ရန်ရှောင်၏အမူအရာကား လင်းလက်သွားသည်။ သူ၏ဆရာက ဆက်ခံသူ တစ်ယောက်ကို ရှာဖွေနေခဲ့ကာ ရီဖူရှင်းကား အမှန်ပင် အသင့်တော်ဆုံးသူ ဖြစ်သည်။ သို့သော် သူ၏ဆရာကား ဆက်ခံသူမျှကိုသာ ရှာဖွေခဲ့သည် မဟုတ်ပေ။ သူကား မရဏတောင်မှ လွတ်မြောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရီဖူရှင်း၏ စိတ်သဘောအတိုင်းပင် နယ်ရုပ်များက စစ်တုရင်ခုံပေါ်ကို ကျဆင်း လာခဲ့ကြသည်။ ရီဝူချင်းက လက်ဝှေ့ယမ်းသည်တွင် ရီဖူရှင်း နယ်ရုပ်ချရာတိုင်းကို ဓားများ ကျဆင်းလာခဲ့သည်။ ဓားများအားလုံး နေရာတကျ ဖြစ်သွားသောအခါ ဖောက်ထွင်းခြင်း ဝင်္ကပါ ဖြစ်လာသည်။
“ဝူချင်း၊ အသက် သွင်းလိုက်တော့” ရီဖူရှင်းက ပြောသည်။ ရီဝူချင်းက သူ၏ ဓားများအားလုံးကို အသက်ဝင်စေလျှင် ကြောက်မက်ဖွယ် မုန်တိုင်းများ ဖြစ်ပေါ်လာပြီး ဓားဝင်္ကပါနှစ်ခု ရင်ဆိုင်မိကြသည်။
ထို့နောက်တွင် သတ်ဖြတ်ခြင်း ဝင်္ကပါက ပျက်စီး ပျောက်ကွယ် သွားကာ ရီဖူရှင်းတို့အဖွဲ့ ထိုနေရာမှ ပျောက်ကွယ် သွားသည်။ သူတို့ရှေ့၌ လမ်းတစ်ကြောင်း ရှိနေသည်။
“သွားစို့” ရီဖူရှင်းက သူ့လူများကို ပြောကာ ရှေ့ကို တက်သွားသည်။
“ဘယ်လောက်တောင် မြန်လိုက်လဲ” လူအများအပြားက အံ့အားသင့် ကြရသည်။
“မင်းတို့ မှတ်ထားလိုက်လား” တော်ဝင်မြေမှ တစ်ယောက်က ပြောသည်။ တော်ဝင်မြေများ အားလုံးက မရဏတောင်ကို လာရာတွင် မပြင်မဆင်ဘဲတော့ ရောက်လာခြင်း မဟုတ်ကြပေ။ သူတို့ အားလုံးတွင် ဝင်္ကပါပညာ၌ အလွန်တရာ ထူးခြား ထက်မြက်သူများ ပါဝင်ကြပေသည်။
“အမှန်ပဲ” ဝင်္ကပါပညာ၌ ကျင်လည်သော တစ်ယောက်က ခေါင်းညိတ်သည်။ ထို့နောက် သူတို့ကလည်း ရီဖူရှင်း နည်းလမ်းအတိုင်း အသုံးပြုကာ ဝင်္ကပါအား မြန်ဆန်စွာ ဖောက်ထွင်း နိုင်ခဲ့ကြသည်။
“သူတို့ နောက်ကလိုက်” တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ လျူကျောင်းတို့ကလည်း ဝင်္ကပါကို ထွင်းဖောက်ပြီးကာ ရှေ့ကို ဆက်သွားကြသည်။
ဓားဝင်္ကပါအား ကျော်ဖြတ်လာပြီးနောက် လောကဓာတ်များက ပိုမို၍ အားကောင်း လာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း အငွေ့အသက်များလည်း ပိုမို အားကောင်း လာခဲ့သည်။ သူတို့က မရဏတောင် အတွင်းပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း တော်ဝင်မြေမှ လူတိုင်းက သိကြသည်။
မကြာမီ ဒုတိယ ဝင်္ကပါတစ်ခု ပေါ်လာခဲ့သည်။ ရီဖူရှင်းကလည်း အလွယ်တကူပင် ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် တတိယဝင်္ကပါနှင့် စတုတ္ထဝင်္ကပါတို့ကိုလည်း ထိုနည်းလည်းကောင်းပင်။ ဤတွင် အားလုံးက ရီဖူရှင်းနောက်ကို စတင်၍ လိုက်ပါ လာကြတော့သည်။ ရီဖူရှင်းက သင်္ချိုင်းကုန်း ကျေးရွာမှ လူများထက်ပိုမို၍ စိတ်ချရဟန် ရှိနေသည်။
ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်ထံမှ ဝင်္ကပါအား ဖောက်ထွက်ရန် နည်းလမ်းများ ရရှိခဲ့ဟန်တူသည်။
ရီဖူရှင်းကား စစ်တုရင် ကျေးရွာ၌ပင် စစ်တုရင်ရှန့်ထို၏ ဝင်္ကပါများအား ချေဖျက်နိုင်ခဲ့သည်။ ယခု ကျေးရွာ ခေါင်းဆောင်က ဓားပန်းချီများအား သူ့ကို ဆင်ခြင် လေ့လာစေခဲ့ရာ ယခု တကယ့်ဝင်္ကပါများဖြင့် ကြုံတွေ့ရသောအခါ သိပ်ဂရုစိုက်စရာ မလိုတော့ပေ။ သူကား သည်နေရာကို သူ့အိမ်လိုပင် အလွယ်တကူ ဖြတ်သန်း သွားလာနေသည်။ ဤတွင် တော်ဝင်မြေများမှ လူများပင် သည်နေရာက တားမြစ် မရဏတောင် ဖြစ်ကြောင်း မေ့လျော့ လာခဲ့ကြသည်။
သူတို့က အတွင်း အနက်ပိုင်းကို တဖြည်းဖြည်း ဝင်လာကြရာ နက်ရှိုင်းလွန်းရကား သူတို့က မည်မျှအထိ ရောက်နေပြီ ဖြစ်ကြောင်းကိုပင် မသိကြတော့ပေ။ သည်နေရာက သူတို့၏ စိတ်စွမ်းအားများကို ကန့်သတ်ထားရာ ဆင်ခြင်တိုင်းတာ နိုင်စွမ်းလည်း မရှိကြတော့ပေ။
ထိုအခိုက်တွင် ကျေးရွာ ခေါင်းဆောင်က မရဏတောင် အဝင်ဝ၌ ရပ်ကာ တောင်၏ အတွင်းပိုင်းသို့ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများက အလွန်အမင်း ညှို့မှိုင်းနေကာ အမှောင်ထုထဲကို ငေးစိုက် ကြည့်နေ၏။ သူ၏မျက်ခုံးများက ဓားများကဲ့သို့ ငွေရောင် လင်းလက် တောက်ပနေကာ သူငေးစိုက်ကြည့်ရာ နေရာတိုင်းကို ထွင်းဖောက်နိုင်စွမ်း ရှိဟန်ရသည်။ သူကား ရီဖူရှင်းတို့အဖွဲ့ မည်သည့်နေရာ အထိအောင် ရောက်သည်ကို မြင်နိုင်စွမ်း ရှိနေပေသည်။ ဓားတောင်အတွင်း၌ ဖြစ်ပျက်သမျှ အားလုံးကိုလည်း သူက သိမြင်နိုင်စွမ်း ရှိ၏။ ရီဖူရှင်းတို့အဖွဲ့က ဓားဝင်္ကပါများအား တစ်ခုပြီးတစ်ခု ကျော်ဖြတ်ကာ တခြား လူများကလည်း ရီဖူရှင်း၏နောက်ကို တကောက်ကောက် လိုက်ပါသွားသည်ကို သူ သိမြင်နေသည်။
တစ်စုံတစ်ယောက်က မရဏတောင်၏ စိတ်ဝိညာဉ် စွမ်းအား ကန့်သတ်မှုကို ကျော်လွန်ကာ သူတို့၏လှုပ်ရှားမှုများ အားလုံးအား သိမြင်နိုင်စွမ်း ရှိမည်ဟု မည်သူကမှ ခန့်မှန်း သိရှိကြမည် မဟုတ်ပေ။
“အရမ်း ကောင်းတယ်” ကျေးရွာ ခေါင်းဆောင်က ရေရွတ်သည်။ ရီဖူရရှင်းကား အမှန်ပင် တခြား လူများနှင့်မတူ ထူးခြားသော ပါရမီရှင်ပင်။ ရီဖူရှင်းကား သူမျှော်လင့် ထားသည်ထက်ပင် ပိုမိုကောင်းမွန်စွာ စွမ်းဆောင် ထားနိုင်သည်။ ဤအတိုင်း ဆက်သွားလျှင် အရာရာတိုင်းက ကောင်းမွန် လာပေတော့မည်။
ရီဖူရှင်းနှင့် သူ့လူများက ဝင်္ကပါရှစ်ခုအား ဆက်တိုက် ကျော်ဖြတ်သွားကြကာ နောက်ဆုံးတွင် မရဏတောင် အတွင်းပိုင်းသို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသည်။ မည်သူမှ မသေဆုံးခဲ့သလို ဒဏ်ရာရသူလည်း မရှိခဲ့ပေ။ ထို့အပြင် ရီဖူရှင်းတို့နောက်ကို လိုက်သူများကလည်း ဝင်္ကပါများအား အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ကြပေသည်။ သူတို့က ခက်ခဲခြင်းမရှိဘဲ တားမြစ်နေရာထဲသို့ ရောက်လာကြ၏။
ယခု သူတို့ရောက်နေသော နေရာကား ကောင်းကင်က ပိုမို၍ ညိုမှိုင်းကာ ပြင်ပလောကနှင့် သီးသန့်ဆန်သလို ခံစားကြရသည်။ သည်နေရာကား ကွဲပြားခြားနားသော လောကဓာတ်များ အားကောင်းစွာ ဖြစ်တည်နေကြ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သည်နေရာတွင် လေ့ကျင့်ပါက မြင့်မားသော ပါရမီရှင် မဟုတ်လျှင်ပင် ရှီအဆင့်သို့ တက်လှမ်း နိုင်ပေလိမ့်မည်။ သည်အဖြစ်က တော်ဝင်မြေမှ လူတိုင်းအား ထိတ်လန့် တုန်လှုပ်စေသည်။ သူတို့၏ဒေသကို ပြန်ရောက်ပြီး နောက်ပိုင်း ပထမဆုံး ဦးတည်ချက်ကား သည်နေရာကို အပိုင်စီးရန် ဖြစ်ပေလိမ့်မည်။ သည်နေရာက ပြည်နယ်ကိုးခု၏ အကောင်းဆုံး တော်ဝင်မြေဖြစ်ရန် ရေခံမြေခံကောင်းအား ပိုင်ဆိုင်ထားသည်။
ရီဖူရှင်းက လမ်းတစ်လျှောက်တွင် ဝင်္ကပါရှစ်ခုကား ဆက်တိုက် ဖြေရှင်းခဲ့သည်။ သူတို့က နောက်တစ်ခုအား ကျော်ဖြတ်ပြီးပါက မရဏတောင်၏ပင်မနေရာကို ရောက်ရှိတော့မည် ဖြစ်သည်။ မရဏတောင်၌ ဝင်္ကပါဆယ်ခု ရှိသည်ဟု စစ်တုရင်ရှန့်ထိုက ပြောထားသည်။ နောက်ဆုံး ဝင်္ကပါကား ဝင်္ကပါများ အားလုံး၏အချုပ်ဖြစ်ပေမည်။
“အားလုံး သတိထားကြ၊ တကယ့် မရဏတောင်ကို မရောက်ခင် ဝင်္ကပါ တစ်ခု ကျန်သေးတယ်” လျူကျောင်းက ပြောသည်။ သူတို့ ကျော်ဖြတ်ခဲ့သမျှက မရဏတောင်၏ အပြင်ဘက် အခြမ်းမျှသာ ဖြစ်ကြောင်း သတ်မှတ်ထားသည်။ သူတို့က စစ်မှန်သော ဦးတည်ရာကို မရောက်သေးပေ။ တကယ့် စစ်မှန်သော မရဏဝင်္ကပါကား နောက်ဆုံးဝင်္ကပါကို ကျော်ဖြတ်ပြီးမှ တွေ့ရမည်ဖြစ်သည်။
“ကန့်သည်နယ်မြေက ခြောက်ကပ် နေပြီးတော့ ထူးထူးခြားခြားလည်း ဘာမှ မရှိဘူး” တော်ဝင်အလင်း နန်းတော်မှ လူငယ်တစ်ယောက်က ပြောသည်။ သူတို့က ဝင်္ကပါရှစ်ခုအား အလွယ်တကူ ကျော်ဖြတ်ခဲ့ကြကာ အရာအားလုံးက အဆင်ပြေနေသည်။
ထိုစဉ် ရီဖူရှင်းက လျှောက်နေရာမှ ရပ်လိုက်သည်တွင် အားလုံးကလည်း ရပ်တန့် လိုက်ကြသည်။
မြေပြင်၌ အလင်းတန်းများဖြစ်ပေါ်လာကာ ကောင်းကင်က ပိုမို၍ နက်မှောင်လာသည်။
ဝုန်း
မြေပြင်အား ကွဲအက်စေလျက် ဓားတစ်လက်က အပေါ်ကို ထွင်းဖောက် တက်လာကာ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိအား မွေးဖွားစေသည်။
“ခြေထောက်ကို သတိထား” ရီဖူရှင်းက သတိပေးသည်။ ထိုစဉ်မှာပင် မြေပြင်မှ မရေမတွက်နိုင်သော ဓားအလင်းတန်းများက ထိုးထွက်လာကြကာ မကြာခင် ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားပြီး အားလုံးကို ရစ်ပတ် ချုပ်နှောင်သွားသည်။ ကောင်းကင်၌ ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်နေကာ ဓားအသိများက မြေပြင်မှ ဓားများဖြင့် ဆက်စပ်စေလျက် အဆက်မပြတ်သော ဓားရွေ့လျားမှုများကို ဖြစ်စေသည်။
“ရွေ့လျားဓားဝင်္ကပါ” ရီဖူရှင်း ကောင်းကင်ထက်ကို ဓားပုံရိပ်များကို ကြည့်ကာ ရေရွတ်သည်။ သည်ဓားဝင်္ကပါကား ယခင်ဝင်္ကပါများမှ ဆင့်ကဲ ဖြတ်တည်လာခြင်း ဖြစ်သည့်တိုင် ပိုမို၍ နက်ရှိုင်းပေသည်။ သည်ဝင်္ကပါကို ဖျက်ဆီးရန်ကား ထင်သလောက် မလွယ်ပေ။
“ဂျီယူ၊ စိတ်အသိချင်း ဆက်မယ်” ရီဖူရှင်းက ပြောသည် “အားလုံးရဲ့ စိတ်အသိကို ထုတ်ပြီး ငါ့ညွန်ကြားချက်ကို နားထောင်ကြ”
ရီဖူရှင်း၏ ရည်ရွယ်ချက်ကို ဟွာဂျီယူက ချက်ချင်း နားလည်သည်။ သူမ၏ သက်စောင့်ဝိညာဉ် ပေါ်ထွက် လာခဲ့သည်။ ချက်ချင်းပင် စိတ်နယ်လွန် စွမ်းအားက မွေးဖွားလာပြီး အားလုံး၏ စိတ်နယ်ပယ်ထံသို့ တိုးဝင်လာသည်။ တခြားလူများကလည်း ဟွာဂျီယူ၏ စိတ်အသိကို ကန့်သတ်ခြင်း မရှိဘဲ ခွင့်ပြု လိုက်ကြသည်တွင် မကြာမီ အားလုံး၏ စိတ်အသိက ဟွာဂျီယူနှင့် ဆက်နွှယ်သွားကြပြီး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြ၏။ သူတို့က အတွေးများကို ရှင်းလိုက်ကြကာ ရီဖူရှင်း၏ညွန်ကြားချက်အား စောင့်စားနေကြသည်။
စိတ်အသိချင်း ပေါင်းစပ်ခြင်းကား ဟွာဂျီယူ၏ ပညာရပ်တစ်ခု ဖြစ်ကာ ရီဖူရှင်းကလည်း ထိုသို့ စွမ်းဆောင် နိုင်သော်လည်း ကု့ချင်းကို အသုံးပြုရန် လိုအပ်ပေသည်။
ရီဖူရှင်းက စကားပြောရန် မလိုပဲ သူ၏ အတွေးတစ်ချက်မျှဖြင့် အားလုံးက အလိုအလျောက် လှုပ်ရှားနိုင် ကြပေသည်။ သူတို့အုပ်စုက လူစုခွဲလိုက်ကြကာ လောကဓာတ်များကို ထုတ်လွှတ်လျက် နေရာယူလိုက် ကြသည်။
ရီဖူရှင်း၏ စိတ်ထဲတွင် စစ်တုရင်ဝိညာဉ် ပေါ်လာကာ ပြင်ပမှ ဝင်္ကပါအား ပုံတူပွားစေလျက် လှုပ်ရှား သက်ဝင်စေသည်။
တခြား တော်ဝင်မြေများမှ လူများ၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာ နေကြသည်။ သူတို့မြင်သည်ကား ရီဖူရှင်းတို့အဖွဲ့က လောကဓာတ်များကို ထုတ်လွှတ်ကာ လှုပ်ရှား နေကြခြင်းပင်။ ဓားဝင်္ကပါထဲတွင် သူတို့က ကွဲပြား ခြားနားသော ပုံစံများဖြင့် လှုပ်ရှား နေကြသည်။
လျူကျောင်းက သူတို့အား စိတ်မဝင်စားသည့်ဟန်ဖြင့် ကြည့်သည်။ သူက စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်အား ပြောသည် “ကျုပ်တို့ကလည်း ဝင်္ကပါကို ဖျက်ဖို့ လုပ်ရမယ်၊ ဒီတစ်ခုက အရင် ဝင်္ကပါတွေနဲ့ မတူဘူး၊ သူ့နည်းအတိုင်း လှုပ်ရှားတာက အလုပ်မဖြစ်ဘူး”
ရန်ရှောင်တို့ကား ဝင်္ကပါပညာရှင်များ ဖြစ်ကြသည်။ သူတို့က သည်ဓားဝင်္ကပါ၏ သဘောတရားကို နားလည်ကြကာ သိပ်အခက်အခဲမရှိဘဲ အလိုက်သင့် လှုပ်ရှားနိုင်ကြသည်။
သို့သော် တခြားသော တော်ဝင်မြေများကား ရီဖူရှင်းအတိုင်း လိုက်လုပ်ကြသည်။
“မဟုတ်ဘူး” ဝင်္ကပါဆရာအချို့က ပြဿနာအား စတင်၍ သတိထားမိ လာကြသည်။
“ငါတို့က ဝင်္ကပါကို ကိုယ်တိုင် ဖြေရှင်းဖို့လိုတယ်”
သူတို့တုံ့ပြန်ရန် ကြံရွယ်စဉ်မှာပင် မြေရိုင်းပြည်နယ်မှ လူများကား ဝင်္ကပါတစ်ခုကို တည်ဆောက် ထားကြပြီး ဖြစ်သည်။ ရီဖူရှင်းက နတ်မင်းသစ်ပင်အလား ဗဟိုပြုကာ အကိုင်းအခက်များ ခွဲဖြာစေလျက် ဝင်္ကပါ၏ခက်မများကို ဓားများအဖြစ် ပြောင်းလဲ ဖြစ်ပေါ်စေသည်။ သူတို့က ရှေ့ကို ဆက်သွားသည်တွင် တစ်ဖက်ဓားဝင်္ကပါ၏ အပြောင်းအလဲများအား အဆက်မပြတ် ကန့်သတ်စေလျက် တစ်လွှာချင်း ချေဖျက်သည်။
ဓားဝင်္ကပါကား တစ်လွှာချင်း ခြေဖျက်ခံရကာ တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။ ထို့နောက်တွင် ရီဖူရှင်းတို့က ဝင်္ကပါကို ကျော်ဖြတ်လျက် ထွက်သွားသည်ကို အားလုံးက မြင်လိုက်ကြရသည်။
တော်ဝင် အလင်းနန်းတော်မှ လူများ၏အမူအရာများက မြန်ဆန်စွာ ပြောင်းလဲ သွားကြသည်။ သို့သော် သူတို့ ပတ်ပတ်လည်မှ ဓားအသိများကား ပိုမို၍ အားကောင်း လာခဲ့ကြကာ ကောင်းကင်မှ ဓားအစီအရင်နှင့် ပေါင်းစပ်စေလျက် သူတို့ ရင်ဆိုင်နေရသော ဝင်္ကပါမှာ ဖောက်ထွင်းနိုင်စွမ်းငှာ မတတ်နိုင်အောင် ခိုင်မာလာခဲ့တော့သည်။
***