“ကောင်းပြီ၊ မင်းတို့အားလုံးက သင်္ချိုင်းကုန်းကျေးရွာကို လမ်းပြစေချင်မှတော့ ကျုပ်က ယင်၊ရာရာနဲ့ဟောတို့ကို မင်းတို့နဲ့အတူ မရဏတောင်ကို လွှတ်လိုက်မယ်၊ ဒါပေမဲ့ တောင်ပေါ်က အန္တရာယ်တွေကတော့ မင်းတို့ ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးဆိုတာ သတိပေးချင်တယ်” ကျေးရွာခေါင်းဆောင်က ရှင်းပြသည်။
“ကျွန်တော် နားလည်ပါပြီ၊ ကျုပ်ကလည်း သူတို့ကို အန္တရာယ်ဖြစ်စေဖို့ ဆန္ဒမရှိပါဘူး” လျူကျောင်းက ပြုံးလျက်ပြောသည်။
“ဒီလိုဆိုရင်လည်း စလှုပ်ရှားတာ ကောင်းမယ်” ကျေးရွာ ခေါင်းဆောင်က နောက်ဘက် လှည့်ကာ ပြောသည် “ငါက မင်းတို့ကို မရဏတောင်သို့ ကိုယ်တိုင် လိုက်ပို့ပေးမယ်။ တောင်ပေါ်မှာ ကြုံတွေ့ရတဲ့ အရာတွေကတော့ မင်းတို့ ကိုယ်တိုင်နဲ့ သက်ဆိုင်သွားပြီ။ မရဏတောင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေလို့ အမြဲတမ်း သတိထား စေချင်တယ်”
“အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်” လျူကျောင်းက ပြန်ပြောသည်။ သူတို့က ကျေးရွာ ခေါင်းဆောင် ထွက်သွားရာဘက်သို့ နောက်မှ လိုက်ပါ သွားကြသည်။
ရာရာက ရီဖူရှင်း၏ဘေးတွင် လာရပ်ကာ သူတို့အား ကြည့်သည်။
ရီဖူရှင်းက သူမ၏ပခုံးကို ပုတ်ကာ ပြောသည် “စိတ်အေးအေးထား၊ ငါရှိတယ်”
ရာရာက အသာအယာ ခေါင်းညိတ်သည်။
သူတို့အားလုံးက ကျေးရွာ၏ အနောက်ဘက်ကို ပြန်ရောက် လာကြသည်။ တောင်၏အရိပ်က သူတို့ထံကို မိုး၍ ကျဆင်းနေသည်တွင် နေရောင် တစ်စွန်းတစ်စကိုပင် မမြင်ရေပေ။
ထိုနေရာကား အလွန်အမင်း အေးစက် ချောက်ချားဖွယ်ရာ ကောင်းကာ သင်္ချိုင်းကုန်းနှင့် တူပေသည်။ အလိုလိုနေရင်း သူတို့၏ ကျောများ စိမ့်လာကြသည်။ သူတို့၏ရှေ့မှ အရိပ်ကား ရှည်လျားလွန်းသဖြင့် မည်သည့်နေရာတွင် ဆုံးသည်ကို မည်သူမှ မပြောနိုင်ကြပေ။ သူတို့၏ စိတ်အသိများပင် သည်နေရာတွင် ပိတ်ဆို့ထားခြင်း ခံရသည်။
“ဒီနေရာက တားမြစ်နယ်မြေဖြစ်တဲ့ မရဏတောင်ကုန်းပဲ။ မရေမတွက်နိုင်တဲ့ ဓားတွေ ဒီနေရာမှာ မြှုပ်နှံပြီး ကွယ်ဝှက် ထားတယ်၊ သတိမပြတ်ဖို့ အမှတ်ရပါ” အဘိုးအိုက အားလုံးကို သတိပေးကာ ရှေ့ကို အေးစက်စွာ ကြည့်သည်။ သူက တောင်အတွင်းပိုင်း၌ တည်ရှိသော ကြောက်မက်ဖွယ် ဓားဝင်္ကပါအား မြင်နိုင်စွမ်းရှိဟန် ရသည်။
ထိုနေရာတွင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါတစ်ခု အတွင်း၌ ပိတ်မိနေသော လူတစ်ယောက် ထိုင်နေသည်။ မြေပြင်၌ သွေးနီရောင် ဓားတစ်လက် ဇောက်ထိုးစိုက်နေကာ အနီး၌လည်း ပြင်းထန်သော စွမ်းအင် မုန်တိုင်းတစ်ခု ရစ်သိုင်းနေသည်။
ထိုအခိုက်တွင် ပုဂ္ဂိုလ်က မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ကာ ရှေ့ကို စူးရှစွာ ကြည့်သည်။
သူ ရွေးချယ်ထားသော လူကား ရောက်လာပြီ ဖြစ်သည်။
တော်ဝင်မြေ အများအပြားမှ လူများကလည်း မရဏတောင်ကို ရောက်လာကာ အထဲကို ဝင်ကြသည်။
“သင်္ချိုင်းကုန်း ကျေးရွာကလူတွေ လမ်းပြပါ” တော်ဝင် အလင်းနန်းတော်မှ လူတစ်ယောက်က ပြောသည်။ သည်တစ်ခေါက်ကား ရာရာ၊ယင်တို့အပြင် တခြားလူများလည်း ပါပေသည်။ သူတို့နှင့်အတူ ကျေးရွာမှ အကြီးအကဲအချို့လည်း ပါဝင်ပေသည်။
အကြီးအကဲ နှစ်ယောက်ကလည်း ခေါင်းညိတ်ကာ ရှေ့မှ ဦးဆောင်ကြသည်။ တစ်ယောက်က ပြောသည် “မရဏတောင်က အန္တရာယ်တွေနဲ့ ပြည့်နေတယ်၊ ခြေတစ်လှမ်းမှားရင် သေခြင်းတရားနဲ့ မိတ်ဆက် သွားရနိုင်တယ်၊ ရှန့်ထိုတွေတောင်မှ ဒီလိုကံကြမ္မာဆိုးက မလွတ်မြောက်နိုင်ဘူး၊ ဝင်္ကပါပညာမှာ မသိနားမလည်တဲ့လူတွေက တောင်ပေါ်ကို မတက်သင့်ဘူး၊ အခု နောက်ပြန်လှည့်ဖို့ နောက်မကျသေးဘူး”
“ရတယ်၊ တကယ်လို့ ကျုပ်တို့က အန္တရာယ်နဲ့တွေ့ရင် သင်္ချိုင်းကုန်း ကျေးရွာကလူတွေမှာ နည်းလမ်းရှိမယ်လို့ ယုံကြည်တယ်” တာလျိုတော်ဝင်မြေမှ တစ်ယောက်က အေးစက်စွာ ပြောသည်။ ထိုအကြောင်း ပြချက်ကြောင့်ပင် သူတို့က ကျေးရွာမှ လူများအား မရဏ တောင်ပေါ်သို့ အတင်းခေါ်လာကြခြင်း ဖြစ်သည်။
“သတိထား” ရာရာက ရီဖူရှင်း၏ဘေးတွင် ရပ်ကာ သတိပေးသည်။ သူကလည်း ခေါင်းညိတ်ကာ မည်းမှောင်နေသော မြေနေရာသို့ ခြေလှမ်းလိုက်သည်။ သူတို့အနီးတွင်ကား အေးစက်စက် လေလှိုင်းများက နေရာတိုင်းတွင် ရှိနေသည်။ လေလှိုင်းများက ဓားများ၏အေးစက်သော အငွေ့အသက်များကို ပိုင်ဆိုင်သည်။
“ဒါက ဘယ်သူတွေရဲ့ အုတ်ဂူတွေလဲ” တစ်ယောက်က မေးသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာ၌ အုတ်ဂူများစွာကို မြင်တွေ့ရသည်။
“မရဏဓားသခင်ရဲ့ နောက်လိုက်တွေကို ဒီနေရာမှာ မြှုပ်နှံထားတယ်၊ ကျေးရွာကလည်း ဒါတွေကိုပဲ စောင့်ရှောက်နေခဲ့တာပဲ” လမ်းပြဦးဆောင်သော အကြီးအကဲက ပြောသည်။
“ဟုတ်လား၊ ဒါဆို မရဏတောင်ထဲမှာ ဘာရှိသလဲ”
ချီကလန်မှ တစ်ယောက်က မေးသည်။ သူတို့က အကြီးအကဲ ပြောသည်ကို မယုံကြည်သည်မှာ ထင်ရှားပေသည်။
“မသိဘူး၊ ကျုပ်တို့က တောင်ကုန်း အနက်ပိုင်းအထိ မဝင်ဖူးဘူး။ တောင်ထဲမှာ မရဏဓားသမားရဲ့ ခန္ဓာကိုယ်ကို မြှုပ်ထားတယ်လို့ ကျေးရွာ ခေါင်းဆောင်က ပြောတယ်။ ပြောကြတာကတော့ မရဏဓားသခင်ကို အနှောင့်အယှက် ပေးလာသူ ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်တဲ့ ကြောက်စရာ ဝင်္ကပါတစ်ခု ရှိတယ်တဲ့” နောက်တစ်ယောက်က ဖြေသည်။
တော်ဝင်မြေများမှ လူများက မျက်မှောင်ကြုတ် လိုက်ကြသည်။ သည်လူများက သူတို့အား ခြိမ်းခြောက်ရန် ကြိုးစား နေကြသည်လား။
“ကျုပ် သိသလောက် စစ်တုရင်ရှန့်ထိုက မရဏတောင်ကို ကိုယ်တိုင် သွားရောက်ခဲ့ပြီးတော့ ကျေးရွာက လူငယ်တွေ မရဏတောင်ထဲမှာ လေ့ကျင့်နေတာကို သူကိုယ်တိုင် မြင်ခဲ့တယ်တဲ့၊ အဲဒါ ဘာကို ဆိုလိုတာလဲ ပြောလို့ ရမလား” လျူကျောင်းက မေးသည်။
“အဲဒါက အတွင်းပိုင်း မဟုတ်သေးဘူး။ ပြောကြတာကတော့ မရဏတောင်ထဲမှာ ဓားစွမ်းအင် ရင်းမြစ်တစ်ခု ရှိပြီးတော့ လေဟာနယ်ကို ခွဲနိုင်စွမ်း ရှိတယ်တဲ့” ကျေးရွာမှ လူက ဆက်ပြောသည်။
ကျေးရွာမှ လူများက တောင်အတွင်း၌ ရှိနေသော ကြောက်မက်ဖွယ်ရာ များအား ဆက်လက်၍ ပြောနေရာ တော်ဝင်မြေများမှ လူများက တဖြည်းဖြည်း စိုးရိမ်လာကြပေသည်။ ထို့အပြင် သူတို့က တောင်အနက်ပိုင်းမှ ပျံ့လွင့်လာသော အေးစက်စက် ဓားအရောင်အဝါအား ခံစားမိကြသည်။ သို့သော်လည်း သူတို့ကား တော်ဝင်မြေများ၏ ထိပ်သီး တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က အလွယ်တကူ လက်လျှော့သည့်အထဲ မပါဝင်ပေ။
တော်ဝင်မြေများက တစ်စုတစ်ဝေးတည်း မရဏတောင်ပေါ်သို့ တက်ရောက်ရန် ကြိုးစားမှုကား သည်တစ်ခါ ပထမဆုံးဖြစ်သည်။ သည်တစ်ခေါက်တွင် မရဏတောင်၏ လျှို့ဝှက်ချက်အား သိရရန် သူတို့ အလွန်စိတ်အား ထက်သန်နေကြသည်။
လျူကျောင်းနှင့် ရှီဟွာတောင်မှ လူများက သည်နေရာအပေါ် မည်သို့ စိုးရိမ်ပူပန် နေကြသည်ကိုလည်း သူတို့ နားလည်ကြသည်။ ထို့ကြောင့် သူတို့က သတင်းများ ရလာသောအခါ သည်အတိုင်း တောင်အတွင်းပိုင်းသို့ စွန့်စားလေ့လာရန်ထက် သတင်းများဖြန့်ကာ တော်ဝင်မြေများ အားလုံးကို စုဝေးစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့က ကိုယ်စီ ကောင်းမွန်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပေသည်။
မည်သို့ဆိုစေ သူတို့ကား တောင်၏ အတွင်းဘက်ပိုင်းသို့ ရောက်လာနေပြီး ဖြစ်သည်။ သူတို့က အနောက်ဘက်ကို လှည့်ကြည့်လျှင် ကျေးရွာကို မမြင်ရတော့ပေ။ သူတို့၏ စိတ်စွမ်းအားများ ကလည်း သည်နေရာတွင် ပိတ်ဆို့ခံထားရရာ တောင်၏အနက်ပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။
အုတ်ဂူများ ပိုမိုများပြား လာသည်နှင့်အမျှ ဓားများကလည်း ဟိုမှသည်မှ မြေပြင်ပေါ်တွင် ထိုးစိုက် ထားသည်များအား မြင်ကြရသည်။ မမြင်ရသော အေးစိမ့်မှုများက ပိုမို၍ သိပ်သည်းလာသည်။
ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် ပျံ့လွင့်နေသာ လောကဓာတ်များ ကိုလည်း လူအများက ဝေဝေဝါးဝါး ခံစားကြရရသည်။
လျူကျောင်း မလိမ်ပေ။ မရဏတောင် အတွင်းပိုင်းကား တော်ဝင်မြေများထက်ပင် ပိုမိုကောင်းမွန်ကာ သဘာဝဆန်သော လေ့ကျင့်ရေးနေရာအား ပိုင်ဆိုင်ပေသည်။ ပြင်ပလောကမှ လေ့ကျင့်ရေး နေရာများကား မရဏတောင်ကို မည်သို့မှ မယှဉ်နိုင်ပေ။ ထို့အပြင် လောကဓာတ်များက တောင်အနက်ပိုင်း ရောက်လေလေ ပိုမို၍ သိပ်သည်းလေလေ ဖြစ်သည်။ အမျိုးအစား ပိုမိုစုံလင်ကာ ကွဲပြားခြားနားသော လောကဓာတ် များစွာကိုလည်း သူတို့ ခံစားလာကြရ၏။
“ငါတို့ ဒီနေရာမှာ ပျံသန်းရင် ဘာဖြစ်မလဲ” တစ်ယောက်က မေးသည်။
“ငါတို့က အခု တောင်အတွင်းပိုင်း ဝင်္ကပါတွေထဲကို ရောက်နေပြီ။ အပေါ်မှာ ပျံသန်းတဲ့ ဘယ်သူမဆို သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်” ကျေးရွာမှ တစ်ယောက်က ပြောသည်။
“သတိထား၊ တစ်စုံတစ်ခု လာနေတယ်” သင်္ချိုင်းကုန်းကျေးရွာမှ တစ်ယောက်က အပေါ်ကို မော့ကြည့်သည်တွင် အပေါ်မှ ရုတ်တရက် ဆင်းသက်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်များအား မြင်သည်။ ဓားအလင်းတန်းများက သူတို့ထံကို မိုးသီး မိုးပေါက်များပမာ ကျဆင်း လာခဲ့ကြသည်။ အားလုံးက လှမ်းကြည့်ကာ မိမိကိုယ်ကို ကာကွယ်ရန် ပြင်ဆင်ကြ၏။
“သတိထား” ရီဖူရှင်းက တီးတိုးပြောသည်။ မရေမတွက်နိုင်သော အလင်းဓားများက အပေါ်မှ ဆင်းသက်လာကာ မြေပြင်ပေါ်ကို စိုက်ဆင်း လာကြသည်။ အားလုံးက ရှောင်တိမ်း လိုက်ကြသည်။ ပတ်ဝန်းကျင် လေထုထဲ၌ ဓားများဖြင့် ပြည့်နှက်သွားကာ ဓားများထံမှ ဆူညံသံများ ထွက်လာကြသည်။ မြေပြင်တစ်ခုလုံး၌ ဓားများဖြင့် ပြည့်နှက်နေကာ သူတို့အား ဝန်းရံထားကြသည်။ လေထဲတွင် လင်းလက်သော ပုံရိပ်တစ်ခု ပေါ်လာကာ ထိုနေရာအား ဖုံးအုပ်သည်။ ပုံရိပ်ထံမှ အဆုံးအစမဲ့သော ဓားအသိများ ဆင်းသက်လာကြကာ မြေပြင်မှ ဓားများဖြင့် ဆက်နွယ်သွားကြပြီး ဓားများအား ပိုမို၍ အားကောင်းစေသည်။
“ဓားပန်းချီ” ရီဖူရှင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ဓားဝင်္ကပါတစ်ခု ပေါ်လာပြီ ဖြစ်ကြောင်းလည်း သူသိလိုက်၏။
“ကျုပ်တို့က အခု ဓားဝင်္ကပါ တစ်ခုထဲမှာပဲ၊ ခင်ဗျားတို့ အားလုံးက ဒါကို ခံစားမိမယ်လို့ ထင်တယ်၊ ဓားဝင်္ကပါက တဖြည်းဖြည်း အားကောင်း လာလိမ့်မယ်၊ ဒီနေရာက အတွင်းပိုင်းကို ဝင်လေလေ ဓားဝင်္ကပါကို ဖျက်ဖို့ ခက်လာလေလေပဲ၊ ဓားဝင်္ကပါရဲ့ စွမ်းအားက အတိုင်းအဆ တစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ ဖျက်ဆီးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရောက်လာလိမ့်မယ်၊ တကယ်လို့ သူက မဖျက်ဆီးနိုင်ခဲ့ရင် ဒီအထဲမှာပဲ သေရလိမ့်မယ်” သင်္ချိုင်းကုန်းကျေးရွာမှ လူက သတိပေးသည်။ ဝင်္ကပါပညာ၌ ကျွမ်းကျင်သူက အသက်ရှင်ရန် ပိုအခွင့်အရေး များပေသည်။
“ကျုပ်တို့က အပြင်ဘက်ကို အတင်း တိုးထွက်မယ်ဆိုရင်ရော” တော်ဝင်အလင်း နန်းတော်မှ ပုဂ္ဂိုလ်တစ်ယောက်က မောက်မာစွာ ပြောသည်။ ဓားဝင်္ကပါက သိပ်အားကောင်းခြင်း မရှိသေးသည်ကို သူတို့သိပေသည်။ အကယ်၍ သူတို့က အပြင်ကို အတင်း ထိုးဖောက်ထွက်ပါက မည်သို့ဖြစ်မည်ကို သိလိုပေသည်။
“ခင်ဗျား စမ်းကြည့်နိုင်တယ်” ကျေးရွာ အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။
လျူကျောင်းက အပေါ်ကို မော့ကြည့်သည်။ လက်ရှိ ဓားဝင်္ကပါကား စစ်တုရင်ရှန့်ထို ပေးပို့သော ဓားဝင်္ကပါနှင့်အမှန်ပင် ဆင်တူပေသည်။ စစ်တုရင်ရှန့်ထိုကား ဓားဝင်္ကပါကို သူ၏စစ်တုရင် ကစားကွက်ဖြင့် ပေါင်းစပ်ခဲ့သည်။ ပြည်နယ်ကိုးခုတွင် စစ်တုရင်ပညာ၌ သူနှင့်ယှဉ်နိုင်စွမ်းသောသူ အမှန်ပင် ရှားပါးပေသည်။
“ကျုပ် ဦးဆောင်မှုအတိုင်း လိုက်ပြီး ဝင်္ကပါကို ဖျက်မယ်” လျူကျောင်းက ပြောကာ ဝင်္ကပါကို ဖျက်ရန် စတင် လှုပ်ရှားသည်။ စစ်တုရင်ရှန့်ထို၏ တပည့် ကိုးယောက်ကလည်း သူ့နောက်မှ လိုက်၍ လှုပ်ရှားကြသည်။ သူတို့ကလည်း ဝင်္ကပါပညာကို ကျင်လည်သူများဖြစ်ရာ အထူးအထွေ ညွှန်ကြား နေစရာမလိုပေ။
“ချက်ချင်း မလှုပ်ရှားနဲ့ဦး” ရီဖူရှင်းက ဘေးမှ ရီဝူချင်းကို ပြောသည် “ဝူချင်း၊ ငါက စစ်တုရင်ပညာကိုပဲ သုံးမယ်။ ငါ နယ်ရုပ်ချတဲ့နေရာကို မင်းရဲ့ ထွင်းဖောက်ခြင်း လောကဓာတ်ကိုသုံး”
“ကောင်းပြီ” ရီဝူချင်းက ခေါင်းညိတ်သည်။ ရီဖူရှင်း၏နောက်တွင် အလင်းတစ်ချက်နှင့်အတူ စစ်တုရင်ခုံတစ်ခု ဖြစ်ပေါ်လာသည်။ ဝင်္ကပါအထက်တွင် ပုံရိပ်တစ်ခု ထပ်မံဖြစ်ပေါ်လာကာ မရေမတွက်နိုင်သော ဓားများက စစ်တုရင်ခုံပေါ်တွင် ထွင်းစိုက်ထားသလို ဖြစ်သွားကာ ဓားဝင်္ကပါအား စစ်တုရင်ကစားကွက် တစ်ခုအဖြစ် ပြောင်းလဲ မြင်လိုက်ကြရ၏။ ထို့အပြင် သူတို့အားလုံးက ဓားဝင်္ကပါမှာ သတ်ဖြတ်ခြင်း ဝင်္ကပါဖြစ်ကြောင်း သိလိုက်ကြသည်။
“သတ်ဖြတ်ခြင်း ဓားဝင်္ကပါ”
“စစ်တုရင်ဝိညာဉ်”
လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ စစ်တုရင်ရှန့်ထို၏ တပည့် ကိုးယောက်ကလည်း အံ့အားသင့် ကြရသည်။ ရီဖူရှင်းက စစ်တုရင်ဝိညာဉ်အား စစ်တုရင်ကျေးရွာ၌ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူကား နတ်နဂါး ကစားကွက်ကို ချေဖျက်နိုင်ခဲ့သည်။
***