မြေရိုင်းပြည်နယ်မှ လူများအားလုံးက ကျောက်စီရီကို အေးစက်စွာ ကြည့်ကြသည်။ ကျောက်စီရီကား အမှန်ပင် ရင့်ကဲလွန်းလှ၏။
သူမက ဘာဆိုလိုသည်ကိုလည်း သူတို့အားလုံး နားလည်ကြသည်။ သူ့အား သင်္ချိုင်းကုန်း ကျေးရွာက ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည့်တိုင် သူမက ရီဖူရှင်းမှာ သည်ကိစ္စ၌ ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့သူအဖြစ် သတ်မှတ်ထားသည်။
ယူချင်းက လေထဲမှ ရွှေဖီးနစ် စစ်သူရဲများအား တစ်ချက် လှမ်းကြည့်သည်။ သူကား ကျောက်စီရီကို စစ်တုရင် ကျေးရွာမှာ ကလည်းက အထင်သေးသည်။ သည်မိန်းမကား မည်မျှ အရှက်ကွဲခံရပါစေ အမှတ်မရှိပေ။
ရီဖူရှင်းကလည်း အေးစက်စွာ ကြည့်သည်။ သူမကား ကျောက်မဟာ ပြည်ထောင်၏ နောက်ခံ အင်အားကြောင့် ထင်ရာစိုင်းနိုင်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ သို့သော်လည်း ကျောက်စီရီ၏ စကားက အဓိပ္ပာယ် ကင်းမဲ့သည်တော့ မဟုတ်ပေ။ မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံတွင် မည်မျှကောင်းမွန်စွာ စွမ်းဆောင်ခဲ့သည့်တိုင် သူတို့ကား တခြား ပြည်နယ်များမှ တော်ဝင်မြေများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
တော်ဝင်မြေတိုင်း၌ ရှန့်ထိုရှိသော်လည်း မြေရိုင်းပြည်နယ်ကား ရှန့်ထိုတစ်ပါးပင် မရှိပေ။
ထိပ်သီး ပုဂ္ဂိုလ်များက ယူချင်းနှင့် စုချွဲတို့အား သဘောကျ နှစ်ခြိုက်သည့်တိုင် ထိုမျှလောက်က မည်သို့မှ အရာမရောက်ပေ။
ရှီဟွာတောင်မှဖြစ်စေ၊ ကျောက်မဟာ ပြည်ထောင်မှဖြစ်စေ၊ တခြား တော်ဝင်မြေများမှ ဖြစ်စေ၊ ရီဖူရှင်းအား သင်္ချိုင်းကုန်း ကျေးရွာ၏ဆက်ခံသူအဖြစ် ရွေးချယ်ခြင်း အပေါ် မည်သူမှ ဂရုမစိုက်ကြပေ။
“လူတွေလည်း အများကြီး ရောက်နေပြီ၊ ပန်းချီတွေကို ဆင်ခြင်လေ့လာဖို့ အချိန်မရှိတော့ဘူး၊ သွားရအောင်”
ရီဖူရှင်းတို့ အုပ်စုက ရှေ့ကို တက်ကာ တစ်နေရာသို့ ဦးတည် သွားလိုက်ကြသည်။ သူတို့ကား ကျေးရွာ ခေါင်းဆောင်ရှိရာသို့ သွားနေကြသည်။
ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်ထံသို့ ရောက်သို့အခါ အင်အားစု များစွာက ထိုနေရာသို့ ရောက်နေကြပြီ ဖြစ်သည်။ အင်အားစုတိုင်းက တော်ဝင်မြေများမှ ဖြစ်ကြကာ အလွန်အမင်း အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများအား ပိုင်ဆိုင်ကြသည်။ ရွာသားများကလည်း ထိုနေရာကို ရောက်နေကြကာ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များအား အေးစက်စွာ ကြည့်နေကြသည်။ သည်အကျပ်အတည်းက ကျေးရွာအား ပျက်စီးရန် အလားအလာ များသည်ဟု ကျေးရွာ ခေါင်းဆောင်က သူတို့အား ကြိုတင် ပြောထားပြီး ဖြစ်သည်။
လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ တော်ဝင်ကျဲနန်းတော်၏ နာမည်ကျော် နန်းတော် သခင်လေးကား သူတို့ထက် ဦးစွာ ရွာကို ရောက်နေသည်။ ရီဖူရှင်းက သူတို့နှင့် သည်အရေးတွင် ယှဉ်ပြိုင်မည်လား သူတို့အားလုံး စိတ်ဝင်စားကြသည်။ ကျောက်စီရီကက ရီဖူရှင်းကို တင်းမာ ခက်ထန်စွာ ကြည့်သည်။ ဤသို့ဆိုလျှင် သူက လျူကျောင်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်တော့မည် ထင်ရ၏။
လျူကျောင်းက ကျေးရွာ ခေါင်းဆောင်ကို ကြည့်ကာ ပြောသည် …
“ခေါင်းဆောင်၊ ကျုပ်တို့ကို ဒီကိစ္စမှာ ကူညီပေးဖို့ မျှော်လင့်ပါတယ်” ကျေးရွာ ခေါင်းဆောင်က တည်ငြိမ်စွာ ပြန်ပြောသည် …
“ကျုပ်က မကူညီချင်တာ မဟုတ်ဘူး၊ သင်္ချိုင်းကုန်း ကျေးရွာက မရဏတောင်ကုန်း အနီးတစ်ဝိုက်မှာ တည်ရှိတယ် ဆိုပေမဲ့ ကျုပ်တို့က မရဏတောင်ကို သွားရောက် သူတွေနဲ့ ပတ်သက်ပြီး ဝင်မစွက်ဖက်ဘူး၊ မင်းတို့အားလုံးက မရဏတောင်ပေါ်ကို တက်ပြီး ကံစမ်းနိုင်တယ်၊ မင်းတို့ တောင်းဆိုတာကို ငါက မကူညီပေး နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး”
လျူကျောင်းက …
“အဘက အရမ်းနှိမ့်ချဖို့ မလိုပါဘူး၊ ကျေးရွာက လူတွေ မရဏတောင် အနီးတစ်ဝိုက်မှာ လေ့ကျင့်တယ် ဆိုတာကို စစ်တုရင်ရှန့်ထိုက တစ်ဆင့် ကျုပ်က သိထားပြီးပါပြီ၊ ခင်ဗျားတို့က မရဏတောင်နဲ့ ပတ်သက်ပြီး အလုံးစုံ သိနားလည်ကြတယ်၊ သင်္ချိုင်းကုန်း ကျေးရွာက လူတွေဆိုတာ မရဏတောင်ကို စောင့်ရှောက်သူ ဆိုတာ ပြည်နယ်ကိုးခုက လူတွေ သတိမထားမိဘူးလို့ ခေါင်းဆောင်က ထင်ပါသလား”
သူက ဆက်ပြောသည်…
“သင်္ချိုင်ကုန်းကျေးရွာက မရဏတောင် စောင့်ရှောက်သူတွေ ဆိုမှတော့ သေချာပေါက် ကူညီနိုင်ရမယ်”
“သင်္ချိုင်းကုန်း ကျေးရွာက ဒီမှာ အမြဲတမ်း နေထိုင်ခဲ့ကြတယ်၊ ငါတို့က မရဏတောင်နဲ့ ပတ်သက်ပြီး နည်းနည်း သိတယ်ဆိုပေမဲ့ မင်း ပြောသလောက်တော့ မဟုတ်ဘူး၊ ပြည်နယ်ကိုးခု ညီလာခံ ပြီးကတည်းက မင်းတို့တတွေ ငါတို့ရွာကို ထောက်လှမ်း နေခဲ့ကြတယ်၊ ရွာနဲ့ပတ်သက်ပြီး မင်းတို့တွေ အနည်းနဲ့အများ သိနားလည်မယ် ဆိုတာ ငါနားလည်တယ်”
ကျေးရွာခေါင်းဆောင် အဘိုးအိုက တင်းမာ ခက်ထန်စွာ ပြောသည်။ တော်ဝင်မြေများက သူ၏ရွာကို ထောက်လှမ်း နေခဲ့သည်ကိုလည်း ကျေးရွာခေါင်းဆောင်က သိထားပေသည်။ ထို့အပြင် ထိုလူများကား ရီဖူရှင်းထက်ပင် စောလျင်ကြပေသည်။ ကျေးရွာက ဆက်ခံသူ ရွေးချယ်တော့မည်ကို သူတို့အားလုံး သိထားမှတော့ မရဏ ဓားဝင်္ကပါက တခြားလူ၏ လက်ထဲသို့ ကျဆင်း သွားမည့်အပေါ် သည်အတိုင်းတော့ ထိုင်နေ၍ မရပေ။ ရီဖူရှင်း မလှုပ်ရှားခင်ပင် သူတို့ လှုပ်ရှား ကြရပေမည်။
လျူကျောင်းက…
“မရဏတောင်က အရှေ့ဘက် ပြည်နယ်ထဲမှာ ရှိပြီးတော့ ကျောက်မဟာ ပြည်ထောင် အတွက်ရော၊ ရှီဟွာတောင် အတွက်ရော အရမ်း အရေးပါတယ်၊ ပြီးတော့ စစ်တုရင် ရှန့်ထိုကလည်း အထဲမှာ ပိတ်မိနေတယ်၊ ဒါက အရှေ့ဘက် ပြည်နယ်အတွက် ဘယ်လောက်အထိ အရေးပါလဲ ဆိုတာ ခေါင်းဆောင်က သိမယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ကျုပ်တို့က ဒီကိစ္စအပေါ်မှာ အလေးအနက် ထားဖို့ လိုပါတယ်”
ရာရာက ကျေးရွာ ခေါင်းဆောင်၏ဘေးကို ရောက်လာကာ လျူကျောင်းအား ပြောသည်…
“ရှင်က ကျေးရွာ ခေါင်းဆောင်ကို အတင်း ခိုင်းစေရအောင် ဘယ်လို အခွင့်အာဏာမျိုး ရှိနေလို့လဲ”
လျူကျောင်းက ရာရာအား စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။ သူမကား ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အသက် ဆယ့်ငါးနှစ်မျှဖြင့် ဒုတိယရခဲ့၏။ သူမ၏ မြင့်မားလှသော ပါရမီက မရဏဓားတောင်တွင် လေ့ကျင့်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
သူမက သင်္ချိုင်းကုန်းကျေးရွာ၌ အရေးပါရပေမည်။ လျူကျောင်းက…
“တကယ်လို့ ခေါင်းဆောင်က ဆန္ဒမရှိရင် ကျုပ်တို့ကလည်း အတင်း မတောင်းဆိုတော့ပါဘူး၊ ဒါပေမဲ့ ကျုပ်တို့ကို မရဏတောင်ပေါ်ကို ခေါ်သွားဖို့ လမ်းပြလိုတယ်၊ ကျေးရွာ ခေါင်းဆောင်က ဒါကို မငြင်းဘူးလို့ ကျုပ်ယူဆတယ်”
ကျေးရွာ ခေါင်းဆောင်က…
“လမ်းပြအနေနဲ့ မင်းက ဘယ်သူ့ကို ခေါ်ချင်တာလဲ”
“ရာရာက ပါရမီမြင့်တယ်၊ ကျုပ် သူမကို သဘောကျတယ်၊ သူမက လမ်းပြထဲက တစ်ယောက် ဖြစ်မယ်၊ ပြီးတော့ ကျေးရွာရဲ့ လူငယ်တွေထဲက ယင်နဲ့ဟောတို့ကလည်း ထက်မြက်တယ်လို့ ကြားတယ်၊ ကျုပ် သူတို့ကို လိုချင်တယ်”
“မင်းက ကောင်းကောင်း လေ့လာထားတာပဲ” ကျေးရွာ ခေါင်းဆောင်က ပြုံးသည်။ လျူကျောင်းကား ကျေးရွာ၏ အတော်ဆုံး သုံးယောက်ကို ရွေးခဲ့သည်။
“မရဘူး”
အသံတစ်သံ ထွက်လာသည်တွင် အားလုံးက လှမ်းကြည့် လိုက်ကြသည်။ သူကား ရီဖူရှင်းဖြစ်သည်။
လျူကျောင်းက ရီဖူရှင်းဘက်ကို လှည့်ကာ ပြုံးလျက် ပြောသည်…
“နန်းတော်သခင်ရီက ဘာကို ဆိုလိုပါသလဲ”
“ငါဆိုလိုတာက ရာရာကို လမ်းပြအဖြစ် ခေါ်မရဘူး”
“ဘာလို့ မရတာလဲ”
“သူမက ကျုပ်ညီမ ဖြစ်နေပြီ၊ မရဏတောင်ကို သူမက ကျုပ်နဲ့အတူ သွားလိမ့်မယ်”
လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ သူကလည်း မရဏ တောင်ပေါ်ကို တက်လိုသည်လား။
တော်ဝင်မြေမှ လူများအားလုံးက စိတ်ဝင်စားစွာ ကြည့်ကြသည်။ ဤသို့ဆိုလျှင် ရီဖူရှင်းက လျူကျောင်းနှင့် ယှဉ်ပြိုင် တိုက်ခိုက် ရတော့မည်လား။ ကျောက်စီရီ၏ မျက်လုံးများက အေးစက်သွားသည်။ ကြည့်ရသည်မှာ သည်ခွေးကောင်က သူမ၏ စကားများကို နားဝင်ဟန် မရပေ။ ကျောက်စီရီက အေးစက်စွာဖြင့် …
“ငါပြောခဲ့တာကို နင်မကြားဘူးလား”
ရီဖူရှင်းက ကျောက်စီရီကို တစ်ချက် ကြည့်သည် …
“မင်းက ဘယ်သူလဲ”
“နင်”
ကျောက်စီရီ၏ မျက်လုံးများက ရေခဲတမျှ အေးစက်သွားသည်။
“ပြည်နယ်ကိုးခု ညီလာခံမှာ မင်းရဲ့အဆင့်က ဘယ်လောက်များလဲ”
ရီဖူရှင်း၏ဘေးမှ ကျူးကော့မင်းယွီ ကလည်း မဲ့ပြုံးပြုံးလျက် ပြောသည်။ ကျောက်စီရီ၏ မျက်နှာက ရှက်ရွံ့ဟန်များ အထင်းသား ပေါ်လာသည်။ သူမက ပထမဆုံး တိုက်ပွဲတွင်ပင် ဟွာဂျီယူအား ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား။
ကျူးကော့မင်းယွီက…
“မြေရိုင်းပြည်နယ်က တကယ်တမ်း အားနည်းတယ် ဆိုပေမဲ့ ငါတို့မှာ ပြည်နယ်ကိုးခု ညီလာခံရဲ့ နံပါတ်တစ် ရှိတယ်၊ မင်းက ဘယ်သူမို့လို့ မြေရိုင်းပြည်နယ်၊ တော်ဝင်မြေ ခေါင်းဆောင်ကို ဒီလို ပြောရဲရတာလဲ”
ကျူးကော့မင်းယွီက ပြုံးလျက်ပင် ဆက်ပြောသည်…
“မင်းက ကျောက်မဟာ ပြည်ထောင်ရဲ့ မင်းသမီးဖြစ်လို့ ဒီလို ပြုမူနေတယ်ဆိုရင်၊ မင်းရဲ့ အပြုအမူကို သတိထားဖို့ အကြံပေးလိုက်မယ် မင်းသမီး၊ မင်းရဲ့နောက်က လိုက်ဖိပေးမယ့် အင်အား မရှိဘဲ နေရာတိုင်းမှာ အာဏာမပြတာ ကောင်းလိမ့်မယ်၊ ဒါက ကျောက်မဟာ ပြည်ထောင်ကို အရှက်ရေစေတာပဲ ရှိလိမ့်မယ်”
“ရှင်…”
ကျောက်စီရီက ကျူးကော့မင်းယွီအား လက်ညှိုးထိုးကာ ဘာပြောရမှန်း မသိပေ။ သည်ခွေးမက သူမအား အရှက်ခွဲနေသည်လား။
“မင်းက ဘယ်သူမို့လို့ ကျောက်မဟာ ပြည်ထောင်ရဲ့ မင်းသမီးကို ဒီလို ပြောရဲရတာလဲ”
ကျောက်မဟာ ပြည်ထောင်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက် ရှေ့ကို တက်လာကာ အေးစက်စွာ မေးသည်။
ကျူးကော့ချန်းဖန်၊ ဓားသခင်နှင့် ဂူတုံးလျိုတို့ အားလုံးက ရှေ့ကို တစ်ပြိုင်နက်တည်း တက်လာကြသည်။ ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်…
“တော်ဝင်ကျဲ နန်းတော်သခင်ရဲ့ အစ်မတစ်ယောက် အနေနဲ့ ပြောတယ်၊ ရှင်က ဒီအပေါ်မှာ ဘာဖြစ်ချင်တာလဲ”
ရီဖူရှင်းက ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။ ကျောက်စီရီကား အမှန်ပင် ပညာပေးရန် လိုအပ်နေပေသည်။ သူမက မောက်မာသော်လည်း မိုက်မဲကာ ဉာဏ်နည်းပေသည်။ သူမကား အမှန်ပင် လျူကျောင်းထက် နိမ့်ကျပေသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ့အား သဘော မကျသည်ကိုလည်း ရီဖူရှင်း သိပေသည်။ ထို့ကြောင့် သူက ကျောက်မဟာ ပြည်ထောင်၏ လူငယ်မျိုးဆက် အချို့နှင့် အမုန်း ပွားရမည်ကိုလည်း သူက ဂရုမစိုက်ပေ။
ထို့အပြင် သူက မရဏတောင်ကို ဝင်ရန် ဆုံးဖြတ်ထားရာ အချို့သော လူများနှင့် ဆန့်ကျင်ဘက် ဖြစ်လာရမည်မှာ သေချာ နေပေသည်။
ရီဖူရှင်းက…
“မရဏတောင်က အရှေ့ဘက် ပြည်နယ်နယ်စပ်နဲ့ ထိကပ်နေတယ် ဆိုပေမဲ့ ဒီနေရာက ဘယ်ပြည်နယ်ထဲမှာမှ မပါဝင်ဘူး၊ အခု တော်ဝင်မြေတိုင်းက ဒီနေရာကို ရောက်လာကြတယ်၊ ကျုပ်တို့ မြေရိုင်း ပြည်နယ်ကလည်း ဒီအတိုင်းပဲ။ တကယ်လို့ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်နဲ့ ရှီဟွာတောင် ရှန့်ထိုတို့ ကိုယ်တိုင်လာပြီး တားခဲ့ရင်တော့ ကျုပ်က နောက်ဆုတ်ပေးမယ်၊ မဟုတ်ရင် ကျုပ်တို့ မြေရိုင်း ပြည်နယ်ကလည်း မရဏတောင်ကို ဝင်ရလိမ့်မယ်”
ရှန့်ထိုများက သူတို့၏ ဂုဏ်သိက္ခာများအရ ထိုသို့စကားများကို ပြောမည် မဟုတ်သည်မှာ သေချာရာ ရီဖူရှင်းက သူ၏ ရပ်တည်ချက်ကို ခိုင်မာစွာ ပြောသည်။ မြေရိုင်းပြည်နယ်က မရဏတောင်ကို ဝင်မည်။
ကျေးရွာ ခေါင်းဆောင် အဘိုးအိုက ဖြစ်ပျက်သမျှအား ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေသည်။ သူကား ရီဖူရှင်း၏ သဘောထားနှင့် ပတ်သက်၍ အလွန်ကျေနပ် အားရ၏။ စစ်တုရင်ရှန့်ထိုက မရဏတောင်ထဲကို ဝင်ခဲ့ကာ လျှို့ဝှက်ချက်များအား ပေါက်ကြား စေခဲ့သည်။ ထို့ကြောင့် သူက ဖြစ်လာမည့် အန္တရာယ်များအား ကြိုတင် ပြင်ဆင်ခဲ့ရကာ ရာရာကို ခေါ်ဆောင်၍ ပြည်နယ်ကိုးခု ညီလာခံကို ဝင်ပြိုင်စေခဲ့သည်။ ကံကောင်းသည်က ပြိုင်ပွဲ၌ပင် ယူချင်းကိုသာ မဟုတ်ဘဲ ရီဖူရှင်းနှင့်လည်း ဆုံတွေ့ခဲ့ရသည်။
ရီဖူရှင်းကား သူ၏အစီအစဉ်တွင် အဓိကနေရာ၌ ပါဝင်ခဲ့ပေသည်။ ထိုနေရာက ရုတ်တရက် တိတ်ဆိတ် သွားပြန်သည်။ ကျေးရွာမှ လူများကား ရီဖူရှင်းကို ပိုမို၍ သဘောကျ လာခဲ့ကြသည်။ သူကား ရာရာကို လျူကျောင်းတို့ ခေါ်သွားခြင်းမှ ကာကွယ် ပေးနေသည်။
“နန်းတော်သခင်ရီက ကြိုးစား ကြည့်ချင်တယ် ဆိုရင်လည်း ပြဿနာ မရှိဘူးလို့ ကျုပ်မြင်တယ်”
အသံတစ်သံအား ကြားသည်တွင် အားလုံးက လှမ်းကြည့် လိုက်ကြသည်။ လျူကျောင်းက ဆက်လက်၍ ပြောသည် …
“ရာရာက နန်းတော် သခင်ရီနဲ့အတူ သွားမယ် ဆိုရင်လည်း ကျုပ်က အဆင်ပြေတယ်၊ နန်းတော်သခင်ရီက နတ်နဂါး ကစားကွက်ကို ခြေဖျက်ပြီးတော့ ဝင်္ကပါပညာမှာ ထူးချွန်ပုံရတယ်၊ ခင်ဗျားနဲ့အတူ မရဏတောင်ကို တက်တာက ကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျုပ်ထင်တယ်၊ တောင်ပေါ်မှာ ကျုပ်တို့ကို တစ်စုံတစ်ခုက စောင့်ဆိုင်းနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ၊ ကျေးရွာ ခေါင်းဆောင်က ဘယ်လို ထင်ပါသလဲ”
***