Switch Mode

အခန်း ( ၃၃ )

လျှိုတောက်ပင်း၏ အရည်အချင်း

ထိုညတွင် တာအိုလေးမှာ တိုက်ရိုက်ထုတ်လွှင့်နေရင်း ထပ်ခါထပ်ခါ အသနားခံပြီး ရှိသမျှနည်းလမ်း အကုန်သုံးကာ ကြည့်ရှုသူများအား ထိုကိစ္စကို လျှော်ပေးရန် တောင်းပန်ခဲ့ရ၏။ သူသည် ထိုကြည့်ရှုသူများအား ကတိများစွာ ပေးပြီးသောအခါမှသာ သူတို့က သူ့အား ချော်ရည်အခန်းထဲသို့ အကြိမ်များစွာ ခွဲ၍ ဝင်ခွင့်ပေးရန် သဘောတူခဲ့ကြသည်။

သူသည် ချော်ရည်အခန်းထဲသို့ ရောက်သွားသောအခါ ထိုင်ချလိုက်ပြီး သူ၏ ပတ်ပတ်လည်ရှိ မြင့်မားသော အပူချိန်များကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများထဲမှ ကျဆင်းလာသော မျက်ရည်စက်များမှာ ချက်ချင်းဆိုသလို အငွေ့ပျံသွားကြပြီး သူ၏ မှတ်တမ်းတင်ကိရိယာအား ကတုန်ကယင်နှင့် ကိုင်မြှောက်ထားတော့သည်။

” ကိုယ့်လူတို့ရဲ့ အစီအစဉ်တင်ဆက်သူ တာအိုလေးဟာဆိုရင်ဖြင့် အခုဆိုရင် ချော်ရည်အခန်းထဲကို ရောက်နေပါပြီ။ စိတ်မပူပါနဲ့။ ဒုန်းပျံ သုံးဆယ့်ခုနစ်ခုစာပဲ နေရမှာပါ။ ကျနော် သေချာပေါက် ပြီးတဲ့အထိ နေပေးပါ့မယ် ”

သို့သော် သူစကားမဆုံးခင်မှာပင် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ထဲသို့ ကြည့်ရှုသူအသစ်တစ်ယောက် ရောက်ရှိလာသည်။ ထိုလူ၏ နာမည်ပြောင်မှာ အလွန် အထက်စီးဆန်၏။ ၎င်းမှာ ပြည်ထောင်စုဥက္ကဋ္ဌ ဖေဖေကြီးဟူ၍ ဖြစ်သည်။

ထိုကြည့်ရှုသူမှာ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဒုန်းပျံဆယ်ခုကို ပေးပို့လိုက်၏။ ထိုဒုန်းပျံများ မှတ်တမ်းတင်ကိရိယာ၏ ဖန်သားပြင်ပေါ်တွင် ဝဲပျံနေကြစဉ် သူသည် စာကြောင်းတစ်ကြောင်း ရေးကာ ချန်ထားခဲ့၏။

” တာအိုလေးရေ။ အားပေးနေပါတယ်။ ဒီမှာ မင်းအတွက် ဒုန်းပျံဆယ်ခု။ နောက်ထပ် နာရီနှစ်ဆယ် ထပ်ပြီး နေလိုက်ပါဦး ”

တာအိုလေးမှာ ချက်ချင်းဆိုသလိုပင် ဆွံ့အသွားရတော့သည်။ သူသည် သာမန်ဆိုလျှင် ဒုန်းပျံများ လက်ဆောင်ရရှိခြင်းကို နှစ်သက်ပါသော်လည်း ယနေ့တွင်မူ ချော်ရည်အခန်းထဲသို့ ရောက်နေသည်ဖြစ်ရာ တစ်ခုတလေကိုပင် မလိုချင်တော့ပေ။ သို့သော် ထိုကဲ့သို့ ဒုန်းပျံဆယ်ခုကို အလွယ်တကူ လက်ဆောင်ပေးသည့်လူမှာ သူဌေးတစ်ယောက်သာ ဖြစ်နိုင်ကြောင်း နားလည်လိုက်သဖြင့် ထိုလူအား ချက်ချင်းပင် ကျေးဇူးတင်လိုက်၏။

” ဒုန်းပျံတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပြည်ထောင်စုဥက္ကဋ္ဌ ဖေဖေကြီး ”
သူသည် ထိုကဲ့သို့ ကျေးဇူးတင်နေရင်း သူ၏အမည်မှာ အလွန်အင်မတန်မှ ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ သူသည် အားတင်းကာ ထိုနာမည်အား အပြီးအထိ ခေါ်လိုက်စဉ်မှာပင် ပြည်ထောင်စုဥက္ကဋ္ဌ ဖေဖေကြီးမှာ အလွန် ပျော်ရွှင်ကျေနပ်သွားပြီး သူ့အား နောက်ထပ် ဒုန်းပျံဆယ်ခု ထပ်၍ လက်ဆောင်ပေးလိုက်ပြန်သည်။

ထိုကဲ့သို့ လက်ဆောင်ပေးပြီးနောက် ပြည်ထောင်စုဥက္ကဋ္ဌ ဖေဖေကြီးမှာ ထိုထုတ်လွှင့်မှုအား အကြာကြီး ကြည့်မနေတော့ဘဲ လိုင်းပေါ်မှ ဆင်းသွား၏။ ထို့ကြောင့် တာအိုလေးမှာ အံ့အားသင့်သွားပြီး ဝေခွဲမရဖြစ်ကာ ကျန်ရစ်ခဲ့တော့သည်။

ထိုစဉ် ဝမ်ပေါင်လဲ့က ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်အဖြစ် ရောက်သွားသည့်သတင်း ဓမ္မလက်နက်ဌာနထဲတွင် ပျံ့နှံ့သွား၏။ လူများစွာမှာ ရုတ်ရုတ်သဲသဲဖြစ်ကာ ထိုကိစ္စအား ပို၍ စိတ်ဝင်စားလာကြတော့သည်။ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများအားလုံးက ဓမ္မလက်နက်ဌာနအတွင်း အာဏာရှိသည့် လူများအနက် ကျန်းလင်မပါတော့ဘဲ သူ၏နေရာတွင် ဝမ်ပေါင်လဲ့ ရောက်လာတော့မည်ဖြစ်ကြောင်း သိသွားကြသည်။

နောက်တစ်နေ့ မနက်ခင်းသို့ ရောက်သည့်တိုင်အောင် ဝမ်ပေါင်လဲ့ ရာထူးတိုးသွားခဲ့သည့် သတင်းကြောင့် ပြင်ပကမ္ဘာတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြဆဲပင်။ ဝမ်ပေါင်လဲ့ကမူ ခရမ်းရောင် ကျောင်းသားခေါင်းဆောင် ဝတ်ရုံကိုဝတ်၍ အင်မော်တယ်ဂူထဲရှိ မှန်ရှေ့တွင်ရပ်နေ၏။ ထို ဝတ်ရုံအား ရက်လုပ်ထားသည့် ပိုးချည်မျှင်နှင့် ၎င်းထံမှ ထွက်ပေါ်လာနေသည့် အငွေ့အသက်များမှာ အထူးဝင်ခွင့်ရကျောင်းသား ဝတ်ရုံများထက် များစွာပို၍ သာလွန်နေသည်ကို သူ သတိထားမိလိုက်သည်။ သူသည် မေးငေါ့ကာ မှန်ထဲသို့ အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်သည်။

ဝမ်ပေါင်လဲ့မှာ သူ မမြင်ချင်သော အရာများကို အလိုအလျောက် ဖယ်ရှားပေးနိုင်စွမ်းရှိသော မျက်လုံးများဖြင့် သူ၏လုံးဝန်းနေသော ခန္ဓာကိုယ်အား မှန်ထဲတွင် ကြည့်ရှုနေသည့် အလားပင်။ သူသည် ကိုယ်ဟန်အမူအရာ အမျိုးမျိုးဖြင့် ရှုထောင့်အမျိုးမျိုးမှနေ၍ ကြည့်ရင်း သူ့ကိုယ်သူ တဖြည်းဖြည်းနှင့် ပို၍ အထင်ကြီးလာတော့သည်။

” တယ်လည်း ခန့်တဲ့ ငါပါလားကွ။ ခန္ဓာကိုယ်ကလည်း ပိန်ပိန်သွယ်သွယ် ရှိတဲ့အပြင် ပညာရေးမှာလည်း တော်သေးတယ်။ တော်တော်ကို ထူးကဲလွန်းတဲ့ ငါ‌လေးပဲ။ ငါ့ကိုယ်ငါတောင် ပြန်ပြီးတော့ ကိုးကွယ်ချင်လာပြီ ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နေစဉ် မုန့်ထုပ် တစ်ထုပ်ကို အလိုလို ထုတ်ယူမိလိုက်၏။ သူသည် ထိုမုန့်များအား စားရင်း သူ့ကိုယ်သူ မှန်ထဲတွင် ဆက်၍ ကြည့်နေလိုက်သည်။ တစ်ခါတရံ သူသည် သူ၏ ဦးခေါင်းသို့မဟုတ် ခန္ဓာကိုယ်အား ဘေးဘက်သို့လှည့်ကာ သူ၏ပြစ်မျိုးမှဲ့မထင်သော ခန္ဓာကိုယ်အား ရှုထောင့်အမျိုးမျိုးမှနေ၍ အားကျစွာ ရှုစားနေတော့သည်။

” ဒီကျောင်းသားခေါင်းဆောင် ဝတ်ရုံတွေကို ငါ မနာလိုလိုက်တာ။ သူတို့မှာ အသိဉာဏ်သာ ရှိမယ်ဆိုရင် ဒီလောက် ခန့်တဲ့ လူတစ်‌ယောက်က ဝတ်ထားလို့ သူတို့ကိုယ်သူတို့ သေချာပေါက် ဂုဏ်ယူနေကြမှာပဲ ”

ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့်ကြာပြီးနောက် မုန့်များကို ကုန်အောင်စားလိုက်ပြီး ကျေနပ်အားရသွားသဖြင့် ခေါင်းမော့ရင်ကော့ကာ အင်မော်တယ်ဂူအပြင်ဘက်သို့ ထွက်သွားတော့သည်။ သူသည် ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်အိမ်တော်ဆီသို့ သွားလိုက်ပြီး သူ၏ကျောင်းသားခေါင်းဆောင်ဘဝ ပထမဆုံးနေ့ကို စတင်လိုက်တော့သည်။

လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့် ကျောင်းသားအားလုံး ရောက်သည့်နေရာတွင် ရပ်တန့်လိုက်ကြပြီး သူ့အား တရိုတသေဖြင့် နှုတ်ဆက်လိုက်ကြသည်။ ကျောင်းသားခေါင်းဆောင် သုံးယောက်မှာ အလွန် အာဏာကြီးမားကြသည်။ သူတို့က ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆောင်ကို တာဝန်ယူထားကြသည်ဖြစ်ပြီး သူတို့အချင်းချင်းကြားတွင် တာဝန်ခွဲဝေမှုများ ရှိပါသော်လည်း များသောအားဖြင့် သီးခြားတာဝန်များကိုသာ ထမ်းဆောင်ကြသည်။

ကျောင်းသားခေါင်းဆောင်အိမ်တော်တိုင်း ၎င်းတို့ ဖမ်းဆီးရမိသည့် ကျောင်းစည်းကမ်းဖောက်သူများကို စိတ်ကြိုက်စီမံခွင့်ရှိသည်။ ထို့ကြောင့် သာမန်ကျောင်းသားများမှာ ကျောင်းသားခေါင်းဆောင်များကို လုံးဝ မစော်ကားရဲကြပေ။ ကျောင်းသားခေါင်းဆောင်တစ်ယောက်၏ မြှောက်စားခြင်းခံရသော ကျောင်းသားများဆိုလျှင် တာအိုကျောင်းထဲတွင် အဆင်ပြေချောမွေသည့် ဘဝတစ်ခုကိုပင် ပိုင်ဆိုင်နိုင်သည်အထိပင်။

ဝမ်ပေါင်လဲ့မှာ မရေမတွက်နိုင်လောက်အောင် များပြားသော နှုတ်ဆက်စကားများကို ကြားလိုက်ရပြီးနောက် အလွန် ကျေနပ်အားရသွား၏။ ကျောင်းသူပေါင်း မြောက်မြားစွာက ချိုသာသော စကားသံလေးများဖြင့် သူ့အား နှုတ်ဆက်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်သွားရတော့သည်။ တချို့ကျောင်းသူများဆိုလျှင် သူ့အား ဆက်သွယ်နိုင်မည့် အချက်အလက်များကိုပင် တောင်းသွားကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွလာပြီး သူ၏မျက်လုံးများ ဝင်းလက်လာ၏။ သူသည် ကျောင်းသားခေါင်းဆောင်ဆိုသည့် ရာထူးက ပေးစွမ်းသော အကျိုးကျေးဇူးများကို ပို၍ပင် သဘောကျလာတော့သည်။

ထို့ကြောင့် သူသည် ရယ်မောကာ သူတို့အား ပြန်၍နှုတ်ဆက်လိုက်သည်။ သူသည် နေမင်းကြီးမှာ အလွန်နွေးထွေးပြီး ကောင်းကင်ပြာကြီးမှာလည်း လှပနေသည်ဟု ခံစားနေရ၏။

ဝမ်ပေါင်လဲ့က ထိုကဲ့သို့ စိတ်ကြည်လင်လန်းဆန်းစွာဖြင့် ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်အိမ်တော်ဆီသို့ ရောက်ရှိလာသည်။ သူ ထိုအိမ်တော်နားသို့ ရောက်လာသောအခါ အပြင်ဘက်တွင် စစ်ဆေးရေးမှူးအယောက်ခုနစ်ဆယ်ကျော် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့က အစီအစဉ်တကျ တည်ကြည်စွာ ရပ်နေကြသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တညီတညာ နှုတ်ဆက်လိုက်ကြ၏။

” ကောင်းသောနံနက်ခင်းပါ ကျောင်းသားခေါင်းဆောင်ခင်ဗျား ”
ထိုအနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကြသည့် စစ်ဆေးရေးမှူး အယောက်ခုနစ်ဆယ်ကျော်မှာ တညီတညာ ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။ သူတို့၏ တညီတညွတ်တည်း ဖြစ်နေသော အသံများမှာ ဘေးမှ ဖြတ်သွားနေကြသည့် ကျောင်းသားများစွာ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။ ထို့ကြောင့် သူတို့အားလုံး ခေါင်းများလှည့်ကြည့်လိုက်ကြပြီး တီးတိုးရေရွတ်နေကြတော့သည်။

” ကောင်းသောနံနက်ခင်းပါ အတန်းဖော်တို့ ”
ဝမ်ပေါင်လဲ့က ဟန်လုပ်၍ ချောင်းဟန့်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း အနက်ရောင် ဝတ်ရုံများနှင့် စစ်ဆေးရေးမှူးများကို ဦးဆောင်ကာ ကျောင်းသားခေါင်းဆောင်အိမ်တော်ထဲသို့ ဝင်သွားလိုက်သည်။ ကျောင်းသားခေါင်းဆောင်အိမ်တော်၏ ပင်မတံခါးပေါက်မှ ကျောင်းသားခေါင်းဆောင်ရုံးသို့ သွားသည့် လမ်းတစ်လျှောက်တွင် အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှုးအားလုံး သူ့အား မျက်နှာချိုသွေးကာ ဖားနေကြ၏။

” ကျောင်းသားခေါင်းဆောင် ရောက်လာတာ အစောကြီးပဲ။ မနက်စာ မစားရသေးဘူးမလား။ ကျနော် ဝယ်ထားပေးပြီးသာပါ။ ကျောင်းသားခေါင်းဆောင်ရဲ့ စားပွဲပေါ်မှာ တင်ပေးထားတယ် ”

” ကျောင်းသားခေါင်းဆောင်။ ကျနော့် မိသားစုက ဝူယီမြို့တော်ကပါ။ အဲဒီမြို့ကထွက်တဲ့ ဝိညာဉ်လက်ဖက်ရည်အိုးတစ်အိုးကို ကျောင်းသားခေါင်းဆောင်အတွက် ကျနော် နှပ်ပေးထားတယ် ”

” ကျောင်းသားခေါင်းဆောင်။ ကျနော်တို့နှစ်ယောက်ရဲ့ ဝါသနာက တူတူပဲဗျ။ ကျနော်လည်း သရေစာတွေစားရတာကို အရမ်းကြိုက်တာ။ ကျနော် ကျောင်းသားခေါင်းဆောင်အတွက် သရေစာတွေအကုန်လုံးနဲ့ ဝိညာဉ်ရေခဲရေပါ ဝယ်ထားပေးတယ်။ ဝိညာဉ်ရေခဲရေတွေဆိုရင် အေးစက်နေပြီးသားမလို့ စိတ်ကြိုက်သောက်ရုံပဲ။ ကျောင်းသားခေါင်းဆောင်ကို လန်းဆန်းသွားစေမှာ အမှန်ပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အလွန် ကျေနပ်အားရသွား၏။ သို့သော် သူသည် ခိုကိုးရာမဲ့နေသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး သူတို့အား လက်ညှိုးထိုး၍ ဟန်ဆောင်ချောင်းဟန့်ကာ ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။
” မင်းတို့ကတော့ကွာ။ ငါ မင်းတို့ကို ဘာလုပ်လိုက်ရမလဲ။ နောက် ဒါမျိုးတွေမလုပ်နဲ့။ မင်းတို့က ကျောင်းသားတွေလေ။ အဲဒီတော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အခြေကျအောင်လုပ်၊ စကားကိုကြည့်ပြော။ ပြီးရင် ကိုယ့်ရဲ့ အပြုအမူ အနေအထိုင်ကို ဆင်ခြင် ”

” ကျောင်းသားခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျနော်တို့တွေ မှားသွားပါတယ်ဗျ ”
အနက်ရောင်ဝတ်ရုံနှင့် စစ်ဆေးရေးမှူးများမှာ ချက်ချင်းပင် ပြန်ဖြေလိုက်ကြသည်။ သူတို့၏ လေသံကို ကြည့်ချင်းအားဖြင့် သူတို့ အများကြီး ကြိုးစားထားခဲ့သည် ဖြစ်ကြောင်း သိနိုင်သည်။ သူတို့က တစ်ညတည်း ဝမ်ပေါင်လဲ့ ကြိုက်နှစ်သက်သော အရာများကို သိရှိအောင် လုပ်ခဲ့ရသည်ဖြစ်ပြီး သူပြောခဲ့ဖူးသည့် စကားများကိုလည်း ပြန်၍ လေ့လာခဲ့ကြသည်။ ပြီးခဲ့သည့် ညတုန်းက သူတို့ထဲက မည်သူကမှ မအိပ်နိုင်ခဲ့ကြပေ။

ဝမ်ပေါင်လဲ့မှာ ဖော်ဖော်ရွေရွေနှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သည့်ပုံ ပေါက်နေပါသော်လည်း မနေ့က ဝိညာဉ်ကျောက်တုံးခန်းမရှေ့တွင် ကျန်းလင်နှင့် စစ်ဆေးရေးမှူးဆယ်ယောက်ကျော်ကို နှိမ်နင်းခဲ့သည်ဖြစ်ကြောင်း ကြားသိထားကြသည်ဖြစ်ရာ သူတို့မှာ စိုးရိမ်ပူပန်နေကြ၏။ သူသည် လူအများ၏ရှေ့တွင် သူတို့၏ ရာထူးများကို ရုတ်သိမ်းကာ သူတို့အား ဖမ်းဆီးချုပ်နှောင်ခဲ့သည် မဟုတ်လော။

ထိုကဲ့သို့ လျင်မြန်သည့် စီရင်ချက်များကြောင့် သူတို့ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။

သူတို့ထဲတွင် မနေ့က ဖြစ်ရပ်ကြီးကို သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသည့် သူများပင် ရှိသည်။ အန္တရာယ်ပြုနိုင်မည့်ပုံ မပေါ်သည့် ဝမ်ပေါင်လဲ့မှာ သူ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာများ ပျောက်ဆုံးသွားပါက အလွန် ကြောက်စရာကောင်းကြောင်း သူတို့ သိထားကြသည်။ ထိုအပြင် သူတို့အားလုံးမှာ ပြစ်မှုများကိုလည်း ကျူးလွန်ထားခဲ့ကြသည်ဖြစ်ရာ မည်သူကမှ အလုပ်မကြိုးစားဘဲ ခိုကပ်မနေရဲကြပေ။

ဝမ်ပေါင်လဲ့က လူအုပ်ကြီး၏ မြှောက်ပင့်စကားများတွင် တစ်ခဏမျှ သာယာနေရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ လွန်စွာ သဘောကျကျေနပ်နေတော့သည်။ သူသည် ကျောင်းသားခေါင်းဆောင်ရုံးခန်းထဲသို့ ဝင်သွားလိုက်သောအခါ ခမ်းနားတင့်တယ်သော အခန်းကြီးကို မြင်လိုက်ရသဖြင့် သက်ပြင်းချမိသွားတော့သည်။

” ငါ့ အတန်းဖော်တွေက ငါ့ကို ကြည့်ရှုစောင့်ရှောက်ချင်မှတော့ ငါကလည်း သူတို့ရဲ့ စေတနာကို ဖြုန်းတီးပစ်လို့ ဘယ်ဖြစ်မလဲ ”

ဝမ်ပေါင်လဲ့မှာ သက်ပြင်းချရင်း အာဟာရဓာတ်ကြွယ်ဝသော ဝိညာဉ်လက်ဖက်ရည်ကို သောက်သုံးကာ သူ၏လက်အောက်ငယ်သားက သူ့အတွက် ဝယ်ပေးထားသော အကောင်းစားမနက်စာကို စားသုံးလိုက်တော့သည်။ ထို့နောက် သူသည် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ကာ စားရင်း တွေးတောသုံးသပ် နေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် လူတစ်ယောက်အား လျှိုတောက်ပင်းအား ဆင့်ခေါ်ပေးရန် ညွှန်ကြားလိုက်သည်။

တခဏအကြာတွင် စစ်ဆေးရေးမှူးများက လျှိုတောက်ပင်းအား ယဉ်ကျေးသိမ်မွေ့စွာ ခေါ်ဆောင်လာ၏။ လျှိုတောက်ပင်းမှာ ကျောင်းသားခေါင်းဆောင်ရုံးခန်းထဲရှိ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ခံစားချက်များ ရှုပ်ထွေးသွားပြီး အတန်ငယ် မိန်းမောတွေဝေသွားရတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ကျောင်းသားခေါင်း‌ဆောင် ဖြစ်သွားခဲ့သည့်ကို မနေ့ကတည်းက သူ သိရှိထားပါသော်လည်း ယခုအထိ မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲပင်။

” ဝမ် … ”
ဝမ်ပေါင်လဲ့၏ အမည်အား အော်ခေါ်ရန် သူ ပြင်လိုက်စဉ်မှာပင် သူ၏ ဘေးတွင်ရပ်နေသည့် စစ်ဆေးရေးမှူးက သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ထိုအခါ လျှိုတောက်ပင်းမှာ ကျောချမ်းသွားပြီး သူ၏ဖခင်ဖြစ်သူဆီမှ မြင်ဖူးခဲ့သည့် မြင်ကွင်းများကို ချက်ချင်းပင် ပြန်၍ အမှတ်ရသွား၏။ ထို့ကြောင့် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ခပ်သွက်သွက် လှမ်းသွားလိုက်ပြီး ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ် အရိုအသေ ပေးလိုက်တော့သည်။

” မင်္ဂလာပါ ကျောင်းသားခေါင်းဆောင် ”

” တောက်ပင်း … ဘာလို့ မင်းကရော ဒီလိုပုံစံ ဖြစ်နေရတာလဲကွာ။ ငါတို့က ကျောင်းနေဖော် ကျောင်းနေဖက်တွေလေ။ ဘာလို့ ဒီလိုကြီးတွေ နှုတ်ဆက်နေရတာလဲ ”
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်ချင်ယောင် ဆောင်လိုက်ပြီး ရှေ့သို့သွားကာ လျှိုတောက်ပင်းအား ခါးမတ်မတ် ရပ်ခိုင်းလိုက်သည်။ ထို့နောက် သူ၏ပတ်ပတ်လည်မှ စစ်ဆေးရေးမှူးများကို အပြင်သို့ထွက်ခိုင်းလိုက်ပြီး လျှိုတောက်ပင်းအား ထိုင်ခိုင်းလိုက်သည်။

” တောက်ပင်း။ မျက်စိတစ်မှိတ် အတွင်း နှစ်တစ်ဝက် ကုန်သွားပြီ။ ငါတို့ရဲ့ စာမေးပွဲတုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ငါ မှတ်မိနေတုန်းပဲ ”
ဝမ်ပေါင်လဲ့မှာ အတိတ်ကိုပြန်၍ သတိရနေသည့်ပုံစံဖြင့် သူ၏ မေးစေ့တွင်ပေါက်နေသော မုတ်ဆိတ်မွေးငုတ်တိုလေးကို ပွတ်နေ၏။ ထိုစကားမှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများထဲမှ သူ လေ့လာခဲ့သည့် အဖွင့်စကားဖြစ်သည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ ဆယ်ကျော်သက်တစ်ယောက်က ထိုစကားကိုပြောနေခြင်းမှာ အလွန် ထူးဆန်းသည့်ပုံ ပေါက်နေမည်သာ ဖြစ်သည်။

လျှိုတောက်ပင်းမှာလည်း အထူးတဆန်း ဖြစ်နေပါသော်လည်း သူ၏အတွေးများကို အလျင်အမြန်ပင် ရုပ်သိမ်းလိုက်၏။ ဝမ်ပေါင်လဲ့က သူ့အား ထိုင်ခိုင်းနေပါသော်လည်း သူ၏ဖခင်ဖြစ်သူ အဆင့်မြင့် အရာရှိကြီးများနှင့် ကြုံခဲ့ရစဉ်က လုပ်ခဲ့သည့် လုပ်ရပ်များကို ပြန်၍ အမှတ်ရသွားရ၏။ ထို့ကြောင့် သူသည် အလျင်အမြန်ပင် သူ၏ဖခင်အတိုင်း လိုက်၍လုပ်လိုက်ပြီး ရှေ့သို့တိုး၍ ထိုင်ခုံ၏ တစ်ဝက်ပေါ်တွင်သာ ထိုင်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အာရုံအပြည့်စိုက်နေသည့် အမူအရာတစ်ခု ပေါ်လာ၏။

” ကျောင်းသားခေါင်းဆောင်။ ကျနော့်ရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လျှိုတောက်ပင်း‌ဆိုတဲ့ ကျနော် အဲ့ကိစ္စကို တစ်သက်လုံး မေ့နိုင်မှာမဟုတ်ပါဘူး ”
သူသည် ဝမ်ပေါင်လဲ့ စကားဆုံးအောင်ပြောပြီးမှ သူ၏ စကားအတိုင်းလိုက်၍ ပြန်၍ တုန့်ပြန်ပြောဆိုနေတော့သည်။

” အခု အပြင်လူတွေ မရှိတော့ဘူးဆိုတော့ မင်း ငါ့နာမည်ကို ခေါ်လို့ရပါတယ် တောက်ပင်းရာ။ ငါက မင်းကို အပြင်လူတစ်ယောက်လို သဘောမထားပါဘူး ”
ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းအား အကဲခတ်လိုက်သောအခါ သူ၏ ထိုင်နေသောပုံစံနှင့် ပြန်ပြောသောစကားများကြောင့် အံ့အားသင့်သွားရပြီးနောက် အလွန် ကျေနပ်သွားတော့သည်။ သို့သော် လျှိုတောက်ပင်းမှာ အရာရှိ အသိုင်းအဝိုင်းများ၏ ကျင့်ဝတ်ထုံးတမ်းများကို သူ့ထက်ပို၍ ယဉ်ပါးနေသောကြောင့် ဝမ်ပေါင်လဲ့ ဇဝေဇဝါ ဖြစ်သွားရတော့သည်။

” သူကရော အဆင့်မြင့် အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေကို ဖတ်ထားတာများလား ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဇဝေဇဝါဖြစ်နေစဉ် လျှိုတောက်ပင်း၏ ထိုင်နေသောပုံစံကို မသိမသာ မှတ်ထားလိုက်ပြီး စိတ်ထဲတွင် လေ့လာနေလိုက်တော့သည်။

လျှိုတောက်ပင်းကလည်း ချက်ချင်းဆိုသလိုပင် သဘောတူလိုက်၏။ သူသည် သူ့ကိုယ်သူ စိတ်လက်ပေါ့ပါးနေသည့်ပုံစံ ပေါက်အောင် လုပ်လိုက်ပါသော်လည်း သူထိုင်နေသည့် ပုံစံကိုမူ လုံးဝမပြောင်းလဲပေ။ သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ စကားစမြည်ပြောဆိုရင်း ဝမ်ပေါင်လဲ့၏ အသိပညာ ဗဟုသုတများမှာ ကျယ်ပြန့်လာရတော့သည်။ သူသည် လျှိုတောက်ပင်းမှာ အလွန် အထင်ကြီးစရာကောင်းသော လူတစ်ယောက်ဖြစ်ကြောင်း မှတ်ယူလိုက်၏။

” အရင်တုန်းကသာ သတိမထားမိခဲ့တာ။ ဒီကောင်လေးရဲ့ လုပ်ပုံကိုင်ပုံတွေက တော်တော်ကို ထူးခြားတာပဲ ”
ဝမ်ပေါင်လဲ့မှာ အများကြီး တိုးတက်သွားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် လျှိုတောက်ပင်းအား ဝိညာဉ်ကျောက်တုံးခန်းမရှိ စည်းကမ်းထိန်းသိမ်းရေးဆောင်၏ စစ်ဆေးရေးမှူးတစ်ယောက်အဖြစ် တာဝန်ပေးအပ်ရန် ကြံရွယ်ထားကြောင်း စိတ်အားထက်သန်စွာ အသိပေးလိုက်တော့သည်။

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လျှိုတောက်ပင်းမှာ အသက်ရှူသံများ မြန်လာတော့သည်။ သူသည် ဗဟုသုတ နှံ့စပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ဖခင်ထံမှ ပညာများစွာ သင်ယူတတ်မြောက်ထားသည် ဖြစ်သော်လည်း လူငယ်လေးတစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် စစ်ဆေးရေးမှူးတစ်ယောက် ဖြစ်လာနိုင်သည်ဆိုသော စကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်တရှား ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပင် မတ်တတ် ထရပ်လိုက်တော့သည်။

” ကျေးဇူးတင်ပါတယ် ကျောင်းသားခေါင်းဆောင်။ ကျနော် ကျောင်းသားခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အားလုံးကို လိုက်နာပါ့မယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် လျှိုတောက်ပင်းအား အားပေးစကားအနည်းငယ်ခန့် ဆိုလိုက်ပြီးနောက် ဇာမဏီမြို့တော်မှ ကျောင်းသားအနည်းငယ်ကို ရာထူးတိုးပေးလိုက်သည်။ နောက်ဆုံးတွင် သူသည် လျှိုတောက်ပင်းကိုပင် သူ သဘောကျသည့် လူအနည်းငယ်အား ရွေးချယ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေဖြင့် အမိန့်များကိုထုတ်ပြန်လိုက်ပြီး ထိုလူများအားလုံးကို ဝိညာဉ်ကျောက်တုံးခန်းမရှိ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်၏ စစ်ဆေးရေးမှူးများအဖြစ် ခန့်အပ်လိုက်တော့သည်။

” ငါက အခုမှ ဒီ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကို လက်လွှဲယူထားရတာကွ တောက်ပင်းရ။ အဲ့တော့ အနာဂတ်မှာ မင်း ငါ့ကို ကူညီရမယ်နော် ”
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ့အား ညွှန်ကြားချက်အနည်းငယ် ထပ်၍ပေးလိုက်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေသော လျှိုတောက်ပင်းအား ထွက်ခွာခွင့် ပေးလိုက်တော့သည်။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ စားပွဲပေါ်သို့ ခြေထောက်တင်ရင်း ဝိညာဉ်ရေခဲရေအား သောက်လိုက်၏။ သူသည် စိတ်ကျေနပ်စွာဖြင့် စားပွဲပေါ်တွင်တင်ထားသည့် စာတွဲများကို ကောက်ယူလိုက်ပြီး ၎င်းအား သာမန်ကာလျှံကာ လှန်လှောကြည့်ရှုလိုက်‌တော့သည်။

ထိုစာတွဲများမှာ ဝိညာဉ်ကျောက်တုံးခန်းမမှ စစ်ဆေးရေးမှူးများ ကိုင်တွယ်ဖြေရှင်းထားကြသည့် ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်း အမှုများဖြစ်သည်။ နောက်ဆုံးတွင် သူသည် ၎င်းတို့ကို ဆုံးဖြတ်ပေးရသည်။

ဝမ်ပေါင်လဲ့မှာ ထိုစာတွဲအထူကြီးကို မြင်လိုက်ရသောအခါ သာမန်ကာလျှံသာ အကဲခတ်လိုက်၏။ ဓမ္မလက်နက်ဌာနမှ အညွှန်းစာအုပ်များကို ခိုးယူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည့် စွန်းချီဖန်းဆိုသည့် လူတစ်ယောက်မှလွဲ၍ အခြားသူများမှာ သိပ်၍အရေးမပါသော ကျောင်းစည်းကမ်းများကိုသာ ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်။

အညွှန်းစာအုပ်များကို ခိုးယူသည့် ပြစ်မှုပင်လျှင် အခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်၏။ ထိုအမှုအားလုံးမှာ ဝိညာဉ်ကျောက်တုံးခန်းမမှ စစ်ဆေးရေးမှူးများ ဖမ်းဆီးခဲ့ကြသည့် အမှုများဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခွင့် အပြည့်ရှိသည်။

သူသည် ၎င်းအား တစ်ချက်မျှ ဖတ်ရှုလိုက်ပြီးနောက် ပျင်းရိလာသဖြင့် ထိုစာတွဲကြီးအား ဘေးသို့ဖယ်လိုက်ပြီး သူ၏မုန့်များကိုသာ ဆက်၍ စားနေလိုက်တော့သည်။

” ဒီကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ထဲမှာ သူတို့တွေ ငါ့ကို ကြောက်နေဖို့ပဲ လိုတာပါ။ ငါ့မှာ ဒီလိုမျိုးကိစ္စတွေကို ဖြေရှင်းနေဖို့ အချိန်မရှိဘူး။ စစ်ဆေးပွဲတုန်းက လျှိုတောက်ပင်းက အဖွဲ့တစ်ဖွဲ့ကို ချက်ချင်းစုစည်းခဲ့ပြီးတော့ ခေါင်းဆောင်အဖြစ်နဲ့ ဆောင်ရွက်ခဲ့တာ။ သူ့ဆီမှာ အတွေ့အကြုံ အတော်အသင့်ရှိမယ့်ပုံပဲ။ သူတို့ကို စောင့်ကြည့်ဖို့အတွက် သူ့ကို တာဝန်ပေးရင် ပေးလို့ရတယ် ”

ဝမ်ပေါင်လဲ့မှာ ငယ်စဉ်ကတည်းမှစ၍ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ချင်ခဲ့သည်။ ယခုတွင် သူသည် ကျောင်းသားခေါင်းဆောင် ဖြစ်လာပြီဖြစ်ရာ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာရန်အတွက် ကြီမားသော ခြေလှမ်းတစ်လှမ်း လှမ်းပြီးသွားပြီဖြစ်ကြောင်း ယုံကြည်နေတော့သည်။

သို့သော် သူ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ချင်ရသည့် အကြောင်းအရင်းများထဲတွင် လုပ်ပိုင်ခွင့်အာဏာဆိုသော အရာမှာ နံပါတ်နှစ် နေရာ၌သာ ရှိသည်။ အဓိကအချက်မှာ သူသည် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို မခံလိုသောကြောင့် ဖြစ်သည်။ ယခုတွင် သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဖြစ်ရာ ဓမ္မလက်နက်ဌာနထဲတွင် မည်သူကမှ သူ့အား အနိုင်ကျင့်နိုင်တော့မည် မဟုတ်ဟု ယုံကြည်ထား၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း သူ၏ရုံးခန်းထဲ၌ ဆက်၍မနေလိုတော့ပေ။ ထို့ကြောင့် သူသည် အပြင်သို့ လမ်းလျှောက်ထွက်ကာ ချီအားဖြည့်ပညာရပ်၏ ဒုတိယတွဲနှင့် ကမ္ဗည်းစာလေ့လာခြင်းနှင့် ပတ်သက်သည့် အညွှန်းစာအုပ်များကို လဲလှယ်လိုက်၏။ ထို့နောက် သူသည် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားပြီး ချီအားဖြည့်ပညာရပ်၏ ဒုတိယတွဲကို ကျင့်ကြံကာ လေ့လာလိုက်တော့သည်။

သူ၏ အမြင်တွင် သူသည် ရည်မှန်းချက်ပန်းတိုင်ကို ရရှိအောင်မြင်သွားပြီဖြစ်သည်။ သူသည် ပညာသင်ယူရန်အတွက် တာအိုကျောင်းသို့ ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ရက်များတွင် သူ၏ သင်ခန်းစာများထဲတွင် အာရုံအပြည့်စိုက်ထားရန်သာ လိုအပ်ပေသည်။

အချိန်များကုန်ဆုံးသွားပြီး သိပ်မကြာခင် တစ်ပတ်တိတိ ကုန်ဆုံးသွား၏။ ထို ရက်သတ္တပတ် အတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ကျောင်းသားခေါင်းဆောင်အိမ်တော်ဆီသို့ တစ်ခါတရံမှသာ သွားခဲ့သည်ဖြစ်ပြီး သူ၏ အချိန်အများစုကို ချီအားဖြည့်ပညာရပ် ဒုတိယတွဲအား လေ့လာရာခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။

သူသည် ထိုအိမ်တော်တွင် ရှိမနေခဲ့ပါသော်လည်း လျှိုတောက်ပင်းမှာ ရာထူးတိုးပြီးနောက်တစ်ပတ်အကြာတွင် သူ၏ စီမံခန့်ခွဲမှု အရည်အချင်းဖြင့် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့ပြန်သည်။ သူသည် ကိစ္စရပ်အားလုံးကို သေသေသပ်သပ် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ကိစ္စကြီးငယ်မရွေးကို အနှစ်ချုပ်ကာ ဝမ်ပေါင်လဲ့အား ယဉ်ကျေးစွာ အစီရင်ခံ၍ သူ၏ အကြံဉာဏ်များကို တောင်းခံခဲ့၏။ သူသည် လုပ်ပိုင်ခွင့်အာဏာများကို မောင်ပိုင်စီးနေသည်ဟု ဝမ်ပေါင်လဲ့က အထင်လွဲသွားခြင်းမျိုးလည်း မဖြစ်ရလေအောင် အထူးဂရုစိုက်ခဲ့၏။

အမှန်တွင် တာအိုကျောင်း၏ ကျောင်းသားခေါင်းဆောင်အိမ်တော်များထဲ၌ လုပ်ပိုင်ခွင့်အာဏာကို လုယူသိမ်းပိုက်သည့် ဖြစ်ရပ်မျိုး မရှိခဲ့ဘူးပေ။ အရေးကြုံလာလျှင် ကျောင်းသားခေါင်းဆောင်မှာ ရာထူးခန့်အပ်ခြင်းများကို လိုသလို ထိန်းချုပ်နိုင်သောကြောင့် တစ်စုံတစ်ယောက်ကသာ ဘောင်ကျော်လာပါက ချက်ချင်းပင် ဖြေရှင်းနိုင်မည်ဖြစ်သည်။

လျှိုတောက်ပင်းမှာလည်း ထိုအချက်ကို ကောင်းကောင်းသိထား၏။

ထိုစဉ် သိုင်းပညာဌာနထဲ၌ …

လုကျစ်ဟောင်မှာ ကျောင်းသားခေါင်းဆောင် မဟုတ်ပါသော်လည်း ကျောင်းသားခေါင်းဆောင်နေရာအတွက် ချန်းကျစ်ဟန်နှင့် ကျိုးရိဖန်တို့အား ယှဉ်ပြိုင်ဖို့ရာ တိတ်တဆိတ် လေ့ကျင့်နေ၏။ သူသည် ဝိညာဉ်ကွန်ရက်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ သတင်းများကို မယုံသင်္ကာနှင့် အကဲခတ်နေရင်း ပုံရိပ်တချို့ကို သတိထားမိလိုက်၏။

သူသည် ထိုပုံရိပ်များထဲရှိ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း တစ်ခုခု လွဲနေကြောင်း ခံစားနေရ၏။ အနည်းငယ်ခန့် ကြာပြီးသွားသောအခါ သူသည် အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး တိုက်ခိုက်ရေးအသင်းဂေဟာမှ ကျိုးလု၏ ညီမဆီသို့ သတင်းတစ်ခု ချက်ချင်း ပေးပို့လိုက်တော့သည်။

” ကျိုးကျင်း။ ငါ့အတွက် အဲဒီအရှက်မရှိတဲ့ ယုန်ဖက်တီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုပေးထားဦး။ ငါ ပစ်မှတ်တစ်ခု ရှာတွေ့သွားပြီလို့ ထင်တယ် “

Comment

Leave a Reply

Options

not work with dark mode
Reset