အပိုင်း (၇၉၇)

ပြိုင်ပွဲပထမ

အဆုံးမဲ့သော လက်ဝါးများ သူမထံကို တိုးဝင်လာသည်ကို မြင်လျှင် ရာရာက လေဟာနယ်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားပြီး တိုက်ခိုက်မှုအား ရှောင်ဖယ်၏။

သို့သော် မရေမတွက်နိုင်သော လက်ဝါးများ အကြားတွင် ဧရာမလက်ဝါးကြီး တစ်ခုက ဖြန့်လျက် သူမ တိုးဝင်သွားသော လေဟာနယ်ထဲကို လာရောက် ဆုပ်ကိုင်သည်တွင် ကြီးမားသော လေဟာနယ် ဖိအားတစ်ခုကို သူမ ခံစားရသည်။ သူမက လေဟာနယ်ကို ဖြန်သန်း သွားလိုသည့်တိုင် အာကာသဓာတ်က တစ်ဖန် ဖြတ်တောက် ခံရပြန်၏။

ယူချင်း ပြောသကဲ့သို့ပင် ဤနေရာကား ယူချင်းအပိုင်း ဖြစ်သည်။

လက်ဝါး၏ အရှိန်အဝါက သူမထံကို ရောက်လာသည်တွင် ရာရာက ဓားကိုယ်ထည်အဖြစ် ပြောင်းလဲသွားပြီး သူမထံကို ရောက်လာသော ဖိအားများ အားလုံးကို ပျက်ပြယ်စေသည်။ သို့သော် နတ်ဆိုးက လက်ဝါးဖြင့် ရိုက်သည်တွင် လေဟာနယ်က ကွဲအက်သွားဟန်ရပြီး သူမကိုယ်တိုင်က ကောင်းကင်ထက်ကို မြောက်တက်သွားကာ ဓားကိုယ်ထည်ကလည်း အက်ကွဲပေါက်ကွဲ သွားတော့မတတ် ခံစားလိုက်ရသည်။

ဧည့်ကြည့်စင်မြင့်ထက်တွင် မရေမတွက်နိုင်သော လူများက ဓားစွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ ရင်ဆိုင် တိုက်ခိုက်နေသည်ကို ကြည့်နေကြ၏။ ရာရာ၏ခန္ဓာကိုယ်က လေထဲကို မြောက်တက် သွားသည်တွင် အားလုံးက တုန်လှုပ် သွားကြသည်။

ထိုစွမ်းအားကား စိတ်ကူးဖြင့်ပင် မှန်းဆ မရနိုင်ပေ။

ဓာတ်ငါးမျိုးသဘာဝ ရှန့်ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ကျူးကော့ရီက အဘယ်ကြောင့် ဤနှစ်ယောက်နှင့် မယှဉ်နိုင်သည် ကိုလည်း သူတို့ နားလည် လိုက်ကြသည်။ သူတို့ကား အလွန်အမင်း အားကောင်းကြကာ ရှန့်ထိုများပင် သူတို့ သက်တမ်းတစ်လျှောက် သည်မျှ အားကောင်းသော နိုဘယ်များအား မမြင်ဖူးကြပေ။

ပုဂ္ဂိုလ်ကြီး များစွာက အတိတ်မှ ပြုလုပ်သော ပြည်နယ်ကိုးခု ညီလာခံများကို တက်ရောက်ခဲ့ကြကာ ယခင်ညီလာခံ၏ နောက်ဆုံး တိုက်ပွဲများမှာ လက်ရှိ တိုက်ပွဲလောက် ပြင်းထန်ခြင်း မရှိကြောင်း သိကြသည်။

ဧည့်ကြည့်စင် နောက်တွင် ကျေးရွာ ခေါင်းဆောင် အဘိုးအိုက တိုက်ပွဲအား ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်နေသည်။ ပြည်နယ်ကိုးခု ညီလာခံ၌​ ရာရာကို ယှဉ်နိုင်သော လူတစ်ယောက် အမှန်တကယ် ရှိနေခဲ့၏။

သူတို့က အံ့အားသင့် နေကြချိန်တွင်ပင် ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခု မွေးဖွားလာကာ သွေးနီရောင်ဓားက ကောင်းကင်မှ ဓားများဖြင့် ပေါင်းစပ်သွားကာ ပင်မဓားတစ်လက် ဖြစ်သွားသည်။ ထောင်ပေါင်း များစွာသော ဓားပင်မစုက လေအလျင် အတိုင်းပင် မြေပြင်မှ ယူချင်းထံသို့ ဆင်းသက် လာကြသည်။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံးက နှလုံးခုန်သံ မြန်လာကြ၏။ တိုက်ပွဲကား မပြီးသေးပေ။

ယူချင်း၏ တိုက်ခိုက်မှုက မည်မျှ အားကောင်း သနည်း။

အဆင့်နိမ့်ရှီများပင် ဤသို့ တိုက်ခိုက်မှုအား ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ယူချင်း၏ နောက်ဆုံး ရိုက်ချက်က တိုက်ပွဲ၏ အဆုံးအဖြတ် မဟုတ်ခဲ့ပေ ဘူးလား။

ရာရာကဲ့သို့သော မိန်းကလေးကသာ ဤသို့ ဆက်လက် တိုက်ခိုက်နိုင်သည်။

သွေးနီရောင်ဓားက လေဟာနယ်ကို ဖြတ်ကျော်၍ သူ့ထံကို ရောက်လာသည့်တိုင် နတ်ဆိုးကဲ့သို့ ပုံသဏ္ဌာန်က မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။ သူက လက်သီးကို ဆုပ်လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားက ကောင်းကင်နှင့် မြေပြင်အကြား ဖြစ်တည်လာပြီး သွေးစွန်းဓားအား မိစ္ဆာ အငွေ့အသက်များ အောက်၌ နှေးကွေး စေခဲ့သည်။ အဆုံးမဲ့သော မိစ္ဆာစွမ်းအားများက ယူချင်းထံကို စီးဆင်းသွားသည်။ သူကား ကောင်းကင်နှင့် မြေပြင်ကို ထိန်းချုပ်သော နတ်ဆိုး တစ်ပါးလို သူ၏စိတ်က ထိုနေရာမှ အရာခပ်သိမ်းကို စေခိုင်းနိုင်စွမ်း ရှိလာသည်။

ဧရာမ နတ်ဆိုး ပုဆိန်ရှည်က သူ့လက်ထဲတွင် ဖြစ်ပေါ်လာကာ ယူချင်းက လေဟာနယ်ကို ဦးတည်၍ ထိုးနှက် တိုက်ခိုက် လိုက်သည်။ ပုဆိန်ရှည်က လေဟာနယ်ကို ထက်ခြမ်း ကွဲသွားစေကာ သူ့ထံကို သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်းထန်စွာဖြင့် ရောက်လာသော သွေးနီရောင်ဓားဖြင့် ပြင်းထန်စွာ ရင်ဆိုင်မိသည်။ ပတ်ဝန်းကျင် တစ်ခုလုံး လေပြင်း မုန်တိုင်းများ ရိုက်ခတ်သွားကာ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ဓားစွမ်းအင်က ပြိုလဲ သွားသည်တွင် အရာအားလုံးက တိတ်ဆိတ်သွားပြီး ကောင်းကင်ထက်တွင် မိန်းကလေး တစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်ကြရသည်။ သူမ၏ မျက်နှာက ပြာနှမ်းနေပြီး ပါးစပ်တွင်လည်း သွေးစ အချို့ကို တွေ့ရသည်။

သူမက လက်ကို ဝှေ့ယမ်း လိုက်သည်တွင် ရှေးဆန်သော အငွေ့အသက်တစ်ခု ထပ်မံ ဆင်းသက်လာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု ထပ်မံ ဖြစ်တည်လာ၏။

ယူချင်းက ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ သူက ရာရာကို အေးစက်စွာ ကြည့်ကာ ပြောသည်… “တကယ်လို့ မင်းက ဆက်ပြီး တိုက်ခိုက်ချင်တယ် ဆိုရင် မင်း ရပ်သွားတဲ့အထိ ငါ ရိုက်နှက်ပေးမယ်…”

ဘုန်း…

သူ၏သွေးများ ဆူပွက်လာကာ မိစ္ဆာ စွမ်းအားများက ပိုမို အားကောင်းစွာ ဖြစ်တည် လာသည်။

ဧည့်ကြည့်စင်မှ လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အရသည်။ သူက သည့်ထက် အားကောင်း သေးသည်လား။

သူတို့နှစ်ယောက်က လူများ ဟုတ်ပါလေစ။

ရီဖူရှင်းကလည်း အနည်းငယ် အံ့အားသင့် သွားသည်။ သူတို့က ဆက်တိုက် လိုကြသည်လား။

ဒါက အရမ်း များတာပဲ… ပြည်နယ်ကိုးခု ညီလာခံမှာ ဝင်ပြိုင်တဲ့ တခြား ပါရမီရှင်တွေ အတွက် ဘယ်လောက် ရှက်စရာ ကောင်းလိုက်သလဲ။

“ရာရာ … ဒါက တော်ပြီ…” အသံတစ်သံအား ကြားရသည်တွင် မျက်လုံးများစွာက ကျေးရွာ ခေါင်းဆောင်ထံကို ရောက်လာ ကြသည်။

ရာရာက ဧည့်ကြည့်စင် နောက်ဘက်ကို ပြန်ကြည့်ကာ နှုတ်ခမ်းက ကွေးညွတ်သွားပြီး ခေါင်းမာသော ဟန်ပင်အား မြင်ရ၏။ သို့သော် ကျေးရွာ ခေါင်းဆောင်၏ တည်ကြည်သော အမူအရာကို မြင်လျှင် သူမက ခေါင်းညိတ်သည်။ သို့သော် သူမက ယူချင်းကို ညစ်ကျယ်ကျယ် ကြည့်ကာ ပြောသည်… “ကောင်းပြီ.. ရှင်အနိုင်ရတယ်… ဒါပေမဲ့ ရှင်က ဘယ်လိုလုပ် ကျွန်မကို ရိုက်ရဲရတာလဲ…”

“အာ…”

ရာရာ၏စကားက လူတိုင်းကို အံ့အားသင့် သွားစေသည်။ ဒါက…

ခုနကပင် အလွန် မြင့်မားသော အရည်အသွေး ရှိသော တိုက်ပွဲတစ်ခုအား သူတို့ မြင်ခဲ့ကြရသည်။ ယခု တိုက်ပွဲ ပြီးသွားသောအခါ အလိုလိုက် ခံထားရသော ကလေး တစ်ယောက်က ပြန်လည် ရန်ရှာနေသည်နှင့် အဘယ်ကြောင့် တူနေရသနည်း။

ရှင်က ဘယ်လိုလုပ် ကျွန်မကို ရိုက်ရဲရတာလဲ..။ ဘာလဲဟ …

မျက်လုံးပေါင်း များစွာက ရာရာထံကို ရောက်လာသည်။ သို့သော် သူမကား အမှန်တကယ်အားဖြင့် အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေး တစ်ယောက်မျှသာ ဖြစ်သည်ကို ပြန်လည် သတိထားမိ ကြသည်တွင် အားလုံးက ဆိတ်ဆိတ် နေလိုက်ကြရသည်။

ယူချင်းကလည်း သူမကို ထိတ်လန့်စွာ ကြည့်သည်။ သူမ၏ မျက်လုံးများကို မြင်သည်တွင် ယူချင်းထံမှ မိစ္ဆာ အငွေ့အသက်များ အားလုံး ပျက်ပြယ်သွားပြီး အရာအားလုံးက ပုံမှန် ဖြစ်သွားသည်။ ရာရာက သူ့အား ဒေါသတကြီး စိုက်ကြည့်နေဆဲ ဖြစ်သည်ကို မြင်လျှင် ယူချင်းကား ဘာလုပ်ရမည်မှန်း မသိဘဲ ခေါင်းကုတ်လိုက်သည်။ အခြေအနေက တိုက်ပွဲထက်ပင် သူ့အတွက် ခက်ခဲနေသည်ဟု ခံစားနေရ၏။

“ဒါက ပြီးသွားပြီ…”

စင်မြင့်ပေါ်မှ တိုက်ပွဲ အငွေ့အသက်များ ပျက်ပြယ် သွားသည်ကို မြင်လျှင် လူအများအပြားက သက်ပြင်း ချကြသည်။ ပြိုင်ပွဲတွင် ပြည်နယ်ကိုးခုမှ လူသုံးထောင်ခန့် ပါဝင် ယှဉ်ပြိုင်ကြပါကာ ယခု အတော်ဆုံးလူက ပေါ်ထွက်လာပြီး ဖြစ်သည်။

ထို့အပြင် သူတို့ အားလုံးကို စိတ်ကျေနပ် ရစေခဲ့၏။

စင်မြင့်ထက်တွင် ရပ်နေသော နှစ်ယောက်ကို ကြည့်ကာ အနာဂတ်တွင် သူတို့အားလုံးက လူငယ် မျိုးဆက်များကို ပြန်ပြောပြရမည့် ပုံပြင်တစ်ပုဒ် သေချာပေါက် ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိကြသည်။

ပြည်နယ်ကိုးခု ညီလာခံတွင် ယူချင်းက အနိုင်ရခဲ့သည်။

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်မှ ယူချင်းက ပြည်နယ်ကိုးခု ညီလာခံ၏ အမြင့်ဆုံးသော ပထမဂုဏ်ပုဒ်ကို ရရှိခဲ့၏။

သူ၏ ပထမနေရာကို မည်သူကမှ မေးခွန်းထုတ်ကြပေ။ သူ၏ တိုက်ခိုက်ပုံ နည်းလမ်း၊ သူ၏ လွှမ်းမိုးနိုင်စွမ်းတို့က ရှန့်ထိုများကပင် လေးစားမှုပေးကာ ချီးကျူးရသူ ဖြစ်လာသည်။ အတိတ်မှ ပြည်နယ်ကိုးခု ညီလာခံ ပထမထက်ပင် ယူချင်းကား သိသိသာသာ အားကောင်း ပေသည်။

ကျိဟွား၊ ဝူပေ၊ ချူချိန်နှင့် တခြား စွမ်းအားမြင့် ပါရမီရှင်များကား ယူချင်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ကျူးကော့ရီကဲ့သို့ သဘာဝ ရှန့်ထိုခန္ဓာအား ပိုင်ဆိုင်သူ၊ နွေဦးပြည်နယ်၏ အတော်ဆုံး ပါရမီကို အနိုင်ယူထားသူ ကလည်း ယူချင်းနှင့် ရင်ဆိုင်သည်တွင် မည်သို့မှ ခံနိုင်ရည် မရှိခဲ့ပေ။

အကယ်၍​ ရှားရီနှင့် ကျူးကော့ရီတို့က ရှန့်ထိုဖြစ်ရန် ကံပါလာသည်ဟု ဆိုပါက ရာရာကရော…

ယူချင်းကရော…

သည်နှစ် ပြည်နယ်ကိုးခု ညီလာခံ၌ ရှန့်ထိုဖြစ်ရန် သေချာသောလူ အနည်းဆုံး သုံးယောက် ပေါ်ထွက် လာခဲ့၏။ လက်ရှိ မျိုးဆက်က မည်မျှ အားကောင်းသည်ကို အားလုံးက ခန့်မှန်း နိုင်ပေသည်။

အရှေ့ဘက်ပြည်နယ်မှ ပွဲကြည့် ဧည့်ပရိသတ်များ အားလုံးက စိတ်ကျေနပ်မှု ရကြသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ အမြင့်များဆုံး ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူ နှစ်ယောက်ကား ယခင်က မည်သူမှ အလေး မထားခဲ့သူနှစ်ဦး ဖြစ်နေသည်။

သူတို့က ဘယ်အရာ ဘယ်ဇာတိ၊ ဘယ်မိသားစုမှ ဖြစ်သည်ကိုပင် မသိကြပေ။

ယူချင်းက မြေရိုင်းပြည်နယ် အတွက် စင်မြင့်ထက်ကို တက်ကာ ဝေဖန် ပြောဆိုသည်တွင် မည်သူက အလေးအနက် ထားခဲ့ကြပါသနည်း။

မြေရိုင်းပြည်နယ်မှ တပည့် တစ်ယောက်က ရှီဟွာတောင်၏ စီမံခန့်ခွဲမှုကို မည်သို့ ဝေဖန် ပြစ်တင် ရဲရပါသနည်း။

ထိုသို့ လုပ်ခြင်းက မိမိအရှက်ကို မိမိခွဲခြင်း ဖြစ်ပေမည်။

ယခု ထိုခေါင်းမာသော လူသန်ကလေးက စင်မြင့်ထက်တွင် ရပ်နေလျှင် မည်သူတို့က မေးခွန်းထုတ် ရဲသနည်း။

ယူချင်းသာ ဆန္ဒရှိပါက ပြည်နယ်ကိုးခု၏ မည်သည့် တော်ဝင်မြေမှ ရှန့်ထိုမဆို တပည့်အဖြစ် လက်ခံရန် ဝန်မလေးကြပေ။ ဤသို့သော တပည့်မျိုးကို မည်သူတို့က ငြင်းပယ်နိုင်ပါ အံ့နည်း။

သို့သော်လည်း အချို့သော လူများက သဘောမကျ ဖြစ်ရသည်။ သူက မြေရိုင်း ပြည်နယ်မှ လူများကို သဘောမကျပေ။ ထိုသို့ မကြိုက်ရခြင်း အတွက်လည်း အကြောင်းပြချက် ရေရေရာရာ မရှိပေ။ မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များက ပြည်နယ်ကိုးခု ညီလာခံတွင် ကျောက်မဟာ ပြည်ထောင်မှ ပြိုင်ပွဲဝင်များအား အသာစီးဖြင့် အနိုင်ယူခဲ့ခြင်း ကြောင့်လည်း ဖြစ်နိုင်သလို မြေရိုင်းပြည်နယ်မှ လူများက သူတို့၏ မာန်မာနများကို ဖုံးကွယ်ကာ အလွန်အမင်း ဟန်ဆောင် နှိမ့်ချသည်ဟု သူကိုယ်တိုင်က ထင်မြင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေ၏။

မည်သို့ဆိုစေ သူကား သဘောမကျပေ။ ထို့အပြင် သူက ရှန့်ထိုတစ်ပါး ဖြစ်ရာ သူသဘောမကျသည့် အချက်ကိုလည်း ဟန်ဆောင်နေစရာ မလိုဘဲ​ မျက်နှာတွင် ထင်းထင်းကြီး ပေါ်နေတော့၏။ သူ့အတွက် တခြားလူများ၏မျက်နှာကို ထောက်ထား ညှာတာရန် မလိုပေ။

ကျောက်ကျီရီနှင့် တခြားလူများ ကလည်း သဘောမကျကြပေ။ မှန်သည် … ယွီပြည်နယ်၊ ကျိရှမ်းကမ်းပါးမှ ခွန်ယိုတို့ကလည်း ယူချင်းကို မုန်းတီးစွာ ကြည့်နေကြသည်။ မြေရိုင်းပြည်နယ်တွင် ရီဖူရှင်းအပြင် နောက်ထပ် ကြောက်စရာ ပါရမီရှင်တစ်ယောက် ရှိသေးသည်ကို ယခုမှ သူတို့ သိလိုက်ကြရသည်။

သူက ရီဖူရှင်းနှင့် သူ့အဖွဲ့ကို လှမ်းကြည့်သည်။ ယူချင်းက ရီဖူရှင်းနှင့် အလွန် နီးကပ်ဟန်ရကာ နှစ်ယောက်လုံးက အရှေ့မြေရိုင်း ဒေသမှ လာခဲ့ကြပြီး အလွန် အားကောင်း ကြသည်။

အမှန် တကယ်အားဖြင့် သူတို့ နှစ်ယောက်သာ မဟုတ်ဘဲ ရီဝူချင်းနှင့် ဟွာဂျီယူ တို့ကိုလည်း လျစ်လျူရှု၍​ မရပေ။

ဆုတ်ယုတ်နေသော မြေရိုင်းပြည်နယ်က မထင်မှတ်ဘဲ အလွန် အလားအလာ ရှိသော လူငယ်မျိုးဆက် တစ်ခုကို ပိုင်ဆိုင်ထားသည်။ ရီဖူရှင်းအား တော်ဝင်ကျဲနန်းတော် သခင်ဖြစ်စေခြင်းက အလွန်ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။

“အရမ်း ကြည့်ကောင်းတယ်…” ထိုအခိုက်တွင် ကောင်းကင်ရှန့်ထိုက ထုတ်ဖောက် ချီးကျူးသည်။ သူကား ယူချင်းနှင့်ရာရာတို့၏ စွမ်းဆောင်ရည်ကို အလွန် သဘောကျနေဟန် ရ၏။

ပြည်နယ်ကိုးခုလုံးမှ တော်ဝင်မြေများ အားလုံး ခေါင်းညိတ်ကြသည်။ ပွဲကား အမှန် ကြည့်ကောင်းပေ၏။ သူတို့၏ လက်ချက်ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသော ပါရမီရှင်များပင် သူတို့၏အရှုံးက ထိုက်တန်ကြောင်း လက်ခံကြရသည်။

“လူငယ်တွေရဲ့ တိုက်ပွဲက ဒီလောက် စိတ်လှုပ်ရှားမှုကို ပေးနိုင်မယ်လို့ မထင်ထားခဲ့ဘူး … ဒါက ပထမဆုံးပဲ…” မှန်နန်းတော် သခင်မက တီးတိုးပြောသည်။ သူမက ရှန့်ထိုတစ်ပါးဖြစ်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိပေသည်။ ယူချင်းနှင့် ရာရာတို့၏ စွမ်းရည်များက သူမကို စိတ်လှုပ်ရှား စေခဲ့သည်။

“ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ်၊ တော်ဝင် ကျဲနန်းတော်မှ ယူချင်းက ပထမရတယ်…” ထိုအချိန်တွင် ရှီဟွာတောင် ရှန့်ထို၏အသံက စင်မြင့်မှသည် ကောင်းကင်ယံသို့အထိ တုန်ခါသွားစေလျက် အဝေးကို ပျံ့လွင့် သွားတော့သည်။

သုံးနှစ်တစ်ကြိမ် ကျင်းပသော ပြည်နယ်ကိုးခုမှ နိုဘယ်များ၏ ပြိုင်ပွဲတွင် မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်မှ ယူချင်းကား ပထမနေရာကို ရယူသွားခဲ့သည်။

“ဒုတိယ … ရာရာ…”

“တတိယ … ကျူးကော့ရီ…”

ရှီဟွာတောင် ရှန့်ထိုက ထိပ်သီး ဆယ်ယောက်အား တစ်ယောက်ပြီး တစ်ယောက် ကိုယ်တိုင် ကြေညာပေးသည်… “ထိပ်သီး ဆယ်ယောက်က စင်မြင့်ထက်ကို ပြန်တက်မယ် … ဒါက မင်းတို့အတွက် ဂုဏ်ယူစရာ အချိန်အခါပဲ…”

ကျူးကော့ရီ၊ ရှားရီနှင် တခြား လူများကလည်း စင်မြင့်ထက်ကို ပြန်တက် လာကြသည်။ သူတို့အားလုံးက ပြည်နယ်ကိုယ်စီ၏ အတော်ဆုံးများ ဖြစ်ကြကာ အားလုံးက သဘာဝအားဖြင့် မာနကြီးပြီး ယုံကြည်မှု မြင့်မားသူများ ဖြစ်ကြသည်။ သူတို့က ပြည်နယ်ကိုးခု ညီလာခံတွင် သူတို့၏ စွမ်းရည်များကို အကောင်းဆုံး ထုတ်ပြခဲ့ကြ၏။

သို့သော် ကျူးကော့ရီကဲ့သို့သော ပါရမီရှင်ပင် ယူချင်းနှင့် ရာရာတို့ကြောင့် မှေးမှိန်ရသည်။

ယူချင်းက မြေရိုင်းပြည်နယ် ဘက်ကို လှည့်ကာ ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်းက ပြုံးလျက် လှမ်းပြောသည်… “ပထမနေရာကို ရပေမဲ့ သိပ်လည်း မမြောက်သွားနဲ့…”

ထိုအခိုက်တွင် သူကလည်း ယူချင်းအတွက် ပျော်ရွှင် ရပေသည်။ ပြိုင်ပွဲမတိုင်ခင် ကတည်းက ဤသို့သော အချိန်အခါ ရောက်လာမည်ကိုကား သူက သိပြီး ဖြစ်ပေသည်။

သို့သော်လည်း နောက်ဆုံး တိုက်ပွဲက သူ၏ ခန့်မှန်းမှုများကို ဝေဝါးစေခဲ့ကာ သူကိုယ်တိုင် စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲကို စောင့်ကြည့်ခဲ့ရ၏။

ယူချင်းက ခေါင်းညိတ်ကာ တစ်ဖက်ကို လှည့်သွားသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေရာကို ရယူခြင်းဖြင့် သူကား မြေရိုင်း ပြည်နယ် အတွက် လေးစားမှုကို ပြန်လည် ရယူခဲ့သည်။

ထိုအခိုက်တွင် လူအများအပြား ကလည်း ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ တော်ဝင်ကျဲနန်းတော်မှ ဤမျှရှားပါးသော ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာသည့်တိုင် ရီဖူရှင်းက သိပ်စိတ်လှုပ်ရှားဟန် ရမနေပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset