အပိုင်း (၇၉၆)

ထိန်းချုပ်သူအစစ်အမှန်

ရာရာ၏ဆံပင်များက လေထဲတွင် လူးလွင့်နေ၏။ သူမက လက်ဆန့်တန်းလိုက်သည်တွင် ကောင်းကင်နှင့် မြေပြင်အကြားမှ အဆုံးအစမဲ့သော လေစီးကြောင်များ သူမထံတွင် လာရောက်စုစည်းကြ၏။ ကောင်းကင်ထက်တွင် အကန့်အသတ်မဲ့ ဓားက ဖြစ်ပေါ်လာကာ သူမ၏ဓားကလည်း ယခင် ဓားသမားများကဲ့သို့ မတူဘဲ ရှေးဆန်သော အငွေ့အသက်များအား ပေးစွမ်း၏။

ဧည့်ကြည့်စင်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးက သူမဓား၏သီးသန့်ဆန်မှုကို ခံစားမိကြကာ တိုက်ပွဲကို တိတ်ဆိတ်စွာ လေ့လာ အကဲခတ်နေကြသည်။ ဤမတိုင်ခင်က ရာရာကား သည်မျှ အလေးအနက်ထား မတိုက်ခိုက်ဖူးပေ။

ယူချင်းက သူမ၏စွမ်းအားများကို ထုတ်ဖော် နိုင်လောက်အောင် လုံလုံလောက်လောက် အားကောင်းပါ့မလား။

ကောင်းကင်နှင့် မြေပြင်က တင်းမာ ခက်ထန်သွားဟန်ရ၏။ အချိန် အကန့်အသတ်မဲ့မှ ရောက်လာသော ဓားများက ထက်ရှခြင်း လေတိုးသံများကို မပေးဘဲ အံ့ဖွယ်ကောင်းအောင် လေထုထဲ ဖျတ်ခနဲ ပေါ်လာပေတော့သည်။

ရာရာက သူမ၏လက်ကို လှုပ်ရှားလိုက်သည်တွင် ကောင်းကင်မှဓားက မူလနေရာမှ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် အချိန်နှင့် လေဟာနယ်အား လျစ်လျူရှုကာ ယူချင်းထံကို ချက်ချင်း ရောက်လာသည်။

“ အာကာသဓာတ်… ”

အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ရာရာက သူမ၏စွမ်းရည်ကို အသုံးမပြုရသေးမီတွင်ပင် သူမက အာကာသဓာတ်အား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မှတ်မိကြသည်။ ထို့ကြောင့် သူမ၏ဓားက အာကာသဓာတ်ဖြင့် ပေါင်းစပ်ထားသော ဓားဖြစ်ကြောင်းလည်း ကောက်ချက် ချနိုင်ပေတော့သည်။ အကွာအဝေးနှင့် အချိန်ကို လျစ်လျူရှုကာ တိုက်ခိုက်နိုင်သော ဓားက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို စဉ်းစားနေရန်ပင် မလိုတော့ပေ။

ရာရာ၏စွမ်းရည်ဖြင့် သူမသာဆန္ဒရှိပါက ညီလာခံမှ ပါရမီရှင်များအား ဓားတစ်ချက်ဖြင့် သတ်ဖြတ် နိုင်ပေသည်။

ထိုအခိုက်တွင် ယူချင်းက မရေမတွက်နိုင်သော ဓားများ သူ့ထံကို ပျံဝဲလာသည့် မြင်ကွင်းအား တွေ့ကြုံနေရ၏။

ထိုဓားများကိုမြင်ကာ မရေမတွက်နိုင်သော လူများက ယူချင်းကိုယ်စား ချွေးစေးများ ပြန်နေကြသည်။ သူက အမှန်တကယ် ထိုဓားများကို ခံနိုင်ရည်ရှိပါ့မလား။

ဘန်း…

ဓားကျဆင်းမလာမီတွင်ပင် ယူချင်းက ရှေ့ကို တက်လိုက်သည်။ သူ၏လက်က တုန်ခါသွားပြီး အလင်းတန်းများက သူ၏တစ်ကိုယ်လုံးကို စီးဆင်းသွားကာ သွေးကြောမ ခုနစ်ခုထဲမှ ခြောက်ခုအား တိုက်ရိုက်ဖွင့်လှစ်ခဲ့သည်။ ထိုအခိုက်တွင်ပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆူပွက်လာပြီး အဆုံးအစမဲ့သော ခွန်အားများ ဖြစ်ပေါ်လာ၏။ ထိုအခိုက်တွင် သူကား နတ်ဆိုးတစ်ပါး အဖြစ် ပြောင်းလဲသွားတော့သည်။

ဝုန်း… ဝုန်း… ဝုန်း…

ဓားက ရောက်လာသည်တွင် နတ်ဆိုး၏ စစ်မှန်သောခန္ဓာအား ဖောက်ထွင်းကာ ယူချင်း၏ ကိုယ်ထည်ကို တိုက်ရိုက် ကျဆင်းပေသည်။ တဖန် ယူချင်းကား နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ကောင်းကင်မှ ကြီးမားသော စွမ်းအင်ကို သယ်ဆောင်ကာ ရောက်လာသော ဓားအား ရင်ဆိုင်ခြင်းတွင် ပြိုင်ဘက်ကင်း ရုပ်ခန္ဓာပင် ကြံ့ကြံ့ခံနိုင်စွမ်း မရှိပေ။

လူအများအပြားက သက်ပြင်းရှိုက်မိကြသည်။ ပြည်နယ်ကိုးခုညီလာခံစတင်ကတည်းက ယူချင်းကား အရှုံးမရှိခဲ့သလို သူက နောက်ဆုတ်ရသည်မှာလည်း ဤတစ်ကြိမ် ပထမဆုံးဖြစ်ပေလိမ့်မည်။

ယူချင်းအား နောက်ဆုတ်စေရန် ကျူးကော့ရီပင် မတတ်နိုင်ခဲ့။ သို့သော် ရာရာကား တစ်ကွက်တည်းဖြင့် ယူချင်းအား နောက်ဆုတ်စေခဲ့သည်။ မရေမတွက်နိုင်သော လူများက ပြည်နယ်ကိုးခု ညီလာခံ၏အမြင့်ဆုံး တိုက်ပွဲရောက်ရှိလာသည်ကို သိထားကြကာ ပင့်သက်ရှိုက်လိုက်ကြသည်။

နတ်ဆိုးခန္ဓာက မြေပြင်ပေါ်တွင် မားမားမတ်မတ်ရပ်ကာ ခေါင်းမော့လျက် ရာရာကို စူးနစ်စွာ ကြည့်သည်။ သူက လက်ဆန့်တန်း လိုက်သည်တွင် ပိုမိုအားကောင်းသော မိစ္ဆာအငွေ့အသက်များ ကျဆင်းလာသည်ကို အားလုံးက ခံစားမိကြသည်။

ဘုန်း… ယူချင်းက ရှေ့ကို တက်လာသည်တွင် စင်မြင့်က တုန်ခါသွားသည်။ တစ်လှမ်းတည်းဖြင့်… သူကား မြန်ဆန်စွာပင် လေထဲကို ခုတ်တက်ကာ ရာရာထံသို့ တိုးဝင်လာ၏။

ယူချင်း၏သန်မာထွားကျိုင်းသောနတ်ဆိုးခန္ဓာရှေ့တွင် ရာရာ၏ဖြစ်တည်မှုက သေးငယ်သည် ထင်မှတ်ရသော်လည်း သူမ၏မျက်လုံးများတွင် ကြောက်ရွံ့ဟန် စိုးစဉ်းမျှမတွေ့ရပေ။ သူမက ယူချင်းကို တည့်တည့်ပြန်ကြည့်သည်။ ကောင်းကင်နှင့် မြေပြင်က မှောင်မဲလာကာ ကမ္ဘာပျက်ဖွယ် အငွေ့အသက်များ လွှမ်းခြုံလာ၏။ ရှေးဆန်သော အငွေ့အသက်များဖြစ်ပေါ်လာသည်တွင် အားလုံးက ကောင်းကင်ကို ထူးဆန်းစွာ လှမ်းကြည့်ကြသည်။

ကျူးကော့ရီနှင့် ရီကုဟောင်တို့၏အမူအရာများလည်း ပြောင်းလဲ သွားကြသည်။ ရာရာ၏မျက်လုံးထဲမှ ထိုထိတ်လန့် ချောက်ချားဖွယ် မြင်ကွင်းကို အပြင်တွင် သူတို့ အမှန်တကယ် မြင်တွေ့ရတော့မည်လား။

ထိုမြင်ကွင်းက တကယ့် လက်တွေ့ ကမ္ဘာထဲတွင် ဖြစ်လာမည်လား။

အားလုံး၏ထိတ်လန့်ဖွယ် အကြည့်အောက်တွင်ပင် ရာရာက သေးသွယ်သော လက်ကို မြှောက်လိုက်၏။

သူမက ယူချင်းနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်လိုသည်လား။

သူမက ရူးနေသည်လား။

ရာရာ၏နောက်မှ ရှေးဟောင်း ဓားတစ်လက်ပေါ်လာသလို သူမ၏သေးသွယ်သော လက်ဝါးကလည်း ယူချင်းထံကို တိုးဝင်သွားသည်။ သို့သော် ထူးဆန်းသော ခံစားချက်တစ်ခုက… ယူချင်း၏ ကြီးမားသော ခွန်အားကို သူမ၏သွေးသွယ်သော လက်ဝါးကလေးက အမှန်ပင် ရင်ဆိုင်နိုင်မည်ဟု ထင်မိကြသည်။

ဘန်း…

လက်ဝါးနှစ်ခု ရင်ဆိုင်မိသည်။ ရာရာ၏ခန္ဓာကိုယ်က နောက်ကို အတော်ဝေးဝေး ဆုတ်သွားရကာ လေထဲတွင်ပင် ပြန်လည်၍​ ဟန်ချက်ထိန်းသည်။ တချိန်တည်းမှာပင် ယူချင်းကလည်း နောက်ကို ဆုတ်ပေးရသည်။ သူနောက်ဆုတ်ပေးရသည်က လက်ဝါးကြောင့်မဟုတ်ဘဲ ဓားတစ်လက်ကြောင့်ဖြစ်သည်။ ဓားက လက်ဝါးကို ထွင်းဖောက်ကာ သူ၏ခန္ဓာကိုယ်အား ဦးတည် တိုးဝင်လာခဲ့ရာ သူက နောက်မဆုတ်၍ မရပေ။

သူတို့နှစ်ယောက်လုံး နောက်ဆုတ်ကြသည်။

ထိုစဉ်မှာပင် ရာရာက ဘာမှ မဖြစ်ခဲ့သလိုပင် ရှေ့ကို တစ်ဖန်ပြန်လည် တိုးဝင်လာသည်။ ပထမဆုံးအကြိမ် ယူချင်း၏ ပြိုင်ဘက်ကင်း လက်ဝါးရိုက်ချက်က သူမအား ထိခိုက်စေခြင်း မရှိခဲ့ပေ။ ယခင်ကကား ယူချင်းနှင့် ယှဉ်ရိုက်မိသူတိုင်း သို့မဟုတ် ယူချင်း၏ အရိုက်ခံရသူတိုင်း အခြေအနေ မကောင်းကြပေ။

ရာရာက လေထုထဲကို လှမ်းကြည့်သည်။ သူမ၏မျက်လုံးများက သွေးနီရောင် ထနေကာ မှိုင်းညို့၏။ ချက်ချင်းပင် ကောင်းကင်က မှောင်မိုက်လာကာ လေဟာနယ်က ရှေးဆန်းသော အငွေ့အသက်များနှင့် ဧရာမဓားတစ်လက် ပေါ်လာသည်။ ကျူးကော့ရီနှင့် ရီကုဟောင်တို့ သက်ပြင်း ရှိုက်လိုက်ကြသည်။ ထိုမြင်ကွင်းက အမှန်တကယ် ဖြစ်လာသည်။

ကောင်းကင်တွင် မရေမတွက်နိုင်သောဓားများဖြစ်ပေါ်လာနေသည်။

ယူချင်းက လှမ်းကြည့်သည်တွင် သူ၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအင်များက ဖြာထွက်လာဟန်ရပြီး တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာလေစီးကြောင်းများ ပြင်းထန်စွာ ရိုက်ခတ်လာကာ ကောင်းကင်တွင် မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုး ပုဆိန်ရှည်များ ဖြစ်ပေါ်လာကြသည်။

“ ဆင်းလာစမ်း… ”

ရာရာ၏မျက်လုံးထဲတွင် သွေးနီရောင် လွှမ်းသွားသည်တွင် ကောင်းကင်မှ တစ်ဖန် ဓားများက အကွာအဝေးနှင့် အချိန်ကို လျစ်လျူရှုလျှက် ယူချင်းထံကို ရောက်လာကြပြန်သည်။ ယူချင်းက မာန်သွင်းလိုက်သည်တွင် မရေမတွက်နိုင်သော ကောင်းကင် ပုဆိန်ရှည်များက ကောင်းကင်ထက်မှ ရောက်လာသော ဓားများဖြင့် ရင်ဆိုင်မိကြတော့သည်။

ရာရာက ယူချင်းအား စိုက်ကြည့်နေဆဲဖြစ်ကာ ဓားများကလည်း ယူချင်းထံကို အဆက်မပြတ် ရောက်လာနေကြသည်။ အကယ်၍​ ယူချင်းနေရာတွင် တခြားတစ်ယောက်ဆိုပါက သူကား ရှုံးနိမ့်သွားပြီး ဖြစ်မည်မှာ သေချာသည်။ ယူချင်းတစ်ယောက်သာ ဤသို့သော တိုက်ခိုက်မှုမျိုးအား ခုခံနိုင်သည်။

သို့တိုင်အောင် အရေအတွက် အကန့်အသတ်မဲ့သော ဓားများက ယူချင်းထံသို့ အဆက်မပြတ် ကျရောက်လာကာ သူ့အား တုန်ခါစေသည်။

အကယ်၍​ သည်အတိုင်း ဆက်သွားပါက စစ်မှန်သော နတ်ဘုရားပင်လျှင် ပြိုလဲရမည် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကား အမှန်တကယ်အားဖြင့် နိုဘယ်တစ်ယောက်၏စွမ်းအားများကိုသာ သိုလှောင်ထားရာ အရာခပ်သိမ်းကို ပြိုင်ဘက်ကင်းသည် မဟုတ်ပေ။

သူက တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရမည်ဖြစ်သည်။

ဘန်းခနဲမြည်သံနှင့်အတူ နတ်ဆိုးပုံသဏ္ဍာန်က ဓားများကို ဖြတ်ကျော် နင်းလျှောက်သွားကာ ကောင်းကင်ထက်ကို ခုန်တက်သွားသည်။

အလွန်အမင်း မြန်ဆန်စွာပင် ယူချင်းက ရာရာရှေ့ကို ရောက်လာပြီး လက်ဝါးဖြင့် ရိုက်သည်။ သို့သော်လည်း အလင်းတစ်ချက်နှင့်အတူ ရာရာက ထိုနေရာမှ ပျောက်ကွယ်သွား၏။

မြန်ဆန်စွာပင် ယူချင်းက သူ၏နောက်ကျောမှ အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက်က သူ၏နောက်မှ ရောက်လာပြီး ဖြစ်သည်။

ဝုန်း…

အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ရုတ်ခြည်းထွက်လာသည်တွင် ရာရာက ထိတ်လန့်သွားကာ မြန်ဆန်စွာ နောက်ဆုတ်သည်။ ယူချင်းက နောက်လှည့်ကာ သူမအား ကြည့်သည်။ သို့သော်လည်း ရာရာကား အဝေးတစ်နေရာကို ရောက်သွားပြီး ဖြစ်သည်။ သူက မည်မျှ မြန်ဆန်ပါစေ လေဟာနယ်ဓာတ်ကို အန်တံမရနိုင်ပေ။

“ ရှင့်ရဲ့စွမ်းရည်တွေက မလုံလောက်ဘူး… ရှင်က ဘယ်လောက်ကြာကြာ ဒီလိုတိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိမှာတဲ့လဲ… ”

ရာရာက ယူချင်းကို ပြောသည်။ ယူချင်းက အလွန်အမင်း အားကောင်းသော်လည်း သူမ၏ လေဟာနယ်ဓာတ်ကို ခြေဖျက်နိုင်ခြင်း မရှိပေ။

သူမ၏စကားကို ကြားသော လူများအားလုံးက ဆွံ့အရသည်။ ရာရာက ပြိုင်ဘက်ကင်းစွမ်းရည်ကို ထုတ်ပြထားပြီးဖြစ်ကာ ယူချင်း၏ ပြိုင်ဘက်ကင်း ခန္ဓာဖြင့်ပင် သူကား ရှုံးနိမ့်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။ ရာရာ၏ တိုက်ခိုက်မှုများက ယူချင်းကို ထိခိုက်စေနိုင်သည်မှာ သေချာ၏။ အချိန်ကြာလာလေလေ ယူချင်းအတွက် အလေးနိမ့်လေလေ ဖြစ်သည်။

ယူချင်း၏ မိစ္ဆာမျက်လုံးများက ရာရာထံကို ရောက်လာသည်။ သူက ဘာမှ ပြန်မပြောသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ လောကဓာတ်က အမြင့်ဆုံးသို့ ရောက်လာကာ ကောင်းကင်နှင့် မြေပြင်အကြား၌​ပြင်းထန်သော အားလှိုင်းများ စတင်စီးဆင်းလာပြီး ကောင်းကင်ပုဆိန်ရှည်များနှင့် အတူ ဧရာမနတ်ဆိုး တစ်ပါးဖြစ်ပေါ်လာသည်။

ရာရာက သူမ၏ရှေ့မှ မြင်ကွင်းကို ကည့်ကာ မျက်လုံးက အရောင်တောက်သွားသည်။ သူမက ရှေ့ကို တစ်လှမ်းတက်လိုက်သည်တွင် မူလနေရာမှ ပျောက်ကွယ်သွား၏။

သည်တစ်ကြိမ်ကား ယူချင်းက သူမဘယ်နေရာကို ရောက်သွားသည်ကို စိတ်မဝင်စားတော့ဘဲ ကောင်းကင်မှ ပုဆိန်ရှည်များအား ဆင့်ခေါ်ကာ စင်မြင့်နေရာအနှံ့ကို ကျဆင်းတိုက်ခိုက်စေသည်။

တချိန်တည်းမှာပင် ရာရာက တဖန် ယူချင်း၏နောက်မှ ပေါ်လာကာ လက်ညှိုးဖြင့် ထိုးနှက် တိုက်ခိုက်လိုက်သည်တွင် နတ်ဆိုးခန္ဓာက အက်ကွဲရာ ပေါ်လာသည်။

သို့သော်လည်း ယူချင်း၏ မျက်လုံးများက နတ်ဆိုး ပုဆိန်ရှည်များအား ဆင့်ခေါ်ခြင်း၌ အာရုံစိုက်ထား ဟန်ရကာ ခဏချင်းတွင်ပင် ထိုနေရာ တစ်ခုလုံးက မိစ္ဆာနယ်ပယ် အဖြစ် ပြောင်းလဲသွားပြီး နေရာတိုင်း၌​ကောင်းကင် ပုဆိန်ရှည်များဖြင့် ပြည့်နှက်သွားသည်။

“ ဒါက အလုပ်ဖြစ်မယ်လို့ ရှင်ထင်လား… ”

ရာရာက သူမ၏ရှေ့မှ​လေဟာနယ်ကို ကြည့်ကာ ရေရွက်လိုက်သည်တွင် အပေါ်ကောင်းကင်မှ မရေမတွက်နိုင်သော ဓားများ ကျဆင်းလာကြပြီး ကြောက်မက်ဖွယ် မြင်ကွင်း တစ်ခုဖြစ်လာ၏။

ယူချင်းက ခေါင်းမော့ကာ သူမအား ကြည့်သည်။ အကြည့် တစ်ချက်ကပင် ကောင်းကင်နှင့်မြေပြင်က ပူးကပ်သွားသည်ဟု ရာရာက ခံစားလိုက်ရကာ လောက၏အရာခပ်သိမ်းက ယူချင်း၏ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု ထင်မှတ်ရ၏။

ပိုမိုအားကောင်းသော မိစ္ဆာအသိပေါ်ထွက်လာကာ စင်မြင့်တစ်ခုလုံး ပုဆိန်ရှည်များက မုန်တိုင်းအလား လှည့်ပတ်ကြကာ နတ်ဆိုး ပုံရိပ်ယောင်များကလည်း နေရာတိုင်းတွင် ဖြစ်ပေါ်လာသည်။

“ ဒီနေရာက ကျုပ်အပိုင်ပဲ… ”

ယူချင်း၏ အေးစက်သော မျက်လုံးများက ရာရာကို စိုက်ကြည့်ပြီး ပြောသည်တွင် ရာရာအား အမှန်တကယ် ချောက်ချား စေခဲ့သည်။ သူမ၏စိတ်နှင့် ခန္ဓာနှစ်ခုလုံးက နတ်ဆိုး၏ အပိုင်နယ်ထဲကို ရောက်နေသည်ဟု ခံစားရကာ အဆုံးမဲ့သော ပုံရိပ်များက သူမထံသို့ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလာကြသည်ကို မြင်နေရ၏။

ထိုအခိုက်တွင် ရာရာကား တုန်လှုပ်မိသည်။

တစ်စုံတစ်ယောက်က သူမအား အမှန်ပင် ထိတ်လန့်စေသည်။

သူမက ယူချင်းအား သွေးနီရောင် မျက်လုံးများဖြင့် ကြည့်သည်။ ထိုအခိုက်တွင် ကောင်းကင်ထက်မှ ဓားများအားလုံး ကျဆင်းလာကြသည်တွင် ကြောက်မက်ဖွယ် ဓားမုန်တိုင်း တစ်ခုဖြစ်ပေါ်လာ၏။

ထိုအခိုက်တွင် ပရိသတ်များထဲမှ ဓားသမားများ အားလုံးက စင်မြင့်ထက်မှ ဓားအသိ၏ ထူးခြားလေးနက်မှုကို ခံစားလိုက်ရသည်။ ထိုအရာက သူတို့၏ဓားအသိမှ တုံ့ပြန်မှုဖြစ်ကာ သူမထုတ်လွှတ်သော ဓားက ပိုမိုနက်ရှိုင်းသော၊ သို့မဟုတ် ပိုမိုရင်းမြစ်ကျသော အသိကြောင့်ဟု ယူဆရသည်။ ထိုအဖြစ်က သူတို့အားလုံးကို ထိတ်လန့်စေကာ ရာရာအား ပြူးကျယ်လျက်ကြည့်ကြ၏။

သူမက ဘယ်လိုလုပ်လိုက်တာလဲ။

“ မဟုတ်ဘူး… ဒါက ကျွန်မရဲ့အပိုင်နေရာပဲ… ”

ရာရာက အေးစက်စွာ ပြန်ပြောသည်။ သူမက မည်သည့်နေရာကို ရောက်နေပါစေ၊ ထိုနေရာက သူမဓားများ၏ နေရာဖြစ်ပေသည်။

ကောင်းကင်ထက်မှ အဆုံးအစမဲ့သောဓားများက မုန်တိုင်းအသွင်ဖြင့် ဆင်းသက်လာကြသည်။ ထိုအရာသာ အမှန်တက်မြေပြင်ပေါ်ကို ကျဆင်းလာပါက မည်သည့်သက်ရှိမှ လွတ်လမ်းမမြင်နိုင်ဟု ထင်မှတ် ရလောက်အောင် ပြင်းထန် အားကောင်းသော အရှိန်အဝါ အားပေး၏။

“ ဒါက တကယ်ပဲ ​နိုဘယ်တွေရဲ့တိုက်ပွဲလား… ”

ပြည်နယ် ကိုးခုညီလာခံကို လာရောက်သော ပုဂ္ဂိုလ်ကြီးများက ရေရွက်ကြသည်။ ရှီတန်ခိုးရှင်များ၏တိုက်ပွဲများပင် သည်မျှ မပြင်းထန်ပေ။

ရှီအဆင့်ကို တက်ရောက်စ လူများက သည်ပါရမီရှင် နှစ်ယောက်ကို ယှဉ်နိုင်ဖွယ်မရှိပေ။

“ ကျုပ်က ဓားလမ်းစဉ်ရဲ့ အနှစ်သာရကို ခံစားမိသလိုပဲ… ဒီကလေးက လောကရဲ့ဓားကို ကိုင်ဆောင်ထားသလို ခံစားချက်မျိုး ကျုပ်ရတယ်… ”

အလွန် အားကောင်းသော ဓားသမား တစ်ယောက်က ရာရာကို မှတ်ချက်ချသည်။ ရာရာပိုင်ဆိုင်သော ဓားအနှစ်သာရက အားကောင်းခြင်း မရှိသော်လည်း သူ့အား စိတ်လှုပ်ရှားစေမိသည်သာ။

“ ယူချင်းကလည်း ဒီအတိုင်းပဲ… ”

တစ်ယောက်က ပြောသည်။ ယူချင်း ကိုယ်တိုင်က လောကကို အပိုင်စိုးရသော နတ်ဆိုးတစ်ပါး အလား ထင်မှတ်ရပေသည်။

ယခုကား ယူချင်းက သူ၏မိစ္ဆာအသိကို အမြင့်ဆုံးသို့ မြှင့်တင်ထားပြီး ဖြစ်သည်။ ရာရာသာ လုံလောက်အောင် အားမကောင်းပါက သူက ဤသို့လုပ်မည် မဟုတ်ပေ။ မိစ္ဆာတိုက်ခိုက်မှုကို အစပျိုးသည်တွင် သူ၏စိတ်ထဲတွင် မြင်ကွင်း တစ်ခုပေါ်လာသည်။ နတ်ဆိုးက သူ၏ပလ္လင်တွင် ထိုင်ကာ လောက၏ ဖြစ်တည်မှုများ အားလုံးကို အပေါ်စီးမှ ကြည့်ရှု၏။

“ ရှင်အရှုံးမပေးသေးဘူးလား… ” ရာရာက ယူချင်းကို မေးသည်။

ယူချင်းက သူမအား အေးစက်စွာ ပြောသည်… “ ကလေးမ.. မင်းက ငါ့ကို ဒီလိုပြောရမယ့် အခြေအနေ မဟုတ်ဘူး… ”

“ ဓားမြှုပ်နှံခြင်း… ”

ယူချင်း၏စကားကို ကြားသည်တွင် ရာရာက အေးစက်စွာ အမိန့်ပေးသည်။ သူမက ပြောလိုက်သည်တွင် ကောင်းကင်မှ သွေးနီရောင် လွှမ်းသွားပြီး မရေမတွက်နိုင်သော ဓားများက ယူချင်းထံကို ဦးတည်ကာ ကျဆင်း လာကြတော့သည်။

ယူချင်းအား ရှိရှိသမျှသော ဓားများဖြင့် မြှုတ်နှံစေမည်။

“ အကန့်အသတ်မဲ့ မိစ္ဆာစွမ်းအား… ” ယူချင်းက အေးစက်စွာ ပြောသည်။ သူ၏မျက်လုံးများက နက်မှောင် သွားသည်။ လေဟာနယ်ထဲ နတ်ဆိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ လေထဲကို ကျော်ဖြတ် ရောက်လာသော အာကာသလောက ဓာတ်ဓားအား အတင်းပယ်ဖျက် စေခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံးက မှင်တက်သွားကြသည်။

အာကာသလောကဓာတ်အား အတင်းပယ်ဖျက်၍ ရသည်လား။

သည်နေရာက သူ့အပိုင်ဟု ယူချင်းက ပြောခဲ့သည်။

မရေမတွက်နိုင်သော ဓားများက ယူချင်းထံကို ဆက်လက် ကျဆင်းလာကြသည်။ သို့သော် ယူချင်းက ရှေ့ကို တက်သွားသည်တွင် အဆုံးအစမဲ့သော နတ်ဆိုးပုံရိပ်က မရေမတွက်နိုင်သော ပုဆိန်ရှည်များကို ကိုင်ဆောင်ကြကာ ကောင်းကင်မှ ကျဆင်းလာသော ဓားများအား ဖြတ်တောက် တားဆီးကြ၏။

ကောင်းကင်တွင် အလင်းပေါက်ကွဲမှုများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာပြီး ထိုစွမ်းအားများက အမှန်ပင် ယူချင်းထံကို စီးဆင်းလာကြကာ မိစ္ဆာအငွေ့အသက်များ လွှမ်းစေ၏။ ယူချင်းကား ထိုစွမ်းအားများကို မိစ္ဆာအသွင် ပြောင်းစေကာ သူ့ခန္ဓာကိုယ်အား ဝါးမျိုစေ၏။

ထို့နောက်တွင် ယူချင်းက လက်ကို မြှောက်လိုက်ပြီး သူ၏ရှေ့မှ လေဟာနယ်ကို ပြင်းထန်စွာ ရိုက်လိုက်သည်။

ဘုန်းခနဲမြည်သံနှင့် အတူ ကောင်းကင်တစ်ခွင်ရှိ မရေမတွက်နိုင်သော ဓားများ ပေါက်ကွဲပျက်စီး သွားကြကာ ပြင်းထန်သောအားလှိုင်းက ရာရာထံကို ဆက်လက် ရိုက်ခတ်သွားသည်။

ရာရာက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်သည်။ သူမ၏ ဓားကမ္ဘာက မည်သို့ ပျက်စီး သွားရသနည်း။

***


Comment

Leave a Reply


Options

not work with dark mode
Reset