အပိုင်း(၇၉၄)

လျစ်လျူရှုမှု

ရှားရီ၏ စွမ်းရည် သက်သက်ကပင် ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေရာကို ရယူနိုင်လောက် သော်လည်း သည်တစ်ကြိမ် ပြိုင်ပွဲတွင်ကား ထိပ်သီးသုံးနေရာသို့ ဝင်ရန်ပင် မသေချာပေ။

“သတ္တု … ကောင်းကင် ရှစ်ထောင့်ဝင်္ကပါ… အပြစ်ကင်းစင်ခြင်းဓား…” ကျူကော့ရီထံမှ​အသံတစ်သံကို ကြားကြရသည်။ သူ၏အသံနောက်တွင် အဆုံးအစမဲ့သော ဝင်္ကပါကြီးက ရွှေရောင်များ လင်းလက်လာကာ ဓားတစ်လက်အလား ရှားရီထံသို့ လာရောက် ပိုင်းဖြတ်ကြ၏။

ရှားရီကလည်း နဂါးအော်သံပေးကာ ပြန်လည် တုံ့ပြန်၏။ ကောင်းကင်နှင့် မြေပြင်က လှုပ်ရှားသွားသလို ရက်စက် ပြင်းထန်သော လောကဓာတ်က ပေါက်ဖွား လာခဲ့သည်။ ကောင်းကင် တစ်ခွင်လုံးကို ရွှေရောင် အလင်းတန်းများ ကျဆင်းလာကာ အရာခပ်သိမ်းကို ဖုံးအုပ် သွားတော့သည်။

ဂါး…

စစ်မှန်သော နဂါးက ကောင်းကင်သို့ ပျံတက်လာသော အချိန်တွင် ရှားရီကလည်း ကျူးကော့ရီထံသို့ ခုန်ဝင်လာ၏။ သူ ဖြတ်ကျော်သွားသည့် နေရာတိုင်းတွင် လောကဓာတ်က အဆုံးစွန်အထိ မြင့်တက် သွားသည်။ ကောင်းကင်မှ ဓားများပင် ဘေးကို သွေဖည် ကြ၏။

“မြေ… မြေဝင်္ကပါ… ချုပ်နှောင်ခြင်း…” ကျူးကော့ရီ၏ အနက်ရောင် ဆံပင်များက နောက်ကို တလွင့်လွင့် ပျံဝဲကြသည်။ အလင်းတန်းများက ဓာတ်ငါးမျိုးနှင့်အတူ လင်းလက် တောက်ပကြကာ ရုန့်ရင်း ကြမ်းတမ်းစွာ ကခုန်ကြ၏။ ရှားရီ၏ အနီးတွင် အလင်း ထောင်ချောက်က လေဟာနယ်ကို ရစ်ပတ်လျက် ချုပ်နှောင် လာသည်။

ရှားရီက စကြဝဠာ ဖြစ်တည်ခြင်း နည်းလမ်း အတိုင်းပင် ထောင်ချောက်ထဲ၌ ဖြတ်သန်း လှုပ်ရှားသွားသည်။ လက်ကို အဆက်မပြတ် ဝှေ့ယမ်းသည်တွင် သူ၏လက်များမှ အလွန် အားကောင်းသော စွမ်းအင်က ထောင်ချောက်အား ထွင်းဖောက်ရန် ကြိုးစားသည်။

“မြေ… တောင်တန်း ဝင်္ကပါ…” ကျူးကော့ရီက ဝင်္ကပါ နောက်တစ်ခု ဆောက်တည် သည်တွင် ကောင်းကင်၌​ တောင်ကုန်း တောင်တန်းများက ဝင်္ကပါအလား ဖြစ်တည်လာပြီး ရှားရီထံကို ဆက်လက် ကျဆင်းလာသည်။ ထို့နောက်တွင် ပေါက်ကွဲသံများ တဝုန်းဝုန်း ကြားရပြီး ကျောက်တုံး အပိုင်းအစများ အကြားတွင် ရှားရီ၏ ပုံရိပ်ပေါ်လာသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျနေကာ အသက်ရှူနှုန်း ကလည်း အလွန်တရာ အားနည်း နေသည်ကို မြင်ကြရသည်။

ကျူးကော့ရီက ရှားရီကို ကြည့်ပြီး တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်သည်။ ရှားရီက ပြန်ကြည့်သည်။ အနည်းငယ်ကြာပြီးမှ သူက ပြောသည်… “မင်းနိုင်တယ်…” သူက ထိပ်သီး သုံးနေရာထဲသို့ မဝင်ရောက်ဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရမည်ဟု ရှားရီက မထင်မှတ်ထားပေ။ မည်သို့ဆိုစေ သူကား ရှုံးနိမ့်ခဲ့သည်မှာ အမှန်တရား ဖြစ်ပေသည်။ ကျူးကော့ရီကား သူ့ထက် အားကောင်းပေသည်။ ထို့ကြောင့် သူက ထိပ်သီး သုံးနေရာထဲသို့ ဝင်ရန် ပိုမို ထိုက်တန်ပေသည်။ သူက မိမိနေရပ်ကို ပြန်ရောက်သောအခါ ပိုမို၍ ကြိုးစား လေ့ကျင့် ရပေဦးမည်။

သည်တိုက်ပွဲ အပြီးတွင် ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီးသုံးယောက် စာရင်း ပေါ်လာပြီဖြစ်သည်။

သူတို့ကား ယူချင်း၊ ရာရာနှင့် ကျူးကော့ရီတို့ ဖြစ်ကြသည်။

မရေမတွက်နိုင်သော မျက်လုံးများက ပြိုင်ပွဲ၏ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပြသထားကြသော လူငယ် ပါရမီရှင် သုံးယောက်အား ကြည့်နေကြသည်။

“ကျိရှား တော်ဝင်နန်းတော်မှာ ပြီးပြည့်စုံတဲ့ ရှန့်ထိုခန္ဓာနဲ့ ပါရမီရှင်တစ်ယောက် ရှိလိမ့်မယ်လို့ မထင်ထားဘူး … ကြည့်ရတာ နောက်ထပ် ရှန့်ထိုတစ်ပါး မွေးဖွားတော့မှာပဲ…” ရှားကလန်မှ တန်ခိုးရှင် တစ်ပါးက မှတ်ချက်ချသည်။

“ဓာတ်ငါးမျိုး ပြည့်စုံခြင်းက ရှန့်ထိုဖြစ်ဖို့ အလားအလာ များတယ် ဆိုပေမဲ့ တကယ်တမ်း ရှန့်ထိုအဆင့်ကို တက်လှမ်းဖို့ သေချာတဲ့ လောက သဘောတရားတွေကို နားလည် ဆင်ခြင်နိုင်ဖို့ လိုအပ်သေးတယ်… ဒါက ကံတရား အပေါ်မှာပဲ မူတည်တယ်…” ကျိရှား တော်ဝင်နန်းတော်မှ တန်ခိုးရှင် တစ်ယောက်က ပြုံးလျက် ပြောသည်… “ဒါပေမဲ့ ကျူးကော့ရီကတော့ ကျုပ်တို့ ကျိရှား တော်ဝင်နန်းတော်မှ ရာစုနှစ်အတွင်း ရှားရှားပါးပါး ပေါ်ထွက်လာခဲ့တဲ့ ပါရမီရှင် ဖြစ်တယ် ဆိုတာကတော့ သံသယဝင်ဖို့ မလိုဘူး…”

ဧည့်ကြည့်စင်မှ လူတိုင်းက သူတို့နှစ်ဦး အကြား စကားများကို ကြားကာ အံ့အားသင့် ကြရသည်။ အရှေ့ဘက် ပြည်နယ်တွင် လျူကျောင်းကား ရှန့်ထိုသုံးပါး၏ ကိုယ်တိုင် လက်ထပ် သင်ကြားပေးခံရသူ ဖြစ်ကာ ရှန့်ထိုဖြစ်ရန် သေချာသူအဖြစ် နာမည် ကျော်ကြားပေသည်။ ယခု နိုဘယ်အဆင့်မျှသာ ရှိသေးသော ကျူးကော့ရီကလည်း ထိုသို့သော ချီးကျူး ဂုဏ်ပြုမှုကို ရနေပြီလား။ ကျူးကော့ရီက ယူချင်းနှင့် ရာရာတို့ကို အနိုင်ယူ ကျော်ဖြတ်နိုင်သည့် အရည်အချင်းများ ရှိနေသည် များလား။

ထိုသုံးယောက်လုံးက အလွန်အမင်း အားကောင်း ကြပေသည်။

“ကျိရှား တော်ဝင်နန်းတော်က ဒီလို တပည့်တစ်ယောက် မွေးဖွားခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်…” ရှီဟွာတောင်ရှန့်ထို့က ပြုံးလျက် ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံမှာ ဒီလိုထူးခြား ထက်မြက်တဲ့ ပါရမီရှင်တွေကို မြင်တွေ့ခွင့်ရတာ ဝမ်းသာစရာပဲ… နောက်ဆုံး တိုက်ပွဲမှာ ဘယ်သူ့ကို သဘောတွေ့ကြသလဲ…”

“ကျူးကော့ရီက ရှားရီကိုတောင်မှ အနိုင်ယူနိုင်တယ် ဆိုတော့ သူက ပြိုင်ပွဲပထမဖြစ်ဖို့ အခွင့်အလမ်း များတယ်… ဒါပေမဲ့ သူက အဲဒီ ထူးဆန်းမိန်းကလေးကို အနိုင်ယူဖို့ လိုလိမ့်မယ်…” ရှားကလန်မှ တန်ခိုးရှင်က ကျူးကော့ရီနှင့် ရာရာတို့၏တိုက်ပွဲကို မျှော်လင့်သည့်ဟန်ဖြင့် ပြောသည်။

လူအများအပြားက တိတ်တဆိတ် သဘောတူကြသည်။ ယူချင်းက အလွန်အမင်း အားကောင်းသည့်တိုင် ရာရာ၏ပါရမီကား မဖြစ်နိုင်သည်ထက် ပိုလွန်နေပြီ ဖြစ်သည်။ ရီကုဟောင်ပင် သူမထံတွင် ရှုံးနိမ့်ခဲ့ရ၏။ ယူချင်းက တတိယမျှသာ ရရှိနိုင်လောက် ပေသည်။

“ကျုပ်ကလည်း ဒီလိုပဲ ထင်တယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်။ ကျောက်စီရီကလည်း မြေရိုင်း ပြည်နယ်ဘက်ကို လှမ်းကြည့်၏။

သည်တစ်ကြိမ် ပြည်နယ်ကိုးခု ညီလာခံ၌ မြေရိုင်း ပြည်နယ်ကား ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပေသည်။ ယူချင်းကသာ ပြိုင်ပွဲကို အနိုင်ရသွားပါက ရီဖူရှင်းတို့က ပိုမို၍ပင် နာမည်ကျော်ကြား ပေလိမ့်မည်။

သို့သော် ယူချင်းက အနိုင်ရရန် အလွန် ခက်ခဲပေမည်။

ရီဖူရှင်းက မူလက ကဲ့သို့ပင် အေးဆေးစွာ ထိုင်နေသည်။ ဘေးမှ ဂူတုံးလျိုက ပြောသည်… “နိုဘယ် တစ်ယောက်က ဒီလောက် စွမ်းတယ်ဆိုတာ မယုံကြည်နိုင်စရာပဲ… နှိုင်းယှဉ်ရရင် နိုဘယ် အဆင့်တုန်းက ငါဒီလောက် မဟုတ်ဘူး…”

“တန်ခိုးကျင့်ခြင်းက မဆုံးနိုင်တဲ့ လေ့ကျင့်မှုကို အခြေခံတယ် … အစ်ကို၃က အဲဒီတုန်းက အရှေ့မြေရိုင်း ဒေသမှာပဲ ရှိသေးတယ် … အခြေအနေက မတူဘူး … ကျူးကော့ရီက မွေးကတည်းက ကျိရှားတော်ဝင် နန်းတော်မှာ လေ့ကျင့်ခဲ့တာ… ရာရာကတော့…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်… “ကျွန်တော်တို့က အရှေ့မြေရိုင်း ဒေသမှာသာ နေခဲ့ကြမယ်ဆိုရင် ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး…”

ဂူတုံးလျိုက ခေါင်းညိတ်သည်။ မြေရိုင်းပြည်နယ်မှ လူတိုင်းက သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံက သူတို့၏ လေ့ကျင့်မှုများအား ကြီးစွာ အကျိုး သက်ရောက်မှု ရှိသည်ကို ဝန်ခံရသည်။

“ကျူးကော့ရီက ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ… ရာရာနဲ့ ယူချင်းသာ ဒီပြိုင်ပွဲမှာ မပါခဲ့ရင် သူက ပထမရမှာ သေချာတယ်…” ဂူတုံးလျိုက တီးတိုးပြောသည်… “ဒါပေမဲ့ ယူချင်းနိုင်မယ်လို့ ဘယ်သူမှ မခန့်မှန်းဘူး…”

“ပြည်နယ်ကိုးခု ညီလာခံမှာ ဝင်ပြိုင်တဲ့ ဘယ်တပည့်က လူတွေရဲ့ အလေးထားမှုကို ခံရလို့လဲ…” ရီဖူရှင်းက အေးဆေးစွာ ပြောသည်။ ကျူးကော့ရီက သဘာဝရှန့်ထို ခန္ဓာကိုယ်အား ပိုင်ဆိုင်သည့်တိုင် … အဘယ်အရေးနည်း။

သူတို့ ပြောနေစဉ်မှာပင် စင်မြင့်ပေါ်တွင် လူသုံးယောက်က သုံးပွင့်ဆိုင် ရပ်နေကြပြီ ဖြစ်သည်။ ကျူးကော့ရီကား လေထဲတွင် ဝင့်ကြွားစွာ ရပ်နေ၏။ ရှားရီနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့စဉ်က စွမ်းအင်များက မကွယ်ပျောက်သေးပေ။ သူက တခြားနှစ်ယောက်ကို ကြည့်သည်တွင် သူက ထိုစွမ်းအင်များအား ပြန်လည် သိမ်းဆည်းခြင်း မရှိဘဲ​ ဆက်လက် တိုက်ခိုက်မည့်ဟန် မြင်နေရသည်။

စင်မြင့်ပေါ်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ တဖြည်းဖြည်းဖြင့် ရာရာနှင့် ယူချင်းတို့ထံ ဖိအား ပေးလာသည်။ ရာရာက ကျူးကော့ရီကို လှမ်းကြည့်သလို ယူချင်းကလည်း တိတ်ဆိတ်စွာ ရပ်နေသည်။ သူတို့နှစ်ဦးကား လှုပ်ရှားခြင်း မပြုကြပေ။

“ကျူးကော့ရီက ဘာလုပ်မလဲ…” လူအများအပြားက သူ့အား ကြည့်နေကြသည်။ သူက နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက် မလို့လား…။

ဓာတ်ငါးမျိုး အလင်းတန်းများနှင့် ရှစ်ထောင့်ဝင်္ကပါတို့ ပေါ်ထွက်လာကာ ရာရာနှင့် ယူချင်းတို့ထံ ဆင်းသက်လာ၏။

ကျူးကော့ရီက နှစ်ယောက်လုံးထံသို့ ဆက်တိုက် တိုက်ခိုက် လိုက်သည်။ တိုက်ပွဲ စည်းမျဉ်းအရ နှစ်ယောက် တစ်ယောက် တိုက်ခိုက်၍​ မရပေ။ ထို့ကြောင့် ကျူးကော့ရီက ရာရာနှင့် ယူချင်းအား ရွေးချယ်စေသည်။ သူ့ကို ဦးဆုံး ပြန်လည် တိုက်ခိုက်သူက ကျူးကော့ရီနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည့်သူ ဖြစ်သည်။

အပြစ်ကင်းစင်ခြင်း ဓားက ကျဆင်းလာသည်တွင် ရာရာနှင့် ယူချင်းတို့နှစ်ဦးလုံး လှုပ်ရှားခြင်း မပြုကြပေ။ သူတို့က ဘာမှ မမြင်သလိုပင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

ရာရာ၏မျက်လုံးများက အလွန်အမင်း လင်းလက်သွားကာ သူမက လက်ဆန့်တန်း သည်တွင် သူမထံကို ကျဆင်းလာသော အပြစ်ကင်းစင်ခြင်း ဓားက လေထဲတွင် ရပ်တန့်သွား၏။ အချိန်နှင့် လေဟာနယ်ကား အေးခဲသွားသည်။

“ဒါ…” လူအများအပြားက စိတ်နှလုံး တုန်ခါသွားကြသည်။ သည်မိန်းကလေးကား မိစ္ဆာမလေး ဖြစ်၏။

ယူချင်းအား ကြောက်မက်ဖွယ် ကောင်းသော နက်ရွှေရောင် အလင်းများ ရစ်ပတ်သွားကာ စစ်မှန်သော ရုပ်ခန္ဓာ ဖြစ်လာ၏။ အပြစ် ကင်းစင်ခြင်းဓားက ယူချင်းထံကို ရောက်လာသောအခါ ထိုအတိုင်းပင် ဝါးမျိုခြင်း ခံလိုက်ရကာ ပျောက်ကွယ် သွားသည်။

ထိုစဉ်မှာပင် ရာရာက လက်ဆန့်တန်း လိုက်သည်တွင် သူမ၏ အဝတ်အစားများက လေထဲက ခုန်သွားကြ၏။ ကောင်းကင်နှင့် မြေပြင်အကြား အဆုံးအစမဲ့သော ဓားအသိ ဖြစ်ပေါ်လာကာ လေဟာနယ်ကပင် တုန်ခါရသည်။ ရှေးဟောင်း ဆန်သော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာကာ သူမ၏မျက်လုံးများက ပိုမို၍ ​ဆွဲဆောင်အား ကောင်းလာသည်။ ကျူးကော့ရီက သူမ၏မျက်လုံးကို မြင်သည်တွင် သူကိုယ်တိုင်က မှော်မျက်လုံး ကမ္ဘာထဲကို ဆင်းသက် သွားဟန်ရပြီး သူ၏ စိတ်နယ်ပယ်ထဲကို ဓားအသိတစ်ခု တိုးဝင်လာသည်။

ကျူးကော့ရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ဓာတ်ငါးမျိုး အလင်းက ပိုမို၍ သိပ်သည်းလာပြီး သူ့စိတ်ဝိညာဉ် ကလည်း အမြင့်ဆုံးသို့ ရောက်လာသည်။ သူ၏စိတ်နယ်ပယ်ထဲတွင် သူ့စိတ်စွမ်းအားက ဓာတ်ငါးမျိုး အလင်းအဖြစ် ပြောင်းလဲသွားပြီး ဖျက်ဆီးမရ ဖြစ်စေသည်။ ထိုစဉ်မှာပင် ရာရာက ရှေ့ကို ရုတ်တရက် တက်လာသည်တွင် အဆုံးမဲ့သောဓားက လေဟာနယ်နှင့် အကွာအဝေးကို လျစ်လျူရှုကာ ကျူးကော့ရီ၏ရှေ့ကို ရုတ်ခြည်း ရောက်လာသည်။

ကျူးကော့ရီက မျက်မှောင်ကြုတ် လိုက်ကာ သူ၏စိတ်အသိက ရွေ့လျားသွားသည်။ လက်ရှိတွင် ဓာတ်ငါးမျိုး အလင်းက သူ့ထံမှ တိုက်ရိုက် ထွက်ပေါ်လာကာ ပိုမိုကျယ်ပြန့်လာပြီး ထိုအရာက ဧရာမ အလင်းပြား တစ်ခုအဖြစ် ပြောင်လဲသွားရာ တစ်ဖက်လူအတွက် ရှောင်ဖယ်ခြင်းငှာ မစွမ်းသာ ဖြစ်စေ၏။

ဘန်း … ဘန်း… ဘန်း… ဓားက ထွင်းဖောက် သွားသည်တွင် အလင်းပြားတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်၏။ သို့သော်လည်း အလင်းပြားက ကျူးကော့ရီ၏ ဓာတ်ငါးမျိုး စွမ်းအား အောက်တွင် အဆက်မပြတ် ပြန်လည် ပြင်ဆင်နေခဲ့သည်။

ရာရာက ဆက်လက်၍​ တိုက်ခိုက်ခြင်း မပြုပေ။ သူမက ကျူးကော့ရီကို ကြည့်ကာ ပြောသည်… “ရှင်တို့အထဲက နိုင်တဲ့လူ ကျွန်မနဲ့ တိုက်ခိုက်ရမယ်…”

“ဒီမိန်းကလေး …” လူအများအပြားက သူမကို ကြည့်ကာ ဆွံ့အရသည်။ ကျူးကော့ရီကလည်း မောက်မာ သော်လည်း သူမကို ဖိအားပေးနိုင်ဟန် မရပေ။

ကျူးကော့ရီနှင့် ယူချင်းတို့အကြား အနိုင်ရသော သူကသာ သူမနှင့် တိုက်ခိုက်ရမည်။ မည်မျှ အတင့်ရဲ မောက်မာသနည်း။

ကျူးကော့ရီက သူမအား ကြည့်လိုက်ပြီး ယူချင်းဘက်ကို ကြည့်သည်။

“စင်ပေါ်က ကိုယ့်ဘာသာ ဆင်းသွား…” ယူချင်းက ကျူးကော့ရီကို ကြည့်ကာ ပြောသည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော လူများက ဆွံ့အရသည်။

ဒါ…

တစ်ယောက်ချင်းစီက မည်မျှ မောက်မာ ဝင့်ကြွား ပေသနည်း။

ကျူးကော့ရီက ဓာတ်ငါးမျိုး ပြီးပြည့်စုံခြင်းဖြင့် ရှန့်ထိုဖြစ်ရန် သဘာဝခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူ့အား ပြည်နယ်ကိုးခု၏ ပုဂ္ဂိုလ်ကြီးများက အနာဂတ်တွင် ထွန်းတောက်မည့်လူ အဖြစ် ချီးကျူး ပြောဆိုကြရသည်။

ရာရာက ယူချင်းနှင့် တိုက်ခိုက်ပြီးမှ သူမကို တိုက်ခိုက်ရန် ကျူးကော့ရီအား ပြောဆိုခဲ့သည်။

ယူချင်းက သူ့အား စင်ပေါ်မှ မိမိကိုယ်ကို ဆင်းသွားပါဟု ပြောသည်။

ပြီးပြည့်စုံခြင်း ရှန့်ထိုခန္ဓာက သူတို့ရှေ့တွင် ထိုမျှ သေးသိမ်ပါသလော။

“ဒါ…” ကျိရှား တော်ဝင် နန်းတော်မှ ပုဂ္ဂိုလ်ကြီးများပင် သည်းခံနိုင်ကြဟန် မတူပေ။ ယူချင်းက မည်မျှ အားကောင်းပါစေ သူ၏လေသံက အထက်စီး ဆန်လွန်းလှသည်။

ကျူးကော့ရီအား ကိုယ်တိုင် စင်ပေါ်မှ ဆင်းသွားရန်ကား…။

ထိုစကားက နောက်ဆုံးတိုက်ပွဲမှာ သူနှင့်ရာရာ ဖြစ်သည်ဟု ကြေညာခြင်း မဟုတ်ပါလား။

ကျူးကော့ရီ၏ မျက်နှာက တင်းမာသွားကာ နီမြန်းသွားသည်။ သူက ရှေ့ကို လျှောက်သွားလိုက်လျှင် စွမ်းအားများက သူ့ထံမှ ပေါက်ကွဲ  ထွက်လာကြသည်။

သူကား ရှားပြည်နယ်၏ အတော်ဆုံးလူ ဖြစ်သော ရှားရီအား ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့ကာ ထိပ်သီး သုံးနေရာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ သူက တစ်ဖက်မှ နှစ်ယောက်လုံးအား တိုက်ခိုက်ကာ သူတို့အား ထီမထင်သလို ပြုမူခဲ့သည်။

သို့သော် ယခု…

သူကား နှစ်ယောက်လုံး၏လျစ်လျူရှုမှုကို ခံနေရသည်။

ဤအခြင်းအရာက သည်းခံနိုင်စရာ မဟုတ်ပေ။

ဘုန်း… ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်တွင် စင်မြင့်ထက်၌ ကျယ်ပြန့်လှသော စကြဝဠာစွမ်းအားများ ကွဲထွက်လာသည်။ ချက်ချင်းပင် ကျူးကော့ရီကား ကောင်းကင်နှင့် မြေပြင်အကြား သူတစ်ယောက်တည်း ရှိသည့်အလား ထင်မြင်ရလာ၏။

ပြည်နယ်ကိုးခု ညီလာခံစင်မြင့်ကား သူ့အပိုင် ဖြစ်ရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset