နေ့ရက်အချို့ ဆက်လက်ပြီး ကုန်ဆုံးသွားသည်။ ဂူဟွမ်ဂျီက စမ်းချောင်း ဆီသို့ နေ့တိုင်း လာပြီး ဇူယွမ်၏ အကူအညီနှင့် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျွမ်းကျင်လာခဲ့သည်။
ဇူယွမ်၏ အကူအညီနှင့် သူမ၏ ကျင့်စဉ်မှာ ခုန်ပေါက် တိုးတက်ခဲ့သည်။ လေးရက်တည်းဖြင့် သွေးကြော (၁၀)ခုမှ (၂၅)ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
သွေးကြောများမှာ နောက်ပိုင်း ရောက်လာသည်နှင့် မြင်နိုင်ရန် ပိုမိုခက်ခဲပေသည်။ ပုံမှန် အတိုင်းဆိုပါက ဂူဟွမ်ဂျီ အနေဖြင့် လေးရက်အတွင်း သွေးကြော ငါးခုမျှသာ ဖွင့်နိုင်ပေ လိမ့်မည်။
ဇူယွမ်၏ လမ်းညွှန်မှုဖြင့် ဤမျှ တိုးတက်လာခြင်းကို သူမကိုယ်တိုင်ပင် ထိတ်လန့်ရ ပေသည်။ ထိုကြောင့် သည်ရက်ပိုင်း အတွင်းတွင် သူမက ဇူယွမ်ကို အနည်းငယ်ပို၍ လေးစားလာခဲ့သည်။
သို့သော်လည်း ဇူယွမ်က သူမ၏ သဘောထားကို သတိပြုမိဟန် မရှိပေ။ သူက မူလကျောက်စိမ်း ကိုသာ လိုအပ်ခဲ့ပေသည် …
သူတွေးနေသော တစ်ခုတည်းသော အရာမှာ သူ့တွင်ရှိနေသည့် နည်းပါးသော မူလကျောက်စိမ်း ပမာဏမှ အဆင့်မြင့် မူလကျင့်စဉ် ဖြစ်သည့် နဂါးကိုးကောင် နိယာမကို ငှားရမ်းရန် မလုံလောက်သေးသည့် အကြောင်းကိုသာ ဖြစ်သည်။
***
တောင်ပေါ်တွင် စမ်းချောင်းလေးက စီးဆင်းမြဲ ဖြစ်သည်။
ဇူယွမ်က ကျောက်တုံးပေါ်တွင် ထိုင်လျက် မျက်စိမှိတ်ကာ ကျင့်ကြံနေသည်။ ဂူဟွမ်ဂျီလည်း အနီးအနားတွင် တည်ရှိပေသည်။
ဟူး …
ဇူယွမ်က ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး နှေးကွေးစွာ အသက်ရှူ ထုတ်လိုက်လျှင် အဖြူရောင်ချီများက သူ၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်မှ တမူထူးခြားသော လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
တစ်စုံတစ်ဦးသာ သေချာကြည့်ရှုပါက သူ၏ ခန္ဓာကိုယ် တစ်ဝက်မျှ ဒြပ်ထည်မရှိသော အခြေအနေသို့ ပြောင်းလဲနေပြီး အနည်းငယ် ဖောက်ထွင်း မြင်ရဟန်ရှိသည်။
“နင် … နင်ပထမအဆင့်ကို အောင်မြင်သွားပြီပေါ့”
တုန်လှုပ်နေသော အသံက သူ၏ နံဘေးမှ ပေါ်လာခဲ့သည်။ ဂူဟွမ်ဂျီက ဇူယွမ်ကို အံ့အားသင့်စွာ ကြည့်ကာ ပြောလိုက်သည်။
ခန္ဓာကိုယ်တစ်ဝက် ဒြပ်ထည် မရှိသကဲ့သို့ ဖြစ်သွားရခြင်းမှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ပြောင်းလဲခြင်း ပထမ အဆင့်ကို အောင်မြင်သွား သောကြောင့် ဖြစ်သည်။
ဇူယွမ်၏ အမူအရာမှာ ပြောင်းခြင်းမရှိပဲ သူမကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။
“မင်းတောင် သွေးကြော (၂၅)ခုကို ဖွင့်နိုင်ခဲ့သေးတာပဲ။ ငါ့အတွက် ပထမအဆင့်ကို ရောက်တာ မထူးဆန်းပါဘူး”
ဂူဟွမ်ဂျီ တစ်ခဏမျှ အေးခဲသွားသည်။ သူစောက တုန်လှုပ်မိသည်မှာ အနည်းငယ် ရူးနှမ်းသလို ခံစားလိုက်ရသည်။ သူမက ထိုသို့ တွေးမိသော်လည်း သူ၏ တုံ့ပြန်မှုမှာ ပုံမှန်သာ ဖြစ်သည်။ သည်မျှ အချိန်တိုလေးဖြင့် တစ်စုံတစ်ယောက်က ပထမအဆင့်သို့ ရောက်ရှိသည်မှာ ရှားပါးသော ကိစ္စဖြစ်သည်။
“အခု ပထမအဆင့်ကို ငါ အောင်မြင်သွားပြီ ဆိုတော့ ငါ့ခန္ဓာကိုယ်ပေါ် ရောက်လာတဲ့ ဘယ်တိုက်ခိုက်မှုကို မဆို (၃၀%) လျှော့ချနိုင်ပြီ”
သူက ကျေနပ်နေသော မျက်ဝန်းများဖြင့် ဒြပ်ထည် မရှိတော့သော သူ၏ လက်ကို ကြည့်ကာ ပြောလိုက်သည်။
သည်(၃၀%)ကို နည်းပါးသည်ဟု သတ်မှတ်၍ မရပေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာကပင် တိုက်ပွဲတစ်ခုကို ပြောင်းပြန်လှန် ပစ်နိုင်သောကြောင့် ဖြစ်သည်။
တကယ့်ကို သည်ကျင့်စဉ်က အပြည့်အ၀ အကျိုးမသက်ရောက် သေးသော်လည်း ထိုအရာကို အထူး နည်းလမ်းများနှင့် ရင်ဆိုင်နိုင်ပေသည်။ မဟုတ်လျှင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ ကောင်းကင်ဘုံငယ် ကျင့်စဉ်၏ အကန့်အသက်ကို ကျော်လွန်သွားပြီး စစ်မှန်သော ကောင်းကင်ဘုံ ကျင့်စဉ် ဖြစ်လာပေ လိမ့်မည်။
အားလုံးကို ခြုံငုံကြည့်လိုက်လျှင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်က အရှေ့မှ တိုက်ခိုက်လာသော တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်ရန် ကြီးစွာမြှင့်တင် ပေးပေသည်။
“နင်က တော်တော် လျှိုထားတာပဲ …”
ဂူဟွမ်ဂျီက ရုတ်တရက် ရယ်မောလိုက်ပြီး ဇူယွမ်ကို ကြည့်လိုက်သည်။
“နင်က မူလစဦး ပထမအဆင့်ကို မကြာသေးတဲ့ ရက်ကမှ ရောက်ခဲ့ပေမဲ့ အပြင်ဘက်တောင်ရဲ့ တပည့်တွေမှာ ပထမ ဆယ်ယောက်ထဲ ဝင်နိုင်မယ်ဆိုတာ ငါ နားလည်သွားခဲ့ပြီ”
တပည့်တွေအားလုံး ကန်ရွှမ်းကလန်သို့ ရောက်သည်မှာ လဝက်ခန့်ရှိပြီ ဖြစ်သည်။ ထိုအချိန်ကာလ အတွင်းတွေ လူတိုင်းက အခြေခံအားဖြင့် အားလုံး၏ စွမ်အားများကို ဂရုတစိုက်နှင့် နှိုင်းယှဉ်ခဲ့ကြသည်။
အချို့သော ထင်မြင် ယူဆချက်များနှင့် ယေဘုယျ သဘောတူညီချက်များ ပြီးနောက် အပြင်ဘက်တောင် တပည့်များက ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ဆယ်ယောက်ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုသတင်းက နှစ်ရက်အတွင်းမှာ တောမီးပမာ ပျံ့နှံ့နေခဲ့ပြီး အပြင်ဘက်တောင်တွင် လူပြောများသော သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
ထိပ်ဆုံး နေရာတွင် ရှိနေသူက လူတိုင်း တွေးထင်ထားသော လုဖန်း။
ဒုတိယမှာ ဂူဟွမ်ဂျီ။
ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ဆယ်ယောက်တွင် ရှန်ဇူတိုက်ကြီးမှ ခုနစ်ယောက်ဖြစ်ပြီး ကျန်သုံးယောက်မှာ အခြားသာ တိုက်ကြီးများမှ ဖြစ်ကာ … ချောင်းရှိုးက ထိုအထဲတွင် အဆင့်တစ်ဆယ် ဖြစ်ပေသည်။
ဇူယွမ်ကိုတော့ … ဘယ်သူမှ ဇူယွမ် အကြောင်းကိုပင် မပြောကြပေ။ သူက မူလစဦး ပထမအဆင့်ကိုသာ ရောက်သေးသောကြောင့် သူနှင့် မူလစဦး တတိယအဆင့် တပည့်များအကြား ကွာခြားချက်မှာ ကြီးမားလွန်း ပေသည်။
သို့သော်လည်း ဂူဟွမ်ဂျီ၏ ထင်မြင် ယူဆချက်မှာ အားလုံးနှင့် မတူညီပေ။ ထိုကြောင့် သူမက အစောက စကားကို ပြောခြင်းဖြစ်သည်။
သူမက ဇူယွမ်၏ လျှိုထားသော စွမ်းအားကို မြင်နိုင်ခဲ့ပေပြီ။ သူသာ အလိုရှိမည် ဆိုပါက ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်ထဲတွင် ပါဝင်မည်မှာ သေချာပေသည်။
ဇူယွမ်က ထိုစကားကို ကြားချိန်တွင် ရယ်မောလိုက်သည်။
“သည်အဆင့် သတ်မှတ်ချက်က အဓိပ္ပာယ်မှ မရှိတာ။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက အဲဒါကို အခြေခံပြီး ဆုံးဖြတ်မှာမှ မဟုတ်တာ”
သည်အရာကို သူလုံးဝ စိတ်မဝင်စားပေ။ ထိုပြင် တောင်ထွတ် ရွေးချယ်မှု အခမ်းအနား အဆုံးတွင် အဆုံးသတ် မလှပါက သတ်မှတ်ထားသော အဆင့် မြင့်မားလေလေ ပိုပြီး အရှက်တကွဲ ဖြစ်ပေလိမ့်မည်။
ထိုမျှမက လုံးဝရယ်စရာ ကောင်းသည်မှာ ယောင်ယောင်က ထိုအပြင်ဘက်တောင်၏ ကြီးမြတ်သော ဆယ်ယောက် စာရင်းတွင် မပါဝင်ခြင်း ဖြစ်သည်။ ထိုအချက်က ဇူယွမ်ကို ပိုလက်မခံနိုင် ဖြစ်စေသည်။ ယောင်ယောင်၏ လုပ်နိုင်စွမ်းကို သူကောင်းကောင်း သိပေသည်။ လုဖန်းပင်လျှင် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ဂူဟွမ်ဂျီက ချက်ချင်းပဲ မျက်မှောင် ကြုတ်လိုက်သည်။
“ငါတို့အားလုံးက ငယ်ရွယ်သူတွေပါ။ ဒါပေမဲ့ နင်ကတော့ လူအိုကြီး တစ်ယောက်လိုပဲ”
ဇူယွမ်က မတတ်နိုင်ပဲ မျက်လုံးသာ ဝေ့ကြည့်လိုက်သည်။
“အို …”
ဇူယွမ်က ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောရန် ပြင်လိုက်စဉ်မှာပဲ သူတို့ထံသို့ ဦးတည်လာနေသည့် လေတိုးသံကို ကြားလိုက်ရသည့် အတွက် လှည့်ကြည့် လိုက်သည်။
ပုံရိပ်တစ်ခုက ပျံသန်းလာနေပြီး ထိုသူ၏ ဝဖိုင့်သော ပုံရပ်က မည်သူဖြစ်မှန်း သိသာစေပေသည်။
သူကား ရှန့်ဝမ်ကျင်ပင် ဖြစ်သည်။
ရှန့်ဝမ်ကျင်သည် ချွေးများစိုရွဲနေပြီး ဇူယွမ်ကို မြင်လိုက်ရသည်နှင့် အလောတကြီး အော်ဟစ်လိုက်သည်။
“အစ်ကိုလေးယွမ် ကျူးဖန်က လူတချို့ကို ဦးဆောင်ပြီး ဒီကိုလာနေပြီ။ သူတို့ကြည့်ရတာ အခြေအနေ မကောင်းဘူး”
“ကျူးဖန်လား”
ဇူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကြည့်ရသည်မှာ ထိုညီအစ်ကို နှစ်ယောက် သည်းခံနိုင်စွမ်း မရှိတော့ပုံရသည်။
သူ ဂူဟွမ်ဂျီကို ခေါ်ထုတ်လာ ပြီးနောက် ကျူးယွဲ့က သည်အတိုင်း ထိုင်မနေနိုင်ဘူး ဆိုသည်ကို သူသိပေသည်။
“ကျူးယွဲ့ကော သူတို့ထဲမှာ ပါလာလား”
ဇူယွမ်က မေးလိုက်သည်။
ကျူးယွဲ့သာ လာပါက သူလည်း ထန်ထန်ကို သွားခေါ်ရပေမည်။ သူ့အနေဖြင့် မူလစဦး ပထမအဆင့်လေးနှင့် အတွင်းတောင် တပည့်ဖြစ်သည့် ကျူးယွဲ့ကို ရင်ဆိုင်ရန် ထိုနည်းလမ်း အပြင်မရှိပေ။
“မပါဘူး …”
ရှန့်ဝမ်ကျင်က ခေါင်းခါလိုက်သည်။
ဇူယွမ်က ပူပန်ခြင်း မရှိတော့ပဲ ရယ်မောလိုက်သည်။ ကျူးယွဲ့သာ မလာပါက ကျူးဖန် ဆိုတဲ့ကောင်က ဘာပြဿနာမှ ပေးနိုင်မည် မဟုတ်ပေ။
ဇူယွမ်၏ ပူပန်ခြင်း မရှိသည့် အခြေအနေကို မြင်ရသော အချိန်တွင် ရှန့်ဝမ်ကျင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ကျူးဖန်က ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက် စာရင်းတွင် မပါဝင်သော်လည်း သူ၏ စွမ်းအားမှာ ပထမတန်း တပည့်များ၏ ကြားတွင် ထိပ်ပိုင်း၌ ရပ်တည်နေပေသည်။ သူ၏ သန်မာမှုက ဟန်ရှန်ထက် များစွာ သာလွန်ပေသည်။
သူတို့စကား ပြောနေစဉ်အတွင်း လေတိုးသံများက တောင်၏ ဝင်သော လမ်းဘက်ဆီမှ ကြားလိုက်ရသည်။ ဇူယွမ်က စမ်းချောင်းလေးဆီသို့ ပုံရိပ်(၁၂)ခု ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ထိုအုပ်စုကို ဦးဆောင်လာသူမှာ ကျူးဖန်သာ ဖြစ်သည်။
ကျူးဖန်က ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။
“ဇူယွမ်၊ ညီမလေး ဂူဟွမ်ဂျီကို မင်းဘယ်လို စကားလုံး ချိုချိုလေးတွေ သုံးပြီးတော့ လှည့်စားထားလည်း ငါတကယ် မသိဘူး။ ဒါပေမဲ့ မင်းဒီလို လုပ်နေတာတွေ ရပ်တန့်ဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် သူမရဲ့ ကျင့်ကြံမှုမှ အကျိုး သက်ရောက်သွားရင် မင်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး”
ဂူဟွမ်ဂျီ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် အေးစက်သွားပြီး စိတ်တိုစွာ ပြောလိုက်သည်။
“ကျူးဖန် ငါ့ဘာသာငါ ဘယ်မှာ လေ့ကျင့်ကျင့် နင်နဲ့ဘာဆိုင်လဲ”
သူမ၏ မျက်လုံးများမှာ အေးစက်နေပြီး ကျူးဖန်နှင့် သူလူတွေကို ကြည့်လိုက်သည်နှင့် သူတို့အားလုံး တုန်လှုပ် သွားကြသည်။
သို့သော်လည်း ကျူးဖန်က ထိုအကြည့်ကို မကြောက်သည့်ဟန်ဖြင့် သတ္တိမွေးကာ ပြောလိုက်သည်။
“ညီမလေး ဂူဟွမ်ဂျီ ငါတို့ ဒီလိုလုပ်တာ မင်းအတွက်ပါပဲ။ ဒီကောင်ရဲ့ မေတ္တာ စကားလုံးတွေကို နားယောင်မနေပါနဲ့”
ဂူဟွမ်ဂျီက ဒေါသထွက်စွာ ရယ်မောလိုက်ပြီး
“မေတ္တာ စကားလုံးတွေလား။ နင်ရူးနေလား။ ငါအခု သူနဲ့အတူ သိမ်မွေ့နူးညံ့သော အသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို လေ့ကျင့်တာ ဘယ်အခြေအနေ ရောက်ပြီလို့ နင်ထင်လဲ”
“ငါအခု သွေးကြော (၂၅)ခုကို ဖွင့်ပြီးပြီ။ ငါက ကျူးယွဲ့ရဲ့ နေရာမှာသာ ဆက်ရှိနေရင် ငါသွေးကြော (၁၅) ခုတောင် ဖွင့်နိုင်သေးမှာ မဟုတ်ဘူး ဟုတ်တယ်မလား”
ကျူးဖန်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အခြားတပည့် များကလည်း ဂူဟွမ်ဂျီကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး အော်မိလိုက်ကြသည်။
“(၂၅) ဒါဘယ်လို ဖြစ်နိုင်မှာလဲ”
သို့သော်လည်း ဂူဟွမ်ဂျီက သူတို့ကို လိမ်မည် မဟုတ်သည်ကို သိပေသည်။
ဒါဆို ဇူယွမ်က တကယ့်ကို လုပ်နိုင်စွမ်း ရှိသည်လား။
ကျူးဖန်၏ အမူအရာမှာ ထိတ်လန့်သွားဟန် ရသော်လည်း ခဏအကြာမှာ သူက ဇူယွမ်ကို ကြည့်လိုက်ပြီး
“ငါတို့က ညီမလေး ဟွမ်ဂျီရဲ့ ပါရမီကို သိပြီးသားမလို့ သည်ရက်ပိုင်းအတွင်း အောင်မြင်အောင် လုပ်နိုင်တာကို သိပ်ပြီး မအံ့ဩမိပါဘူး”
“ဒါပေမဲ့ သူမရဲ့ အောင်မြင်မှုအတွက် မင်း နာမည်ကောင်းယူဖို့ အရည်အချင်း မရှိမှာ ငါ စိုးရိမ်မိတယ်”
“နင် …”
ဂူဟွမ်ဂျီက အတော်ပင် ဒေါသထွက်နေပေပြီ။
ဇူယွမ်က အကူအညီမဲ့စွာ ပြောသည်။
“မင်းရဲ့ အကြောင်းပြချက်တွေက သူတို့နဲ့ဆိုရင် အသုံးမဝင်ဘူး”
ဂူဟွမ်ဂျီက ဇူယွမ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူမက အဘယ်ကြောင့် သူ့အတွက် ပြောပေးမိပါသနည်း။
“သည်လိုလူမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ စကားအများကြီး ပြောဖို့ မလိုအပ်ဘူး …”
ဇူယွမ်က ဂူဟွမ်ဂျီကို ကြည့်လိုက်ပြီး
“မင်းငါ့ကို အစောပိုင်းက လူအိုကြီး တစ်ယောက်လိုပဲလို့ ပြောခဲ့တယ်မလား”
“ဒါကြောင့် သည်ကောင်တွေကို မောင်းထုတ်ဖို့က ငါ့အတွက် အရမ်း …”
သူ၏ အကြည့်က ကျူးဖန်တို့ လူစုဆီ ရောက်သွားပြီး
“မင်းတို့ကောင်တွေက ပြဿနာ တက်ချင်မှတော့လည်း”
“လာခဲ့ မင်းတို့ကောင်တွေ ရိုက်နှက်ပေးမှ ရတော့မယ်။ ငါတစ်ယောက်တည်း မင်းတို့နဲ့ ရင်ဆိုင်နိုင်တယ် ဒါကြောင့် လာ တစ်ဖွဲ့လုံး တက်ခဲ့ … မဟုတ်လည်း”
“မင်းတို့ကို ထွက်သွားခွင့် ပေးမယ်”
စကား အဆုံးသတ်တွင် ဇူယွမ်၏ အမူအရာမှာ အေးစက်သွားပြီး ရုန့်ရမ်းသော မူလချီများက သူခန္ဓာကိုယ် အတွင်းမှ မုန်တိုင်းအလား ထွက်ပေါ်လာခဲ့သည်။