အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်မျှ ကျေးရွာကို လူများ ပိုမိုရောက်လာသည်။ ကျေးရွာ၏ တိတ်ဆိတ် ငြိမ်သက်ခြင်းက ပြိုပျက် သွားဟန်ရကာ လူအများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူတို့က ကျေးရွာတွင် တစ်စုံတစ်ခု ဖြစ်လာတော့မည့်အပေါ် ပြင်ဆင်ထားဟန် ရနေကြသည်။
အိမ်ကလေးတစ်ခု အတွင်း၌ ရီဖူရှင်း၏ ခေါင်းထက်တွင် ဓားပန်းချီများ ပေါလောပေါ် နေကြ၏။ ဓားပန်းချီများကား ကျေးရွာ ခေါင်းဆောင်က သူ့အား ပေးခဲ့ခြင်းဖြစ်ကာ မရဏတောင်ပေါ်ကို မတက်မီ နားလည် ဆင်ခြင်ရန် ကျေးရွာ ခေါင်းဆောင်က မျှော်လင့်ထားသည်။
ရီဖူရှင်းက သည်ဓားပန်းချီများကို လေ့လာ ဆင်ခြင်ရာတွင် ရင်းနှီး ကျွမ်းဝင်သော ခံစားချက်များအား ရသည်။ သည်ဓားပန်းချီများက စစ်တုရင်ရှန့်ထို စီမံထားခဲ့သော နတ်နဂါး ကစားကွက်နှင့် သဘောတရား ဆင်တူ၏။
သို့သော်လည်း စစ်တုရင်ရှန့်ထိုကား မရဏဓားဝင်္ကပါ၏ တကယ့်အနှစ်သာရကို နားလည်ခြင်း မရှိခဲ့ရာ အလုံးစုံကိုတော့ ပုံတူကူးနိုင်ခြင်း မရှိခဲ့ပေ။ ယခု ရီဖူရှင်း လေ့လာနေသော ဓားပန်းချီများကသာ ပင်ရင်း သဘောတရားများ ဖြစ်ကာ ပိုမို အားကောင်းပေသည်။ ယခုကား သူ၏စိတ်ဝိညာဉ်က ဓားပန်းချီများ အတွင်း၌ လုံးဝ နစ်မြုပ်နေပြီ ဖြစ်သည်။ ဓားပန်းချီဆယ်ခုက ဓားပညာတစ်ခု၏ ခက်မဆယ်ခုဖြစ်ကာ ကွဲပြားခြားနားသော ဟန်များအား အသုံးပြုထားသည်။ သူက အစ်ကို၃၊ ရီဝူချင်း၊ စုချွဲနှင့် ကျွေ့ချိန်ချူတို့ကိုပင် ဓားဝင်္ကပါအား နားလည် ဆင်ခြင်စေသည်။ သူတို့က ဓားပညာကို လေ့ကျင့်ကြရာ သူတို့၏ အတွေ့အကြုံများက ရီဖူရှင်းအား အကူအညီ ဖြစ်စေသည်။ ဓားပန်းချီများကား အလွန်တရာ အားကောင်းသော ဓားပညာများ ဖြစ်ကြသည်။ ခြေသံအချို့ကို ကြားသည်တွင် ရီဖူရှင်းက လက်ဝှေ့ယမ်းလျက် ဓားပန်းချီများကို ကွယ်ပျောက်စေသည်။ သူက လှမ်းကြည့်သည်တွင် မိန်းကလေး တစ်ယောက်က အထဲကို ဝင်လာပြီး ရီဖူရှင်းကို မျက်နှာညိုမည်းလျက် ကြည့်သည်။ သူမက စိတ်ညစ်နေဟန် ရ၏။
ရီဖူရှင်းက ပြုံးလျက် ပြောသည်။ “ဘာဖြစ်လို့လဲ ကလေးမ”
“အခု ရွာကို ပြည်နယ်ကိုးခုက လူတွေ အများကြီး ရောက်လာကြတယ်၊ တချို့က တော်တော် အားကောင်းပုံ ရတယ်၊ ရှင်က တောင်ပေါ်ကို တက်မယ့်ကိစ္စမှာ နောက်တစ်ခါ ထပ်စဉ်းစားလို့ မရဘူးလား” ရာရာက ရီဖူရှင်းကို ကြည့်လျက် ပြောသည်။ ရီဖူရှင်းက ပထမ နားမလည် ဖြစ်နေပြီးမှ သူမအား ကြည့်ကာ ပြုံးလိုက်သည်။
“မင်းရဲ့အစ်ကိုကို စိတ်ပူတတ်နေပြီပေါ့”
“ဘာကို စိတ်ပူတာလဲ”
ရာရာက တစ်ဖက်ကို လှည့်သွားသည်။ သို့သော် သူမက မိမိကိုယ်ကို သတိထားမိသွားဟန် ရသည်။ သူ့အား အစ်ကိုအဖြစ် ဝန်ခံရာ ရောက်သွားသည် များလား။ သူမက နောက်လှည့် ကြည့်သည်တွင် ရီဖူရှင်းက သူမအား ပြုံးလျက် ကြည့်နေသည်ကို မြင်ရ၏။ သူမက ပြန်လည်၍ ဒေါသတကြီး ကြည့်သည်။ သည်လူကား အမှန်ပင် ညဏ်များသည်။ ဂျီယူမမ ပြောသည်မှာ မမှားပေ။
“မင်းက ပြည်နယ်ကိုးခု ညီလာခံမှာ အားလုံးကို အနိုင်ယူခဲ့တဲ့ ကလေးမနဲ့ မတူတော့ဘူး”
ရီဖူရှင်းက မှတ်ချက်ချသည်။ ရာရာကား ထိုနေ့က အားလုံးကို ရိုက်နှက်လိုကာ ကျားရိုင်း တစ်ကောင်အလား ထင်မှတ်ရသည်။ ယူချင်းထံ မရှုံးနိမ့်မီအထိ သူမအား အမြင့်ဆုံးသော မာနတရားကို ပိုင်ဆိုင်၏။ ယခု သူမကား ရီဖူရှင်အပေါ် စိုးရိမ်နေသည်။ ရာရာက …
“အခု အခြေအနေတွေက အဲဒီတုန်းကနဲ့ မတူတော့ဘူး အခု ကျေးရွာရဲ့ကံကြမ္မာက စိုးရိမ်ရတယ်၊ ရှင်က ကျေးရွာက မဟုတ်ဘူး၊ ဒါကြောင့် ဒီမှာ ဘာလို့ နေနေသေးတာလဲ”
အခြေအနေတွေက မတူတော့သည်ကို ရီဖူရှင်းလည်း သိပေသည်။ ပြည်နယ်ကိုးခု ညီလာခံကား ပြည်နယ်ကိုးခုမှ လူငယ်များ၏ စွမ်းဆောင်ရည်ကို စမ်းသပ်သော ပြိုင်ပွဲဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲအလျောက် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရသည်။ သို့သော်လည်း ယခု အရေးကိစ္စကား ပြည်နယ်ကိုးခု၏ ပြိုင်ဘက်ကင်း ဓားဝင်္ကပါနှင့် သက်ဆိုင်ပေသည်။ ရီဖူရှင်းက ရှေ့ကို လျှောက်သွားကာ သူမ၏ခေါင်းကို လက်ဖြင့် ထောက်လိုက်သည်။ မိန်းကလေးက သူ့အား ဒေါသတကြီး ပြန်ကြည့်သည်။
“ငါက မင်းကို ဂရုစိုက် ပေးရဦးမယ်လေ”
ရီဖူရှင်းက အခန်းအပြင်ဘက်ကို လျှောက်လာရင်းက…
“ကျေးရွာကို လူတွေ အများကြီး ရောက်လာကြတာလား”
“ဟုတ်တယ်”
“ကျေးရွာ ခေါင်းဆောင်ကို လူတွေအများကြီး သွားတွေ့နေကြတယ်”
“ကောင်းပြီ၊ ငါတို့မှာ အချိန် သိပ်မရှိတော့ဘူးလို့ ဆိုလိုတာပဲ”
သူက မရဏတောင်ပေါ်ကို မတက်မီ ဓားပန်းချီများအား လုံးဝ နားလည်ထားရန် လိုပေသည်။ မဟုတ်လျှင် သူက မိမိသေတွင်းကို မိမိ သွားတူးသည်နှင့် တူပေသည်။ မည်သို့ဆိုစေ မရဏတောင်ကား ရှန့်ထိုကိုပင် ချုပ်နှောင်ထားနိုင်စွမ်း ရှိသည် မဟုတ်ပါလား။ ထိုအခိုက်တွင် အဝေးမှ ခြေသံများအား ကြားရသည်။ ရီဖူရှင်းက နောက်ကို လှည့်ကြည့်သည်တွင် လူတစ်စုသူတို့ထံကို လျှောက်လာသည်ကို မြင်ရသည်။ ခေါင်းဆောင်လာသူကား လျူကျောင်းဖြစ်၏။ လျူကျောင်းက ပြုံးလျက် …
“ဒါဆို နန်းတော် သခင်ရီလည်း သင်္ချိုင်းကုန်းကျေးရွာကို ရောက်နေတာပဲပေါ့”
ရီဖူရှင်းက လျူကျောင်း၏ နောက်မှ လူများကို ကြည့်လိုက်သည်တွင် စစ်တုရင်ရှန့်ထို၏ တပည့်များအား တွေ့ရသည်။ စစ်တုရှင်ရှန့်ထို၏တပည့်ကြီး ရန်ရှောင်က ရီဖူရှင်းအား သာမန်ကာလျှံ ခေါင်းညိတ်ပြသည်။ ရီဖူရှင်းက စစ်တုရင်ရှန့်ထို၏ တပည့်များအပေါ် ကောင်းမွန်သော အမြင်များ ရှိပေသည်။ သို့သော် သူတို့ဆရာ၏အရေးနှင့် ပတ်သက်သည်တွင် ကိုယ်စီ ရပ်တည်မှုများ ရှိလာတော့၏။ သို့သော်လည်း ရီဖူရှင်းက ရိုးသားသူ၏ နာမည်ကျော်ကြားသော လီခိုင်ရှင်းအပေါ် နားမလည်ပေ။ သူ၏ဂိုဏ်းတူ မောင်နှမများပင် သူ့အပြုအမူကို အံ့အားသင့် ကြရပေသည်။ သို့သော်လည်း ထိုအရာများ အားလုံးက ယခု အရေးမပါတော့ပေ။ ရီဖူရှင်းနှင့်လည်း မသက်ဆိုင်တော့ပေ။
ရီဖူရှင်းက …
“ကျေးရွာ ခေါင်းဆောင်က ကျုပ်ကို ဖိတ်ခေါ်ခဲ့တော့ ဒီကို ရောက်နေတာ တော်တော် လေးတောင် ကြာခဲ့ပြီ”
“ဒါဆို ရှီဟွာတောင်ကရော ဒီကို ဘာကိစ္စများလဲ”
ရွာတွင် ရီဖူရှင်း ရှိနေခြင်း တစ်ခုတည်းက မေးခွန်းများ အားလုံးကို ဖြေကြားပြီးသား ဖြစ်သည်။ သူကလည်း ဘာမှ ဖုံးကွယ်စရာ မလိုတော့ပေ။ ရီဖူရှင်း သို့မဟုတ် ယူချင်းအား ဆက်ခံသူအဖြစ် ကျေးရွာ ခေါင်းဆောင်က ရွေးချယ်ခဲ့ကြောင်း အားလုံးက ခန့်မှန်း သိရှိနိုင်ပေသည်။
“စစ်တုရင်ရှန့်ထို အရှင်က မရဏတောင်မှာ ပိတ်မိနေတယ်ဆိုတာ နန်းတော်သခင်ရီက သိမယ် ထင်ပါတယ်၊ ကျုပ်တို့က သူ့ကို ကယ်ဆယ်ဖို့ ရောက်လာတာပါ” လျူကျောင်းက ပြုံးလျက် ပြောသည်။
သူက ဆက်လက်၍ …
“နန်းတော်သခင်ရီက ကျုပ်တို့ကို ကူညီဆို့ ဆန္ဒရှိပါသလား၊ တကယ်လို့ ကျုပ်တို့က သူ့ကို အောင်အောင် မြင်မြင် ကယ်တင်နိုင်ခဲ့ရင် နန်းတော်သခင်ရီက သေချာပေါက် ဆုလာဘ်တွေ အများကြီးရမှာပဲ”
ရီဖူရှင်းက …
“ကျုပ်က သေချာပေါက် လိုလားတာပေါ့၊ ဒါပေမဲ့ သူက ခင်ဗျားကို ရွေးချယ် လိုက်ကတည်းက ခင်ဗျားနဲ့ ရှီဟွာတောင်ကို ပိုပြီး ယုံကြည်တယ်လို့ ဆိုလိုတာပဲ၊ ကျုပ် တန်ခိုးအဆင့်က နိမ့်သလို မြေရိုင်းပြည်နယ် ကလည်း အဆင့်မြင့် ပုဂ္ဂိုလ်တွေ ကင်းမဲ့တယ်၊ ကျုပ်တို့က မကူညီနိုင်မှာ စိုးရိမ်မိတယ်”
လျူကျောင်းက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်…
“တကယ်လို့ အခွင့်အခါ ကြုံလာရင် ခင်ဗျားက ကျုပ်တို့ကို ကူညီပေးဖို့ တကယ်ပဲ မျှော်လင့် မိပါတယ်၊ အနည်းဆုံးတော့ ကျုပ်တို့က ဆန့်ကျင်ဘက် အသွင်အနေနဲ့ ဖြစ်မလာဖို့ မျှော်လင့်မိပါတယ်”
ထို့နောက် လျူကျောင်းက ထိုနေရာမှ ထွက်ခွာသွားသည်။ စစ်တုရင်ရှန့်ထို၏ တပည့်များကလည်း လျူကျောင်း နောက်မှ လိုက်ပါ သွားကြ၏။ ကျင့်ကုန်းစီက ရီဖူရှင်း၏ပခုံးကို ပုတ်ကာ မသက်မသာပြုံးပြီး ထွက်သွားသည်။ သူကား စစ်တုရင်ကျေးရွာ၌ ရီဖူရှင်းနှင့် ရင်းနှီးခဲ့သည်။ ယခု သူနှင့် ရီဖူရှင်းတို့က ထိပ်တိုက် ရင်ဆိုင်ရမည့် အခြေအနေသို့ ရောက်လာနေပြီ ဖြစ်သည်။
သူတို့ ထွက်သွားသည်တွင် ရာရာက ရီဖူရှင်း၏ နောက်ကို ရောက်လာသည်။ သူမ၏ မျက်လုံးများထဲ၌ စိုးရိမ်ပူပန် ဟန်များအား အထင်းသား တွေ့ရသည်။ သူမ စိုးရိမ်နေသော အရာကား အမှန်တကယ်ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမက ဘာမှ သိပ်မသိသော်လည်း အန္တရာယ်၏ အငွေ့အသက်များအား ခံစားမိနေရသည်။
အဝေးမှ လေတိုးသံများအား ကြားရသည်။ ရီဖူရှင်းက ခေါင်းမော့ ကြည့်သည်တွင် ကောင်းကင်ထက်၌ လူရိပ်များစွာကို မြင်လိုက်ရသည်။ သူတို့က ရီဖူရှင်းအား ငုံ့ကြည့်ကာ တစ်ယောက်က ပြောသည် …
“ဒါဆို သူက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ရဲ့ ခေါင်းဆောင် ရီဖူရှင်းပေါ့”
“အမှန်ပဲ”
နောက်တစ်ယောက်က ခေါင်းညိတ်သည်။
“အခွင့်အရေးရခဲ့ရင် ကျုပ်တို့က သူနဲ့ လက်ရည် စမ်းကြည့်ရမယ်”
လေထဲမှ တစ်ယောက်ပြောကာ ချက်ချင်းပင် အဝေးကို ပျောက်ကွယ် သွား၏။ တော်ဝင်ကျဲ နန်းတော်မှ ရီဖူရှင်းနှင့် ယူချင်းတို့ကား ပြည်နယ်ကိုးခု ညီလာခံအပြီးတွင် အလွန် နာမည်ကျော်ကြား လာခဲ့ကြသည်။ ရှီတန်ခိုးရှင်များက ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုကြရာ လူအများအပြားက လတ်တလော နာမည် ကျော်ကြားလာသော ရီဖူရှင်း၏ စွမ်းရည်အား စိတ်ဝင်စား ကြပေသည်။
ကောင်းကင်ထက်မှ များစွာသော လေတိုးသံများအား ရီဖူရှင်းက ကြားရသည်။ ပိုမိုသော လူများ ကျေးရွာကို ရောက်လာနေကြ၏။
“ကြည့်ရတာ သူတို့က တစ်ချိန်တည်းမှာ လှုပ်ရှားကြတဲ့ပုံပဲ” ရီဖူရှင်းက တီးတိုးပြောသည်။ ပြည်နယ်ကိုးခုမှ များစွာသော လူများ ရောက်လာမည်ကို သူသိသည်။ အများစုက ရွာပြင်တွင် စတည်းချ နေကြသော်လည်း ရွာထဲကို ဝင်လာကာ စနည်းနာသူများလည်း ရှိကြပေသည်။ ယနေ့ တစ်စုံတစ်ယောက်က အစပျိုး လိုက်သည်ထင်၏။ များစွာသော တော်ဝင်မြေများက ရွာထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာကြသည်။ ကောင်းကင်တွင် အလင်းတန်းများ ဖြာထွက်လာပြီး ဖီးနစ်ငှက်ဆွဲ ရထားလုံး တစ်စီးနှင့်အတူ များစွာသော လူများ ထပ်မံ ရောက်လာကြသည်။ သူတို့ကား ကျောက်မဟာ ပြည်ထောင်၏ ရွှေဖီးနစ်စစ်သူရဲများ ဖြစ်ကြသည်။
“ရပ် ရထားလုံးထဲမှ တစ်ယောက်က တားလိုက်သည်။ ရှေ့မှ လူငယ်တစ်ယောက်က ပြန်မေးသည် …
“ဘာလဲ စီရီ”
“ငါက ရင်းနှီးတဲ့ မျက်နှာ တစ်ခုကို မြင်တယ်”
ကျောက်စီရီက ပြောရင်းနှင့်ပင် ရထားလုံးထဲမှ ထွက်လာသည်တွင် ရီဖူရှင်းက သူမအား ကြည့်သည်။ သည်မိန်းမက ဘာဖြစ်ချင်သနည်း။ ကျောက်ရာ၊ ကျောက်ယိုနှင့် ကျောက်စီချို့တို့ အားလုံးက ရထားလုံးပေါ်တွင် ဖြစ်သည်။ သူတို့အားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်နေကြသည်။ ရထားလုံးထဲမှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါနှင့် လူငယ်တစ်ယောက်က မေးသည် …
“သူက …”
ကျောက်ရာက …
“ရီဖူရှင်း”
လူငယ်၏ အမူအရာက အလွန်အမင်း စူးရှသွားသည်။ ကျောက်စီရီက အပေါ်မှ ဆင်းသက်လာကာ ရီဖူရှင်း၏အပေါ် ကောင်းကင်၌ ရပ်သည်။ ထိုမြင်ကွင်းကို ကြည့်ကာ မြေရိုင်းပြည်နယ်မှ လူများအားလုံးက ရီဖူရှင်း၏ဘေးကို ရောက်လာကာ လေထဲမှ ရွှေဖီးနစ်စစ်တပ်ကို ကြည့်သည်။
ကျောက်စီရီက…
“ရှင်က ဘာလို့ သင်္ချိုင်းကုန်း ကျေးရွာမှာ ရှိနေတာလဲ”
ရီဖူရှင်းက နားမလည်ဟန်ဖြင့် ပြန်ကြည့်သည်…
“မင်နဲ့ ဘာဆိုင်လို့လဲ”
ကျောက်စီရီက …
“ဒါက တကယ်ပဲ ငါနဲ့မသက်ဆိုင်ဘူး၊ ရှင်တို့က ပြည်နယ်ကိုးခု ညီလာခံမှာ စွမ်းဆောင်ရည် ကောင်းတွေ ရခဲ့တယ်ဆိုပေမဲ့ မြေရိုင်းပြည်နယ်က မြေရိုင်းပြည်နယ်ပဲ၊ ရှင်တို့က ကိုယ့်စွမ်းရည် အလျောက်ပဲ ပြုမူသင့်တယ်”
ကျောက်စီရီက ပြောပြီးသည်နှင့် အပေါ်ကို ပြန်လည် ပျံတက်သွားသည်။ ရှီဟွာတောင်နှင့် ကျောက်မဟာ ပြည်ထောင်တို့က လက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့ရန် ဆွေးနွေးနေကြကာ လျူကျောင်းက ကျောက်မဟာ ပြည်ထောင်မှ မင်းသမီးတစ်ပါးဖြင့် လက်ထပ်မည် ဖြစ်သည်။ ထိုမင်းသမီးကလည်း ကျောက်စီရီဖြစ်ရန် များပေသည်။
လျူကျောင်းကား ပင်မထိပ်သီး အင်အားစုသုံးခု ဖြစ်သော ရှီဟွာတောင်၊ စစ်တုရင် ကျေးရွာနှင့် ကျောက်မဟာ ပြည်ထောင်တို့၏ မျှော်လင့်ချက်များအား ထမ်းပိုးထားပေသည်။ သူကား အရှေ့ဘက်ပြည်နယ်၏ တစ်ဝက်ခန့်ကို ကိုယ်စားပြု၏။ သူ သည်ခရီး၌ ရှုံးနိမ့်၍ မရပေ။
ကျောက်စီရီ သိသလောက် စစ်တုရင်ကျေးရွာမှ နတ်နဂါး ကစားကွက်ကား မရဏတောင်မှ ဓားဝင်္ကပါနှင့် များစွာ ပတ်သက် နေပေသည်။ ရီဖူရှင်းကား နတ်နဂါး ကစားကွက်ကို ဖျက်နိုင်စွမ်း ရှိခဲ့သည်။ ထို့ကြောင့်ပင် သူမက ရီဖူရှင်းအား သတိပေး တားမြစ်ခြင်း ဖြစ်သည်။ သို့တိုင်အောင် ရီဖူရှင်းကား လျူကျောင်းနှင့်ယှဉ်ပြိုင်ရန် ထိုက်တန်မှု မရှိသေးပေ။
***