Switch Mode

အခန်း (၈၈)

အလာနောက်ကျသွားပြီ

အခန်း (၈၈) အလာနောက်ကျသွားပြီ

ကျန်းလန် မြောက်ရှိုးကို ကျော်တက်သွားလေသည်။

မြောက်ရှိုး မယုံကြည်နိုင်စွာဖြင့် ငေးကြည့်ရင်း နောက်တွင် ကျန်ရစ်ခဲ့၏။

ဒီလူက စောစောကပင် လှေကားထစ် (၂၁) ထစ်တွင်သာ ရှိသေးသည်။ ယခု သူ့ကို မည်သို့မည်ပုံ အမီလိုက်လာနိုင်ရပါသနည်း။

စိတ်ခံစားချက်များကို လှုံ့ဆော်ပေးသည့် လှေကားထစ်လမ်းများကို လွယ်လွယ်ကူကူ ဖြတ်ကျော်လာရအောင် ဒီလူက ခံစားချက်မရှိတဲ့လူလား…။

မြောက်ရှိုး ဆွံ့အနေစဉ်မှာပင် ကျန်းလန်က လှေကားထစ် အထစ် (၅၀) မြောက်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

သူကတော့ လှေကားထစ် (၃၈)ထစ်မြောက်တွင် ကျန်ရစ်ခဲ့၏။

“ဒီလူက ဘာလား…”

ထိုခဏမှာပင်… ကျန်းလန်နှင့် စိတ်စွမ်းအားယှဉ်ပြိုင်ရန် ရွေးခြယ်မိသည်မှာ မှားယွင်းခဲ့ပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

သို့သော်… သူ ချက်ချင်းပင် အတွေးများကို ဖယ်ထုတ်လိုက်သည်။

ယခုအချိန်က စိတ်ပူရမည့်အချိန်မဟုတ်ပေ။

ထို့ပြင်… နောက်ပိုင်းဆက်တက်ရမည့်လှေကားထစ်များက ထင်သလောက် လွယ်ကူခြင်း မရှိပေ။

ကျန်းလန် လှေကားထစ် အထစ် (၅၀)ကို ဖြတ်ကျော်သွားပြီးသည့်နောက်… အောက်မှ ကြည့်နေကြသည့် တပည့်များမှာလည်း အံ့သြမှင်တက်လျှက် ရှိကြသည်။

သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

“နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက ဟို နတ်လူသားမျိုးနွယ်ကို ကျော်တက်သွားပြီဟေ့…”

ထို့နောက်တွင်တော့… ရင်ပြင်တစ်ခုလုံး ကျန်းလန်ကို ချီးကျူးအော်ဟစ်သံများနှင့် ပြည့်နက်သွားတော့သည်။

နတ်လူသားမျိုးနွယ် မြောက်ရှိုး မျက်စိပျက်မျက်နှာပျက်နှင့် ငုတ်တုတ်မေ့နေသည်ကို သူတို့ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်သည်။

“နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက ခြေလှမ်း (၁၀)လှမ်းလောက် သာနေတယ်… နိုင်မလား မသိဘူး…”

“မသိဘူး… ဒါပေမဲ့ အရင်ကနဲ့ မတူတော့တာ အမှန်ပဲ… ၊ အရင်က နိုင်ဖို့ မျှော်လင့်ချက်လေးတောင် မရှိဘူး… ၊ အခေါ်တော့ မျှော်လင့်ချက်လေးနည်းနည်း ရှိလာတာပေါ့…”

“ငါတို့ တောင့်ခံထားရင် နိုင်ချေရှိမှာပါ… ဟုတ်တယ်မလား…”

အားလုံးက စိတ်ဝင်တစားဖြင့် စောင့်မျှော်ကြည့်နေကြလေသည်။

ကျန်းလန် လှေကားထစ် (၅၀) မှ အရှေ့သို့ ဆက်တက်လိုက်သည်။

ကောင်းကင်လှေကားမှ သူ့ကိုနှောက်ယှက်နေသည့် အမျိုးမျိုးသော နှောက်ယှက်မှုများကို ကျန်းလန် အရေးမစိုက်တော့ပေ။

သို့သော်… ကောင်းကင်ရိပ်ငြိမ်ရေကန်နှင့်ယှဉ်လျှင် ဤလှေကားက များစွာ ဆိုးရွားလေသည်။

ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

(၅၁) ထစ်မြောက်သော လှေကားထစ်ကို ကျန်းလန် ခြေလှမ်းလိုက်သည်။

လှေကားထစ်ပေါ်သို့ ခြေချလိက်မိသည်နှင့် လေထုကိုနင်းမိနေသည့် ခံစားချက်က လုံး၀ ပျောက်ကွယ်သွားသည်။

သို့သော်… လှေကားထစ်များအားလုံးတွင် တောက်ပသည့်အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာလေသည်။

အလင်းရောင်များက နေရာတိုင်းတွင် တောက်ပလာသည်။ ကျန်းလန်၏ ခြေထောက်အောက်တွင်လည်း အလင်းရောင်များ ထွက်ပေါ်လာသည်။

သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်းသည်ပင် အလင်းရောင်များဖြင့် မျောလွင့်သွားသည့်အလား ခံစားလိုက်ရလေသည်။

“ဒါ… ဒါ စံချိန်သစ်တင်သွားတာပဲ…”

မြောက်ရှိုး လုံး၀ မယုံကြည်နိုင် ဖြစ်နေမိသည်။

တစ်ဖက်လူက နတ်လူသားမျိုးနွယ်များ၏ စံချိန်များအားလုံးကို ချိုးဖျက်လိုက်ပြီ မဟုတ်ပါလား…။

ကျန်းလန်က ပထမဆုံးလှေကားထစ် အထစ် (၅၀) ကို ဖြတ်ကျော်ပြီးသည့်နောက် ကောင်းကင်လှေကားကို အမြန်ဆုံး တက်လှမ်းနိုင်သူအဖြစ် စံချိန်ချိုးသွားခဲ့ပြီ ဖြစ်သည်။

နတ်လူသားမျိုးနွယ်များ မရရှိနိုင်သည့် စံချိန်ကို ကျန်းလန်က စံချိန်ချိုးသွားခြင်း ဖြစ်သည်။

မယုံကြည်နိုင်စွာဖြင့် မြောက်ရှိုး၏စိတ်များမတည်မငြိမ် ဖြစ်သွားသည်။

သို့သော်… သူက ချက်ချင်း စိတ်တည်ငြိမ်အောင် ပြန်ကြိုးစားလိုက်ပြီး ထိုအချက်ကို အာရုံမစိုက်ရန် ဆုံးဖြတ်လိုက်သည်။

မဟုတ်ပါက… သူ ခရီးဆုံးအထိ တက်နိုင်မည် မဟုတ်တော့ပေ။

…………

သတ္တမတောင်ထွတ်…

နတ်မိမယ်ရှန်းရှီ၏ ဒဏ်ရာများကို ဂိုဏ်းတူညီမလေးက ပျောက်ကင်းအောင် ကုသပေးနေလေသည်။

သူမက မကြာခင်ပင် နဝမတောင်ထွတ်မှတပည့် ရှုံးနိမ့်သွားပြီဆိုသည့်သတင်းကို ကြားရမည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်… မထင်မှတ်စွာပင် ကောင်းကင်တစ်ခုလုံး အလင်းရောင်များ လင်းလက်နေသည်ကို တွေ့မြင်လိုက်ရပြီး ခွန်လွန်တပည့်များ၏ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။

“ဘုရားရေ… ဘာဖြစ်တာလဲ… ၊ ဘာလို့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုရဲ့ ခြေထောက်အောက်မှာ အလင်းရောင်တွေ တောက်ပလာရတာလဲ…”

“မသိဘူးလေ… ဟို အလင်းရောင်စက်ဝန်းမှာ ပေါ်နေတဲ့ စကားလုံးတွေကို ကြည့်ပါလား…၊ ကြည့်ရတာ စံချိန်ချိုးမှတ်တမ်းဝင်သွားတဲ့ပုံပဲ…”

“လှေကားထစ် (၅၀) ကို တက်ပြီးတာနဲ့ နဝမတာင်ထွတ်က ဂိုဏ်းတူအစ်ကိုက နတ်လူသားမျိုးနွယ်တွေရဲ့ စံချိန်ကို ချိုးလိုက်တာကွ… ၊ အမြန်ဆုံးလှေကားတက်နိုင်တဲ့ စာရင်းဝင်သွားပြီကွ…”

“ဟီ… နတ်လူသားမျိုးနွယ်တွေတော့ ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်ပြီ… သူတို့က နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကို စံချိန်ချိုးသွားအောင် တမင်သက်သက်များ ဒီလိုပြိုင်ပွဲဝင်ဖို့ ရွေးခြယ်လိုက်သလားပဲ…”

“ဒါဆို နတ်လူသားမျိုးနွယ်ထဲမှာ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကို ယှဉ်နိုင်မယ့်သူ မရှိလောက်တော့ဘူး… ၊ ဟက်… ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းသက်တမ်း (၁၀၀)လောက်ပဲ ရှိသေးတဲ့ ဂိုဏ်းတူညီလေးက မင်းတို့ရဲ့ စံချိန်ကိုတောင် ချိုးသွားပါပကောလား…”

နတ်မိမယ်ရှန်းရှီမှာ အသံများကို သေသေချာချာ မကြားရသည့်တိုင် အော်ဟစ်အားပေးနေသံများကြောင့် အံ့သြမှင်တက်လျှက် ရှိသည်။

“ဘာဖြစ်ကြတာလဲ…”

သူမ၏ ဂိုဏ်းတူညီမလေးက…

“ဂိုဏ်းတူအစ်မ… ကြည့်ရတာတော့ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက မြောက်ရှိုးကို အနိုင်ယူတော့မယ် ထင်တယ်…”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ ပြီးတော့… ငါတို့ ဂိုဏ်းတူမောင်နှမတွေ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ…”

ထိုခဏမှာပင်… သူတို့ (၂)ယောက်လုံး စိတ်လှုပ်ရှားဖွယ် တစ်စုံတစ်ခုကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သိလိုက်သည်။

သူတို့ ချက်ချင်းပင် ယှဉ်ပြိုင်ပွဲကြည့်ရန်အတွက် အလျှင်အမြန်ထွက်ခွာခဲ့ကြသော်လည်း ပွဲကြီးပွဲကောင်းကိုတော့ အလာနောက်ကျခဲ့လေပြီ…။

……………

ခွန်လွန်တောင် အဓိကခန်းမဆောင်တည်ရှိရာ ရင်ပြင်အစွန်းတွင်တော့ ဖုန်းယီရှောက်နှင့်အခြားသူများက နဝမတောင်ထွတ်ရှိရာသို့ လှမ်းမျှော်ကြည့်နေကြလေသည်။

နဝမတောင်ထွတ်မှ အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်လာသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြရသည်။

အလင်းရောင်များထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည့်အတွက် ဖုန်းယီရှောက်ကတော့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော်… အကြီးအကဲမြောက်ထျန်းကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ထိုအလင်းရောင်များ အဘယ့်ကြောင့် ထွက်ပေါ်လာရသည်ကို သူ သိရှိလေသည်။ ကောင်းကင်လှေကားခရီးလမ်းကို တစ်စုံတစ်ယောက်ကတော့ အမြန်ဆုံး တက်လှမ်းနိုင်သည့် စံချိန်ချိုးသွားခဲ့လေပြီ…။

အဲဒီလူက မြောက်ရှိုးများလား…။

မဖြစ်နိုင်ပေ…။

မြောက်ရှိုးက စံချိန်ချိုးနိုင်ရန် အများကြီးလိုသေးသည်။

ထိုသို့ဆိုလျှင်… စံချိန်ချိုးသူက နဝမတောင်ထွတ်မှ တပည့် ဖြစ်ပေလိမ့်မည်။

ဘာတွေများဖြစ်ခဲ့လေပြီလဲ…။

တစ်ဖက်လူက အဘယ့်ကြောင့် ကောင်းကင်လှေကားကို စံချိန်ချိုးနိုင်ရပါသနည်း။

ထိုစဉ်… ဖုန်းယီရှောက်က မြောက်ထျန်းကို လှည့်ကြည့်လိုက်သည်။

သူက တည်ငြိမ်သည့် လေသံဖြင့်…

“ကြည့်ရတာ… အကြီးအကဲ’မြောက်’ က နဝမတောင်ထွတ်က ယှဉ်ပြိုင်ပွဲကို စိတ်မဝင်စားဘူး ထင်ပါ့နော်… ဟုတ်တယ်မလား…”

“ဟဲ..ဟဲ..ဟဲ.. ဟုတ်တာပေါ့…”

ရယ်သာရယ်လိုက်ရသည် မြောက်ထျန်း၏ မျက်နှာက မဲမှောင်လျှက် ရှိ၏။

ထိုအချိန်… အဆက်မပြတ်တောက်ပနေသည့် အလင်းရောင်များကိုကြည့်ရင်း မြောက်ထျန်း၏ နောက်မှ လီကျီးနှင့် နန်ယိ လူရွယ် (၂)ယောက်က နေမထိ ထိုင်မသာ ဖြစ်လာကြသည်။

ဤပုံအတိုင်းဆိုလျှင် မြောက်ရှိုး ရှုံးနိမ့်တော့မည်ကို သူတို့ သိနေကြသည်။

ရုတ်တရက်… မြောက်ထျန်းက ရယ်မောလိုက်၏။

“ဟားဟား…”

ပြီးမှ သူက စကားဆက်ပြောလိုက်သည်။

“ကြားဖူးတာတော့ နဝမတာင်ထွတ်ရဲ့ နယ်မြေအနေအထားက ထူးခြားတယ်လို့ ပြောကြတယ်… ၊ အဲဒါ… ကျုပ် သွားလေ့လာချင်လို့… တာအိုရောင်းရင်း’ဖုန်း’ က ကျုပ်ကို လိုက်ပို့ပေးနိုင်မလား…”

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…

“အင်း… ဒီကိစ္စက နည်းနည်းတော့ခက်တယ်…”

ခဏနားပြီးမှ ဖုန်းယီရှောက်က ဆက်ပြောသည်။

“နဝမတောင်ထွတ်က တခြားနေရာတွေနဲ့ မတူဘူးလေ… ဒီတော့ကာ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး မော့ကျန်းသုန့် သဘောတူမှ သွားလို့ရလိမ့်မယ်… ၊ ကျုပ်ဆက်သွယ်မေးမြန်းပေးပါ့မယ်…”

မြောက်ထျန်းက …

“ကျေးဇူးပါပဲ…”

သို့သော်… အချိန်အတန်ကြာအောင်သာ စောင့်ဆိုင်းနေရသည် ဖုန်းယီရှောက်က မော့ကျန်းသုန့်ကို ဆက်သွယ်ခြင်း မပြုဘဲ နဝမတောင်ထွတ်သို့သာ ကြည့်နေလေ၏။

နောက်ဆုံးတော့ မြောက်ထျန်း မနေနိုင်တော့ပေ…။

“တာအိုရောင်းရင်း ‘ဖုန်း’ … ၊ တာအိုရောင်းရင်း’မော့’ ကို ဆက်သွယ်ကြည့်ပြီးပြီလား… အခြေအနေဘယ်လိုရှိလဲ…”

“အာ… နဝမတာင်ထွတ်က ဂိုဏ်းတူညီလေးက ခင်ဗျားတို့လာဖို့ကို သဘောတူပါတယ်တဲ့ဗျာ… ၊ ဒါပေမဲ့ နဝမမတောင်ထွတ်က မရဏအငွေ့အသက်တွေပေါများတော့ အဲဒီကိုမသွားခင် အရင်အနားယူဖို့ လိုအပ်တယ်တဲ့… ၊ ဒီတော့ကာ ကျုပ် ခင်ဗျားတို့ကို အနားယူဖို့ အရင်စီစဉ်ပေးမယ်လေ… ၊ အေးဆေးပေါ့ဗျာ… ပြိုင်ပွဲသွားကြည့်မှာမှ မဟုတ်တာ… နယ်မြေအနေအထား သွားပြီး လေ့လာချင်တာ မဟုတ်လားဗျ…”

“………………”

မြောက်ထျန်း ဆွံ့အသွားသည်။

အနားယူပြီးမှ နဝမတောင်ထွတ်သို့သွားရလျှင် ယှဉ်ပြိုင်ပွဲ အခြေအနေကို သိရှိနိုင်တော့မည် မဟုတ်ပေ။

မြောက်ထျန်း ဘာမှ မပြောတော့ပေ။

ထို့နောက်… မပြောမဆိုဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး နဝမတောင်ထွတ်ရှိရာသို့ ထွက်ခွာသွားလေတော့၏။

………………

နဝမတောင်ထွတ်…

ကျန်းလန်ကတော့ လှေကားထစ် တစ်ထစ်ချင်း ဆက်လက်လှမ်းတက်လျှက် ရှိသည်။

အချိန်ခဏအတွင်း… လှေကားထစ်ပေါင်း အထစ်(၇၀) သို့ သူ ရောက်ရှိလာခဲ့ပေပြီ…။

လှေကားထစ် (၅၀)နှင့် လှေကားထစ် (၆၀) ကြားတွင် အစီအရင်အချို့ စီရင်ထားပြီး တိုက်ခိုက်မှု အနည်းငယ်ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော်… ထိုတိုက်ခိုက်မှုများက ကျန်းလန်အပေါ် သိပ်ပြီး သက်ရောက်မှုမရှိပေ။

သူက အစီအရင်ပညာကို အနည်းအကျဉ်းနားလည်သောကြောင့် ရှောင်တိမ်းနိုင်ခဲ့သော်လည်း တိုက်ခိုက်မှုများထဲမှ (၂)ခုကိုတော့ မရှောင်တိမ်းနိုင်ခဲ့ပေ။

ထို့ကြောင့်… သူ၏ ဘယ်ဘက်လက်နှင့် ညာဘက်ခြေထောက်တွင် ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာမပြင်းထန်သောကြောင့်သာ တော်သေးသည်ဟု ဆိုရပေမည်။

လှေကားထစ် (၇၁) ထစ်မြောက်သို့ ခြေလှမ်းလိုက်သည့်အချိန်တွင်… သူ ရုတ်တရက် ကြုံတွေ့လိုက်ရသည်က ခြေချုပ်မိခြင်းတစ်မျိုး ဖြစ်သည်။

သူ လှုပ်ရှားချင်တိုင်း လှုပ်ရှားမရတော့ပေ။

ကျန်းလန် စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ရင်း လှေကားထစ် (၇၂)ထစ်မြောက်သို့ ဆက်တက်လိုက်သည်။

ထိုအခါ… လှေကားထိပ်ဆုံးရှိ အလင်းရောင်စက်ဝန်းထက်တွင် အလင်းတန်းတစ်ခု ဖြစ်တည်လာသည်။

ထိုအလင်းတန်းက မှော်ဆူးချွန်တစ်ခုအလား ပြင်းထန်လွန်းပြီး သူ့ကို တိုက်ခိုက်ရန် ဦးတည်နေဟန် ရှိသည်။ သို့သော်… တိုက်ခိုက်မှုက သူ့ထံသို့ ကျရောက်လာခြင်း မရှိသေးပေ။

ကြည့်ရသည်မှာ… အလင်းတန်းက တိုက်ခိုက်ရန်အတွက် စွမ်းအားစုစည်းနေဟန် ရှိသည်။

ထို့နောက်… ကျန်းလန် ရှေ့ဆက်တက်လာခဲ့သည်။

သို့သော်… ကျန်းလန် ခြေတစ်လှမ်းလှမ်းတိုင်း မှော်စူးချွန်အလင်းတန်းက တစ်ကြိမ်ပိုပြီးစွမ်းအားကြီးမားလာသည်ကို သူ ခံစားလိုက်ရသည်။

ထိုမှော်ဆူးချွန်အလင်းတန်းက ရွှေပြဒါးအမြုတေအဆင့် ၊ အောင်မြင်ထားသူတစ်ယောက်၏ တိုက်ခိုက်မှုမျိုးနှင့် ညီမျှသည်။

သူ့ကို အချိန်မရွေး တိုက်ခိုက်တော့မည့် အနေအထား ရှိလေသည်။

ကျန်းလန် ရှေ့ဆက်တက်လာလေ… ထိုမှော်ဆူးချွန်က ပိုပြီး စွမ်းအားမြင့်မားလာလေ ဖြစ်သည်။

ထို့ပြင်… ကျန်းလန်ရှေ့မှ မြင်ကွင်းများကလည်း တဖြည်းဖြည်း ပုံပျက်လာနေပြီး တိုက်ခိုက်မှု မည်သည့်အချိန် မည်သည့်နေရာက ကျရောက်လာမည်ကို ကျန်းလန် မသိမြင်နိုင်အောင် ဖန်တီးထားသည်။

မှော်စူးချွန်အလင်းတန်းက မည်သည့်အချိန်တွင် သူ့အပေါ် ကျရောက်လာလဲ ကျန်းလန် မသိရှိနိုင်ပေ။

“မြင်ကွင်းက မှုံဝါးလာပြီး မှော်စူးချွန်က ပိုပြီး စွမ်းအားပြင်းထန်လာတယ်… ၊ မှော်ဆူးချွန်သာ ငါ့ကိုထိမိရင် သေရင်သေ မသေရင် ဒဏ်ရာအပြင်းအထန်ရမှာပဲ… ၊ ဒါပေမဲ့ ရှောင်နိုင်ဖို့လည်း အတော်လေးခက်တယ်…”

ပရိတ်သတ်ထဲမှတပည့်တစ်ယောက်ကလည်း မှော်ဆူးချွန်အလင်းတန်းကို လှမ်းကြည့်လိုက်ရင်း…

“နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး အတော်မြင့်မြင့်ကို ရောက်နေပြီ… ဒါပေမဲ့ သူ အဲဒါနဲ့ ထိမိရင်တော့… အသက်ပျောက်သွားနိုင်တယ်…”

ဟုတ်ပေ၏…။

အသာစီးရခြင်းဆိုသည်ကလည်း အောင်ပွဲ မဟုတ်သေးပေ။ အသာစီးရနေပြီးမှ သတိတစ်ချက်လွတ်သွားလျှင် တစ်ချက်တည်းဖြင့် ရှုံးပွဲဆီ ဦးတည်သွားနိုင်သည် မဟုတ်ပါလား။

ကျင်းထင်နှင့် အခြားတပည့်များမှာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြရသည်။ စိတ်များလည်း ရှုတ်ထွေးလျှက် ရှိကြ၏။

ကျန်းလန်က သူတို့အနိုင်ရရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။

တောင်ထွတ် (၈)ခုက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီဖြစ်သလို ထပ်မံစိန်ခေါ်တိုက်ခိုက်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။

သို့သော်… ယခု ကျန်းလန်ကတော့ ပြိုင်ဘက်ကို အသာစီးရနေသည်မှာ ထင်ရှားသည်။

လှေကားထစ် (၄၆)ထစ်မြောက်သို့ ရောက်နေပြီဖြစ်သည့် မြောက်ရှိုးက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

မကြာမီ… သူ လှေကားထစ် (၅၀) သို့ရောက်ရှိပေတော့မည်။ လှေကားထစ် (၅၀)ကျော်သည်နှင့် ကျန်းလန်ကို အမီလိုက်ရန် မြောက်ရှိုး ဆုံးဖြတ်ထားသည်။

ကောင်းကင်လှေကား၏ လှေကားထစ် အထစ်(၇၀)ကို ကျော်ဖြတ်ပြီးသည်နှင့် အခြေအနေများက လွယ်ကူမည် မဟုတ်ပေ။

တစ်ချက်သတိပေါ့ဆမိသည်နှင့် ဒဏ်ရာအပြင်းအထန် ရရှိမည် ဖြစ်သည်။ အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်သည်နှင့် အသက်ပျောက်သွားမည် ဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ လှေကားထစ် အထစ်(၇၀) နောက်ပိုင်းအား ဖြတ်ကျော်နိုင်သူကို မြောက်ရှိုး တစ်ခါမှ မတွေ့မြင်ဖူပေ။

ကျန်းလန်ကတော့ အလင်းရောင်စက်ဝန်းဆီမှ ထွက်ပေါ်နေသည့် မှော်စူးချွန်အလင်းတန်းကို မော့ကြည့်ရင်း တစ်ချက်မှ မရပ်နားဘဲ ရှေ့ဆက်နေခဲ့သည်။

သူ၏ ဦးခေါင်းထက်တွင် တောက်ပနေသည့် အလင်းရောင်စက်ဝန်းကလည်း တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။

မှော်ဆူးချွန်အလင်းတန်းသည်လည်း မူလဝိညာဉ်အဆင့် ၊ အလင်ဆင့် တိုက်ခိုက်မှုတစ်ခုအဖြစ် စွမ်းအားပြင်းထန်လာသည်။

ထိုမှော်ဆူးချွန်က ကျန်းလန်ရှိရာသို့ ချက်ချင်း ကျရောက်လာတော့မည့်အလား ထင်မှတ်ရသည်။

ကျန်းလန် လှေကားထစ် (၇၈) ထစ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

သူ (၇၉) ခုမြောက် လှေကားထစ်သို့ လှမ်းတက်လိုက်သည့်အချိန်မှာတော့… လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မှော်ဆူးချွန်အလင်းတန်းသည် ပြင်းထန်လှသည့် စွမ်းအားများဖြင့် ကျန်းလန်ရှိရာသို့ ဝင်ရောက်လာတော့သည်။

ခြိမ်းခြောက်လိုသည့်စွမ်းအားများနှင့်ပြည့်နေပြီး ကျရောက်လာသည့်အရှိန်ကလည်း လျှင်မြန်လွန်းသည်။

မုန်တိုင်းပမာပြင်းထန်လှသည့် မှော်ဆူးချွန်မှ စွမ်းအားကြီးက ကျန်းလန်၏ အရေပြားများကို ကိုက်ခဲကျိန်းစပ်သွားစေသည်။

တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့်တိုင်… ကျန်းလန်က တည်ငြိမ်စွာပင် အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

ထို့နောက်… သူက တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မကြိုးစားဘဲ ရှေ့ဆက်လျှောက်လာခဲ့သည်။

တစ်ချက်လေး ရပ်နားခြင်းပင် မရှိခဲ့ပေ။

“ဟူး…”

“ဘုန်း…”

ကြီးမားလှသည့် မူလဝိညာဉ်အဆင့် တိုက်ခိုက်မှုကြီးက ကျန်းလန်ကို ကျော်ဖြတ်ကာ ရင်ပြင်ထက်သို့ ကျရောက်သွားပြီး ရင်ပြင်ထက်တွင် မီးများလောင်ကျွမ်းသွားလေသည်။

ပရိတ်သတ်များအားလုံးက ကျန်းလန်ကို မျက်တောင်မခတ် စူးစိုက်ကြည့်နေကြသည်။

ယှဉ်ပြိုင်ပွဲအစမှအဆုံးတိုင် နဝမတောင်ထွတ်မှ ဂိုဏ်းတူညီငယ်သည် တိုက်ခိုက်မှုများကို တစ်ချက်မှ ရှောင်တိမ်းခြင်း မရှိခဲ့သလို တည်ငြိမ်မှု ပျက်ပြားခြင်းလည်း မဖြစ်ခဲ့ပေ။

တိုက်ခိုက်မှုအများစုက ကျန်းလန်ရှိရာသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းမျိုးမဟုတ်ဘဲ ခပ်ပါးပါးသာ ဝင်ရောက်ပြီး ရင်ပြင်ထက်သို့ ကျရောက်သွားသည်က များလေသည်။

“သူ့မှာ လုံး၀ အကြောက်တရား မရှိဘူးလား…”

ထိုအတွေးကို အားလုံး တွေးမိကြသည်။

“ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတာတောင် သူ့စိတ်က သူ့ကို တစ်ချက်လေးတောင် ကြောက်ရွံ့သွားအောင် မလှည့်စားခဲ့ဘူးလား…”

မြောက်ရှိုးတွေးလိုက်မိသည်။

တစ်ချိန်တည်းမှာပင် သူ အမှားကြီး မှားခဲ့ပြီကိုလည်း သိရှိနားလည်လိုက်သည်။

“ဒီလိုဖြစ်မယ်မှန်း သိရင် တခြားနည်းလမ်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်…”

ထိုအချိန်မှာပင်… အလင်းရောင်စက်ဝန်းထက်တွင် နောက်ထပ် မှော်ဆူးချွန်အလင်းတန်းတစ်ခု ထပ်မံဖြစ်တည်လာသည်ကို အားလုံး တွေ့မြင်လိုက်ရလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset