Switch Mode

အပိုင်း (၇၉၈)

ပါရမီရှင်များအား လုယက်ခြင်း

သူတို့အားလုံးက ငယ်ရွယ် ချောမောသော မြေရိုင်းပြည်နယ် ခေါင်းဆောင်အား လှမ်းကြည့်ကြပြီး အထင်ကြီး လေးစားကြရ၏။

နှစ်ပေါင်းများစွာ ကြာအောင် ရှန့်ထိုတစ်ပါး မရှိခဲ့သော မြေရိုင်းပြည်နယ်မှ လူငယ် ခေါင်းဆောင်က လူငယ်တစ်စုကို ဦးဆောင်ကာ ပြည်နယ်ကိုးခု ညီလာခံသို့ ရောက်လာပြီး အလွန် အံ့ဖွယ်ကောင်းသော ရလဒ်အား စွမ်းဆောင် နိုင်ခဲ့သည်။

မြေရိုင်းပြည်နယ်မှ တပည့်များက သည်နှစ် ပြည်နယ်ကိုးခု ညီလာခံတွင် အားအကောင်းဆုံးဟုပင် ပြောနိုင်ပေ၏။

ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီး ဆယ်ယောက်ထဲတွင် မြေရိုင်းပြည်နယ်မှ နှစ်ယောက် ပါဝင်ကာ နွေဦးပြည်နယ်မှ နှစ်ယောက်နှင့် ချီပြည်နယ်မှ နှစ်ယောက်တို့ ဖြစ်ကြသည်။ ထို့အပြင် ယူချင်းက ပြိုင်ပွဲ၏ ပထမနေရာကို ရခဲ့သည်။

ပြည်နယ်ကိုးခု ညီလာခံ၌ မြေရိုင်းပြည်နယ်က အနိုင်ရသူ ဖြစ်လာမည်ဟု မည်သူ တွေးခဲ့သနည်း။

မြေရိုင်းပြည်နယ်မှ တပည့်များက ထိုမျှ စွမ်းရည် မြင့်မားကြသည် ဆိုပါက သူတို့၏ လူငယ် ခေါင်းဆောင်က မည်မျှ ထူးခြား ထက်မြက်လိုက် မည်နည်း … လူအများအပြားက တွေးမိ နေကြသည်။ ယူချင်း၏ တိုက်ခိုက်ပုံ နည်းလမ်းများကို မြင်ပြီးနောက် ရီဖူရှင်းက မည်မျှ ထူးချွန်နေပါစေ ယူချင်းအား အနိုင်ရရန် မလွယ်ဟု လူအများအပြားက ဝေဖန် ပြောဆိုကြသည်။

ယူချင်းကား ပြည်နယ်ကိုးခုလုံး၌ နောက်တစ်ယောက် ရှာတွေ့ရန် မလွယ်သော ပါရမီရှင်ဖြစ်သည်။ အချို့က ယူချင်းအား သူတို့၏ တော်ဝင်မြေများသို့ ခေါ်ဆောင်ကာ လေ့ကျင့်စေရန်ပင် စဉ်းစား နေကြသည်။

“ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံမှာ ပြိုင်ပွဲထိပ်သီး ဆယ်ယောက်ကို ဆုချမယ်လို့ ပြောထားတယ်…” ရှီဟွာတောင်ရှန့်ထို၏ အသံက ထွက်လာသည်။ ထို့နောက် သူက ဆယ်ယောက်ကို ကြည့်ကာ ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံရဲ့ ပထမဆုရှင် ယူချင်းက ရတနာပုဆိန်ကို ဆုလာဘ်အဖြစ် ရရှိမယ်..” သူက လက်ဝှေ့ယမ်းသည်နှင့် ရတနာပုဆိန်က ကြောက်မက်ဖွယ် ကောင်းသော အလင်းများ ဖြာထွက်လျက်ပင် ယူချင်းထံကို ပျံဝဲ ရောက်လာသည်။

အားလုံက တော်ဝင်ရတနာကို လှမ်းကြည့်ကြသည်။ မည်သည့် တော်ဝင်မြေကမှ ရှန့်ထိုလက်နက်များ ရှားပါးခြင်း မရှိသည့်တိုင် ရှန့်ထိုရတနာကား တစ်ဦးတစ်ယောက်တည်းက လက်ဝယ် ပိုင်ဆိုင်ရန် မလွယ်ကူပေ။ ယခု ထိုရတနာအား ယူချင်းက ပိုင်ဆိုင်ပြီ ဖြစ်သည်။

ယူချင်းက လက်ဆန့်တန်းကာ ပုဆိန်အား ယူသည်။ ကြောက်မက်ဖွယ် အရောင်အဝါများ လင်းလက် နေသည့်တိုင် ယူချင်းက ပုဆိန်၏ စွမ်းအားကို စမ်းသပ်ခြင်း မပြုတော့ဘဲ​သိမ်းဆည်း လိုက်သည်။ ထို့နောက် သူက ရှီဟွာတောင် ရှန့်ထိုအား ဦးညွှတ်ကာ ပြောသည်.. “ကျေးဇူးတင်ပါတယ် … စီနီယာ…”

“မင်းက ဒါနဲ့ ထိုက်တန်တယ်…” ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်။ သူက နောက်ထပ် လက်ဝှေ့ယမ်းသည်တွင် ရှန့်ထိုရတနာ ပုရပိုက်က ရာရာထံကို ပျံသန်းသွားပြီး သူက ပြောသည်.. “ပြည်နယ်ကိုးခု ညီလာခံရဲ့ ဒုတိယဆုကို ရာရာက ရရှိတယ်…”

ရာရာက အထူးတလေ ဟန်ဆောင်မနေဘဲ ယူလိုက်ကာ ပြောသည်… “ကျေးဇူးပဲ…”

“ကလေး … ဘယ်ကျေးရွာက လာတာလဲ…” ရှီဟွာတောင် ရှန့်ထိုက မေးသည်။ မျက်လုံးပေါင်း များစွာက ရာရာထံကို ရောက်လာသည်။ ရာရာ၏ ပါရမီနှင့်သူမ၏ မျိုးရိုး အသိုင်းအဝိုင်းတို့ကား အားလုံး စိတ်ဝင်စားရသော အရာတစ်ခု ဖြစ်ပေသည်။

“အမည်မဲ့ကျေးရွာ…”

“အမည်မဲ့ကျေးရွာ..” ရှီဟွာတောင် ရှန့်ထိုက မကြားဖူးဟန်ဖြင့် ရေရွတ်သည်။

“ရှင်သိလား … ဒါက နာမည် မရှိတဲ့ရွာဆိုတာ..” ရာရာက ထပ်ပြောသည်။ ရှီဟွာတောင် ရှန့်ထိုက မှင်တက်သွားကာ သူ့ရှေ့မှ မိန်းကလေးကို ကြည့်သည်။ သူက ကလေး တစ်ယောက်နှင့် ငြင်းခုံ နေ၍တော့ မဖြစ်ပေ။

“အဟမ်း…” ရီဖူရှင်း ထိုမြင်ကွင်းကို ကြည့်ကာ မသက်မသာ ခံစားရသည်။ သည်မိန်းကလေးက အမှန်ပင် ရှန့်ထိုတစ်ပါးကို နောက်ပြောင်လာ၏။ သူမကား ထိုကျေးရွာ ခေါင်းဆောင် အဘိုးအိုနှင့် အလွန် တူလှပေသည်။

“ပြည်နယ်ကိုးခု ညီလာခံရဲ့ တတိယဆုရင် ကျူးကော့ရီက ရတနာဆေးလုံးကို ရရှိမယ်…” ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည်။ ထို့နောက် ကျန်ရစ်သော ခုနစ်ယောက်ကလည်း ဆုလာဘ်များ လက်ခံ ရရှိကြသည်။

ရှီဟွာတောင် ရှန့်ထိုက အားလုံးကို ကြည့်သည်။ ဆုများကို ပေးအပ်ပြီးနောက် သူက ပြုံးလျက် ပြောသည်… “ထိပ်သီး ဆယ်ယောက်က ရှီဟွာတောင်မှာ လေ့ကျင့်ချင်တယ် ဆိုရင် ကျုပ်က တပည့်အဖြစ် လက်ခံပြီးတော့ ရှီဟွာတောင်ရဲ့ ရှန့်ထိုသုံးပါး ကိုယ်တိုင် လက်ထပ် သင်ကြားပေးမယ်လို့ ပြောထားတယ် … ဘယ်သူကများ စိတ်ဝင်စားသလဲ…”

လူအများအပြား၏ မျက်လုံးများက ရှီဟွာတောင် ရှန့်ထိုထံကို ရောက်လာသည်။ ဆယ်ယောက်တွင် ခုနစ်ယောက်က တော်ဝင်မြေများမှ ဖြစ်ကြကာ ရှန့်ထိုများ၏ တပည့်များလည်း ဖြစ်ကြသည်။ အမှန်တကယ်အားဖြင့် ရှီဟွာတောင် ရှန့်ထို၏စကားက လူသုံးယောက်ကို ရည်ရွယ်ပေသည်။ သူတို့ကား ယူချင်း၊ ရာရာနှင့် ဟွာဂျီယူတို့ ဖြစ်ကြသည်။ သူတို့ကား ရှန့်ထိုများ၏ လက်အောက်တွင် လေ့ကျင့်ရန် အခွင့်အရေး ရကြပေသည်။

ပြန်ပြောသူ မရှိပေ။ ယူချင်းနှင့် ဟွာဂျီယူတို့က ရှီဟွာတောင်တွင် လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ ရာရာမူကား ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် ဟိုဟိုဒီဒီ ငေးကြည့် နေသည်တွင် သူမက ဘာကိုမှ အလေးအနက် မတွေးဟန် ရသည်မှာ သေချာ၏။

ရှီဟွာတောင် ရှန့်ထိုကား တစ်နည်းနည်းဖြင့် စိတ်ပျက် ရပေသည်။ ပြည်နယ်ကိုးခုမှ မည်သည့် တော်ဝင်မြေမဆို ယူချင်းနှင့် ရာရာတို့ကဲ့သို့ ပါရမီရှင်များအား လိုလား ကြပေသည်။ ဟွာဂျီယူကလည်း အလွန်တရာ အလားအလာ ရှိသူဖြစ်၏။ စိတ်နယ်လွန် ပညာကို အထူးပြုသူကား ရှားပါးသလို အနာဂတ်တွင်လည်း မြင့်မားသော အရည်အသွေးများအား လက်ဝယ် ပိုင်ဆိုင်နိုင်သော သူလည်း ဖြစ်ပေသည်။

ရှီဟွာတောင် ရှန့်ထိုက မည်သူမှ ပြန်မပြောသည်ကို မြင်လျှင် ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ရီဖူရှင်း … မြေရိုင်းပြည်နယ်က ထိပ်သီး ဆယ်နေရာထဲကို ဝင်ရင် တော်ဝင် ရတနာတစ်ခု လက်ဆောင် ပေးအပ်မယ်လို့ ငါ ကတိပေးခဲ့တယ်…”

သံသယ ရှိစရာ မလိုအောင်ပင် သူက ရီဖူရှင်း၏ ထောင်ချောက်ထဲကို ကျဆင်းခဲ့ကြောင်း ရီဖူရှင်းက သိပေသည်။ ယူချင်းက အလွန်အမင်း အားကောင်းကာ သူက တမင်ပင် ထောင်ချောက် အတွင်းသို့ သူ့အား ဆွဲငင်ခေါ်ယူခဲ့သည်။ သူကား အလွန်အမင်း ယဉ်ကျေးကာ နှိမ့်ချ ပြောဆိုခြင်းဖြင့် တော်ဝင် ရတနာတစ်ခုကို တောင်းပန်သည့် အနေဖြင့် ပေးအပ်သည့်ပုံစံ လုပ်ခဲ့ရာ ရှန့်ထိုတစ်ပါး အနေဖြင့် သူကလည်း အောက်ကျမခံ ပြန်လည်၍ တုံ့ပြန်ခဲ့သည်။ ဤသို့ လုပ်ခြင်းကပင် သူကား ရီဖူရှင်း၏ ထောင်ချောက်ထဲကို ကျဆင်းခဲ့သည်။ သို့သော်လည်း သူက ရီဖူရှင်းကို အပြစ် မတင်နိုင်ပေ။ ရီဖူရှင်းက မသင့်တော်သော အပြုအမူ အပြောအဆိုများ မပြုလုပ်ခဲ့ပေ။ ရီဖူရှင်းက အလွန်တရာ ယဉ်ကျေးစွာဖြင့် သူ၏ ကမ်းလှမ်းမှုကိုပင် ငြင်းပယ်ခဲ့ကာ သူကသာ အောက်ကျ မခံရစေရန် အတင်းအကျပ် အလောင်းအစားပုံစံ ပြုလုပ်စေခဲ့သည်။ ထို့အပြင် ရီဖူရှင်း ပြောသလိုပင် သူကား မြေရိုင်းပြည်နယ် ပြင်ပကို ပထမဆုံးအကြိမ် ထွက်လာခြင်း ဖြစ်သည်။ တခြား ပြည်နယ်မှလူများ မည်မျှ အားကောင်းသည်ကို သူမသိဟု ဆိုခြင်းတွင် သူကလည်း ဘာမှ မပြောနိုင်ပေ။ ရှီဟွာတောင် ရှန့်ထိုကား အားလုံး၏ အရှေ့တွင် သူ၏ အရှုံးကို လက်ခံရတော့သည်။

ရှီဟွာတောင် ရှန့်ထို၏ စကားကို ကြားသည်တွင် အားလုံးက အံ့အားသင့် ရသည်။ ကောင်းကင်ရှန့်ထို၏ မျက်နှာက ပြုံးရောင်သန်း နေသည်။ ရှီဟွာတောင်၏ သခင်က လူငယ်မျိုးဆက် တစ်ယောက်၏ ထောင်ချောက် အတွင်း ကျဆင်းခဲ့ခြင်းမှာ အမှန်ပင် အံ့အားသင့်ဖွယ် ဖြစ်ပြီး ပိုဆိုးသည်မှာ သူကား ပြန်ပြောစရာ စကား မရှိခြင်းပင်။

လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့် ကြသည်။ ခွန်ယိုကလည်း​ အေးစက်စွာ ကြည့်သည်။ ရှီဟွာတောင် ရှန့်ထိုက အလောင်းအစား၌ ရှုံးနိမ့်ခဲ့သည်မှာ သေချာသော်လည်း ရီဖူရှင်းက တော်ဝင်ရတနာ တစ်ခုကို ဤသို့ အမှန်တကယ် လက်ခံယူရဲမည်လား သူ သိလိုသည်။

ရီဖူရှင်းက ထရပ်ကာ ရှီဟွာတောင် ရှန့်ထိုအား ဦးညွှတ်သည်… “စီနီယာက ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”

လူအများအပြားက ရီဖူရှင်းကို နားမလည်စွာ ကြည့်ကြသည်။

“ဘာကို ဆိုလိုတာလဲ..” ရှီဟွာတောင်ရှန့်ထိုက နားမလည်စွာ မေးသည်။

“ကျွန်တော်က ပြည်နယ်ကိုးခု ညီလာခံမှာ ကျွန်တော်တို့အပေါ် နေရာချထားမှုကို သဘောမကျ ဖြစ်ခဲ့ရပါတယ်… ယူချင်းက ပါရမီမြင့်တယ် ဆိုတာကို သိထားတာဖြစ်လို့ စီနီယာကို စကားလုံး အချို့နဲ့ ဆွယ်ယူပြီး အလောင်းအစား လုပ်စေခဲ့မိပါတယ် … ယူချင်းက ပြည်နယ်ကိုးခု ညီလာခံမှာ ပထမရတာက မြေရိုင်းပြည်နယ် အတွက် အလွန်တရာ ကြီးမြတ်တဲ့ ဂုဏ်ယူမှုပါပဲ… ဒီအတွက် ယူချင်းက တော်ဝင်ရတနာ တစ်ခုကို ဆုလာဘ်အဖြစ် ရရှိခဲ့ပြီးပါပြီ… ဒါကြောင့် ကျွန်တော်က ရှီဟွာတောင်ရဲ့ နောက်ထပ် ရတနာတစ်ခုကို လက်မခံလိုတော့ပါဘူး… ကျွန်တော့်ရဲ့ မသိနားမလည်မှုကို စိတ်မဆိုးဖို့ စီနီယာကို တောင်းပန်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

ရှီဟွာတောင် ရှန့်ထိုက အနည်းငယ် အံ့အားသင့် သွားဟန်ဖြင့် ရီဖူရှင်းကို ကြည့်သည်… “ကျုပ်က ကတိပေးထားပြီး ဖြစ်တယ် … မလိုက်နာလို့ မရဘူး…”

“ဒီကတိ ဖြစ်လာတာကပဲ ကျွန်တော့်အမှားပါ စီနီယာ … ဒီအတွက် ဘယ်လိုမှ ဒါကို လိုက်နာစရာ မလိုအပ်ပါဘူး … စီနီယာက အတင်းပေးမယ်ဆိုရင် ကျွန်တော်က လက်မခံရဲပါဘူး… တကယ်လို့ စီနီယာက ကျွန်တော့်ကို မျက်နှာသာ ပေးချင်ရင် နောက်အနာဂတ်မှာ အကူအညီတစ်ခုခု လိုတဲ့အခါ စီနီယာကို လာရှာပါ့မယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ဒီကလေး…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ ကောင်လေးကား ရှီဟွာတောင် ရှန့်ထိုထံမှ တော်ဝင် ရတနာတစ်ခုနှင့် အကူအညီတစ်ခုကို အလှဲအလှယ် လုပ်နေသည်။

ရှန့်ထိုတစ်ပါးထံမှ အကူအညီ တစ်ခုကား သေးငယ်သောအရာ မဟုတ်ပေ။ ထို့အပြင် သူ၏ အပြုအမူက ရှီဟွာတောင် ရှန့်ထိုကို မျက်နှာသာပေးရာ ရောက်သလို တော်ဝင်ရတနာ တစ်ခုကိုလည်း ယူစရာ မလိုတော့ပေ။ ရှန့်ထို တစ်ပါးကလည်း လူငယ်တစ်ယောက် အပေါ် ထိုမျှသော သေးငယ်သော ကိစ္စအတွက်နဲ့ စိတ်ခုစရာ မရှိတော့ပေ။

ရှီဟွာတောင် ရှန့်ထိုက ရီဖူရှင်းအား သဘောကျစွာ ကြည့်သည်။ သူကား အမှန်ပင် လွဲမှားစွာ စဉ်းစားခဲ့သည်။ မြေရိုင်းပြည်နယ်ကား နောင်တွင် ကြီးမားသော အောင်မြင်မှုများ ရလာမည်မှာ သေချာ၏။

ရီဖူရှင်းက သူ့အပေါ် ​မျက်နှာသာ ပေးလိုသည်တွင် ရှီဟွာတောင် ရှန့်ထိုကလည်း ထပ်မံ၍ မငြင်းဆန်တော့ပေ။ သူက ပြုံးလျက် ပြောသည်… “မြေရိုင်းပြည်နယ် ဒီထက် တိုးတက်လာဖို့ ကျုပ် မျှော်လင့်တယ်… ရီဖူရှင်း.. တစ်နေ့နေ့ အကူအညီ တစ်ခုခုလိုအပ်ခဲ့ရင် ကျုပ်ဆီကို အချိန်မရွေး လာခဲ့ပါ…”

“ကျေးဇူးတင်ပါတယ် … စီနီယာ…” ရီဖူရှင်းက ဦးညွှတ်၍ ပြောသည်။

ကောင်းကင် ရှန့်ထိုနှင့် မှန်နန်းတော် သခင်မတို့ကလည်း ရီဖူရှင်းကို အထင်ကြီး ကြရသည်။ သူက ရှီဟွာတောင် ရှန့်ထိုကို စိတ်မဆိုး စေခဲ့သည့်အပြင် သူ့ထံမှ အကူအညီ တစ်ခုကိုပင် ရယူခွင့် ရှိနေခဲ့သည်။ ကောင်လေးက အမှန်ပင် ဉာဏ်ကောင်း ပေသည်။

ဝမ်ရှင်း၊ ကျူးကော့ချန်းဖန်နှင့် တခြား လူများကလည်း ရီဖူရှင်းကို ချီးကျူးဟန်ဖြင့် ကြည့်ကြသည်။ မြေရိုင်း ပြည်နယ်ကား အမှန်ပင် အားနည်း ပေသည်။ ယခု ပြည်နယ်ကိုးခု ညီလာခံ၌ သူတို့က လူအများ၏ အာရုံစိုက်မှုကို ရလွန်းနေသည်။ အကယ်၍​ ရီဖူရှင်းကသာ ရှီဟွာတောင်မှ နောက်ထပ် ရတနာတစ်ခုကို ရယူခဲ့ပါက နောက်တွင် ပိုမိုသော ပြဿနာများ ရှိလာနိုင်ပေသည်။ ယခု သူ၏အပြုအမူက မြေရိုင်းပြည်နယ် အတွက် များစွာ အကျိုး ရှိစေခဲ့သည်။

ရှီဟွာတောင်ရှန့်ထိုက အားလုံးကို ကြည့်သည်။ သူ၏စိတ်များက ကြည်လင် လန်းဆန်းနေဟန် ရကာ အားလုံးကို ပြုံးလျက်ပြောသည်… “ပြိုင်ပွဲလက်ကျန် နောက်ဆုံး အယောက် တစ်ရာစာရင်းသို့ တက်ရောက်သူ ဘယ်သူမဆို ရှီဟွာတောင်မှာ လေ့ကျင့်မယ်ဆိုရင် ကျုပ်က အချိန်ရတဲ့အခါ အဲဒီလူတွေကို သင်ကြားပေးမယ်…”

“ကျေးဇူးတင်ပါတယ်… အရှင်…” လူအများအပြားက ဦးညွှတ်ကာ ပြောကြသည်။

ရှီဟွာတောင် ရှန့်ထိုက ဆက်ပြောသည် … “ဒါဆို … အခု ဒီနှစ်ကျင်းပတဲ့ ပြည်နယ်ကိုးခု ညီလာခံ ပြီးဆုံးပြီလို့ သတ်မှတ်နိုင်တယ်… ကြွရောက်လာတဲ့ ဧည့်သည်တွေ အကုန်လုံးကို ကျုပ်က ကျေးဇူးတင်ပါတယ်.. ရှီဟွာတောင်က ဒီပွဲကို လက်ခံကျင်းပခွင့် ရတာ ဂုဏ်ယူစရာပါပဲ…”

“နောက်ဆုံး ပြီးသွားပြီ…” အုတ်အုတ်ကျက်ကျက် အသံများ ထွက်လာကာ လူအများအပြားက ကြည့်၍​ မဝသေးသလို ခံစားကြရသည်။ သူတို့အားလုံးက ပြည်နယ်ကိုးခုမှ လူငယ်များ၏ စွမ်းဆောင်ရည်များအား ကြည့်ခဲ့ကြရသည်။ အချို့က နောင်အနာဂတ်တွင် ပြည်နယ်ကိုးခုရှီနှင့် ရှန့်ထိုဇယားတွင် နေရာယူမည့်လူများ ဖြစ်ကြသည်။

“ဟေး… ကလေး… မင်းက အာကာသဓာတ်ကို လေ့ကျင့်တယ်… ငါ့ဆီမှာ လာလေ့ကျင့်မလား…” ကောင်းကင်ရှန့်ထိုက စင်မြင့်ပေါ်မှ ရာရာကို လှမ်းမေးသည်။

ကောင်းကင်ရှန့်ထိုကား အာကာသဓာတ်တွင် နားလည် ကျွမ်းကျင်ကာ ရာရာ၏ စွမ်းရည်များကို မြင်သည်တွင် နောက်ထပ် တပည့်တစ်ယောက် မွေးရန် အကြံ ရလာဟန်ရ၏။

“ကျွန်မ ဘယ်မှ မသွားဘူး…” ရာရာ ခေါင်းယမ်းသည်။

“ကောင်းပြီ..” ကောင်းကင်ရှန့်ထိုက ခေါင်းညိတ်သည်။ ကလေးမက အမှန်ပင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့၏။

“ယူချင်း…” တစ်ယောက်က လှမ်းခေါ်သည်။ အားလုံးက လှမ်းကြည့်သည်တွင် ထိုသူက ဗာဂျာရာဒေသမှ လူတစ်ယောက် ဖြစ်နေသည်။ ဘုန်းတော်ကြီးက ယူချင်းကို ကြည့်ကာ ပြောသည်… “မင်းက ခန္ဓာကိုယ် လေ့ကျင့်တာမှာ ပင်ကိုဗီဇ ပါရမီမြင့်မားသူပဲ… ဗာဂျာရာဒေသက ခန္ဓာကိုယ် လေ့ကျင့်ရာမှာ အလေးထားပြီး မင်းနဲ့ သင့်တော်တယ်… ပြီးတော့ မင်းက မိစ္ဆာပညာကို လေ့ကျင့်တယ်.. ဒါက မင်းကို အနာဂတ်မှာ ပင်ကို အသိစိတ်ပျောက်ပြီး မိစ္ဆာအစစ်အမှန် ဖြစ်စေနိုင်တယ်… ဗုဒ္ဓရဲ့နည်းစနစ်တွေက မင်းရဲ့ အားနည်းချက်ကို ပြင်ပြီး ပိုပြီး အားကောင်းစေနိုင်တယ်… မင်းက ဗာဂျာရာဒေသကို လာမလား…”

“ဘုန်းတော်ကြီးတွေ တောင်မှ ယူချင်းကို စိတ်ဝင်စားပုံပဲ…” လူအများအပြားက ရေရွတ်ကြသည်။

“ယူချင်း … ချူမဟာကလန်က မင်း လေ့ကျင့်တဲ့ပညာနဲ့ ကိုက်ညီမှုရှိတယ်… မင်းရဲ့ လေ့ကျင့်မှုကို အထောက်အကူ ပြုနိုင်တဲ့ တော်ဝင် ရတနာလည်း ငါတို့ဆီမှာ ရှိတယ်… မင်း ဘယ်လိုထင်လဲ…” ချူမဟာကလန်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကလည်း မေးသည်။

“ပြည်နယ်ကိုးခု ကျောင်းတော်က ပညာရပ်မျိုးစုံမှာ သင်ကြား ပေးနိုင်စွမ်း ရှိတယ်…”

“ကျိရှားတော်ဝင် နန်းတော်က…”

တော်ဝင်မြေများမှ တစ်ယောက်ပြီး တစ်ယောက် စတင်၍ ဖိတ်ခေါ်ကြသည်။ ထို့အပြင် သူတို့ ကမ်းလှမ်းချက်များ ကလည်း အလွန် ကောင်းမွန်ပေသည်။ သူတို့အားလုံးက ယူချင်းကို ရရန် တော်ဝင်ရတနာ၊ စည်းစိမ်၊ အဆင့်မြင့် ပညာရပ်… စသည်များ အားလုံးကို ရင်းနှီးရန် ဝန်မလေးကြပေ။

ယူချင်းက ခေါင်းကုတ်သည်။ ကမ်းလှမ်းချက်များကား အလွန် ကောင်းမွန်သည်။ သူက နောက်လှည့်ကာ ရီဖူရှင်းအား ကြည့်ပြီးမှ ခေါင်းယမ်းသည် … “ကျုပ်က မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ရဲ့ တပည့် ဖြစ်တဲ့အလျောက် တခြားနေရာတွေမှာ လေ့ကျင့်ဖို့ မဖြစ်နိုင်ပါဘူး… ကမ်းလှမ်းတာတွေကို ကျေးဇူးတင်ပါတယ်…”

“မင်းအတွက် သင်ကြားပေးမယ့် ရှန့်ထိုမရှိသလို အထောက်အပံ့တွေ ကလည်း အကန့်အသတ် ရှိတယ်… ဒါက မင်းရဲ့ တိုးတက်မှုကို နှေးကွေး စေလိမ့်မယ်..” တစ်ယောက်က ပြောသည်။

“မြေရိုင်းပြည်နယ်က ဒီအပေါ်မှာ ဘယ်လို တွေးမလဲ မစဉ်းစားကြဘူးပေါ့…”တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။

အားလုံး၏ အကြည့်ကို ခံစားမိသည်တွင် ရီဖူရှင်းက လက်ဝှေ့ယမ်းသည်… “ခင်ဗျားတို့ စိတ်သဘောကျ ကမ်းလှမ်းကြပါ… ယူချင်းက ဆန္ဒရှိရင် မြေရိုင်း ပြည်နယ်က ဒီအပေါ်မှာ ဘယ်လိုမှ သဘောမထားပါဘူး…”

“…” လူအများအပြားက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ တခြား လူများက သူ့လူကို မြှူဆွယ်ခြင်း အပေါ်တွင် ရီဖူရှင်းက အဘယ်ကြောင့် ထိုမျှ ကြည်ဖြူ နေရသနည်း။

သို့သော်လည်း ရီဖူရှင်းကား ထိုကမ်းလှမ်းမှုများကို ဂရုစိုက်ဟန် မရပေ။

ယူချင်းအား တော်ဝင်ကျဲ နန်းတော်မှ လုယူရန်လား။ လူအများအပြားက ဆက်လက်၍​ မက်လုံး များစွာပေးကာ ကမ်းလှမ်းကြသည်။

ယူချင်းက နောက်လှည့်ကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သည်ခွေးကောင်ကား သူ့ကို တမင် ချောက်ချနေသည်။

“ကျွန်တော် ဝမ်းနည်းပါတယ်…” ယူချင်းက ဆူညံသံများအား ဖြတ်ပြောကာ ဦးညွှတ်လျက် မြေရိုင်းပြည်နယ် ဘက်ကို လှမ်းသွားလိုက်သည်။ သူကား မည်သည့် ကမ်းလှမ်းမှုကိုမှ လက်ခံမည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset