စာစဉ် (၁၇) အပိုင်း (၂၂၉)

ဝင်ငွေရှာဖွေခြင်း

စမ်းချောင်း တစ်ခု၏ နံဘေး၌။

ဇူယွမ်အနေဖြင့် သူ၏ အချိန်အများစုကို သည်နေရာ၌သာ လေ့ကျင့်ခြင်းဖြင့် ကုန်ဆုံး နေသောကြောင့် အပြင်ဘက် လောကတွင် ဖြစ်ပျက်နေသော ကိစ္စများကို ယခုချိန်ထိ မသိရှိသေးပေ။ သူက နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျွမ်းကျင်ရန်ပင် အာရုံစိုက်နေသည်။

သည်နေ့က ကျောင်စိမ်းပြားကို ငှားရမ်းခဲ့သော ငါးရက်မြောက်နေ့ ဖြစ်သည်။

အချိန်ကာလ ငါးရက်မှာ တိုတောင်းသော်လည်းပဲ သည်အချိန် အတွင်းတွင် ဇူယွမ်က မယုံကြည်နိုင်ဖွယ် ကောင်းသော အသိပညာများ ရရှိခဲ့ပေသည်။ ငါးရက် အတွင်းတွင် သွေးကြော ၁၀၈ခုတွင် အခု ၃၀အထိ ဖွင့်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ပထမအဆင့် အောင်မြင်ရန် နောက်ထပ် ခြောက်ခုသာ ကျန်ရှိပေတော့သည်။ ထိုအချိန်ရောက်လျှင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ အံ့ဩဖွယ်ရာများကို ဖော်ထုတ် နိုင်တော့မည် ဖြစ်သည်။

ကျောက်တုံး တစ်ခုပေါ်တွင် ဇူယွမ်က မျက်လုံး ဖွင့်လိုက်ပြီးနောက် သူ၏အနီးတွင် စုဝေးနေသည် မြူခိုးများမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် ကျေနပ်နေသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

သူနောက်ထပ် သွေးကြောတစ်ခုကို ထပ်ဖွင့်နိုင်ခဲ့ပြီး စုစုပေါင်း (၃၁) ခုအထိ ချဲ့နိုင်ခဲ့ပြီ ဖြစ်သည်။

သွေးကြော (၃၁)ခုကို ငါးရက်အတွင်း ချဲ့နိုင်ခဲ့ခြင်း။ သည်အရာက အနက်ဖော် မှော်စာလုံး၏ အကူအညီ မပါဝင်ပါက သူ့အနေဖြင့် စိတ်ပင် မကူးရဲသော အခြေအနေ ဖြစ်သည်။

“ဒါပေမဲ့ မြူခိုး အဆီအနှစ်က အကုန်အသုံးပြု ပြီးသွားပြီ ငါထပ်ဝယ်ဖို့ လိုအပ်နေပြီ …”

“ကျောက်စိမ်းပြားကို သွားပြန်ပေးရမယ့် အချိန်ပဲ။ အနည်းငယ်တော့ စိတ်မကောင်း ဖြစ်မိတယ် ဒီထဲမှာ နောင်တော်တွေ အကြီးအကဲတွေရဲ့ မှတ်သားထားမှုတွေ အများကြီးပဲ ပါဝင်တယ်။ ကြည့်ရတာ ဒီအရာကို ငါနောက်တစ်ကြိမ် ငှားရမ်းဖို့ လိုအပ်ဦးမယ် ထင်တယ်”

ဇူယွမ်က စတင်ပြီး သူ၏ လက်ကျန် မူလကျောက်စိမ်း အပိုင်းအစများကို ရေတွက် ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် နာကျင်နေဟန်များ ပေါ်လာခဲ့သည်။ သူတွင် မူလကျောက်စိမ်း အပိုင်းအစ (၁၀)ခုပင် မကျန်ရှိတော့ချေ။

သည်အချိန် အတောအတွင်းတွင် သူက နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကိုသာ ကျင့်ကြံနေ သောကြောင့် လုပ်ငန်းတာဝန်များ ကြေညာသော နေရာသို့ မသွားခဲ့သည့်အတွက် မည်သည့် တာဝန်မှလည်း မဆောင်ရွက် ရသေးပေ။ ထို့ကြောင့် သူ့အနေဖြင့် မူလကျောက်စိမ်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။

ဇူယွမ်က သက်ပြင်း ချလိုက်ပြီးနောက်တွင် အဝေးမှ ပုံရိပ်အချို့ စမ်းချောင်းအနီးသို့ ပျံသန်းလာ နေသည်ကို တွေ့လိုက်ရသည်။

ဇူယွမ် လှမ်းကြည့်လိုက်လျှင် ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့ အုပ်စုဖြစ်သည်ကို တွေ့လိုက်ရသည်။

“ဟေး … အစ်ကိုလေးယွင် အစ်ကိုလေး ဒီနေရာမှာ သက်တောင့်သက်သာနဲ့ လာနေနိုင်တယ်နော်”

ရှန့်ဝမ်ကျင်က သူ၏ အဆီပြန်နေသော မျက်နှာကြီးနှင့် စိုးရိမ်စွာ ပြောသည်။

“ညီတော် ဇူယွမ်က ဒီတစ်ကြိမ် ပြဿနာ အကြီးကြီး ရှာလိုက်တာပဲ”

ချောင်းရှိုးက အနည်းငယ် ရယ်မောလိုက်သည်။

“မင်း ဘာကြောင့် သင်ခန်းစာ ပို့ချပေးတဲ့ သူတွေကို အပြစ်သွားပြုတာလဲ။ သူတို့အားလုံးက အတွင်းတောင်က တပည့်တွေပဲ။ ငါတို့က သူတို့နဲ့ နှိုင်းယှဉ်မယ်ဆို သေးငယ်တဲ့ ပုဇွန်ဆိတ်သာသာပဲ။ ဒါ့ပြင် ငါတို့က သူတို့ရဲ့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး သင်ကြားပေးမှုတွေကို လိုအပ်သေးတယ်”

လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ဇူယွမ်ကို သင်ခန်းစာ သင်ကြားခွင့်ကို ပိတ်သိမ်း လိုက်သည်ဆိုသော သတင်းက တောမီးအလား ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ချောင်ရှိုးနှင့် ရှန့်ဝမ်ကျင်တို့ လူစုမှာ ထိုင်မနေနိုင်တော့ပဲ သူဆီသို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်အနေဖြင့် ထိုကိစ္စကို ကြားလိုက်ရ သော်လည်း အနည်းငယ်မျှပင် အာရုံမရှိတော့ပေ။ သည်အချိန်တွင် သူ့အတွက် အတွင်းတောင်မှ တပည့်များ၏ သင်ကြား ပြသပေးမှု မလိုအပ်တော့ပေ။

“ညီတော်ဇူယွမ် အနေနဲ့ အစ်ကိုတော် ကျူးယွဲ့ကို အလျှော့ပေး လိုက်သင့်တယ်။ ငါပြန်ပြီး မင်း သူ့ကို လက်ဆောင်ပေးဖို့ ပစ္စည်းအချို့ သွားပြင်ဆင်လိုက်မယ် ဒါဆို ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ”

သူ့က ဇူယွမ်ကို လွန်စွာမြင့်မြင့် မျှော်မှန်းထားပေသည်။ ဇူယွမ်၏ စိတ်လက်မာန်ပါ လုပ်မိသော ကိစ္စတစ်ရပ်ကြောင့် အဆုံးတွင် ကျူးယွဲ့က ဇူယွမ်အား မည်သည့် မူလကျင့်စဉ်မှ မလေ့လာနိုင်အောင် ဖျက်ဆီး လိုက်ခြင်းကို သူတကယ် မလိုလားပေ။

လူတိုင်းက သည်သုံးလ အတောအတွင်း သူတို့၏ စွမ်းအားများကို တတ်နိုင်သမျှ တိုးတက်စေရန် ကြိုးစားကြမည် ဖြစ်သည်။ မူလကျင့်စဉ်ကို လေ့ကျင့်ခြင်းက သည်အချိန်တွင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ဇူယွမ်အနေဖြင့် သည်နေရာတွင် အားနည်းသွားပါက နောက်သုံးလတွင် ကျင်းပမည့် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် တခြားသူများ၏ နောက်တွင် ကျန်ခဲ့မည်မှာ သေချာပေသည်။

ဇူယွမ်က ထိုစကားကြားချိန်တွင် ရယ်မောရုံသာ ရယ်မောလိုက်သည်။ သူ၏ အမြင်တွင် ချောင်းရှိုးကို ပိုပြီး အကောင်းမြင်စိတ် များလာခဲ့သည်။ ထို့ပြင် မကြာသေးမီကမှ သူနှင့် ခင်မင်ရင်းနှီး ခဲ့သော်လည်း သူက သူ့အား ကူညီရန် ကမ်းနေသည့် လက်တစ်စုံ ဖြစ်သည်။

သူက လက်ဝှေ့ယမ်းလိုက်ပြီး ပြောခဲ့သည်။

“အစ်ကိုတော် ချောင်းရှိုး စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော် သိတယ်”

ဇူယွမ်၏ အမူအရာကို မြင်ရချိန်တွင် ခါးသက်သက်သာ ရယ်မောနိုင် တော့သည်။ သူသိခဲ့သော သည်လူငယ်လေးက နူးညံ့ဟန် ရသော်လည်းပဲ တကယ်တမ်းတွင် လွန်စွာ ခေါင်းမာပေသည်။

ရှန့်ဝမ်ကျင်က အားလုံးထဲတွင် ပါးနပ်မှုအရှိဆုံး ဖြစ်သည်။ သူ့အနေဖြင့် သည်အချိန်တွင် ဇူယွမ် ချို့တဲ့နေသည်ကို သိပေသည်။ ထိုကြောင့်သူက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“အစ်ကိုလေးယွမ် ပြီးခဲ့တဲ့ ရက်တွေကတည်းက အစ်ကိုလေး လေ့ကျင့်ခြင်းမှာပဲ အာရုံစိုက်နေပြီး တာဝန်တစ်ခုမှ မထမ်းဆောင်ရ သေးဘူးမလား။ ဒါကြောင့် အစ်ကိုလေးမှာ မူလကျောက်စိမ်း အပိုင်းအစတွေလည်း သိပ်ကျန်တော့မှာ မဟုတ်ဘူး။ အစ်ကိုလေး လိုအပ်တယ်ဆိုရင် ကျွန်တော် အနည်းငယ် ချေးပေးလို့ ရပါတယ်”

ဇူယွမ်က ခဏမျှ စဉ်းစားလိုက် ပြီးနောက် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။

“မလိုအပ်သေးပါဘူး လိုတဲ့အချိန် ရောက်လာရင် မင်းတို့ကို ပြောပါမယ်”

“ကောင်းပြီ ဒါဆို ငါ လျှို့ဝှက်သော ကျမ်းစာဆောင်ကို သွားပြီး ကျောက်စိမ်းပြား သွားပြန်အပ် လိုက်ဦးမယ်”

ဇူယွမ်က လူစုကို ပြုံးပြလိုက် ပြီးနောက် ကောင်းကင်ထဲသို့ မူလချီကို စီးနင်းကာ ထွက်ခွာ သွားတော့သည်။

သူထွက်ခွာ သွားသည်ကို ကြည့်ရင်း ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်တို့ လူစုက သက်ပြင်း ချလိုက်ကြသည်။ သူတို့အားလုံးက သည်အခြေအနေတွင် ဇူယွမ် ခေါင်းမာနေခြင်းကို အမှန်တကယ် နားမလည် နိုင်တော့ပေ။

“ဒါတကယ်ပဲ မကောင်းဘူး …  သည်လိုသာ ဆက်ဖြစ်နေရင် သုံးလပြီးသွားတဲ့ အချိန်မှာ အစ်ကိုလေးဇူယွမ် မူလကျင့်စဉ် တစ်ခုမှ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး သည်လိုဆိုရင် တောင်ထွတ် ရွေးချယ်မူ အခမ်းအနားမှာ …”

***

ဇူယွမ်က လျှို့ဝှက်သော ကျမ်းစာဆောင်ကို နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသည်။ သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် တပည့်များက သနားနေသည့် မျက်ဝန်းများဖြင့် သူ့ကို လိုက်ကြည့် နေကြသည်။

ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်စွာဖြင့် ကျောက်စိမ်းပြားကို ကောင်တာတွင် ပြန်လည် အပ်နှံခဲ့သည်။

“ဟီးဟီး ဇူယွမ်လား။ မင်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့လာပြီး သွားပြီလား”

ထိုအခိုက်တွင် လှောင်ပြောင် ရယ်မောသံကို သူ၏ နားထဲတွင် ကြားလိုက်ရသည်။ ဇူယွမ် လှည့်ကြည့်လိုက်လျှင် ကျူးဖန်နှင့်အတူ သူ့နောက်ရှိ ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများတွင် ကစားတစ်ခုကို တွေ့လိုက်ရသည့် အလား ဇူယွမ်ကို ကြည့်နေကြသည်။

ကျူးဖန်အနေဖြင့် ဇူယွမ် ရောက်ရှိနေသည်ဟု သတင်းကြားသည့် အတွက် တပည့်အချို့ကို ခေါ်ဆောင်ကာ သည်နေရာသို့ လာကြည့်ခြင်း ဖြစ်သည်။

ဇူယွမ်က ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ငါမင်းရဲ့ အစ်ကိုကို မမြင်မိပါလား။ သူ့ရဲ့ မျက်နှာက ဒဏ်ရာ ပြန်မကောင်းသေးဘူးနဲ့ တူတယ်”

ယခုအချိန်တွင် ယောင်ယောင်က ထန်ထန်ကို ကျူးယွဲ့အား တိတ်တဆိတ် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ကို သိရှိခဲ့ပြီး ဖြစ်သည်။ ထိုကိစ္စကို သူ့အနေဖြင့်လည်း တိတ်တဆိတ် လက်မထောင် မိပေသည်။

ကျူးဖန်၏ အမူအရာမှာ တင်းမာသွားပြီး ဇူယွမ်ကို ကြောက်မက်ဖွယ် ကောင်းစွာ စိုက်ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“သားရဲတစ်ကောင် အပေါ် မှီခိုနေရတာကို ဂုဏ်ယူနေတာလား”

ဇူယွမ်က တောက်ပစွာ ပြုံးလိုက်ပြီး ပြန်လည် ချေပလိုက်သည်။

“မင်းရဲ့ အစ်ကိုက သားရဲ တစ်ကောင်ထက် နိမ့်ကျတယ်လို့ ပြောတာလား”

“မင်း …”

ကျူးဖန်၏ မျက်လုံးများက ခက်ထန်သွားပြီး စွမ်းအား ပြည့်ဝသော မူလချီများက သူခန္ဓာကိုယ်မှ ပေါက်ကွဲထွက် လာခဲ့သည်။ သူက ဇူယွမ်ကို ဓားသွားအလား အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး

“မင်းသေချင်နေတာပဲ”

“သည်နေရာက လျှို့ဝှက်သော ကျမ်းစာဆောင်ပဲ ဒီနေရာမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ မင်းတို့ အကုန်လုံး အပြစ်ပေး ခံချင်လို့လား”

ကြည်လင်သော အသံတစ်ခုက ဘေးမှ ထွက်ပေါ်လာသည်။ သူတို့ လှည့်ကြည့်လိုက်လျှင် ဂူဟွမ်ဂျီက သူတို့ကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။

ကျူးဖန်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့နှလုံးသား တစ်ခုလုံး ဒေါသများဖြင့် ဖုံးလွမ်းနေ သော်လည်းပဲ သူ့တွင် ရွေးချယ်စရာမ ရှိပေ။ ဇူယွမ်ကိုသာ ဒေါသရောင် ယှက်သန်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မင်း ဘယ်လောက်ဆက်ပြီး ဝံ့ကြွားနိုင်ဦးမလဲ ကြည့်နေမယ်”

“မင်းကို မူလကျင့်စဉ် ကျင့်ကြံဖို့ လမ်းညွှန်ပေးမယ့် လူမရှိပဲနဲ့ မင်းရဲ့ ပထမတန်း တပည့်နေရာကို မကြာခင်ပဲ လက်လွှတ် ဆုံးရှုံးရမှာပဲ။ အဲဒါကို ငါ စောင့်ကြည့်နေမယ်”

ဇူယွမ်က ပြုံးလိုက်ပြီး ခေါင်းယမ်းကာ

“ဒါကိစ္စကို မင်းပူပန်နေစရာ မလိုပါဘူး”

“မင်း ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်မလဲ ငါ ကြည့်နေမယ်”

ကျူးဖန်က အေးစက်စွာ သရော်လိုက်ပြီး သူ၏ အုပ်စုနှင့်အတူ တစ်ဖက်သို့ လှည့်ကာ ထွက်သွားတော့သည်။

ပတ်ဝန်းကျင်က တပည့်များကလည်း ဇူယွမ်ကို သနားနေဟန်ဖြင့် ကြည့်နေကြရာမှာ တဖြည်းဖြည်း လူစုခွဲသွားကြသည်။

ဇူယွမ်က ထိုသူများကို ဂရုစိုက်မနေပဲ ဂူဟွမ်ဂျီကို ခေါငမ်းညိတ် ပြလိုက်ပြီး တောင်အောက်သို့ ဆင်းရန် ဦးတည်လိုက်သည်။ သည်အချိန်တွင် သူ့အတွက် အရေးကြီးသည်မှာ မူလကျောက်စိမ်းများ ရရှိရန်ဖြစ်ပြီး။ တာဝန်များ ထမ်းဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဂူဟွမ်ဂျီက ဇူယွမ် ထွက်သွားသည်ကို ကြည့်ရင်း ခဏမျှ တုံ့ဆိုင်းနေ ပြီးနောက် ဇူယွမ်ကို လှမ်းတားလိုက်သည်။

“ဇူယွမ် နင်က တကယ်ကို စဉ်းစား ဆင်ခြင်ခြင်း မရှိဘူးပဲ။ ကျူးယွဲ့ကို နင် အပြစ်ပြုပြီးတော့ မူလကျင့်စဉ်တွေကို နင် ဘယ်လို လေ့လာနိုင်တော့မလဲ”

“နင်သာ အရာအရာကို စွမ်းဆောင်နိုင်တဲ့ သူတစ်ဦး ဖြစ်ချင်ခဲ့ရင် ဘယ်အချိန်မှာ အလျှော့ပေးရမယ် ဆိုတာ နားလည်ရမယ် ဒါမှမဟုတ် စိတ်ရှည်သည်းခံ တတ်ရမယ်။ အဲဒါတွေက နင့်ရဲ့ အနာဂတ်မှာ အခွင့်အရေး ရစေနိုင်မယ့် အရာတွေပဲ”

ဇူယွမ်က ဂူဟွမ်ဂျီရဲ့ စကားများကို ကြားချိန်တွင် အနည်းငယ် အံ့အားသင့်သွားပြီး

“နင်ငါ့ကို စိတ်ပူနေတာလား”

ဂူဟွမ်ဂျီက သူ့ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါကို သနားတယ်လို့ ခေါ်တယ်။ ငါနင့်ရဲ့ ပါရမီကို မြင်မိလို့ ဘယ်အကြောင်းနဲ့မှ အဲဒါကို အလဟဿ မဖြစ်စေချင်ဘူး။ ကျူးယွဲ့ရဲ့ အပြုအမူကလည်း တော်တော် သဘောထား သေးလို့”

ဇူယွမ်က ရယ်မောလိုက်သည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိ သွားဟန်ဖြင့် မေးစေ့ကို ပွတ်လိုက်ပြီး ဂူဟွမ်ဂျီကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

ဂူဟွမ်ဂျီက သူ၏ အကြည့်အောက်တွင် မသက်မသာ ခံစားမိလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်း ရန်လိုသော အမူအရာသို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းသော အသံဖြင့် ပြောလိုက်သည်။

“နင်ဘာကို ကြည့်နေတာလဲ”

ဇူယွမ်က မေးလိုက်သည်။

“မင်း ကျူးယွဲ့ရဲ့နေရာမှာ လေ့ကျင့်တာ ဘယ်လိုလဲ”

ဂူဟွမ်ဂျီ၏ အနီရောင် နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်တက်သွားပြီး ကျေနပ်နေဟန်ဖြင့် အဖြေပေးလိုက်သည်။

“ငါဆယ်ခုမြောက် သွေးကြောကို ဖွင့်ပြီးသွားပြီ။ သိမ်မွေ့နူးညံ့စွာ ပြောင်းလဲခြင်း ပထမအဆင့်ကို တစ်လအတွင်း ရောက်တော့မယ်”

“ဆယ်ခုမြောက် သွေးကြောလား”

ဇူယွမ် အနည်းငယ် အံ့အားသင့်သွားသည်။

“တစ်ယောက်ယောက်က လမ်းညွှန်ပေးတဲ့ အကျိုးကျေးဇူးကို နင်အခု နားလည်ပြီလား။ နင်နေ့တိုင်း မူလကျောင်းစိမ်း အပိုင်းအစ ငါးခုကို ဖြုန်းတီး နေခဲ့တယ်လို့ မတွေးမိဘူးလား”

ဂူဟွမ်ဂျီက ဇူယွမ်ကို သနားစဖွယ် စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဒီလိုဆို မူလကျောက်စိမ်း ရရှိဖို့ လွယ်ကူတာပဲ”

ဇူယွမ်၏ မျက်လုံးများ မြင့်တက်သွားသည်။

ဂူဟွမ်ဂျီ၏ မျက်ခုံးနှစ်ခုမှာ ထိစက်သွားသည်။ သူမက မပျော်မရွှင်နှင့် ဇူယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ပျက်သွားဟန်ဖြင့်

“ငါနင့်ကို အမြင်မှန် ရသင့်ပြီ ထင်ခဲ့တာ။ သည်လိုဆိုရင်တော့ နင့်ကို ပြောစရာ မရှိတော့ဘူး”

သူမက ပြောပြီးသည်နှင့် တစ်ဖက်သို့ လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း ဇူယွမ်က သူမအား တားဆီးလိုက်သည်။ ထို့ကြောင့် သူမက မျက်မှောင် ကြုတ်လိုက်စဉ် သူက အလာတကြီး ပြောလိုက်သည်။

“မင်း ကျူးယွင်ရဲ့ နေရာမှာ လေ့ကျင့်တာထက် သွေးကြောတွေကို ပိုဖွင့်နိုင်ပြီးတော့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ပထမအဆင့်ကို ဆယ်ရက်အတွင်း ရောက်မယ့် နည်းလမ်းရှိတယ်။ မင်း စိတ်ဝင်စားလား”

ဂူဟွမ်ဂျီက ကြောင်အသွား ပြီးနောက်

“ဘယ်လို အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာလဲ။ ပထမအဆင့်ကို ဆယ်ရက်အတွင်း ကျွမ်းကျင်ဖို့  …  ဘယ်သူမှ ဒီလိုလုပ်နိုင်တယ် ဆိုတာ ငါ မကြားဖူးဘူး”

ဇူယွမ်က ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက အမှန်ပဲ”

ဂူဟွမ်ဂျီက ခဏမျှ တွေးတောနေဟန်ရပြီး ပြောသည်။

“ငါနည်းနည်း စိတ်ဝင်စားမိတယ်။ ငါ့အတွက် မူလကျောက်စိမ်းတွေက အဓိက မဟုတ်ဘူး။ အရေးကြီးတာက ငါ့ရဲ့ အချိန်တွေကုန်တာ သက်သာစေဖို့ပဲ”

မူလကျောက်စိမ်းကို ပုံမှန်အားဖြင့် ဂရုမစိုက်သူမှာ ချမ်းသာသော မိန်းကလေး ဖြစ်ကြောင်း ထင်ရှားပေသည်။

သူမက ဇူယွမ်ကို မင်္သကာဟန်ဖြင့် ကြည့်လိုက်ကြပြီး

“သိမ်မွေ့နူးညံ့သော သဏ္ဌာန်ဖြစ်ပေါ်ခြင်း ကျင့်စဉ်ကို ကျူးယွဲ့ထက် ကောင်းအောင် သင်နိုင်တဲ့ဆရာကို နင် တွေ့ထားတာလား”

ဇူယွမ်က ပါးစပ်ကို နားရွက် တက်ချိတ်မတတ် ပြုံးလိုက်ပြီး

“သူက ဇူယွမ်ထက် ပိုကောင်းလားတော့ မသိဘူး ဒါပေမဲ့ သူ့ရဲ့ အစွမ်းကိုတော့ မယှဉ်နိုင်တာ သေချာတယ်”

“ဘယ်သူလဲ။ သူသာ တကယ်ငါ့ကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် အစောပိုင်း အဆင့်ကို တတ်မြောက်အောင် သင်ပေးနိုင်ရင် ငါသူ့နား သွားသင်မယ်။ မူလကျောက်စိမ်းက ပြဿနာ မဟုတ်ဘူး”

ဂူဟွမ်ဂျီက ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။ ဂူဟွမ်ဂျီအနေနဲ့ ဇူယွမ်ကို မယုံကြည် သော်လည်းပဲ သူ့အနေဖြင့် သည်ကိစ္စကို နောက်ပြောင်ရဲမည်ဟု မထင်ပေ။

ဇူယွမ်က ပျော်ရွှင်စွာဖြင့် သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး

“တကယ်တော့ အဲဒီလူက ငါပဲ … လာပါ။ အဲဒါက မူလကျာက်စိမ်း အခုငါးဆယ်ပဲ ကျသင့်မှာ။ မင်းငါ့ကို တစ်ဝက်ပဲ အရင်မေးထားလို့ရတယ်”

သူ၏ အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။ အဘယ်ကြောင့် ဆိုသော် ဂူဟွမ်ဂျီ၏ မျက်နှာလေးမှာ တဖြည်းဖြည်း အေးစက်လာပြီး သူမ၏ လက်က တဖြည်းဖြည်းနှင့် သူမ၏ တင်ပါးပေါ်တွင် တင်နေသည့် ကြက်သွေးနီရောင် ကျာပွတ်အပေါ်သို့ ရောက်ရှိသွား သောကြောင့် ဖြစ်သည်။

ဂူဟွမ်ဂျီ၏ လှပသော မျက်နှာလေးမှာ သူလွှဲယမ်းလိုက်သည့် ကျာပွတ်ကဲ့သို့ပင် ရက်စက် ကြမ်းကြုတ် တော့မည့်ပုံ ပေါ်သည်။

“ဇူယွမ် နင့်ကို ကြည့်ရတာ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်။ ငါ့ကိုတောင် နောက်ပြောင်ဖို့ စဉ်းစားရဲတယ်”


Comment

Leave a Reply


Options

not work with dark mode
Reset