ဝမ်ပေါင်လဲ့က ရှေ့သို့ လျှောက်လှမ်းသွားလိုက်ပြီး ပြေးဝင်လာနေသည့် စစ်ဆေးရေးမှုးဟောင်းတစ်ယောက်၏ ရှေ့သို့ ရောက်သွားသည်။ သူသည် ထိုစစ်ဆေးရေးမှုးဟောင်း ဆန့်ထုတ်ထားသောလက်ကို ရုတ်တရက် ဖိချလိုက်ပြီး ရစ်ပတ်ခြင်းပညာရပ်ကို အသုံးပြုကာ လက်ဆစ်ကို လိမ်ချိုးလိုက်သည်။ ထိုအခါ သူ၏ လက်ကောက်ဝတ်မှာ ဂျွတ်ခနဲမြည်ကာ ကျိုးသွားသောကြောင့် သူသည် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်၏။
” ကျောင်းသားခေါင်းဆောင်ကို အကြမ်းဖက်တဲ့အတွက် နောက်ထပ် ပြစ်မှုတစ်မှု ”
ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်း မရှိပေ။ သူသည် ရှေ့သို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ခြေထောက်ကို မြှောက်ကာ အခြားတစ်ယောက်၏ ဒူးခေါင်းကို ကန်ကျောက်လိုက်၏။ ထိုအခါ မကြာသေးမီကအတိုင်း ဂျွတ်ခနဲမြည်သံနှင့် သနားစဖွယ်ကောင်းသော အော်သစ်သံများ ထွက်ပေါ်လာပြီး ထိုလူမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းကာ ဒူးခေါင်းကို ဆုပ်ကိုင်ထားလျက် မတ်တတ်မရပ်နိုင်ဘဲ ဖြစ်သွားရတော့သည်။
” တာအိုကျောင်းထဲမှာ မငြိမ်မသက် ကစဉ့်ကလျား ဖြစ်အောင် နှောင့်ယှက်တဲ့အတွက် နောက်ထပ် ပြစ်မှုတစ်မှု ”
ထိုဖြစ်ရပ်များကို ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း ဝမ်ပေါင်လဲ့၏ သိုင်းပညာအစွမ်းများကြောင့် မိုက်ရူးရဲဆန်စွာ ပြုမူခဲ့ကြသည့် စစ်ဆေးရေးမှုးများမှာ မချိမဆန့် ဖြစ်သွားကြပြီး အသိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့က မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားပြီး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေကြတော့သည်။
ထိုအခိုက် ကျန်းလင်မှာ ဒေါသတကြီး အော်ဟစ်ကာ ပြေးဝင်လာ၏။ သူသည် ဝမ်ပေါင်လဲ့ ရှေ့သို့ရောက်ရှိလာပြီး ဓမ္မအဆောင်ကိုပင် ထုတ်ယူထားပြီး ဖြစ်သည်။ ဓမ္မအဆောင်များမှာ ကျောင်းသားများအတွက် အလွန် တန်ဖိုးကြီးမား၏။ စီနီယာကျောင်းသားများပင်လျှင် ထိုကဲ့သို့ ဓမ္မအဆောင်တစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် နှစ်နှင့်ချီ၍ စုဆောင်းကြရသည်။ ဝမ်ပေါင်လဲ့ဆိုလျှင် ယခုချိန်အထိ ဓမ္မအဆောင်တစ်ခုကိုပင် မမြင်ဖူးသေးပေ။
ကျန်းလင်၏ ဓမ္မအဆောင်မှာ သစ်သားဓားတစ်လက် ဖြစ်သည်။ ရွှီခနဲမြည်ကာ ဝမ်ပေါင်လဲ့ထံ ဦးတည်လာနေသည့် ထိုဓားထဲမှ ဝိညာဉ်ချီ ရောင်ခြည်တော်စက်ဝန်းများ ထွက်ပေါ်နေသည်။ သို့သော် သူသည် ထိုဓားကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဟန်တူသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲ လက်သွားပြီး ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားကာ အမြန်နှုန်းမှာလည်း ရုတ်ချည်းဆိုသလို မြင့်တက်သွား၏။ သူသည် ထိုသစ်သားဓားကို ရှောင်တိမ်းလိုက်ပြီးနောက် ကျန်းလင်၏အနားသို့ ကပ်သွားလိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်ကာ ကျန်းလင်၏ လက်ချောင်းအား အသာအယာပင် လှမ်း၍ ဆွဲလိုက်ပြီး ရက်ရက်စက်စက် လှန်ချိုးလိုက်တော့သည်။။
” မင်း ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်ပြီးတော့ တာဝန်တွေကို မကျေပွန်ခဲ့တဲ့အပြင် စည်းကမ်းထိန်းသိမ်းရေးအဆောင်ကိုပါ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့အတွက် မင်းရဲ့အပြစ်တွေကို သည်းခံခွင့်လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး ”
ဝမ်ပေါင်လဲ့က ထိုသို့ အော်ဟစ်ကြိမ်းမောင်းနေစဉ် နာကျည်းစွာ အော်ဟစ်နေခဲ့သည့် ကျန်းလင်မှာ မတ်တတ်ထနိုင်ရန်ပင် အားယူနေရသည်။ တိုက်ပွဲအတွေ့အကြုံအပိုင်းတွင် သူသည် တိုက်ခိုက်ရေးအသင်းဂေဟာထဲ၌ ပွဲအရေအတွက် ရာပေါင်းများစွာ တိုက်ခိုက်ခဲ့သည် ဝမ်ပေါင်လဲ့ထက် များစွာပို၍ နိမ့်ကျနေသည်။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့က ခြေထောက်ဖြင့် ကျန်းလင်၏ ပေါင်ကြားအား ချိန်ရွယ်ကာ ကန်ကျောက်လိုက်တော့သည်။ ထိုအခါ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ကျန်းလင်၏ စိတ်မချမ်းမြေ့စရာ အော်ဟစ်သံများ ပြောင်းလဲသွားပြီး အဝေးသို့ လွင့်ထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့က ကျန်းလင် သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် အားအကုန် မသုံးခဲ့ပေ။ အကယ်၍ သူသာ ခန္ဓာအချုပ်အနှောင် နောက်ဆုံးအဆင့် အင်အားများကို အကုန်လုံး ထုတ်သုံးခဲ့မည်ဆိုပါက ကျန်းလင်၏ အားနည်းချက်နေရာကို ကန်ကျောက်
နေသည်ဖြစ်ရာ ကျန်းလင်အား ကန်ကျောက်၍ သတ်ပစ်နိုင်လောက်ပေသည်။
ထိုမြင်ကွင်းကို သူ၏ပတ်ပတ်လည်မှ လူတိုင်း မြင်နေရ၏။ သူတို့မှာ ပင့်သက်များ ရှိုက်နေကြရပြီး ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကြောင့် တုန်လှုပ်ချောက်ချားကာ ယခုမှ ဝမ်ပေါင်လဲ့အား ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးသည့်အလား ခံစားနေရတော့သည်။
သူ၏ ထိုးနှက်ကန်ကျောက်ခြင်းများကို ခံခဲ့ရသည့် လူများမှာလည်း သနားစဖွယ်ကောင်းစွာ အော်ဟစ်နေကြ၏။ သူတို့၏ လက်ချောင်းများနှင့် လက်ကောက်ဝတ်များမှာ ပုံစံအမျိုးမျိုးဖြင့် ကျိုးပဲ့နေကြပြီ ဖြစ်သည်။ သူတို့ထဲတွင် ကျန်းလင်မှာ အဖြစ်အဆိုးဆုံးပင်။ သူ၏ မျက်နှာမှာ ပြာနှမ်းလုနီးပါး ဖြစ်နေပြီး ပေါင်ကြားကို လက်ဖြင့် ဆုပ်ကိုင်ထား၏။ သူသည် ပါးစပ်ဟလိုက်ပါသော်လည်း အသံတစ်သံပင် မထွက်နိုင်တော့ပေ။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ဆရာများလည်း ရောက်နေကြပြီဖြစ်သည်။ ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရပြီးနောက် သူတို့သည်လည်း အလွန် အံ့ဩတုန်လှုပ်သွားကြ၏။ သို့သော် မည်သူကမှ ဝမ်ပေါင်လဲ့အား တားဆီးခြင်းမရှိပေ။
အဘယ့်ကြောင့်ဆိုသော အကြိမ်တိုင်း ဝမ်ပေါင်လဲ့က အကြောင်းအရင်းကို ကြေညာပြီးမှသာ တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ကျောင်းသားခေါင်းဆောင်အသစ်လည်း ဖြစ်နေပြီ ဖြစ်ရာ ဝိညာဉ်ကျောက်တုံးခန်းမ၏ စည်းကမ်းထိန်းသိမ်းရေးအဆောင်အား ထိန်းချုပ်ခွင့် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် လက်အောက်ငယ်သားများကို ကိုင်တွယ်ဖြေရှင်းကာ တေလေကြမ်းပိုးများကို ရှင်းထုတ်နေခြင်းမှာ သာမန်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့က ကျန်းလင်နှင့် ဆူပူသောင်းကျန်းသူ စစ်ဆေးရေးမှုးများကို ရှင်းလင်းစွာ နှိမ်နင်းပြီးနောက် ထိုတိုက်ပွဲထဲတွင် ဝင်မပါခဲ့သော စစ်ဆေးရေးမှုးများကို လှမ်း၍ကြည့်လိုက်သည်။
” ငါ မင်းတို့ကို မင်းတို့ရဲ့ အပြစ်တွေကို ပြန်ပြီးတော့ ချေပနိုင်မဲ့ အခွင့်အရေးတစ်ခု ပေးနေတာလေ။ ဘာကိုစောင့်နေကြတာလဲ။ ဒီ စည်းကမ်းဖောက်ခဲ့တဲ့ ကျောင်းသားတွေကို စည်းကမ်းထိန်းသိမ်းရေးအဆောင်ဆီ ပြန်ခေါ်သွားကြစမ်း ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သည်နှင့် စစ်ဆေးရေးမှူးဟောင်းများမှာ ချက်ချင်းဆိုသလိုပင် ကြောက်ကြောက်ရွံ့ရွံ့နှင့် သူ့အား ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့က မြေပြင်ပေါ်တွင် အော်ဟစ်မြည်တမ်းနေကြသည့် လူများမှာ သူတို့၏ လက်တွဲဖော်များ ဖြစ်နေသည့်အချက်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ဒဏ်ရာရခဲ့သည့် လူတချို့ပင် သူတို့ အညံ့ခံကြောင်း ပြသရန်အတွက် လူးလွန့်ကာ ထလာကြတော့သည်။
ဝမ်ပေါင်လဲ့က ထိုပြဿနာအား လျှပ်တစ်ပြက်အတွင်း ဖြေရှင်းလိုက်နိုင်သောကြောင့် ကျောင်းသားခေါင်းဆောင်တစ်ယောက် ပိုင်ဆိုင်ထားသည့် လုပ်ပိုင်ခွင့်အာဏာနှင့် ရာထူးအဆင့်အတန်းတို့ကို ကောင်းကောင်းနားလည်သွားတော့သည်။ ထို့ကြောင့် သူသည် အလွန် စိတ်လှုပ်ရှားသွား၏။
သူ နှစ်ဝက်ကျော်ကြာ ကြိုးစားခဲ့ရသည့် ရည်မှန်းချက်ပန်းတိုင်အား နောက်ဆုံးတွင် ရရှိအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နေဝင်ရီတရောအချိန် ကောင်းကင်ကြီးမှာ သူ၏ မျက်ဝန်းများထဲတွင် အလွန် လှပနေတော့သည်။ သူ ရာထူးတိုးသွားသည့် မြင်ကွင်းကို ကျောင်းသားများစွာကလည်း စောင့်ကြည့်နေကြသည် ဖြစ်ရာ ပို၍ ကြည်နူးဖွယ်ရာ ကောင်းနေ၏။
သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရွှင်ပျစွာ ပြုံးလိုက်၏။ ထို့နောက် လူအုပ်ကြီးနှင့် ဆရာများကို လှမ်း၍ကြည့်လိုက်ပြီး လက်ကိုဆုပ်၍ တလေးတစား ဦးညွှတ်ကာ ဆိုလိုက်သည်။
” အနာဂတ်မှာ ကျနော့်ကို ဂရုစိုက်ပေးဖို့အတွက် ကျနော့်ရဲ့ အတန်းဖော်တွေနဲ့ ဆရာတွေကို အားကိုးပါတယ် ”
ထိုဦးညွှတ်မှုကြောင့် ပတ်ပတ်လည်တွင် ရှိနေကြသော အံ့ဩမှင်တက်နေဆဲ ဖြစ်သည့် ကျောင်းသားများ၏ အမူအရာများမှာ တည်ကြည်သွားကြ၏။ သူတို့က ဝမ်ပေါင်လဲ့အား ပြန်၍ ဦးညွှတ်ပြလိုက်ပြီး ကြောက်ရွံ့လေးစားမှုများဖြင့် ကြည့်လိုက်ကြတော့သည်။
ဆရာများမှာမူ ကျောင်းသားများကဲ့သို့ မခံစားနေရပါသော်လည်း ဝမ်ပေါင်လဲ့အား ကြည့်၍ သာမန်ကျောင်းသားတစ်ယောက်ကဲ့သို့ သဘောမထားနိုင်တော့ပေ။ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြပြီး ဝမ်ပေါင်လဲ့ကို ပို၍ အထင်ကြီးလာကြတော့သည်။
သူသည် တာအိုကျောင်းက ပေးအပ်သော ရာထူးတစ်ခု မဟုတ်သည့် ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ကျောင်းသားခေါင်းဆောင်တိုင်း ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ထိုရာထူးကို ရရှိပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ ထိုရာထူးမှာ အလွန် ကြီးမားသော လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထားပါသော်လည်း တာအိုကျောင်းမှ ကျောင်းသားများမှာ ထိုကိစ္စနှင့်ပတ်သက်၍ စနိုးစနောင့် ဖြစ်နေကြမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ပိုင်အစွမ်းအစရှိမှသာ ထိုရာထူးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် တာအိုကျောင်းတွင် ရှိနေသည်မှာ တစ်နှစ်ပင် မပြည့်သေးကြောင်း သိလိုက်ရသောအခါ သူတို့ ပို၍ပင် အထင်ကြီးသွားကြတော့သည်။ သူသည် အချိန်တစ်နှစ်ပင် မကုန်သေးပါသော်လည်း ကျောင်းသားသစ်တစ်ယောက်အဖြစ်မှ ကျောင်းသားခေါင်းဆောင်တစ်ယောက် အဖြစ်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် သက်တံ့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို သန့်စင်နိုင်ခဲ့သည်ဖြစ်ရာ သူ၏ထူးခြားမှုကို အထင်အရှား သိမြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့က ဘေးပတ်ပတ်လည်မှ ကျောင်းသားများကို ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် ခါးမတ်မတ် ရပ်လိုက်၏။ သူသည် သူ့ကိုယ်သူ အလွန် ကျေနပ်နေ၏။ ထို့ကြောင့် သူသည် အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်ပြီး ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ ဖောက်ထားသော လူသွားလမ်းအတိုင်း လျှောက်လှမ်းသွားလိုက်တော့သည်။
မရေမတွက်နိုင်သော မျက်ဝန်းပေါင်းများစွာက သူ့အား စိုက်ကြည့်နေကြ၏။ တိုက်ရိုက်ထုတ်လွှင့်နေသော တာအိုလေးပင် အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် အချိန်အနည်းငယ်ခန့်ကြာမှ သတိပြန်လည်လာပြီး လေသံတိုးတိုးလေးဖြင့် တိုက်ရိုက်ထုတ်လွင့်မှုပေါ်တွင် ဒုန်းပျံများ လက်ဆောင်ပေးရန် တောင်းဆိုလိုက်တော့သည်။
” ကိုယ့်လူတို့။ အခု ကျနော်က ဝမ်ပေါင်လဲ့ကို တိတ်တိတ်ကလေး ခိုးပြီးတော့ မှတ်တမ်းတင်နေတာ။ သူ့မျက်နှာက ကြီးလွန်းလို့ ဖန်သားပြင်နဲ့တောင် မဆန့်ဘူး။ သူက တော်တော်ကို အန္တရာယ်များတယ်ဗျ။ အဲဒီေတာ့ ကျနော့်ကိုယ် ကျနော် ကာကွယ်ဖို့အတွက် ဒုန်းပျံတွေကို လိုအပ်တယ်။ လာပါ … ဒုန်းပျံတွေ လေပေါ်မှာဝဲသွားအောင် လုပ်လိုက်ကြစို့ဗျာ ”
သို့သော် ထိုကဲ့သို့ သူ ပြောလိုက်စဉ်မှာပင် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွားရ၏။ သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများမှာ ရုတ်ချည်းဆိုသလို ပြူးသွားကြတော့သည်။ သူသည် လူသွားလမ်းဆီသို့ လမ်းလျှောက်သွားနေခဲ့သည့် ဝမ်ပေါင်လဲ့က ရုတ်တရက်ဆိုသလို သူ၏ဘေး၌ ပေါ်လာသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
” ကျောင်း…. ကျောင်းသားခေါင်းဆောင် ”
တာအိုလေးမှာ အသက်ပင် ကောင်းကောင်း မရှုနိုင်တော့ပေ။ သူသည် စကားတစ်ခွန်းပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့က ခန္ဓာကိုယ်အား ကိုင်းညွှတ်လိုက်ပြီး မှတ်တမ်းတင် ကိရိယာကို လှမ်း၍ ကြည့်လိုက်၏။
” နေပါဦး။ မင်းက ဘာလို့ အခုအထိ ဘယ်လို တိုက်ရိုက်ထုတ်လွှင့်ရသလဲဆိုတာကို မသိသေးတာလဲကွ ”
ဝမ်ပေါင်လဲ့က ကျေနပ်အားရမှု မရှိသည့် အမူအရာဖြင့် မေးလိုက်၏။ ယခုအကြိမ်တွင်မူ သူသည် မှတ်တမ်းတင်ကိရိယာကို မယူတော့ဘဲ ဟန်ဆောင်ချောင်းဟန့်ကာ အော်ပြောလိုက်၏။
” ကိုယ့်လူတို့။ အရင်အခေါက်တုန်းက ဒီ တာအိုလေးဆိုတဲ့ကောင် ချော်ရည်အခန်းထဲကို သွားခဲ့လား။ သူ မသွားခဲ့ဘူးဆိုရင် ပြောနော်။ ငါကိုယ်တိုင် သူ့ကို လိုက်ပို့ပေးလိုက်မယ်။ ငါ မင်းတို့ရဲ့ ဒုန်းပျံတွေကို အလကား အဖြစ်မခံနိုင်ဘူး ”
ဝမ်ပေါင်လဲ့တစ်ယောက် စကားမဆုံးခင်မှာပင် ထို တိုက်ရိုက်ထုတ်လွှင့်ခြင်းချန်နယ်ကို ကြည့်ရှုနေကြသည့် လူအရေအတွက် တမုဟုတ်ချင်း ထိုးတက်သွား၏။ ထို့နောက် ဖန်သားပြင်ပေါ်တွင် စာကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
တာအိုလေးမှာမူ ဖန်သားပြင်ပေါ်တွင် သူ ချော်ရည်အခန်းထဲသို့ ဝင်သွားခဲ့ခြင်းမရှိကြောင်း ရေးသားထားသောစာကြောင်းများဖြင့် ပြည့်နှက်သွားသည်ကို မြင်လိုက်ရသောအခါ အသက်လုံးဝ မရှူနိုင်တော့ပေ။ သူသည် ထိုစဉ်က ခက်ခက်ခဲခဲ ကြိုးစားကာ ကြည့်ရှုသူများကို ထိုကိစ္စအား လျှော်ပေးရန် တောင်းဆိုခဲ့ရသည်။ ယခုတွင် ဝမ်ပေါင်လဲ့က ထိုအကြောင်းကို ပြန်၍ အစဖော်လိုက်သည်ဖြစ်ရာ သတိမေ့မြောလုမတတ် ဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင် နှာမှုတ်လိုက်၏။ သူသည် နားအလွန်ပါးသောကြောင့် သူ၏ မျက်နှာမှာ အလွန် ကြီးသည်ဆိုသော တာအိုလေး၏ စကားကို ကြားလိုက်ရသည်။ ထိုကိစ္စကို သူ လုံးဝ ခွင့်လွှတ်ပေးနိုင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့က သူ၏ လုပ်ရပ်များကို ကျေနပ်အားရသွားပြီးမှ လက်နှစ်ဖက်ကိုနောက်ပစ်ကာ သီချင်း တညည်းညည်းနှင့် အဝေးသို့ ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် တခဏအကြာတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းချန်နယ်ထဲမှ ဆွေးနွေးငြင်းခုံသံများ များပြားလာရုံသာမက ဝိညာဉ်ကျောက်တုံးခန်းမ ပတ်ပတ်လည်တွင်လည်း ဆူညံယောက်ယက်ခတ်သွားကြတော့သည်။ တာအိုလေးမှာမူ ဝမ်းနည်းလွန်းသောကြောင့် မျက်ရည်များပင် ကျမလာတော့ပေ။ သူသည် ဝမ်ပေါင်လဲ့က သူ့ တိုက်ရိုက်ထုတ်လွှင့်ခြင်းအလုပ်၏ ရန်သူတော်ကြီး ဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။
တချိန်တည်းမှာပင် ဓမ္မလက်နက်ဌာနရှိ ဝိညာဉ်နတ္ထိခန်းမ၏ ကျောင်းသားခေါင်းဆောင် နေအိမ်ထဲတွင် လူငယ်နှစ်ယောက်က ခေါင်မိုးပေါ်ရှိ ဇိမ်ခံအထပ်တွင် ရပ်နေကြပြီး ဝိညာဉ်ကျောက်တုံးခန်းမရှိရာဘက်သို့ လှမ်း၍ ကြည့်နေကြသည်။
သူတို့နှစ်ယောက်စလုံးက ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင် သုံးယောက်ထဲမှ နှစ်ယောက်ဖြစ်သော ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်နှင့် ဝိညာဉ်နတ္ထိခန်းမ၏ ကျောင်းသားခေါင်းဆောင်တို့ဖြစ်ကြသည်။
ဝိညာဉ်နတ္ထိခန်းမ၏ ကျောင်းသားခေါင်းဆောင်မှာ ရုပ်ဖြောင့်၏။ သူ၏ပုံပန်းသွင်ပြင်မှာ မြင့်မြတ်သည့်ပုံပေါ်သဖြင့် ကြွယ်ဝချမ်းသာသော မိသားစုတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ပေါ်လွင်နေ၏။ သူသည် ငယ်စဉ်ကတည်းက ထိုကဲ့သို့ ဖြစ်နေအောင် လေ့ကျင့်ထားခြင်းဖြစ်သည်။
သူ၏ အမူအရာမှာ နောက်တွင်ရှိနေသည့် ကမ္ဗည်းစာခန်းမမှ ကျောင်းသားခေါင်းဆောင်၏ ညှိုးငယ်နေသော အမူအရာနှင့် မတူဘဲ တည်တည်ကြည်ကြည် ရှိနေ၏။ မောင်းသံများပင် သူ၏မျက်လုံးများ အရောင်လက်သွားရုံလောက်သာ လုပ်နိုင်ခဲ့သည်။
ထိုအခိုက် ထိုချမ်းသာကြွယ်ဝသော လူငယ်လေး၏ နောက်တွင် ရှိနေသည့် ကမ္ဗည်းစာခန်းမမှ ကျောင်းသားခေါင်းဆောင်မှာ အသံလွှင့်လက်စွပ်ကို ငုံ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။
” အစ်ကိုလင်း … ကျန်းလင် အဖမ်းခံလိုက်ရပြီတဲ့ ”
ထိုချမ်းသာကြွယ်ဝသော လူငယ်လေးမှာ ထိုစကားကို ကြားလိုက်ရသောအခါ အတန်ငယ် အံ့အားသင့်သွား၏။ သူက အသေးစိတ် မေးမြန်းကြည့်လိုက်သောအခါ ထိုကဲ့သို့ အဖမ်းခံရသည့် အကြောင်းအရင်းကို သိသွားသောကြောင့် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။
” ကျန်းလင်က တုံးလွန်းတယ်။ သူ့ဇာတ်သူကမှတော့ ဒီလိုအဖမ်းခံရတာ သူ့ကိုယ်သူပဲ ပြန်ပြီးတော့ အပြစ်တင်ရမှာပဲ။ ဒါပေမဲ့ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်လေးက တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲကွ ”
” အစ်ကိုလင်း … ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ကျနော်တို့နဲ့ မတူလောက်ဘူး။ အခု ကျန်းလင်က ကျောင်းသားခေါင်းဆောင်ရာထူးကို လက်လွှတ်လိုက်ရပြီဆိုတော့ ကျနော်တို့ ဓမ္မလက်နက်ဌာနကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲတချို့နဲ့ ကြုံရနိုင်တယ် ”
ကမ္ဗည်းစာခန်းမကျောင်းသားခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး ခပ်အောအော အသံတစ်သံဖြင့် ဆိုလိုက်၏။
ချမ်းသာကြွယ်ဝသော လူငယ်လေးကမူ ထိုစကားကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ သူသည် အလွန်တည်ငြိမ်အေးဆေးသောအမူအရာဖြင့် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်ဘက်သို့ လှည့်လာပြီး ပခုံးကို ပုတ်လိုက်သည်။
” ညီလေးချောင်။ ဘာမှလောနေစရာ မလိုပါဘူး။ ဝမ်ပေါင်လဲ့ကို ရက်အနည်းငယ်လောက် သူ့ကိုယ်သူ ကျေနပ်နေခွင့်ပေးလိုက်ပါ။ သိပ်မကြာခင် ကျောင်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီးတော့ ကြီးမားတဲ့ ပြောင်းလဲမှုတချို့ကို လုပ်လိမ့်မယ်လို့ ငါ ကြားထားတယ် ”
ထိုချမ်းသာကြွယ်ဝသော လူငယ်လေး၏ အပြုံးထဲတွင် နက်နဲသော အဓိပ္ပါယ်တစ်ခု ကိန်းအောင်းနေ၏။ သူသည် ထိုသို့ပြောရင်း ဝိညာဉ်ကျောက်တုံးခန်းမ ကျောင်းသားခေါင်းဆောင်၏ နေအိမ်ဘက်သို့ ပြန်၍ လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင်မူ အထင်သေးသည့် အရိပ်အယောင်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။
ကမ္ဗည်းစာခန်းမမှ ကျောင်းသားခေါင်းဆောင်မှာမူ ထိုချမ်းသာကြွယ်ဝသော လူငယ်လေး၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သူသည် ရှေ့တွင်ရှိနေသော လူငယ်၏နောက်ခံအင်အားကို တွေးမိလိုက်သောအခါ စိတ်အေးသွား၏။ သူသည် ထိုချမ်းသာကြွယ်ဝသော လူငယ်လေးနှင့်အတူ ရပ်နေပါသော်လည်း သေသေချာချာ ကြည့်လိုက်မည်ဆိုပါက နောက်ဘက် ခြေလှမ်းတစ်ဝက်အကွာတွင် ရပ်နေခြင်းဖြစ်ကြောင်း မြင်ရမည် ဖြစ်သည်။ ချမ်းသာကြွယ်ဝသော လူငယ်လေးက ခေါင်းဆောင်ဖြစ်နေသည်ကို အထင်အရှား မြင်နိုင်၏။
လက်တွေ့တွင်လည်း ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင် သုံးယောက်ထဲတွင် ဝိညာဉ်နတ္ထိခန်းမ၏ ကျောင်းသားခေါင်းဆောင်မှာ အာဏာအကြီးဆုံး ဖြစ်သည်။ သူ၏ ထို ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးထက် ပို၍ အရေးပါသည့်အချက်မှာ အလွန် ကြောက်စရာကောင်းသော သူ၏ နောက်ခံအင်အား ဖြစ်သည်။
ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်မှာ ထိုချမ်းသာကြွယ်ဝသော လူငယ်လေး၏ နောက်ခံအင်အားကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ပြီး ရေရေရာရာ မသိထားပေ။ သို့သော် အဆင့်နိမ့်ကျွန်းတွင် အာဏာကြီးသော ဒုပါမောက္ခက ထို ဝိညာဉ်နတ္ထိခန်းမ၏ ကျောင်းသားခေါင်းဆောင်ကို အလွန် ရိုသေစွာဆက်ဆံခဲ့သည်ကို သူကိုယ်တိုင် မြင်ခဲ့ရသည်။ ထိုလူငယ်လေးအား အကြောင်းအရာအချို့နှင့် ပတ်သက်၍ ကူညီပေးနိုင်ရန်အတွက် သဘောကျလိုက်လျောပေးရန် အဆင်သင့် ဖြစ်နေခဲ့သည်။ ဥပမာဆိုရလျှင် သူသည် ထိုလူငယ်လေးအား ယခုနှစ်အတွက် ဓမ္မလက်နက်ဌာန၏ အထူးဝင်ခွင့်ရကျောင်းသားနေရာတစ်ခုကို ရရှိနိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။
နောက်ဆုံးတွင် သူ၏အစီအစဉ်မှာ မအောင်မြင်ခဲ့ရပါသော်လည်း ထိုသို့ မအောင်မြင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဒုပါမောက္ခ၏ အပြစ်ကြောင့် မဟုတ်ပေ။ ဝမ်ပေါင်လဲ့က ထိုနေရာကို အံအားသင့်စွာ ရရှိသွားခဲ့သောကြောင့် ဖြစ်သည်။
” ဝမ်ပေါင်လဲ့ ”
ကမ္ဗည်းစာခန်းမမှ ကျောင်းသားခေါင်းဆောင်က ပြုံးကာ ရေရွတ်လိုက်၏။ ယခုတွင် သူသည် စိတ်အေးလက်အေး ဖြစ်သွားပြီ ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် သူ၏အမြင်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့တွင် ဝှက်ဖဲအချို့ ရှိနေလျှင်တောင် ဓမ္မလက်နက်ဌာနထဲတွင် သူ့အား ဦးညွှတ်ရမည်ဖြစ်ကြောင်း ယုံကြည်နေတော့သည်။