အပိုင်း (၈၀၄)

မရဏတောင်၏လျှို့ဝှက်ချက်

ဟော သတ္တဝါဆန်းကား ဒဏ္ဍာရီလာ သတ္တဝါဆန်း တစ်မျိုးဖြစ်သည်။ ယခု သင်္ချိုင်းကုန်း ကျေးရှာမှ လူငယ် တစ်ယောက်တွင် ထိုသို့ သက်စောင့်ဝိညာဉ်အား ပိုင်ဆိုင်သည်။

“အစ်ကိုဟော… ရှင်အဆင်ပြေလား…” ရာရာက ထိုလူငယ်အား လှမ်းမေးသည်။

“ငါအဆင်ပြေတယ်… မင်းကရော… ရာရာ…” လူငယ်က သူမကို ပြန်မေးသည်။

“ကျွန်မက ဘာဖြစ်မှာမို့လဲ…” ရာရာက ခေါင်းယမ်းပြပြီးမှ ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။

ရီဖူရှင်းက ထူးဆန်းစွာ ကြည့်သည်။ တစ်ယောက်၏ သက်စောင့်ဝိညာဉ်က ခွေဖြစ်ကာ သူ၏နာမည်က တာနူးဖြစ်သည်။ ယခု သည်လူငယ်၏ သက်စောင့်ဝိညာဉ်က ဟောဖြစ်ကာ သူ့အား အစ်ကိုဟောဟု ခေါ်တွင်သည်။ ထူးဆန်းပေစွ။

“ကလေးမ… မင်းရဲ့ ကတိကို မတည်ဘူးလား…” ရီဖူရှင်းက ရာရာကို ပြုံးပြသည်။

ရာရာက ရီဖူရှင်းကို မုန်းတီးစွာ ကြည့်ကာ ပြောသည်… “ကလေးတစ်ယောက်ရဲ့ စကားကို ရှင်က ဘယ်လိုလုပ် ယုံရတာလဲ…”

“…” ရီဖူရှင်းက သူမအား နှစ်ခါမျှကြည့်ကာ ဆွံ့အရသည်။

“အစ်ကိုဟော… သူ့ကို ရိုက်ပစ်လိုက်ပါလား…” ရာရာက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကာ ပြောသည်။

“ကောင်းပြီ…” လူငယ်က ရီဖူရှင်းကို ကြည့်ကာ ရှေ့ကို တက်လာသည်။ ဧရာမ ဟောသတ္တဝါဆန်းက လေထဲတွင် ပေါ်လာကာ အရိုင်းဆန်သော သဘာဝစွမ်းအင်များ ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ပေါ်လာသည်။ လူငယ်ကား ရီဖူရှင်းထက် တစ်ဆင့်မြင့်သော ရှီတန်ခိုးရှင် တစ်ယောက်ဖြစ်သည်။

ကျောက်မဟာ ပြည်ထောင်မှ ကျောက်ရာက သည်လူငယ်နှင့် တန်ခိုးအဆင့် တူညီမည် ဆိုပါက သည်လူငယ်အား အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူခံစားမိသည်။ သည်ရွာမှ လူများ၏ စွမ်းအားများက ကြမ်းရမ်း ခက်ရော်ခြင်းကို အခြေခံကြကာ သူတို့မွေးဖွား ရှင်သန်ရာ ပတ်ဝန်းကျင်နှင့် သက်ဆိုင်ဟန်ရသည်။

သို့သော်လည်း သူကား စိတ်ဝင်စားရသည်။ ရွာငယ်လေး တစ်ခုတွင် နေထိုင်ပြီး ပြင်ပလောကနှင့် အဆက်အသွယ် ကင်းလွတ်နေခြင်းက သူတို့အား မည်သို့သော နည်းဖြင့် ရှီအသိကို နားလည် စေနိုင်သနည်း။

သည်ရွာတွင် နေထိုင်ခြင်းက သူတို့အား ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်သည်ဟုတော့ မပြောနိုင်ပေ။ သို့သော်လည်း အခက်အခဲ၊ အတားအဆီး မရှိသော တန်ခိုး ကျင့်ကြံမှုကား သေချာပေါက် အဆင့်တက်ရန် ခက်ခဲမည် ဖြစ်သည်။

ရီဖူရှင်းအတွက် သိပ်စဉ်းစားရန် အချိန်မရပေ။ တစ်ဖက်လူက လေထဲကို ပျံတက်သွားကာ ကျယ်လောင်စွာ အော်ဟစ်သည်တွင် ကြောက်မက်ဖွယ် လေလှိုင်းများ ဖြစ်ပေါ်လာပြီး ရီဖူရှင်း၏ နားထဲကို ရိုက်ခတ်ကာ သူ၏ စိတ်ဝိညာဉ်အား တိုက်ခိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်က အရောင် ပြောင်းလဲသွားပြီး ဟောသတ္တဝါဆန်း၏ နယ်နိမိတ် ဖြစ်သွားသည်။ ကြီးမားသော ဖိအားက ရီဖူရှင်းထံကို ဆင်းသက် လာသည်။ ပတ်ဝန်းကျင်မှ လူများက ဖိအားကို ရှောင်ဖယ်ရန် နောက်ဆုတ် ကြသည်။

ရီဖူရှင်း၏ စိတ်စွမ်းအားက လေပွေမုန်တိုင်း အသွင် ပြောင်းလဲသွားပြီး လေလှိုင်းကို တုံ့ပြန်ကာ သက်ရောက်မှုကို ခုခံသည်။ မမြင်ရသော စွမ်းအားများ ရစ်ပတ်လျက် တိုးဝင်လာသော သူထံသို့ ရီဖူရှင်း၏ အကြည့် ရောက်သွားသည်။

ထိုအခိုက်တွင် လူငယ်က သူ့အနီး ပတ်ဝန်းကျင်မှ အရာခပ်သိမ်း ရပ်တန့် သွားသည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်မှ ဓာတ်ကြီးငါးပါးက စီးဆင်းခြင်း မရှိတော့ဘဲ ရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်ကလည်း လှုပ်ရှားမှု ကင်းမဲ့သွား၏။ သို့သော်လည်း လောကဓာတ်တစ်ခု သူ့ခန္ဓာကိုယ်တွင် စီးဆင်းလာကာ ကောင်းကင် အေးခဲဓာတ်အား အတင်း ဖျက်ဆီးလျက် ရီဖူရှင်းထံသို့ တိုးဝင် သွားသည်။

သို့သော်လည်း သူက ရီဖူရှင်းနှင့် နီးကပ် လာသည်နှင့်အမျှ ကြီးမားသော ဖိအားကို ပိုမိုခံစားလာရကာ အမြန်နှုန်းကလည်း သိသိသာသာ ကျဆင်းလာခဲ့သည်။ ရီဖူရှင်း၏အနီးတွင် အလင်းများက ရစ်ပတ်နေကြကာ ကြယ်တာရာများ အလား ခံစားရစေသည်။

ရီဖူရှင်းအား ကြယ်တာရာ လောကဓာတ်များ ရစ်ပတ်ထားသည်။

ကြယ်တာရာ လောကဓာတ်ကား အလွန် ထူးခြား ဆန်းကြယ်ကာ ပုံစံမျိုးစံဖြင့် တည်ရှိသည်။ ထိုဓာတ်အား တိုက်ခိုက်ခြင်း၊ ခုခံခြင်းနှင့် တစ်ဖက်လူကို ဖိအားပေးခြင်းများတွင် သုံးနိုင်ပေသည်။

“အစ်ကိုဟော… သတိထား…” ရာရာက သတိပေးသည်။ သူမက ရှီအဆင့်ကို မတက်လှမ်း သေးသော်လည်း ရီဖူရှင်းထံမှ အားကောင်းသော လောကဓာတ်အား ခံစားမိသည်။ ရီဖူရှင်းက များစွာသော လောကဓာတ်များအား ပိုင်ဆိုင်ကာ ကျင်လည်စွာ အသုံးပြုနိုင်၏။

ထိုအခိုက်တွင် ရီဖူရှင်းက ရှေ့ကို တက်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးကား ကြယ်တစ်စင်းအလား လေထုကို ခွင်းလျက် တိုးဝင်သွားသည်။

သူတို့နှစ်ယောက် ရင်ဆိုင်မိသည်တွင် ကြောက်မက်ဖွယ် စွမ်းအင် အပိုင်းအစများ လေထုထဲ ပျံ့လွင့်သွား၏။

ဝုန်း… ဝုန်း… ဝုန်း…

လေထဲတွင်ပင် နှစ်ယောက်သား အဆက်မပြတ် တိုက်ခိုက်သံများ ထွက်ပေါ်လာကာ လေထုက ပြင်းထန်စွာ တုန်ခါ၏။ လူငယ်ကား နောက်ကို လွင့်သွားကာ ရီဖူရှင်းအား ကြည့်လိုက်ပြီး ဆက်လက် တိုက်ခိုက်ရန် ဟန်ပြင်သည်။

“တော်ပြီ…ကျုပ်က ဒီကို တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူး… ကျေးရွာ ခေါင်းဆောင်က ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။

ဟူး…

ထိုအခိုက်တွင် အဝေးတစ်နေရာမှ လေပြင်းများ ရိုက်ခတ်လာသည်။ ရီဖူရှင်းက လှမ်းကြည့်သည်တွင် အလင်းတန်း တစ်ခု သူ့ထံကို ဦးတည် လာသည်ကို မြင်ရ၏။

“နတ်ငှက်…” ရီဖူရှင်း၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ အဝေးမှ ပျံသန်းလာသူကား ချောမောသော လူငယ်တစ်ယောက် ဖြစ်ကာ နတ်ငှက် အတောင်ပံများအား ရိုက်ခတ်လျက် မြန်ဆန်စွာ ပျံသန်း လာနေသည်။ သူ၏စူးရှသော အကြည့်က ရီဖူရှင်းအား စူးရဲစွာ ကြည့်နေသည်။

ယင်….။

သင်္ချိုင်းကုန်းကျေးရွာမှ လူများ၏ အမူအရာများက ပြောင်းလဲ သွားကြသည်။ သို့သော်လည်း ရီဖူရှင်းကား အားကောင်းသော အန္တရာယ် အငွေ့အသက်များအား ခံစားမိသည်။

သူ၏အတွေးက မြန်ဆန်စွာ လှုပ်ရှားသွားကာ ကောင်းကင် အေးခဲဓာတ်အပြင် ကြယ်တာရာ အလင်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။

တစ်ဖက်လူကား ရုတ်တရက် လေထဲတွင် ပျောက်ကွယ်သွားကာ လေဟာနယ် အေးခဲမှုအား လျစ်လျူရှုလျက် သည်အတိုင်းပင် ကြယ်တာရာ အလင်း အရံအတားရှေ့၌ ပေါ်လာပြီး အတောင်ပံများဖြင့် ရိုက်ခတ်သည်။ ချက်ချင်းပင် ကြယ်တာရာ အလင်းအရံအတားက အက်ကွဲသွားပြီး အလယ်မှ နှစ်ခြင်း ကွဲထွက်သွားသည်။ အတောင်ပံများက ဓားသွားအလား ရီဖူရှင်းထံကို ရောက်လာကာ သူ့အား ပိုင်းဖြတ်ရန် ကြိုးစားသည်။

“လေဟာနယ် ထိန်းချုပ်ခြင်း… လေဟာနယ် ဖွင့်ဖောက်ခြင်း…”

မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ဝမ်ရှင်းက အော်ဟစ်လိုက်သည်… “သတိထား…”

ရီဖူရှင်းကား သူ၏အရံအတားကို ပြုလုပ်ထားပြီး ဖြစ်သည်။ သူက လက်ကို မြှောက်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။ တစ်ဖက်လူ၏ ရိုက်ချက်ကို ရင်ဆိုင်ကာ တန်ပြန် ကန်အားဖြင့်ပင် သူက မြေရိုင်းပြည်နယ် ဘက်မှ လူများထံသို့ မြန်ဆန်စွာ ဆုတ်သွားသည်။

လူငယ်က လေထဲတွင်ပင် ရပ်ကာ ရီဖူရှင်းကို ကြည့်သည်။

ဂူတုံးလျိုနှင့် ဓားသခင်တို့က ရှေ့ကို တက်လာကာ သဘောမကျစွာ ကြည့်ကြသည်။ ဓားသခင်က ပြောသည်… “တကယ်လို့ ခင်ဗျားတို့က ဒီလိုလုပ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင် ကျုပ်တို့ သွားတော့မယ်…”

လူငယ်၏တန်ခိုးအဆင့်ကား ရီဖူရှင်းထက်များစွာ မြင့်ပေသည်။ သူကား မိုရှီအဆင့်ကိုပင် ရောက်နေပြီဖြစ်ကာ သူ၏ အာကာသဓာတ်များဖြင့် ဆိုပါက မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးနိုင်ပေသည်။

ရာရာကား ကလေးမျှသာ ဖြစ်ရာ သူမအား ခွင့်လွှတ်နိုင်ပေသည်။ သို့သော် လူငယ်ကား မောက်မာ ဝင့်ကြွားကာ အထိန်းအကွပ် မဲ့ပေသည်။

ယင်က လေထဲတွင်ပင် ရပ်ကာ ဓားသခင်အား အေးစက်စွာ ပြောသည်… “ဒါဆိုလည်း သွားပါ…”

သိသာစွာပင် ရီဖူရှင်းတို့အဖွဲ့ နေမည်၊ ထွက်သွားမည်ကို သူ ဂရုစိုက်ဟန်မရှိပေ။

“ယင်… နောက်ဆုတ်…” အဝေးမှ အသံတစ်သံ ပျံ့လွင့်လာကာ လူတစ်ယောက် လျှောက်လာသည်။ ဦးဆောင်လာသူကား ကျေးရွာခေါင်းဆောင် ဖြစ်သည်။

ယင်က ခေါင်းငုံ့ကာ အသံလာရာဘက်ကို ကြည့်ပြီး ရီဖူရှင်းအား အေးစက်စွာ တစ်ချက် ကြည့်ကာ အတောင်ပံများအား ခတ်လျက် နောက်ဆုတ် သွားသည်။

“ကလေးမ… ပြဿနာတွေ မရှာနဲ့တော့…” ကျေးရွာခေါင်းဆောင်က ရာရာကို ငေါက်ငမ်းလိုက်သည်။

“ကျေးရွာခေါင်းဆောင်…” ရာရာက အပြစ်လုပ်မိသော ကလေးငယ်လို ခေါင်းငုံ့သည်။

“ကလေးမက မသိတတ်သေးဘူး… သူမကို စိတ်မဆိုးပါနဲ့…” ကျေးရွာခေါင်းဆောင်က ဓားသခင်ကို ကြည့်ကာ ပြောသည်။ ထို့နောက် သူက ရီဖူရှင်းနှင့် ယူချင်းအား ပြောသည်… “မင်းတို့ကို စောင့်နေတာ တော်တော်ကြာပြီ…”

“အဘက ကျွန်တော်တို့ကို ဘာလို့ ဖိတ်ခေါ်တာပါလဲ…” ရီဖူရှင်းက မေးသည်။

ကျေးရွာ ခေါင်းဆောင်က အနီးမှ လူအုပ်အား ကြည့်ကာ ပြောသည်… “ပြန်ကြတော့…”

လူအုပ်က စတင်၍ ထွက်ခွာကြပြီး ရာရာနှင့်အချို့သော လူများသာ ကျန်ရစ်သည်။

“ကျုပ်နောက်က လိုက်ခဲ့ပါ…” ကျေးရွာ ခေါင်းဆောင်က ပြောကာ ရှေ့မှ​ဦးဆောင် ထွက်သွားသည်။ ရီဖူရှင်းကလည်း ကျေးရွာ ခေါင်းဆောင်နှင့်အတူ တူယှဉ်၍ လျှောက်၏။ ယင်၏အကြည့်က နောက်ဆုံးတစ်ကြိမ် ရီဖူရှင်းထံကို ရောက်လာကာ အဝေးကို လျှပ်တစ်ပြက် ပျံသန်း ပျောက်ကွယ် သွားသည်။

ရီဖူရှင်းက ခေါင်းမော့ကာ အဝေးကို ပျံသန်း ပျောက်ကွယ်သွားသော လူငယ်အား ကြည့်သည်။ လေဟာနယ် ထိန်းချုပ်ခြင်းကား အလွန် ကြောက်မက်ဖွယ် ကောင်းသော ဓာတ်တစ်မျိုး ဖြစ်ပေသည်။ သူကား ပြည်နယ်ကိုးခုတွင် အတော်ဆုံးများထဲ၌ ပါဝင်ပေမည်။

သူ၏အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်တွင် ရာရာက သူ့အား ဒေါသတကြီး ကြည့်နေသည်ကို မြင်ပြီး သူက စိတ်ပျက်ရသည်။ သူက လက်ဆန့်တန်းကာ သူမ၏ခေါင်းအား တောက်လိုက်ပြီး ပြောသည်… “မင်းက ငါ့ကို ရှုံးပြီးတာတောင် အစ်ကိုကြီးလို့ မခေါ်သေးဘူးလား…”

“ဟွန်း…” ရာရာက နှာခေါင်းရှုံ့လိုက်ကာ တစ်ဖက်ကို လှည့်သွားသည်။

ရီဖူရှင်းက ပြုံးလိုက်ကာ သူမ၏ခေါင်းအား ပွတ်လိုက်သည်။ မိန်းကလေး၏ အရိုင်းဆန်သော သဘာဝအားသူက စိတ်မဆိုးပေ။ သူက ထိုမျှ စိတ်သဘောထား မသေးသိမ်ပေ။

ရာရာက ခေါင်းအား ယိမ်းကာ လက်ကို ရှောင်ဖယ်သည်။ သူမက ရီဖူရှင်းအား ဒေါသတကြီး ကြည့်၏။

“ယင်က အရမ်းကို မာနကြီးတယ် … ရွာမှာ ရာရာကလွဲရင် သူ့ပါရမီက အမြင့်ဆုံးပဲ… သူ့ကို မျိုးဆက်တစ်ခုတည်း အတွင်းမှာ အနိုင်ယူနိုင်မည့်သူ သိပ်မရှိဘူး…” ကျေးရွာ ခေါင်းဆောင်က ယင်၏စွမ်းရည်များအား အလွန် ယုံကြည်ဟန်ဖြင့် ပြောသည်။

“သူက လောဟာနယ် ထိန်းချုပ်ခြင်းနှင့် လေဟာနယ် ဖောက်ထွင်းခြင်းကို နားလည်ထားတယ်… သူက သေချာပေါက် အားကောင်းတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“သူက ဓားပညာကိုလည်း လေ့ကျင့်တယ်…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။ ရီဖူရှင်းက အံ့အားသင့် သွားသည်။ ထိုလူကား အမှန်ပင် ပါရမီရှင် ဖြစ်သည်။

“သူက ကျုပ်ကို သိပ်မကျေနပ်သလိုပဲ…” ယင်၏အပြုအမူများမှ တစ်ဖက်သူ၏ စိတ်သဘောကို သူခန့်မှန်း၍ ရသည်။

ကျေးရွာ ခေါင်းဆောင်က အဝေးကို ကြည့်ကာ ပြောသည်… “ယင်က ရာရာကို အချစ်ဆုံးပဲ… မင်းက သူမကို အနိုင်ကျင့်တယ်လို့ သူ မြင်သွားတယ် ထင်တယ်…”

သူတို့အုပ်စုက စကား တပြောပြောဖြင့် လျှောက်လာသည်တွင် နောက်ဆုံး၌ ရွာအတွင်းပိုင်း တစ်နေရာသို့ ရောက်လာသည်။ ကျေးရွာ ခေါင်းဆောင်၏ အိမ်တွင်ကား ကျောက်တုံးစားပွဲနှင့် ထိုင်ခုံများ ရှိသည်။ သူက ရီဖူရှင်းတို့အား ပြောသည်… “ထိုင်ကြပါ…”

ရီဖူရှင်းက ခေါင်းညိတ်ကာ သူတို့အားလုံးက ထိုင်လိုက်ကြသည်။ ကျေးရွာ ခေါင်းဆောင်က သူတို့အား ဖိတ်ကြားသည်နှင့် ပတ်သက်၍ ဘာမှ မပြောသေးပေ။

“အခုတလော ရွာကို လူသူအရောက်အပေါက် များလာတယ်… ပြင်ပလောကမှာ ဒီရွာနဲ့ပတ်သက်ပြီး ကောလာဟာလတွေ အများကြီး ပျံ့နှံ့နေတာကိုလည်း မင်းတို့ သိမယ်လို့ထင်တယ်…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။

“သိပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အပြောများတာက ဘာလဲ…” ကျေးရွာ ခေါင်းဆောင်က မေးသည်။

“မရဏတောင်မှာ မရဏဓားသမား ချန်ရစ်ခဲ့တဲ့ မရဏဓားရှိတယ်တဲ့… သင်္ချိုင်းကုန်း ကျေးရွာကလည်း သူ့ပညာ တစ်စိတ်တစ်ဒေသကို ရခဲ့တယ်လို့ ပြောကြတယ်…” ရီဖူရှင်းက အဘိုးအိုကို ပြောသည်။

အဘိုးအိုက ပြုံးလျက် မေးသည်… “မင်းက ဘယ်လိုထင်လဲ…”

“အဘက ရာရာကို ပြည်နယ်ကိုးခု ညီလာခံသို့ ခေါ်လာပြီး ယှဉ်ပြိုင်စေခဲ့တယ်… ယူချင်းက သူမကို အနိုင်ယူခဲ့တော့ ကျွန်တော်နဲ့ယူချင်းကို ကျေးရွာသို့ ဖိတ်ခေါ်တယ်… ဒါက ဖြစ်နိုင်တယ်လို့ ထင်တယ်…” ရီဖူရှင်းက သူ၏အတွေးကို ပြောသည်။

“ငါက မင်းတို့ကို ဘာပညာမှာ လက်ဆင့်ကမ်းဖို့ ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူး…” အဘိုးအိုက ခေါင်းယမ်းသည်။ ထို့နောက် သူက ပြုံးလျက်မေးသည်… “စိတ်ပျက်သွားလား…”

“အဲဒီလောက် မဟုတ်ပါဘူး… စိတ်ဝင်စားမိရုံပါပဲ…” ရီဖူရှင်းက ပြောသည်။ အဘိုးအို၏ ရည်ရွယ်ချက်က အဘယ်နည်း။

“မရဏတောင်မှာ မရဏဓား တစ်ခုတည်းပဲ ရှိတာ မဟုတ်ဘူး… အဲဒီမှာ မရဏဓားသမား ချန်ရစ်ခဲ့တဲ့ ပစ္စည်းအချို့လည်း ရှိတယ်… ဥပမာ ပြည်နယ်ကိုးခုရဲ့ နံပါတ်တစ် ဝင်္ကပါဖြစ်တဲ့ နိဗ္ဗာန ဓားဝင်္ကပါပေါ့… ” အဘိုးအိုက ဆက်ပြောသည်… “ဝင်္ကပါထဲ ပိတ်မိတဲ့ ဘယ်သူမဆို မလွတ်မြောက်နိုင်ဘူး…”

ရှန့်ထိုများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း သည်ဟု နာမည် ကျော်ကြားသော ဓားဝင်္ကပါကား သေချာပေါက် စွမ်းအား ကြီးမားရပေမည်။

ပြည်နယ်ကိုးခု၏နံပါတ်တစ် ဓားဝင်္ကပါကား မရဏတောင်တွင် အမှန်တကယ် တည်ရှိနေသည်။ အကယ်၍ တစ်စုံ တစ်ယောက်ကသာ ထိုဝင်္ကပါကို အပိုင်စိုးရပါက သူကား ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်းပေပြီ။

ရီဖူရှင်တို့ တစ်ဖွဲ့လုံး အံ့အားသင့် ထိတ်လန့်ကြရသည်။ စစ်တုရင်ရှန့်ထိုက မရဏတောင်ကို သွားရောက်ခြင်းမှာ ထိုဓားဝင်္ကပါကြောင့် ဖြစ်ရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset