စာစဉ် (၁၇) အပိုင်း (၂၃၀)

စည်းရုံးရေး

ကြက်သွေးနီရောင် ကျာပွတ်က မီးစပါးအုံး အသွင်ဖြင့် လောင်မြိုက်နေသည့် အရှိန်အဝါကို ပေးစွမ်းကာ ဇူယွမ်၏ ဦးခေါင်းဆီသို့ ဦးတည်လာခဲ့သည်။

ဇူယွမ်က ကတိုက်ကရိုက် ရှောင်တိမ်းလိုက်ပြီး ကျာပွတ်က သူ့အနီးမှ ကပ်သီးကပ်သဲ့ လွဲချော်သွားပြီး ကြမ်းတမ်းသော ရိုက်ချက်က မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အက်ကြောင်း ရှည်ကြီး တစ်ခု ဖြစ်လာပေသည်။

ဇူယွမ်က လေအေးများကို ရှူသွင်းလိုက်ပြီး

“မင်းက တကယ်ကို အကြင်နာ ကင်းမဲ့တာပဲ”

သည်ရိုက်ချက်သာ မျက်နှာပေါ်သို့ ကျရောက်ပါက သွေးထွက်သံယို ဖြစ်မှာ အသေအချာပင် ဖြစ်သည်။

ဂူဟွမ်ဂျီက သူ့ရဲ့လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး သူမ၏ ကျာပွတ်ကို ပြန်သိမ်းကာ ခါးတွင် ပြန်လည် ချိတ်ဆွဲလိုက်သည်။ သူမက ဇူယွမ်ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောသည်။

“ဇူယွမ် ငါတကယ် မလုပ်ဘူးလို့များ နင်ထင်နေတာလား”

ဂူဟွမ်ဂျီက ဒေါသထွက်စွာ ပြောနေသည်ကို မြင်ရသောအချိန်တွင် ဇူယွမ်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး အားတင်း၍ ပြုံးကာ ပြောသည်။

“အရမ်း ဒေါသထွက်မနေပါနဲ့ …  ငါမင်းကို စနောက်နေတာ မဟုတ်ဘူး။ မင်းသာ ငါ့နောက် လိုက်လာခဲ့ရင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် အစောပိုင်းအဆင့်ကို ဆယ်ရက်အတွင်း နင် ကျွမ်းကျင်သွားမယ်လို့ ငါ အာမခံတယ်”

ဂူဟွမ်ဂျီက နက်မှောင်စွာ မျက်မှောင် ကြုတ်လိုက်ပြီး နှာခေါင်း ရှုံ့လိုက်သည်။

“စိတ်ကြီးဝင်မနေနဲ့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို နင်စလေ့လာတာ ဘယ်လောက် ကြာသေးလို့လဲ။ နင်သွေးကြော ဘယ်နှစ်ခု ရှာတွေ့ပြီလဲ။ ကျူးယွဲ့ရဲ့ အရည်အချင်းက အနည်းငယ် ချို့တဲ့ပေမဲ့ သူသွေးကြော ဘယ်နှစ်ခု ဖွင့်ပြီးပြီလဲ နင်သိလား”

“သွေးကြော လေးဆယ်တစ်ခု”

“နင်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ”

ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“သည်လောက် အကြာကြီး လေ့ကျင့်ပြီးတောင်မှ သွေးကြော (၄၁)ခုပဲ ဖွင့်ရသေးတာလား။ ကျူးယွဲ့ရဲ့ စွမ်းရည်က တကယ့်ကို သာမန်လေးပဲ။ အနက်ရောင်ခါးစည်း တပည့်ဖြစ်နေတာ အံ့ဩစရာ မရှိဘူး”

“အရှက်မရှိ ဝင့်ကြွားမနေနဲ့”

ဇူယွမ်၏ ပြောဆိုမှုများက ဂူဟွမ်ဂျီ၏ ဒေါသကို အထွတ်အထိပ်ကို ရောက်စေခဲ့သည်။ သူက အခြားသူများကဲ့သို့ ဘယ်နေရာမှ ကောင်းမွန်ခြင်း မရှိပဲ သည်အရာကို ခေါင်းမာစွာပင် လက်ခံခြင်းမရှိပဲ သူများထက် သာလွန်ကြောင်း ပြောဆိုနေပေသည်။

အစောပိုင်းက သူမအနေဖြင့် ဇူယွမ်၏ ပါရမီကို အနည်းငယ် စိတ်ဝင်စားမိ သော်လည်းပဲ ယခုအချိန်တွင်တော့ အတော်ပင် စိတ်ပျက်နေမိပြီ ဖြစ်သည်။

ကောင်းမွန်သော ပါရမီမည်မျှ ရှိနေစေကာမှု ထိုသူသည် သူ့အပြစ်ကို သူသိနားလည်ခြင်း မရှိပါက ကျင့်ကြံခြင်း လမ်းစဉ်နှင့် ဝေးကွာသွားမည် ဖြစ်သည်။

ထို့ကြောင့် သူမသည် နောက်ထပ် ရှည်ရှည်ဝေးဝေး မပြောချင်တော့ သောကြောင့် တစ်ဖက်သို့လှည့်ကာ ထွက်သွားလိုက်သည်။

သည်အရာကို မြင်ချိန်တွင် ဇူယွမ်က ချက်ချင်း ပြောလိုက်သည်။

“ငါပြောတာကို မင်းမယုံပဲ ဖြစ်မယ်လို့ ငါမထင်မိဘူး။ ငါ တကယ်ကို သွေကြော (၃၁)ခု ဖွင့်ပြီးသွားပြီ  …  သည်လိုလုပ်ပါလား မင်းငါ့ကို တစ်ချက်လောက် ထိုးကြည့်လေ”

“သွေးကြော (၃၁)ခု”

ဂူဟွမ်ဂျီက အံကြိတ်လိုက်သည်။

“ငါးရက်တည်းနဲ့ နင်က သွေးကြော(၃၁)ခုကို ဖွင့်နိုင်ခဲ့တယ်ပေါ့။ နင်ငါ့ရဲ့ အသိဉာဏ်ကို စော်ကားနေတာလား”

ဇူယွမ်၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။ မူလကျောက်စိမ်း အတွက်သာ မဟုတ်ဘူးဆိုလျှင် သူ့အနေဖြင့် သည်လောက် ရှင်းပြနေမည် မဟုတ်ပေ။ ဇူယွမ်က လက်ယပ် ခေါ်လိုက်ပြီး

“ပိန်လီထွေလီနဲ့ ပြောဆိုမနေနဲ့ မင်းတစ်ချက် တိုက်ခိုက်ပြီးရင် သိသွားလိမ့်မယ်”

ဂူဟွမ်ဂျီက ဒေါသတကြီး ရယ်မောလိုက်သည်။ တခြားတစ်ယောက်က သူ့ကို သည်လိုမျိုး ချင့်ချိန်ဆုံးဖြတ် ခိုင်းသည်ကို ကြားရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။

“ကောင်းပြီ ငါ့ကို စနောက်ရဲတဲ့ တန်းဖိုးကို နင်သိအောင် ပြရသေးတာပေါ့”

ဂူဟွမ်ဂျီ လက်သီး ဆုပ်လိုက်သည်နှင့် ရုန်ရမ်းသော မူလချီများက သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက် လာခဲ့သည်။ သူမ၏ မူလချီများက နီရဲနေပြီး မီးနှင့် ဆင်တူပေသည်။

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ ဂူဟွမ်ဂျီက တကယ်ကို ဖြုံစရာ ကောင်းပေသည်။ သူမက မူလစဦး တတိယအဆင့်များ ကြားတွင် ထိပ်တန်းပင် ဖြစ်လိမ့်မည်။

တကယ် တိုက်ခိုက်ပါက သူ့အနေဖြင့် သူမကို ခက်ခဲခဲ ရင်ဆိုင်ရပေလိမ့်မည်။

ဝှစ် …

ဂူဟွမ်ဂျီက မြေပြင်ကို တစ်ချက်နင်းကာ သူမ၏ ခန္ဓာကိုယ်ကို အရှေ့သို့ တိုးထွက်လိုက်ပြီး မူလချီများကို သူမ၏ လက်တွင် စုစည်းလိုက်ပြီး အရှေ့သို့ တစ်ချက် ထိုးသွင်းလိုက်သည်။

ဘန်း …

ထိုးချက်ကြောင့် လေထုပင် ပေါက်ကွဲသွားပြီး သည်အရာက အသံဗုံးတစ်လုံး ပေါက်ကွဲသွား သလိုပင်ဖြစ်သည်။ ဂူဟွမ်ဂျီမှာ နူးညံ့သော ပန်းလေး တစ်ပွင့်နှင့် တူသော်လည်း သူမ၏ တိုက်ခိုက်မှုက ရိုးရှင်းပြီး ကြမ်းတမ်း လှပေသည်။

မူလစဦး ဒုတိယ အဆင့်များသာ သည်လက်သီးနှင့် ရင်ဆိုင်ရပါက ထိုသူအနေဖြင့် သူ၏ ဒူးခေါင်းများကို ခိုင်အောင် အားတင်းထားရ ပေလိမ့်မည်။

သို့သော်လည်း ဇူယွမ်အနေဖြင့် လုံးဝကို မလှုပ်ရှားသေးပေ။ သူ့ဆီသို့ ပျံဝဲလာသော လက်သီးချက်ကို ကြည့်နေခဲ့ပြီး ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်း တက်လှမ်းလိုက်သည်။ သူ၏ လက်ကို မြှောက်လိုက်ပြီး မူလချီများ ထွက်ပေါ်လာက ဂူဟွမ်ဂျီ၏ လက်သီးချက်နှင့် ရင်ဆိုင်လိုက်သည်။

ထပ် …

မသဲကွဲသော အသံတစ်ခု ထွက်ပေါ်လာပြီး ကြမ်းတမ်းသော လေလှိုင်းများ ပျံ့နှံ့သွားကာ သူတို့ အနီးရှိ ကျောက်တုံးများ အဝေးသို့ လွင့်စဉ်သွားသည်။

သို့သော်လည်း လက်ဝါးနှင့် လက်သီးတို့ ဆုံတွေ့သွားချိန်တွင် ဂူဟွမ်ဂျီ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမ၏ ကြီးမားသော စွမ်းအား အားလုံး ဇူယွမ်ဆီသို့ ရောက်သွားချိန်တွင် သူမ၏ စွမ်းအားများ ရုတ်တရက် ပျောက်ကွယ် သွားသည်ကို ခံစားမိလိုက်ပေသည်။

သူမ၏ လက်သီးချက်များမှာ လေကို ထိုးမိသည့် အလားဖြစ်သည်။

သူမက ဇူယွမ်၏ လက်ဝါးကို အာရုံစိုက်ကြည့် လိုက်ပြီးနောက် သူမ၏ နှလုံးသားမှာ တုန်ခါသွားတော့သည်။ သူမက သူ၏ လက်ဝါးမှာ ထိုအခိုက်တွင် ဒြပ်ထည်မရှိသော အသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရ သောကြောင့် ဖြစ်သည်။ ထိုအရာက အားနည်းသော သိမ်မွေ့နူးညံ့မှုကို ခံစားမိစေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

ဂူဟွမ်ဂျီက ထိန်းချုပ်နိုင်မှု မရှိပဲ အော်ဟစ်လိုက်သည်။ သူမအနေဖြင့် သည်အရာက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် အစောပိုင်း အဆင့်ကို ရောက်ရှိနေသော အမှတ်အသားပင် ဖြစ်သည်ကို သိသည်။ သည်အခြေအနေတွင် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ဒြပ်ထည်မရှိသော အခြေအနေသို့ ရောက်ရှိသွားပြီး မည်သည့် တိုက်ခိုက်ခြင်းမျိုး မဆို၏ စွမ်းအားများသည် ထိုအစိတ်အပိုင်းများ ပေါ်သို့ ရောက်ရှိသွားပါက ထူးကဲစွာ ပျောက်ကွယ် သွားမည်ဖြစ်သည်။

သည်အရာမှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်၏ အနှစ်သာရ ဖြစ်သည်။ ကျွမ်းကျင်သွားသည့် အချိန်တွင် မည်သည့် တိုက်ခိုက်မှုမျိုးမဆို လေကိုသာ ရိုက်မိသလို ခံစားရမည်ဖြစ်ပြီး ဖြစ်ပေါ်လာသော စွမ်းအားများမှာလည်း ပျောက်ပြယ်သွားမည် ဖြစ်သည်။

သည်အချက်အရ ဇူယွမ်၏ သူ့လက်ကို နူးညံ့ပျော့ပြောင်း နိုင်စွမ်းမှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် သူမထက် ကျွမ်းကျင် နေကြောင်းကို ဖော်ပြနေသည်။ သူမ၏ (၁၀)ခုမြောက် သွေးကြော ဖွင့်ထားခြင်းနှင့် ထို့သို့စွမ်းဆောင်ရန် ဝေးကွာနေပေ သေးသည်။

ဇူယွမ်က ဖြည်းညင်းစွာ သူ၏ လက်ကို ရုပ်သိမ်းလိုက်ပြီး ပုံမှန် ပြန်ဖြစ်သွားသည်။ ထို့နောက် ညင်သာစွာ ရယ်မောလိုက်သည်။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်က အမှန်တကယ်ကို အံ့ဩ တုန်လှုပ်ဖွယ် ကောင်းပေသည်။ သည်အရာက သူ့ကို ထူးကဲစွာ ဘေးအန္တရာယ်မှ လွတ်မြောက် စေပေသည်။

“နင် …”

ဂူဟွမ်ဂျီက မျက်တောင် တစ်ဖျပ်ဖျပ် ခတ်ရင်း ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။ သူမအနေဖြင့် အစောပိုင်းက လွန်စွာ ရှော့ရထားသောကြောင့် ဘာပြောရမှန်း မသိပေ။ သူမအနေဖြင့် ဇူယွမ်က ငါးရက်မျှဖြင့် အစောပိုင်း အဆင့်နီးပါး ရောက်ရှိသွားခြင်းကို မယုံကြည်နိုင်သေးပေ။

“နင်တကယ်ပဲ သွေးကြော(၃၁)ခုကို ဖွင့်ထားပြီးပြီလား”

ဇူယွမ်က ရယ်လိုက်ပြီး

“မင်းရဲ့ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတာတောင် မယုံနိုင်သေးဘူးလား”

“နင်ဘယ်လို လုပ်ခဲ့တာလဲ”

ဇူယွမ်က အသာအယာ ပြုံးလိုက်ပြီး

“ငါ့ရဲ့ မြင်နိုင်စွမ်းက ပိုကောင်းလို့ နေမှာပေါ့ …  ဘယ်လိုထင်လဲ။ မင်း စိတ်ဝင်စားတယ်ဆို ဆယ်ရက်အတွင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ပထမအဆင့်ကို ဆယ်ရက်အတွင်း မင်း ရောက်နိုင်မယ်လို့ ငါ အာမခံတယ်”

ဒုတိယအဆင့် အတွက်တော့ သူအာမမခံရဲပေ။ အဘယ်ကြောင့် ဆိုသော် ထိုအဆင့်တွင် သေးငယ်သော သွေးကြောများကို မြင်တွေ့နိုင်ရန် ပိုမိုခက်ခဲသောကြောင့် ဖြစ်သည်။ အနက်ဖော် သူတော်စင်စာလုံး နှင့်တောင်မှ အချိန်အချို့ ယူရပေဦးမည်။

ဂူဟွမ်ဂျီ၏ မျက်လုံးအစုံမှာ တောက်ပစွာဖြင့် ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။ သူမသည် အစောပိုင်းက ထိုအကောင် အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေသည်ဟု ထင်ခဲ့ပေသည်။ ဘယ်သူမှ ထိုအကောင် သည်မျှ စွမ်းဆောင်နိုင်မည်ဟု တွေးမိမည် မဟုတ်ပေ။ တစ်ဦး တစ်ယောက်၏ လမ်းညွှန်ပြသမှု မပါပဲနှင့်တောင်မှ သူက သည်လို အမြန်နှုန်းဖြင့် လျင်မြန်စွာ တိုးတက်နိုင် သည်တဲ့လား။

“ဒါက မူလကျောက်စိမ်း အပိုင်းအစ ငါးဆယ်”

ဂူဟွမ်ဂျီက လျင်မြန်ပြီး ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ယောက် ဖြစ်သည်။ သူမက သူသက်သေပြ ပြီးသည်နှင့် နှောင့်နှေး ကြန့်ကြာခြင်း မရှိပဲ လက်တစ်ချက် လှုပ်လိုက်ပြီး ရှုံအိတ်တစ်ခုကို ဇူယွမ်ထံ ပစ်ပေးလိုက်သည်။

“ဘယ်လောက် ရက်ရောလိုက်လဲ”

ဇူယွမ်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ သူမက တကယ့်ကို ချမ်းသာသော မိန်းကလေး ဖြစ်သည်။ သူမက သင်ခန်းစာကြေး အပြည့်အဝကို တစ်ချက်မျ ညည်းတွားခြင်းမရှိပဲ ထုတ်ပေးနိုင်သည်။

“ဒါပေမဲ့ နင်ဒီမူလ ကျောက်စိမ်းတွေကို ဘယ်ကရလဲ”

ဇူယွမ်က စပ်စုလိုက်သည်။ သူ့အနေဖြင့် ဂူဟွမ်ဂျီ မည်သည့်တာဝန်မှ ထမ်းဆောင်သည်ကို မမြင်ဘူးပေ။ သို့သော်လည်း သူမက ချမ်းသာလွန်း လှသည်။

“ဘာလို စပ်စုချင်နေတာလဲ”

ဂူဟွမ်ဂျီက သူမ မျက်လုံးများကို ပင့်ချီကာ ပြောလိုက်သည်။

ဇူယွမ်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ မျှော်လင့်ထား သလိုပင် သူမက ကလန်နှင့် ကြီးကြီးမားမား ဆက်နွယ်မှု ရှိပေသည်။

“ဇူယွမ် ငါ့ရဲ့ ပိုက်ဆံတွေက အလွယ်ရတာ မဟုတ်ဘူးနော်။ ငါသာ ဆယ်ရက်တည်းနဲ့ ပထမအဆင့်ကို မရောက်ဘူးဆိုရင် …”

ဂူဟွမ်ဂျီက ဇူယွမ်ကို လှမ်းကြည့်လိုက်သည်။

“ငါနင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

“စိတ်အေးအေးထားပါ ဒါက နှစ်ယောက်လုံး အကျိုးရှိမယ့် ကိစ္စပဲ ပြီးတော့ ငါက လူလိမ် တစ်ယောက်လည်း မဟုတ်ပါဘူး”

ဇူယွမ်က လျင်မြန်စွာ ကတိပေးလိုက်သည်။

“ငါတို့ ဘယ်အချိန်စမလဲ”

“ငါတို့ရဲ့ အချိန်တွေက အရမ်းကို တန်ဖိုးကြီးတယ် အခုပဲ စရအောင် ငါ့နောက်လိုက်ခဲ့”

ဇူယွမ်က လက်‌ဝှေ့ယမ်းကာ မူလကျောက်စိမ်း အိတ်ကို မြှောက်ကစားရင်း တောင်အောက်သို့ ဆင်းသွားသည်။

ဂူဟွမ်ဂျီက သွားနေသော သူ၏ ပုံရိပ်ကို ကြည့်ရင်း အနည်းငယ်မျှ တုံ့ဆိုင်းနေ ပြီးနောက် အဆုံးတွင် အံကြိတ်ကာ ဇူယွမ်နောက် အမှီလိုက် သွားတော့သည်။

“ဇူယွမ် နင်ငါ့ကို လိမ်ရဲရင်တော့ သေမယ်”

***

တောင်အနောက်ဘက် အခြမ်း၊ သင်ခန်းစာ ပို့ချသော ခန်းမတစ်ခု၌

ကျူးယွဲ့က တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့သော တပည့်များကို ကြည့်နေခဲ့ပြီး ထိုနောက် သူ ရုတ်တရက် မျက်မှောင်ကြုတ် သွားခဲ့သည်။ သူတို့အကြားတွင် ဂူဟွမ်ဂျီကို သူမမြင်မိပေ။

ထိုအချိန်တွင် ကျူးဖန်က အပြေးအလွှား ရောက်လာခဲ့ပြီး သူ၏အမူအရာမှာ အလွန်အမင်း ဆိုးရွားနေသည်။

ကျူးယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

အခြားသော တပည့်များလည်း လှမ်းကြည့် လိုက်ကြသည်။

ကျူးဖန်က ခဏမျှ တုံ့ဆိုင်းနေ ပြီးနောက် သူ့စကားများကိုပင် သူကိုယ်တိုင် မယုံကြည်နိုင်ဟန်ဖြင့် ရှင်းပြလိုက်သည်။

“ဂူဟွမ်ဂျီက သူမ မလာတော့ဘူး ဆိုတာကို တခြားတစ်ယောက်နဲ့ ပြောခိုင်းလိုက်တယ်”

“မလာတော့ဘူးလား”

ကျူးယွဲ့ အံ့အားသင့် သွားသည်။ သူက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။

“သူမ ကောင်းကောင်း လုပ်နိုင်နေတာပဲ မလား။ အဲဒါကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စင်ကို ဆက်မလေ့လာ တော့ဘူးလား”

ဂူဟွမ်ဂျီက စွမ်းအားကြီးသော နောက်ခံ အသိုင်းအဝိုင်းမှ လာသည့်အပြင် အလွန်လည်း လှပေသည်။ ထိုကြောင့် ကျူးယွဲ့ အနေဖြင့် သူမကို မျက်စိကျ နေပေသည်။ ဂူဟွမ်ဂျီက ရုတ်တရက် သူ၏ အရှိန်ကို ဖြတ်တောက် သွားပေပြီ။

ကျူးဖန်က သတ္တိမွေးကာ ပြောလိုက်သည်။

“သူမ …  သူမက ဆက်လက် လေ့လာနေတုန်းပါ၊ ဒါပေမဲ့ …  သူမက ဇူယွမ်ဆီမှာ သွားပြီးတော့ သင်ယူနေတယ်”

သင်ခန်းစာ ပို့ချသော ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။ တပည့်များက တစ်ယာက်နှင့် တစ်ယောက် အရင်ကြည့်လိုက်ကြပြီး လျင်မြန်စွာပင် ကျွက်ကျွက်ဆူအောင် ဆူညံသွားကြသည်။

“ဇူယွမ်လား”

“ဂူဟွမ်ဂျီက ဇူယွမ်ဆီမှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သွားသင်နေတယ်”

“ဘယ်လို သောက်ကျိုးနည်း ကိစ္စတွေ သူမ လုပ်နေတာလဲ”

ကျူးယွဲ့မှာ ရူးသွပ်သွားမလို ဖြစ်နေသည်။ သူ၏ မျက်နှာမှာ အစိမ်းရောင် သန်းနေပြီး အံကို တင်းနေအောင် ကြိတ်ထားလိုက်သည်။ ဂူဟွမ်ဂျီ၏ အမြင်တင် သူတကယ်ပဲ ဇူယွမ်နှင့် မယှဉ်နိုင်ခဲ့ဘူးလား။ သူမ၏ ဦးနှောက်များ ပျက်စီးသွားသည်လား။ အဘယ်ကြောင့် မူလကျင့်စဉ်ကို အပြင်ဘက်တောင် တပည့်အချင်းချင်း သွားရောက် သင်ယူရသနည်း။

ဇူယွမ်က မည်သို့သော ဆေးမျိုးကို သူမအား ကျွေးလိုက်သနည်း။


Comment

Leave a Reply


Options

not work with dark mode
Reset