွမ်းအားများ ပါဝင်နေ၏။

ဓားမြှောင်တစ်ချောင်းနှင့် ထိမိသည်နှင့် သေချာပေါက် ဒဏ်ရာရမည်ဖြစ်သည်။ မခန့်မသင့်လျှင် အရှုံးနှင့်ပင် ရင်ဆိုင်ရနိုင်သည်။

လေတိုးသံနှင့်အတူ ဓားမြှောင်ငယ်များ ကျန်းလန်ထံသို့ ဝင်ရောက်လာသည်။ သို့သော်… ကျန်းလန်က ရှောင်တိမ်းခြင်းမပြုပေ။

ဓားမြှောင်ငယ်များက များပြားလွန်းလေရာ အားလုံးကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

“ဝှစ်…”

“ဟူး…”

“ဟူး…”

ဓားအလင်းရောင်များက ကျန်းလန်ကို ဖြတ်သန်းသွားပြီး အရေခွံများ ပွင့်ထွက်သွားအောင် ဖြတ်တောက်ပစ်လိုက်ကြသည်။

သူ၏ လက်မောင်း ၊ ပေါင် ၊ ပါးပြင်နှင့် လက်ကောက်ဝတ်များတွင် ဓားဒဏ်ရာများ ရရှိသွားသည်။

ဒဏ်ရာများမှ သွေးများစိမ့်ထွက်လာပြီး ကျန်းလန် နာကျင်မှုကို ခံစားလိုက်ရသည်။

သို့သော်… သူက ဒဏ်ရာများကို အရေးမစိုက်သလို အရေးစိုက်ရန်လည်း အချိန်မရှိပေ။

ကျန်းလန် ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေပြီး တိုက်ခိုက်မှုများကလည်း အဆက်မပြတ် ထွက်ပေါ်လာလျှက် ရှိသည်။

“တိုက်ခိုက်မှု အများစုက ငါ့ကို ပါးပါးလေးပဲ ထိုးနှက်တာပဲ… ဒါပေမဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မှု တစ်ခု နှစ်ခုလောက်တော့ ရှိတယ်… ၊ အဲဒါကို မခုခံနိုင်ရင်တော့ ငါ ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ်…”

သူ… တွေးလိုက်သည်။

ထို့နောက်… ကျန်းလန်က သူ့ထံသို့ ဝှီးခနဲ ဝှီးခနဲ ဝင်ရောက်လာသည့် ဓားမြှောင်ငယ်များကို အာရုံစိုက်သတိထားနေလိုက်သည်။

“ဝှစ်…”

“ဟူး… ဟူး…”

ဓားမြှောင်ငယ်များ၏ တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ထက်သို့ အဆက်မပြတ်ကျရောက်နေပြီး ဒဏ်ရာများရရှိကာ သွေးများ စီးကျလျှက် ရှိ၏။

သို့သော်… အရေးစိုက်ရမည့်အချိန်သို့ မရောက်သေးပေ။

သူ့ကိုသေစေနိုင်လောက်သည့် တိုက်ခိုက်မှုအချို့ မကြာခင် ရောက်လာပေတော့မည်။ ထိုအခါမှသာ… သတိထားရန် လိုအပ်သည်။

အချိန်အတန်ကြာပြီးနောက်… ဝင်ရောက်လာသည့် တိုက်ခိုက်မှုတစ်ခုကို ကျန်းလန် သတိပြုလိုက်မိသည်။

ဓားမြှောင်ငယ်တစ်ချောင်း သူ့ထံ အရှိန်ပြင်းစွာဝင်ရောက်လာပြီး သေစေနိုင်လောက်သည့် စွမ်းအားများဖြင့် ပြည့်နက်လျှက် ရှိသည်။

ကျန်းလန် ချက်ချင်းပင် ခေါင်းကိုလှည့်ကာ ရှောင်တိမ်းလိုက်သည်။

“ဟူး…”

တိုက်ခိုက်မှုမှ သီသီလေး လွတ်သွားသော်လည်း မျက်ဝန်းထောင့်စွန်းမှ စူးရှသည့်နာကျင်မှုကို ကျန်းလန် ခံစားလိုက်ရသည်။

သို့သော်… နာကျင်မှုကို အရေးစိုက်နေရန် အချိန်မရှိသေးပေ။

နောက်ထပ် သေစေလောက်သည့် တိုက်ခိုက်မှုတစ်ခုက ဆက်တိုက်ဝင်ရောက်သောကြောင့် ဖြစ်၏။

ထို့နောက်… ဆက်တိုက်ဝင်ရောက်လာသည့် တိုက်ခိုက်မှုကို ကျန်းလန် ထပ်မံရှောင်တိမ်းလိုက်သည်။

ပရိတ်သတ်များက ပြိုင်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။

ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာပရပွနှင့် သွေးချင်းချင်းနီရဲနေသည်ကိုကြည့်ရင်း သူတို့အားလုံး တုန်လှုပ်လျှက် ရှိကြသည်။

သို့သော်… ကျန်းလန်ကတော့ တစ်ချက်မှ မရပ်နားဘဲ ရှေ့ဆက်လျှောက်နေဆဲ ဖြစ်၏။

ပြိုင်ပွဲကို ကြည့်နေကြသည့် ပရိတ်သတ်များမှာ ရင်တမမဖြင့် စကားပင် မပြောနိုင်ဖြစ်နေကြသည်။

ကျန်းလန်နေရာတွင် သူတို့သာဆိုလျှင် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ထို့ပြင်… ခြေလှမ်းများမှားကုန်ပြီး ဒဏ်ရာပင် အပြင်းအထန်ရသွားနိုင်သည်။

တပည့်တစ်ယောက်က…

“ဒီလောက် တည်တည်ငြိမ်ငြိမ် ဆက်လျှောက်သွားနိုင်ဖို့ စိတ်စွမ်းအား ဘယ်လောက်ထိ ကောင်းဖို့ လိုအပ်တာလဲ…”

“အမှန်ပဲ… သေချာသာ သတိမထားရင် ခုနေ အသက်ပျောက်နေလောက်ပြီ… ၊ စောစောက တိုက်ခိုက်မှု (၂)ခုလောက်က အဲဒီ ဂိုဏ်းတူအစ်ကိုကို သေစေလောက်တယ်ဆိုတာ ကျုပ် သိနေတယ်…”

“သူ့စိတ်စွမ်းအားဘယ်လောက်ကောင်းတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး… ၊ ပြီးတော့… လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး ကုချီ စိတ်စွမ်းအားကောင်းအောင် ကြိတ်ပြီး ကျင့်ကြံနေတာ မင်းတို့ သိတယ်မဟုတ်လား… ”

“အင်း… သိသားပဲ… ဘာဖြစ်လို့လဲ…”

“ဂိုဏ်းတူအစ်ကိုကုချီ စိတ်စွမ်းအားကောင်းအောင် ကျင့်ကြံနေတာ ဒီ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကို ကျော်တက်ဖို့ကွ…”

“ဟမ်… ဂိုဏ်းတူအစ်ကို ကုချီက ဘာလို့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကို ကျော်တက်ချင်ရတာလဲ… ၊ သူက ပါရမီရှင်တစ်ယောက်ပဲ မဟုတ်လား…”

“အမှန်ပဲ… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) လောက်က ကောင်းကင်ရိပ်ငြိမ်ရေကန်မှာ ဂိုဏ်းတူအစ်ကိုကုချီက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကို ရှုံးနိမ့်ခဲ့ဖူးတယ်… ၊ ဒါကြောင့် မခံနိုင်လို့ ကြိတ်ပြီး ကျင့်ကြံနေတာပဲ… ၊ ဒါပေမဲ့ အခုအခြေအနေကိုကြည့်ရရင် ဂိုဏ်းတူအစ်ကို ကုချီလည်း နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကို အနိုင်ယူနိုင်မယ်လို့  မပြောနိုင်သေးဘူး…”

ပရိတ်သတ်များထံမှ တစ်ယောက်တစ်ပေါက် စကားများ ထွက်ပေါ်နေစဉ် ကျင်းထင်ကတော့ ကျန်းလန်ကို တအံ့တသြဖြင့် ကြည့်နေမိသည်။

သူတို့ နဝမတောင်ထွတ်တွင် လာရောက်ကျင့်ကြံစဉ်က တည်ငြိမ်ပြီး ပြုံးခဲလှသည့် ဂိုဏ်းတူညီငယ်ကို သူ အမြဲတမ်း အမှတ်ရနေမိသည်။

ကျန်းလန်က ထူးခြားသည့် ပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် ကိစ္စရပ်များအားလုံးကို အစီအစဉ်တကျ ပြုလုပ်လေ့ရှိသူ ဖြစ်သည်။

သို့သော်…  ယခု သူက တိုက်ခိုက်မှုများစွာကို ရင်ဆိုင်နေရပြီး တိုက်ခိုက်မှုအများစုက သူ့ကို ဒဏ်ရာများရရှိစေသည်။ ထို့ပြင်… အချို့သောတိုက်ခိုကမှုများက သူ့ကို သေစေလောက်သည့် ဒဏ်ရာများပင် ရရှိစေနိုင်သည်။

ဒါတောင်မှ…  ကျန်းလန်က ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိသလို ဒဏ်ရာများကိုလည်း အရေးအရာလုပ် ငုံ့ကြည့်ခြင်း မရှိပေ။

သူက ရှေ့ဆက်သွားသည့် အလုပ်တစ်ခုကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေသည်။

မြောက်ရှိုးကတော့ ကျန်းလန်၏ ကျောပြင်ကို တအံ့တသြဖြင့် ငေးစိုက်ကြည့်လျှက် ရှိသည်။ သူ… ကျန်းလန်ကိုကြည့်ရင်း အတော်လေး တုန်လှုပ်နေမိသည်။

ဒီကောင်က ဘာလို့ ဒီလောက်သတ္တိကောင်းနေရတာလဲ…။

နည်းနည်းလောက် သတိလွတ်သည်နှင့် အသက်ဆုံးရမည်ကို သိလျှက် တစ်စက်လေးတောင် မကြောက်ရွံ့ဘူးလား…။

ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း… တိုက်ခိုက်မှုများကို ခုခံရန် အချိန်တိုတောင်းလေ ဖြစ်သည်။

သို့သော်… ကျန်းလန်ကတော့ တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။

ထိုစဉ်မှာပင်… မြောက်ရှိုးက နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်လိုက်သည်။

သူ… ကျန်းလန်ကို ယှဉ်ပြိုင်လိုစိတ် မရှိတော့ပေ။ ကျန်းလန်ကို ဒုက္ခပေးရန်သာ ကြံစည်နေတော့သည်။

မြောက်ရှိုး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် အလင်းရောင်စက်ဝန်းထက်ရှိ မှော်ဆူးချွန်၏ တိုက်ခိုက်မှုက ပိုမိုလျှင်မြန်လာသလို စူးစိုက်မှုလည်း အားကောင်းလာသည်။

မှော်ဆူးချွန်မှ မရေမတွက်နိုင်သည့် ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကျန်းလန်ရှိရာသို့ ထိုးဖောက်ဝင်ရောက်လာသည်။

ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင် ဓားဒဏ်ရာများစွာ ရနေပြီး သွေးများက လှေကားထစ်များထက်သို့ စီးဆင်းကျလျှက် ရှိသည်။

မြောက်ရှိုးက ခြေလှမ်းများကို အဆက်မပြတ် နောက်ပြတ်ဆုတ်နေ၏။

အတန်ကြာမှ သူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ထို့နောက်… ကျန်းလန် လှေကားပေါ်မှ ပြုတ်ကျလာမည်ကို စောင့်ကြည့်နေ၏။

မြောက်ရှိုး၏ လုပ်ရပ်က ယှဉ်ပြိုင်ပွဲကြည့်နေသည့် ပရိတ်သတ်များကို ဒေါသချောင်းချောင်းထွက်စေသည်။

“သောက်ရှက်လည်း မရှိဘူးဟေ့… သောက်ရှက်လည်း မရှိဘူး…”

“မနိုင်ဘူးဆိုရင်လည်း အရှုံးပေးလိုက်လေ… ဘာလို့ ယုတ်မာတဲ့နည်းလမ်းတွေ သုံးနေရတာလဲ…”

“အတော်လေး အရှက်မရှိတာပဲ…”

သတ္တမတောင်ထွတ်မှ ရှန်းရှီက ကျင်းထင်၏ နံဘေးတွင် ယှဉ်ပြိုင်ပွဲကို ကြည့်နေလေသည်။

သူမက အစပိုင်းတွင် ကျန်းလန်ကို အားပေးနေခဲ့သည်။ သို့သော်… ယခုတော့ ဒဏ်ရာများရရှိနေပြီး တစ်ကိုယ်လုံးသွေးများစိုရွှဲနေသည့် ကျန်းလန်ကို သူမ ဆက်မကြည့်ရက်တော့ပေ။

ထို့ကြောင့် ခေါင်းကိုငုံ့ကာ အကြည့်လွှဲလိုက်သည်။

ကျင်းထင်က…

“တစ်ချက်လောက်ကြည့်ပါဦး… ဂိုဏ်းတူညီလေးကျန်းလန်က ဆက်သွားနေတုန်းပဲ… မရပ်သေးဘူး…”

ကျင်းထင်၏ စကားကြောင့် ရှန်းရှီ ကောင်းကင်လှေကားရှိရာသို့ လှမ်းကြည့်လိုက်သည်။

ကျန်းလန်က လှေကားထစ် အထစ် (၉၀) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိပ်ဆုံးသို့ရောက်ရန် ခြေလှမ်း (၁၀)လှမ်းခန့်သာ လိုတော့သည်။

လှေကားထစ် (၉၀) သို့ ရောက်သည်နှင့် ကျန်းလန် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက်… မန္တန်တစ်ခုကိုအသုံးပြုကာ ဒဏ်ရာများကို ကုသလိုက်သည်။

ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီး မျက်နှာကလည်း ဖြူဖပ်ဖြူလျော်ဖြစ်နေလေရာ သူ့ပုံစံက တစ္ဆေတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ… ရှေ့ဆက်တက်ရန် ခြေလှမ်း (၁၀)လှမ်းသာ လိုတော့သည်။

ထိုခြေလှမ်း (၁၀)လှမ်းက လုံး၀ လွယ်ကူမည် မဟုတ်ကြောင်း သေချာပေါက် နားလည်ထားသည်။

ဒဏ်ရာများ သွေးတိတ်သွားတော့မှ ကျန်းလန်က ရှေ့ဆက်ခြေလှမ်းလိုက်သည်။

(၉၁) ထစ်မြောက်သော လှေကားထစ်သို့ ကျန်းလန် ခြေချလိုက်၏။

ထိုစဉ်မှာပင်… ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်သွားကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ ထိုပြောင်းလဲမှုက လောကကြီးတစ်ခုလုံးကို ပြောင်ပြန်လှန်လိုက်သည့်အလား ဖြစ်သည်။

လေနှင့်တိမ်တိုက်များ မြင့်တက်လာပြီး လှေကားထစ်များကလည်း ဖောင်းကြွလာကာ လှေကားထစ်များအောက်မှ ချော်ရည်ပူများ ထွက်ပေါ်လာသည်။

ကျန်းလန် လှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်သည်နှင့် အဆုံးမရှိသည့် ကောင်းကင်ကြီးထက်သို့ ခြေလှမ်းလိုက်ရသည့်အလား ခံစားလိုက်ရသည်။

သူ၏ ခြေထောက်အောက်တွင်တော့ အဆုံးမရှိသည့် ချော်ရည်ပူပင်လယ်ကြီး ဖြစ်ပေါ်လာလေသည်။

ရှေ့သို့ဆက်လှမ်းသည့်ခြေလှမ်းတိုင်းက အဆက်မပြတ်ပြောင်းလဲသွားပြီး ကောင်းကင်ဘုံသို့သွားရာလမ်းအလား အဆုံးမရှိ ကျယ်ပြန့်လျှက် ရှိသည်။

အခြားသူများအမြင်တွင်တော့ ကျန်းလန်က မိုးကောင်းကင်ထက်သို့ ခြေလှမ်းနေသည့်အလား တွေ့မြင်ရမည်ဖြစ်သည်။

သို့သော်… ကျန်းလန်၏ ခြေထောက်အောက်တွင်လည်း သွေးနီရောင်ချော်ရည်ပူများရှိနေလေရာ မရပ်တည်နိုင်တော့ဘဲ အချိန်မရွေး ပြုတ်ကျတော့မည့်အလား ထင်မှတ်နေကြရသည်။

သို့သော်… ကျန်းလန်ကတော့ ချော်ရည်ပူများထက်တွင် ရပ်တန့်ရင်း အရှေ့တည့်တည့်ဆီသို့ စူးစိုက်ကြည့်ရှုနေ၏။

ထိုအချိန်…  အလင်းရောင်များ ရုတ်တရက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်တောက်ပသွားသည်။

ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည်နှင့် မြောက်ရှိုး နှလုံးသားတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။

“မိုးထက်ယံချီလှေကား…”

မြောက်ရှိုးရေရွတ်လိုက်မိလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset