နှစ်တစ်သောင်းကြာအစီအစဥ်က ခုန်းကျန်းဟန့်ကို စိတ်မရှည်ဖြစ်ခဲ့ရ၏။
ယခု နယ်မြေနှလုံးသားကိုသာ မယူသွားနိုင်ပါက သူ၏ နောက်ဆက်တွဲ အစီအစဥ်များပါ ကျရှုံးသွားရလိမ့်မည်။
ကန္တာရဒေသရှိ မဟာမိတ်တပ်များက ၎င်းသတင်းကိုကြားလိုက်ရသောအခါ သူတို့၏အမူအရာများက ယိမ်းယိုင်သွားကြရသည်။
ဟုတ်ပေသည်။ နယ်မြေနှလုံးသားကို ကမ်းပေးလိုက်ပါက အခြားသောနယ်မြေများသို့သွားနိုင်ကာ သူတို့အသက်ကိုမသေနိုင်ဟု အာမလည်းခံနိုင်လေသည်။
ထိုစစ်ပွဲကို ဆင်နွဲရန်လုံးဝမလိုတော့ပေ။
ထို့ပြင် ထိုစစ်ပွဲက သူတို့သေချာပေါက်ရှုံးနိမ့်မည့်စစ်ပွဲဖြစ်လေသည်။
ဧကရာဇ်မင်းဆရာက ခံစားချက်မကောင်းပေ။ သူက တစ်ခုခုကိုထုတ်ပြောချင်နေ၏။
လုချန်ရှန်းက ထရပ်ကာ အော်ပြောလိုက်၏။ “နယ်မြေနှလုံးသားကိုပေးလိုက်ရင်လဲ သူတို့က အသက်ချမ်းသာပေးမယ်လို့ထင်လား”
အသံက စိတ်ဝိဉာည်ချီများပေါင်းထည့်ထားသောကြောင့် မဟာမိတ်တပ်များ၏ နားထဲသို့ မိုးခြိမ်းသံလိုပင် ဝင်ရောက်သွားသည်။
လူတိုင်းက လုချန်ရှန်းကို ထိတ်လန့်တကြားကြည့်လိုက်ကြသည်။
ထိုသို့မြင်သော် လုချန်ရှန်းက တိတ်တဆိတ်ခေါင်းညိမ့်လိုက်လေသည်။
ကောင်းတယ်။ သူတို့က ငါ့စကားကြောင့် ဆွဲဆောင်ခံလိုက်ရပြီ။
လုချန်ရှန်းကဆက်ပြောသည်။ “ဒီလိုဆိုရင် ရှေးခေတ်ကုန်းမြေတိုက်ပေါ်ရှိ အဖွဲ့အစည်းတွေအားလုံးက အပျက်အးဆီးအဆုရှုံးခံပြီးတိုက်နေရတာလဲ”
ဟုတ်တယ်နော်၊ ဘာကြောင့်လဲ။
သူတို့က ရှေးခေတ်အချိန်က အလွန်အစွမ်းထက်ခဲ့ကြသော်လည်း သူတို့က အထက်ကမ္ဘာနှင့် ဒိကမ္ဘာက ကွာခြားချက်မည်မျှကြီးကြောင်းကို မသိခဲ့ကြပေ။
လုချန်ရှန်းက အလွန်အရပ်ရှည်သည်။
သူ့အသံက လူတိုင်း၏ နားအတွင်းသို့ဝင်လာသည်။
“နောက်ဥပမာပြောရရင် အထက်ကမ္ဘာက စိတ်ဝိဉာည်ချီတွေက အတော်ကိုပေါများနေတယ်လို့ထင်နေတာလား။ ငါတို့အထက်ကမ္ဘာကိုတက်သွားပြီး သူတို့နဲ့မျှသုံးမယ်ဆို သူတို့လက်ခံမယ်ထင်လား”
လုချန်ရှန်း၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင်တို့တတွေ မှင်သက်သွားကြသည်။
ဆရာ… ပြောင်းလဲသွားပြီဘဲ။
ဘယ်တုန်းကစပြီးစကားပြောကောင်းသွားတာလဲ။
လုချန်ရှန်းလည်း ထိုသို့မလုပ်ချင်ပေ။
အကယ်၍ တပ်သားများစွာ စိတ်ဓာတ်ကျသွားပါက သူတို့ အမှန်ပင် ရှုံးသွားလိမ့်မည်။
သူလည်းအေးအေးဆေးဆေးနေ၍ရတော့မည်မဟုတ်ပေ။
ထိုအခိုက် မဟာမိတ်တပ်များ၏ စိတ်ဓာတ်များကပြောင်းလဲသွားလေသည်။
လုချန်ရှန်း၏စကားများက သူတို့ကို လှုပ်နှိုးလိုက်လေသည်။
မှန်တယ်။ တဖက်ရန်သူက ဘာလိုဒီလိုလုပ်ပေးမှာလဲ။
သူတို့အတွက် အကျိုးမှမရှိဘဲ။
၎င်းကိုမြင်သော် လုချန်ရှန်းက ကောင်းကင်ဘုံလမ်းကိုညွန်ပြလိုက်ပြီး “ဒါဆို ငါတို့က ဘာလို့ပြန်မတိုက်ရမှာလဲ”
“ငါတို့ရဲ့အနာဂတ်အတွက် ငါတို့ရဲ့မျိုးဆက်တွေအတွက် တိုက်ခိုက်ကြမယ်”
“ငါတို့နိုင်ရင် နောင်အနာဂတ်မှာ မြင့်မားတဲ့နယ်ပယ်တွေကို ချိုးဖြတ်နိုင်မယ်။ သမိုင်းပညာရှင်တွေက ငါတို့ရဲ့သမိုင်းကြောင်းတွေကို မှတ်တမ်းတင်တဲ့အခါ မင်းတို့ငါတို့တွေက သူရဲကောင်းတွေအဖြစ်နဲ့ရေးထိုးခြင်းခံရလိမ့်မယ်”
“ငါတို့ရှုံးနိမ်ရင်လည်း ကိစ္စတော့မရှိဘူး။ ဘာဘဲဖြစ်ဖြစ် သေမှာက သေမှာဘဲ။ ဘာလို့မကြိုးစားကြည့်ရမှာလဲ”
ပန်ကိတ်အကြီးကြီးတစ်ခုဆွဲပြလိုက်ခြင်းပင်။ (တရုတ်အင်တာနက်ဘန်းစကား – မဖြစ်နိုင်တဲ့ကတိကိုပေးခြင်း)
ဟုတ်ပေသည်။ ကူးပြောင်းလာသူတစ်ဦးအနေနှင့်၊ မနက်ကိုးညကိုးအလုပ်သမားတစ်ဦးအနေနှင့် (996 – မနက်ကိုးနာရီ ညကိုးနာရီ တစ်ပတ်ခြောက်ရက်အလုပ်လုပ်ရသောဝန်ထမ်း) သူက ပန်ကိတ်ကြီးကြီးမည်သို့ရေးဆွဲရမည်ကို မည်သည့်အကြောင်းကြောင့်မသိရသနည်း။
ယလင်ဘဝ၌ လုချန်ရှန်းက ပုံကြီးကြီးဘယ်လိုဆွဲရမည်ကို မသိခဲ့ပေ။
သို့သော်ငြားလည်း ယခုတော့
ဟား ဟား၊ မင်းတို့ကောင်တွေ နယ်ပယ်ရှု့ထောင့်တိုက်ခိုက်ခြင်းကို သိကြလား။ (三体 The Three-Body Problem လို့ခေါ်တဲ့ 2006 တုံးကထွက်ရှိခဲ့တဲ့ တရုတ် သိပ္ပံဝတ္ထုထဲမှာပါတဲ့ တိုက်ကွက်ကိုရေးထားတာပါ။ TV Sereis တစ်ခုလည်း ထွက်ထားပါတယ်။)
လုချန်ရှန်း စကားပြောနေချိန်…
မဟာမိတ်တပ်မှ လူအားလုံးသည် ပိုပို၍ စိတ်လှုပ်ရှားလာသည်။
နောက်ဆုံးတွင်၊ သူတို့သည် လက်သီးများကို တင်းတင်းဆုပ်ထားကာ အစွမ်းရှိသမျှ အော်ဟစ်ကြသည်။
ဟုန်ရင်၊ ယဲ့ချိုးပိုင်နှင့် အခြားနှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသီးစွာပြုံးကြသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…
ဘယ်လိုပဲကြည့်ကြည့် သူတို့ဆရာက စီးပွားရေးသမားလူလိမ်တစ်ယောက်လို ခံစားရတယ်…
ထားလိုက်ပါတော့။
မည်သို့ပင်ဖြစ်စေ မဟာမိတ်တပ်များ၏ စိတ်ဓာတ်မျာက ပြန်လည်တက်ကြွလာခဲ့သည်။
ထိုအခိုက် ဟန်ရင်က ထရပ်ကာ ကောင်းကင်ဘုံလမ်းအပြင်ရှိ လူများကိုကြည့်လိုက်သည်။
“နှစ်တစ်သောင်းတုန်းကလဲ ငါတို့ သဘောမတူခဲ့ဘူး”
“အခုဆို ပိုဆိုးသေးတယ်”
ခုန်းကျန်းဟန့်က ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်များက ကောင်းကင်ဘုံလမ်းကိုဖြတ်သန်းသွားပြီး ဟုန်ရင်အပေါ်တွင် ကျရောက်သွားသည်။
“တိမ်ဖီးနစ်ဧကရီလား။ မင်းက ပြန်လည်မွေးဖွားလာပုံဘဲ&
“ဒါပေမယ့် မင်းက သိုင်းဧကရာဇ်အဆင့်ကိုပြန်မရောက်သေးဘူး။ ငါတို့ကို မခုခံနိုင်ပါဘူး”
“ရှင်တို့စိတ်ပူစရာမလိုဘူး”
တဖက်သား၏ဆုံးဖြတ်ချက်ကိုမြင်သော် သူဆက်မပြောတော့ပေ။
သူက လက်ကိုဝှေ့ရမ်းကာ “အားလုံး အသင့်ပြင်ထားကြ”
ထိုသို့ပြောပြီးနောက် ခုန်းကျန်းဟန့်က ရှေ့ထွက်လိုက်သည်။
တစ်ချိန်တည်းမှာ သူ့နောက်ရှိ လူခုနှစ်ဦးကလည်း ထွက်လာ၏။
ကောင်းကင်ဘုံလမ်းရှိ အစီအရင်များကို ဖျက်ဆီးပြစ်ပြီး စစ်ပွဲကိုအဆုံးသတ်ရန်ပင်။
ဟုတ်ပေသည်၊ ၎င်းက ခုန်းကျန်းဟန့်တို့၏ တစ်ဖက်သတ်အတွေးပင်။
၎င်းကိုမြင်သော် ဟုန်ရင်က လုချန်ရှန်းကို ကြည့်လိုက်လေသည်။
“ဆရာဆီအပ်ထားလိုက်ပြီနော်”
လုချန်ရှန်းက ပုခုံးတွန့်ကာ ကောင်းကင်ဘုံလမ်းပေါ်တက်လိုက်သည်။
မဟာမိတ်တပ်များရှိလူများက လုချန်ရှန်း၏ကျောပြင်ကိုကြည့်လိုကြသည်။
သူတို့ကပြောက်လိုက်သည်။ “အစီအရင်က ရန်သူကိုဘယ်လောက်ကြာအောင် ထိန်းထားနိုင်မလဲမသိဘူး”
“အခုတော့ ဘယ်လောက်ကြာအောင်ထိန်းတာလဲက အဓိကမဟုတ်တော့ဘူး။ သူတို့ရဲ့ အင်အားကို ဘယ်လောက်ဖြုန်းတီးလိုက်နိုင်လဲဆိုတာက အရေးကြီးတယ်”
ကျောင်းအုပ်ယန်က လေးနက်သောအမူအရာဖြင့် “အကြီးအကဲလု ဘယ်လောက်ထိလုပ်နိုင်မယ်ထင်လဲ”
လင်းရုဖုန်းက ခေါင်းခါလေသည်။
“ကျုပ် အကြီးအကဲလုကို ဖောက်မမြင်နိုင်ဘူး။ သူကတော်တော်တော့သန်မာမယ်ထင်တယ်”
သို့သော်လည်း တစ်ဖက်ရန်သူက အားလည်းမနည်းပေ။
လုချန်ရှန်းအတွက်မူ။
သူ့အမူအရာက အတန်ငယ်ကြောက်လန့်နေသည်။
သူက ထိုအစီအရင်များ ဘယ်လောက်အစွမ်းထက်သည်ကို မသိပေ။
မထိရောက်ပါက သူ မရဏကိုးလောကအစီအရင်ကို ထုတ်သုံးတော့မည်ဖြစ်သည်။
ထိုအခိုက် ကောင်းကင်ဘုံလမ်းအပြင်တွင် ခုန်းကျန်းဟန့်နှင့် အခြားသူများက ရောက်လာကြသည်။
သူတို့က ကောင်းကင်ဘုံလမ်းသို့ဝင်ရောက်လိုက်သည်နှင့် ကမ္ဘာသစ်ပင်အကိုင်းအခတ်များက လိမ်ယှက်ရောထွေးကာ သူတို့ကို တိုက်ခိုက်လိုက်တော့သည်။
ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်ပင်။
သူတို့ရှစ်ဦးက သိုင်းဧကရာဇ်အဆင့်၏ အရှိုန်အဝါများကို မဖုံးကွယ်ထားပေ။
ကြောက်မက်ဖွယ်အရှိုန်အဝါများက တစ်ချိန်တည်းမှာ ပေါ်ထွက်နေလေသည်။
ထိုအရှိူန်အဝါများကိုမြင်လိုက်ရသော ကျောင်းအုပ်ယန်တို့က ထိတ်လန့်သွားကြလေသည်။
သိုင်းဧကရာဇ်အဆင့် ရှစ်ယောက်တောင်လား။
သူတို့က ဘယ်လိုလုပ်တားဆီးနိုင်မည်နည်း။
မဟုတ်မှ အကြီးအကဲလုတောင် မတာဆီးနိုင်ရင်….
ထို့နောက် မုတ်ဆိတ်မွေးနှင့်လူတစ်ဦးက ခုန်းကျန်းဟန့်ဘေးက ထွက်လာလေသည်။
ထိုနောက် သူက လက်ဝါးချက်တစ်ခုရိုက်ထုတ်လိုက်သည်။
လျှပ်စီးလက်ဝါးတစ်ခုက သစ်ပင်ကို ထိမှန်သွားလေသည်။
ခရက်၊ ခရက်။
ကမ္ဘာ့သစ်ပင်က ချက်ချင်းပင် အမှုန့်ဖြစ်သွား၏။
မုတ်ဆိတ်နှင့်လူကရယ်ရမ်းသွေးကာ လှောင်ပြောင်လိုက်သည်။
“အရင်က ငါတို့က ပုံရိပ်ယောင်ဘဲရှိသေးတာ။ အခု ငါတို့ရဲ့ခန္ဓာကိုယ်အစစ်တွေရောက်လာပြီ။ မင်းတို့တားနိုင်သေးလား”
သိူ့သော်လည်း သူစကားဆုံးသည်နှင့်။
သစ်သားမှုန်များက လေပေါ်တွင်ဝဲလာက အစိမ်းရောင်ဖျော့ဖျော့လင်းလက်လာ၏။
ထိုအလင်းများတွင် ခန့်ညားသော အဆုံးမဲ့အသက်စွမ်းအာများပါနေလေသည်။
ချက်ချင်းဆိုသလိုဘဲ ခုန်းကျန်းဟန့်တို့မျက်စိအောက်တွင် သစ်ပင်အဖြစ်ပြန်လည်ပြောင်းလဲသွားပြီး မုတ်ဆိတ်နှင့်လူဆီသို့တိုးဝင်သွားတော့သည်။
ထိုအခိုက် ကမ္ဘာ့သစ်ပင်က ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားတော့သည်။
“လှည့်ကွက်တစ်ခုခုတော့ရှိမယ်။ သတိထားကြ”
ထိုသို့ဖြင့် သူ့ဘေးရှိ အနက်ရောင်ဇာပဝါမျက်နှာကာကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ထွက်ရပ်လာသည်။
နှင်းလိုဖြူဖွေးသောလက်တစ်စုံက ညင်သာစွာဝှေ့ရမ်းလိုက်သောအခါ သူမ၏ အင်္ကျီလက်အိုးအတွင်းမှ ပန်းနုရောင်အရှိုန်အဝါအမျှင်တန်းများက ထွက်ပေါ်လာ၏။
ထိုပန်းနုရောင်အရှိုန်အဝါများက ကမ္ဘာသစ်ပင်ကိုရစ်ပတ်လိုက်သောအခါ ကြောက်စရာကောင်းစွာပင် ကမ္ဘာသစ်ပင်က မျက်စိရှေ့တွင်ပင် ညိုးခြောက်သွားတော့လေသည်။
ထို့နောက်တွင် မုတ်ဆိတ်နှင့်လူက နောက်ထပ်လက်ဝါးချက်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။
ထိုလက်ဝါးပြင်တွင် လျှပ်စီးများပြည့်နက်နေကာ တိမ်မဲများကိုပင် ဆွဲဆောင်လိုက်နိုင်သည်။
ထိုတိမ်မဲများအတွင်းတွင် မိုးကြိုးနဂါးက အသက်ရှုနေသကဲ့သို့ လျှပ်စီးများက လက်နေလေသည်။
ထို့နောက် ကျယ်လောင်သောအသံတစ်ခုက ထွက်ပေါ်လာလေသည်။
မိုးကြိုးနဂါးများက တိမ်မဲများအတွင်းမှ တစ်ခုပြီးတစ်ခုဆင်းသက်လာတော့သည်။
ကမ္ဘာပျက်လုမတက်ပင်။
ပန်းနုရောင်အရှိုန်အဝါများကြောင့် ညိုးခြောက်သွားသော ကမ္ဘာသစ်ပင်အား စွမ်းအားအပြည့်နှင့်ပြစ်ချလိုက်လေသည်။
သို့သော်ငြားလည်း ထိုအခိုက်တွင် လေဟာနယ်က ကျုံ့ဝင်လာတော့သည်။
စိတ်ဝိဉာည်ချီများက ချက်ချင်းပင် ခမ်းခြောက်လာလေသည်။
သူတို့ခန္ဓာကိုယ်ရှိ စိတ်ဝိဉာည်ချီများကိုလှည့်ပတ်ရာတွင်ပင် အလွန်အမင်း ပိတ်ဆို့လာတော့သည်။
“ဘာဖြစ်သွားတာလဲ”
သူတို့နှစ်ဦးက ထိတ်လန့်သွား၏။
ခုန်းကျန်းဟန့်က နက်မှောင်သောအမူအရာဖြင့် လုချန်ရှန်းလက်ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
စိတ်ဝိဉာည်အချုပ်နှောင်တိမ်မြစ်အစီအရင်နှင့် လေဟာနယ်အချုပ်အနှောင်အစီအရင်တို့က တစ်ပြိုင်တည်း စွမ်းအားများထိုးထွက်လာတော့သည်။