အခန်း (၈၆) နဝမတောင်ထွတ်ရော အနိုင်ရပါ့မလား
သိပ်မကြာမီ… မြောက်ရှိုး သတ္တမတောင်ထွတ်မှ ထွက်ခွာသွားလေသည်။
သတ္တမတောင်ထွတ်မှ ရှန်းရှီမှာ ဒဏ်ရာအပြင်းအထန်ရပြီး ရင်ပြင်ထက်တွင် လဲကျလျှက် ကျန်ရစ်ခဲ့သည်။
မြောက်ရှိုးက ထွက်ခွာမသွားခင် ရှန်းရှီကိုတစ်ချက်ကြည့်လိုက်ပြီး…
“အလကား… အရည်အချင်းမရှိတဲ့ ကောင်မ…”
ဟု ပြောဆိုသွား၏။
မြောက်ရှိုးက ခွန်လွန်တောင်မှ ပါရမီရှင်အတော်ဆုံးတပည့်များ ခရီးထွက်နေချိန်ကို ရွေးခြယ်ကာ တမင်သက်သက် လာရောက်ရန်စသည်မှာ ထင်ရှားသည်။
ထို့ပြင်… သူက အလွန်လည်း မောက်မာလွန်းသည်။
သို့သော်… ယခုအချိန်ထိ ခွန်လွန်တောင်တွင် မြောက်ရှိုးကို ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိသေးပေ။ မည်သူမှ မြောက်ရှိုးကို အနိုင်မယူနိုင်သေးပေ။
မြောက်ရှိုးထွက်ခွာသွားသည်နှင့်… လဲကျနေသည့် ရှန်းရှီအနားသို့ ဂိုဏ်းတူညီမလေးတစ်ယောက် အပြေးအလွှားရောက်ရှိလာပြီး သူမကို အသာထူပေးလိုက်သည်။
ဂိုဏ်းတူညီမလေးက…
“ဂိုဏ်းတူအစ်မ… အနားယူဖို့ ကျွန်မစီစဉ်ပေးမယ်…”
ရှန်းရှီက…
“မလိုဘူး… ငါ…အဆင်ပြေတယ်… ၊ ဆဋ္ဌမတောင်ထွတ် ယှဉ်ပြိုင်ပွဲကို သွားကြည့်ရအောင်…”
တခြားသူလက်ထဲတွင် မြောက်ရှိုး မရှုမလှ ရှုံးနိမ့်သည်ကိုသာ မတွေ့မြင်ရလျှင် သူမ ဒေါသပြေနိုင်မည် မဟုတ်ပေ။
မြောက်ရှိုးကို ရှုံးနိမ့်ခဲ့ရခြင်းက သူမအတွက် အရှက်ကွဲခြင်းကို ခံစားရစေပြီး ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရသည်။
ထို့နောက်… ရှန်းရှီနှင့် သူမ၏ ဂိုဏ်းတူညီမလေးတို့ ချက်ချင်းပင် အဋ္ဌမတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။
သို့သော်… သူမတို့ ရောက်ရှိသွားချိန်တွင် အဋ္ဌမတောင်ထွတ်မှ တပည့်မှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။
“ဒါက…”
ရှန်းရှီ မယုံကြည်နိုင်ဖြစ်သွားရသည်။
“ငါတို့ ခွန်လွန်တောင်က ဒီအတိုင်း ရှုံးနိမ့်သွားပြီလား…”
မချိတင်ကဲဖြင့် ရှန်းရှီရေရွတ်လိုက်သည်။
သူမဘေးမှ ဂိုဏ်းတူညီမလေးမှာလည်း ဘာပြန်ပြောရမှန်းမသိဖြစ်ကာ နှုတ်ဆိတ်နေလေ၏။
အတန်ကြာမှ… သူမက…
“ဂိုဏ်းတူအစ်မ… နဝမတောင်ထွတ် ကျန်သေးတယ်… သွားကြည့်ကြဦးမလား…”
“မလိုတော့ဘူး… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို ငါ တစ်ခေါက်တွေ့ဖူးတယ်… ၊ သူ့အရည်အချင်းက သာမန်ပါပဲ… ၊ သူက ရင်းမြစ်ပစ္စည်းတွေ အများကြီးသုံးပြီး ကျင့်ကြံထားမယ်ဆိုရင်တောင် အခုမှ ရွှေပြဒါးအမြုတေအဆင့်ပဲ ရှိဦးမှာ… ၊ သူလည်း မြောက်ရှိုးကို အနိုင်မရနိုင်ဘူး…”
သူမ ခန့်မှန်းသည်မှာ မမှားပေ။
မူလဝိညာဉ်အဆင့်နှင့် ရွှေပြဒါးအမြုတေအဆင့်ဆိုသည်က မိုးနဲ့မြေပမာ ကွာခြားလွန်းသည် မဟုတ်ပါလား။
ပထမတောင်ထွတ်မှ ကျင်းထင်သည်လည်း ယနေ့ ယှဉ်ပြိုင်ပွဲများကို လာရောက်ကြည့်ရှုလေသည်။ ယခုတော့… သူ့ မျက်စိရှေ့တွင်ပင် အဋ္ဌမတောင်ထွတ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
အမှန်တော့… အဋ္ဌမတောင်ထွတ် ရှုံးနိမ့်သွားခြင်းက မြန်လွန်းသည်ဟု ဆိုနိုင်သည်။
ခွန်လွန်တောင်မှ တောင်ထွတ် (၇)ခုလုံးက မြောက်ရှိုးကို ရှုံးနိမ့်ခဲ့လေပြီဖြစ်ရာ အဋ္ဌမတောင်ထွတ်မှ တပည့်မှာ ဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည်။
ရန်သူ၏ အောင်မြင်မှုသတင်းများက သူ့ကို စိတ်ဖိစီးစေပြီး ခံနိုင်ရည်မရှိဘဲ လျှင်မြန်စွာ ရှုံးနိမ့်သွားရခြင်း ဖြစ်သည်။
အစပိုင်းတွင် အဋ္ဌမတောင်ထွတ်မှ တပည့်က ယှဉ်ပြိုင်ရန် မဝံ့ရဲဖြစ်နေသောကြောင့် ကျင့်ကြံခြင်းသက်တမ်း နှစ် (၃၀၀) အထက်ရှိသည့် ဂိုဏ်းတူအစ်ကိုတစ်ယောက် ရောက်လာပြီး ကိုယ်စားယှဉ်ပြိုင်ခွင့်ပြုရန် မြောက်ရှိုးကို တောင်းဆိုခဲ့သည်။
ထိုဂိုဏ်းတူအစ်ကိုက သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး မြောက်ရှိုးနှင့် ယှဉ်ပြိုင်မည်ဟု ပြောခဲ့သည်။
သို့သော်… မြောက်ရှိုးက လက်မခံခဲ့ပေ။ ယှဉ်ပြိုင်ပွဲသဘောတူညီချက်များဖြင့် မကိုက်ညီဟုဆိုကာ သူက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်… မည်သူမှ စကားမပြောနိုင်ဖြစ်ခဲ့ကြရသည်။
ယခုတော့… မြောက်ရှိုးက နဝမတောင်ထွတ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။
နဝမတောင်ထွတ်သာ ရှုံးနိမ့်သွားပါက… ခွန်လွန်တောင်မှ ကျင့်ကြံခြင်းသက်တမ်း နှစ် (၃၀၀)အောက် တပည့်များထဲတွင် မြောက်ရှိုးကို ယှဉ်နိုင်သူ တစ်ယောက်မှမရှိဆိုသည့် အဓိပ္ပါယ် သက်ရောက်သွားပေမည်။
သို့သော်… နဝမတောင်ထွတ်က အနိုင်ရနိုင်ပါမည်လား။
နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးလည်း မြောက်ရှိုးကို မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည်မဟုတ်ဟု ကျင်းထင်ခံစားနေရသည်။
သူက ကျန်းလန်နှင့် ဆုံဖူးသူဖြစ်လေရာ ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် သိပ်ပြီး မမြင့်မားသည်ကို သိရှိပြီးသား ဖြစ်သည်။
“နဝမတောင်ထွတ်မှ တပည့်ရှိသေးတာလား… ၊ သိတောင်မသိဘူး… သူ ကျင့်ကြံခြင်းအဆင့်ကရော ဘယ်လောက်ရှိလဲ…”
“မသိဘူးလေ… ဒါပေမဲ့ အခြေအနေ သိပ်မဟန်ပါဘူး… ၊ နဝမတောင်ထွတ်မှာ အဲဒီတပည့်တစ်ယောက်ပဲ ရှိတာလေ…”
“ကဲ… နောင်ခါလာ နောင်ခါရေးပဲပေါ့ကွာ… သွားကြည့်ကြရအောင်…”
“အေး… သွားကြည့်ရအောင်…”
ပြောရင်းဆိုရင်း တပည့်အချို့ နဝမတောင်ထွတ်သို့ ထွက်ခွာသွားကြသည်။
အချို့တပည့်များကတော့ သွားမကြည့်သည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော်… သူတို့မျက်စိရှေ့တွင် နဝမတာင်ထွတ်မှတပည့် ရှုံးနိမ့်သွားသည်ကို ထပ်မံတွေ့မြင်ရလျှင် သူတို့၏ စိတ်အခြေအနေများ ပိုမိုဆိုးရွားသွားနိုင်သောကြောင့် ဖြစ်၏။
…………
ခွန်လွန်တောင် အဓိကခန်းမဆောင်ရှိရာ တောင်ထွတ်အစွန်းတွင်တော့…
ဖုန်းယီရှောက်က နဝမတောင်ထွတ် တည်ရှိရာနေရာသို့ လှမ်းမျှော်ကြည့်ရှုနေလေသည်။
အတန်ကြာမှ ဖုန်းယီရှောက်က အဘိုးကြီးမြောက်ထျန်းဘက်သို့ လှည့်ကြည့်လိုက်ရင်း…
“ခင်ဗျားရဲ့တပည့်တော့ နဝမတောင်ထွတ်ကို ရောက်နေပြီ… ယှဉ်ပြိုင်ပွဲကို သွားကြည့်ဖို့ အစီအစဉ်မရှိဘူးလား… အကြီးအကဲ’မြောက်'”
မြောက်ထျန်းက ခပ်တိုးတိုးလေသံဖြင့်…
“ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ယှဉ်ပြိုင်ပွဲကျမှပဲ သွားကြည့်တော့မယ်…”
ထို့နောက်… မြောက်ထျန်းက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့်…
“ကျုပ်သိသလောက်… အရင်က နဝမတောင်ထွတ်မှာ တပည့်မရှိဘူး မဟုတ်လား…”
ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…
“ဒီနှစ်ပိုင်းအတွင် နဝတောင်ထွတ်မှာ တပည့်တစ်ယောက် ရှိနေတယ်…”
မြောက်ရှိုးက…
“အဲဒီလိုလား… အထင်ကြီးလောက်စရာပါပဲ…”
သို့သော်… နဝမတောင်ထွတ်တွင်လည်း မြောက်ထျန်းက သူ၏တပည့်ဖြစ်သူသာ အနိုင်ရမည်ဟု ယုံကြည်ထား၏။
………………
ကျောက်စိမ်းရေကန်…
ကျောက်စိမ်းရေကန်ရှိရာ တောင်ထွတ်အစွန်းတွင် မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်လျှက်ရှိသည်။
သူမက အဖြူရောင်နှင့်အပြာရောင်ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်တရာ ချောမောလှပသူလေး ဖြစ်သည်။
အခြားသူမဟုတ်…။
သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမ လုန်ယွိပင် ဖြစ်၏။
သူမ၏ မျက်ဝန်းများကတော့ နဝမတောင်ထွတ်ရှိရာသို့ လှမ်းလျှော်ကြည့်လျှက် ရှိသည်။
ပထမတောင်ထွတ်မှ အဋ္ဌမတောင်ထွတ်အထိ တိုက်ပွဲများကို သူမ တောက်လျှောက် လေ့လာပြီးခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲအသေးစိတ်ကို သေသေချာချာ မသိရှိနိုင်သည့်တိုင် ခွန်လွန်တောင်မှတပည့်များ အရှုံးကြီးရှုံးနေသည်ကိုတော့ သူမ ရိပ်မိထားသည်။
ယခု… တပည့်များက ဓားများကိုစီးနှင်ပြီး နဝမတောင်ထွတ်ရှိရာသို့ ပျံသန်းထွက်ခွာနေကြသည်ကို သူမ တွေ့မြင်နေရသည်။
ပြိုင်ဘက်က နဝမတောင်ထွတ်မှ တပည့်ဖြင့် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။
တိုက်ပွဲအားလုံး၏ အသေးစိတ်အခြေအနေကိုတော့ သူမက လင်စီးယာကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းဖြင့် မှတ်တမ်းယူခိုင်းထားသည်။
ယခုဆိုလျှင်… မှတ်တမ်းတင်မှော်ဝင်ပစ္စည်းမှတစ်ဆင့် ပထမတောင်ထွတ်မှ ဆဋ္ဌတောင်ထွတ်အထိ တိုက်ပွဲများကို သူမ ကြည့်ရှုပြီးဖြစ်သည်။
ထို့ကြောင့်… ပြိုင်ဘက်က မည်မျှ စွမ်းအားကြီးမားကြောင်း သူမ သုံးသပ်နိုင်လေသည်။
ပြိုင်ဘက်က ခွန်လွန်တောင်မှ တပည့်များနှင့် ကျင့်ကြံခြင်းအဆင့်တူညီစေရန် အဆင့်လျှော့ချပြီး တိုက်ခိုက်နေသည့်တိုင် အားနည်းသူတစ်ယောက်မဟုတ်ကြောင်း သူမ သိရှိထားသည်။
ယခုတော့… တောင်ထွတ် (၈)ခုလုံး နှိမ်နင်းခံခဲ့ရပြီဖြစ်ပြီး နဝမတောင်ထွတ်သာလျှင် ကျန်ရှိတော့သည်။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က သိပ်ပြီး မြင့်မားခြင်း မရှိသေးကြောင်း လုန်ယွိ သိရှိထားသည်။ ထို့ကြောင့်… ကျန်းလန်က ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု သူမ မျှော်လင့်မထားပေ။
“ငါနဲ့ တိုက်ခိုက်မယ်ဆိုရင်ရော…”
လုန်ယွိ တွေးလိုက်သည်။
သူမနှင့် တိုက်ခိုက်မည်ဆိုလျှင်လည်း အဆုံးသတ်ကို ကြိုတင်သိမြင်ပြီးသား ဖြစ်သည်။
လက်ရှိ သူမ၏ အားနည်းနေသည့် ရုပ်ခန္ဓာအခြေအနေနှင့်ဆိုလျှင် မည်သည့်နည်းနှင့်မှ အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သို့သော်… တစ်ဖက်လူ၏ စိန်နေခါ်မှုကို သူမ ငြင်းဆန်းမည် မဟုတ်ပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမက စိန်ခေါ်သည်ကို ငြင်းဆန်လိုက်ပါက ခွန်လွန်တောင် အကြီးအကျယ် သိက္ခာကျမည် ဖြစ်သည်။
သို့သော်… သူမ ရှုံးနိမ့်သွားပြန်လျှင်လည်း… မည်သို့ ရှိမည်နည်း…။
လုန်ယွိ အများကြီးမတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
အတွေးများကို ရပ်တန့်လိုက်ပြီး သူမ နဝမတောင်ထွတ်ရှီရာသို့ လှမ်းကြည့်လိုက်သည်။
မြောက်ရှိုး နဝမတောင်ထွတ်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား…။
***
နဝမတောင်ထွတ်၏ ရင်ပြင်ထက်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိ၏။
နတ်လူသားမျိုးနွယ် မြောက်ရှိုးက စွမ်းအားမြင့်မားလွန်းလှသည်။
ထို့ပြင်… ပထမတောင်ထွတ်မှ အဋ္ဌမတောင်ထွတ်အထိ တပည့်များကိုလည်း အနိုင်ယူခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်… နဝမတောင်ထွတ်မှ တပည့်သည်လည်း စိန်ခေါ်ပွဲကို အနိုင်ရမည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
ကျန်းလန်ကတော့ အကောင်းဆုံးရင်ဆိုင်ရန် အသင့်ပြင်ဆင်ထား၏။ သူက တည်ငြိမ်စွာဖြင့် ပြိုင်ဘက်ကို စောင့်မျှော်နေသည်။
ယှဉ်ပြိုင်ပွဲကိုကြည့်ရှုရန်အတွက် နဝမတောင်ထွတ်သို့ တပည့်များ ရောက်ရှိလာကြာပြီဖြစ်ရာ မကြာမီ ပြိုင်ဘက်က သူ့ထံ ရောက်လာတော့မည်ဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
ယှဉ်ပြိုင်ပွဲကိုကြည့်ရှုရန် တပည့်များစွာ ရောက်ရှိလာကြလေရာ နဝမတောင်ထွတ်သို့ လူပေါင်းများစွာ ရောက်ရှိလာသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
နဝမတောင်ထွတ်သို့ ယခုကဲ့သို့ လာရောက်ကြသည်မှာ တော်ရုံသတ္တိနှင့်တော့ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော်… ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ပါက ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်လာနိုင်သည် မဟုတ်ပါလား။
အထူးသဖြင့် စိတ်စွမ်းအားမကောင်းသူများဆိုလျှင် ကိုယ်တွင်းမိစ္ဆာကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
ကျန်းလန်ကတော့ နဝမတောင်ထွတ်၏ ရင်ပြင်ထက်တွင် တစ်ချက်မှ လှုပ်ရှားခြင်းမရှိဘဲ မတ်တတ်ရပ်နေသည်။
သူက မြောက်ရှိုးကို စောင့်နေခြင်း ဖြစ်၏။
အဋ္ဌမတောင်ထွတ်မှ တပည့် ရှုံးနိမ့်သွားပြီဖြစ်လေရာ မြောက်ရှိုး သူ့ထံသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။
“သူက… နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုလား… ၊ သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိနိုင်မလဲ…”
“ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်လောက်တော့ ရှိမယ်ထင်တယ်… ၊ သူ ကျင့်ကြံခြင်းအဆင့်တက်တာ အတော်မြန်တယ်… ၊ ကျုပ်တောင် သူ့အရင် ဂိုဏ်းထဲကိုရောက်တာ… အခု သူ့ကို မမီတော့ဘူး…”
“အေးပေါ့… နဝမတောင်ထွတ်က ရင်းမြစ်ပစ္စည်းတွေအားလုံးက သူ့တစ်ယောက်တည်းအတွက် အသုံးပြုထားတာကိုး… ကျင့်ကြံခြင့်အဆင့်တက်တာ မြန်မှာပေါ့…”
“ဟမ်… ရင်းမြစ်ပစ္စည်းတွေသုံးပြီး ကျင့်ကြံခြင်းအဆင့် တက်လာတာလား… ၊ ဒါဆိုရင် တိုက်ခိုက်မှုစွမ်းရည် ဘယ်ကောင်းနိုင်ပါ့မလဲ…”
“ဒါတော့ မသိဘူးလေ… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး တိုက်ခိုက်တာ ကျုပ်လည်းတစ်ခါမှ မမြင်ဖူးဘူး…”
အခြေအနေကို မည်သူမှ ပြတ်ပြတ်သားသား မပြောနိုင်ကြလေရာ ကျန်းလန်က မြောက်ရှိုးကို အနိုင်ယူနိုင်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။
ကျင့်ကြံခြင်း ၊ အရည်အချင်း ၊ နာမည်သတင်းဂုဏ်သိက္ခာ…
ထိုအရာများလုံးက ကျန်းလန်တွင် မရှိသည့်အရာများ ဖြစ်သည်။
တိုက်ပွဲရလဒ်ကို အားလုံးက ခန့်မှန်းပြီးသား ဖြစ်သည်။ ထို့ကြောင့်… အချို့သောတပည့်များ လာရောက်ကြည့်ရှုခြင်း မပြုကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော်… အခွင့်အရေးများရှိလေဦးမည်လားဟု မျှော်လင့်ချက်သဲ့သဲ့လေး သူတို့အားလုံး ရင်မှာပိုက်ထားမိကြသည်။
ကျန်းလန်ကတော့ မည်သူ့ကိုမှ အရေးမစိုက်ပေ။
မကြာမီ… ကောင်းကင်ထက်မှ လူတစ်ယောက် ပျံသန်းဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်၏။ သူ၏မျက်ဝန်းများက မာန်မာနတရားဖြင့် တောက်ပလျှက်ရှိသည်။
မြောက်ရှိုး…
ထိုသူက မြောက်ရှိုးဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
သတ္တမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်မှ တပည့်များကို အနိုင်ယူတိုက်ခိုက်ခဲ့ရသည့်တိုင် သူ့ပုံစံက စွမ်းအားနည်းပါးနေခြင်း လုံးဝမရှိပေ။
ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး တိုက်ခိုက်သည့်အတွက် စွမ်းအားကုန်ဆုံးမှု လျော့နည်းပြီး အေးအေးဆေးဆေး ဖြစ်နေဟန် ရှိသည်။
ကျန်းလန်က ထိုအကြောင်းများကို သိပ်မတွေးဘဲ ယဉ်ကျေးစွာပင် နှုတ်ဆက်စကားပြောလိုက်သည်။
“တာအိုရောင်းရင်း ‘မြောက်’ ကို နှုတ်ဆက်ပါတယ်…”
မြောက်ရှိုးက ကျန်းလန်၏ နှုတ်ဆက်စကားကို အရေးမစိုက်ပေ။
သူက နဝမတောင်ထွတ်၏ ပတ်ဝန်းကျင်အခြေအနေကို လေ့လာနေလေ၏။ ပြီးမှ ကျန်းလန်ရှိရာသို့ လှည့်ကြည့်လိုက်သည်။
“ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်ပဲ…”
မြောက်ရှိုး စိတ်ထဲက တွေးလိုက်သည်။
ထိုအဆင့်လောက်က သူ အရေးစိုက်ရမည့် အဆင့်မဟုတ်ပေ။ အခြားတောင်ထွတ်များတွင် ထို့ထက်အဆင့်မြင့်သည့် ကျင့်ကြံသူများကိုပင် အနိုင်ယူခဲ့ပြီးပြီ မဟုတ်ပါလား။
မြောက်ရှိုးက…
“ကျုပ်ကြားတာတော့ မင်းက နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့်ဆိုပဲ…”
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
“ဟုတ်ပါတယ်…”
မြောက်ရှိုးက…
“နဝမတောင်ထွတ်မှာ အကြာကြီးနေထိုင်ဖို့ဆိုတာ စိတ်စွမ်းအား အတော်လေးအဆင့်မြင့်မှ ဖြစ်နိုင်လိမ့်မယ်… ဟုတ်တယ်မလား… ၊ ဒီတော့… မင်းကျွမ်းကျင်တဲ့အပိုင်းက စိတ်စွမ်းအား ဖြစ်မှာပေါ့…”
ကျင်းထင်က မြောက်ရှိုးကို ကြည့်လိုက်ရင်း…
“တာအိုရောင်းရင်းက ကျုပ်နဲ့ စိတ်စွမ်းအား ယှဉ်ပြိုင်ချင်လို့လား…”
မြောက်ရှိုးက ကျန်းလန်ကို ပြုံးပြီး ကြည့်လိုက်ရင်း…
“အသေအချာပဲ…”
ဟု ပြောလိုက်လေတော့၏။