စမ်းချောင်းလေး တစ်ခုက တောင်တစ်လျှောက် စီးဆင်းနေပြီး ရေစီးနှင့် ကျောက်ဆောင် ကျောက်တုံးများ ရင်ဆိုင်မိသံများ ထွက်ပေါ်နေသည်။
ဇူယွမ်က စမ်းချောင်း နံဘေးရှိ ကျောက်တုံး တစ်ခုပေါ်တွင် မျက်လုံးမှိတ်ကာ ထိုင်နေသည်။ ထိုအခိုက်တွင် သူ၏ အသက်ရှူနှုန်းမှာ အလွန်အမင်း အားနည်းလာ ခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ မူလချီများက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ ညွှန်ကြားချက်များ အတိုင်း သွေးကြောများ ဆီသို့ ဖြတ်သန်း စီးဆင်းသွားသည်။
သွေးကြော (၁၀၈)ခုကို ဖွင့်ရန် ဖြေရှင်းရမည့် နည်းလမ်းမှာ ဇူယွမ်အနေဖြင့် ပထမဆုံး သွေးကြော၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။ သူပိုင်ဆိုင်သော အနက်ဖော် သူတော်စင် မှော်စာလုံးမှာ မူလကျင့်စဉ် အားလုံး၏ အားနည်းချက်များကို ကြည့်မြင်နိုင်သဖြင့် သူ့အနေဖြင့် သွေးကြောများကို ရှာဖွေရန် အသုံးပြုနိုင်သည်။ သို့သော် ပထမသွေးကြောကို မရှာတွေ့ပဲနှင့် အနက်ဖော် သူတော်စင် မှော်စာလုံးက ဒုတိယမြောက် သွေးကြောကို ရှာပေးနိုင်မည် မဟုတ်ပေ။
မူလချီများက သူ၏ ခန္ဓာကိုယ်မှာ သွေးကြောများကို တစ်ပတ်ပြီး တစ်ပတ် လည်ပတ် နေသည်မှာ အလွန်ပျင်းရိဖွယ် ကောင်းသော ဖြစ်စဉ်ဖြစ်သည်။ သို့သော်လည်း ဇူယွမ်၏ နှလုံးသားက ကန်ရေပြင်အလား ငြိမ်သက်စေကာ မူလချီစီးဆင်းမှု မပျက်ပြား စေရန်သာ အာရုံစိုက် နေခဲ့သည်။
နေ့တစ်ဝက်မျှ ကုန်ဆုံးသွား ခဲ့သည်။
ယခုတော့ ဇူယွမ်မှာ နူးညံ့သော အသွင်သဏ္ဌာန် ပြောင်းလဲခြင်း ကျင့်စဉ်၏ ပြဿနာများကို မည်သို့ ဖြေရှင်းရမည်ကို နားလည်သွားပြီ ဖြစ်သည်။ သူ နေ့တစ်ဝက်လုံး အချိန်ပေးခဲ့ ပေမဲ့လည်း ပထမဆုံး သွေးကြောကိုပင် မရှာဖွေနိုင်သေးပေ။ ထိုအရာက အလွန်ခက်ခဲပြီး နောက်ထပ် သွေးကြောများ ရှာရန် မည်မျှကြာမည်ကို သူကိုယ်တိုင် မစဉ်းနိုင်ချေ …
ကံအားလျော်စွာပဲ အကြိမ်သုံးရာမြောက် နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လည်ပတ် ပြီးချိန်မှာပဲ ဇူယွမ်က မှုန်ဝါးဝါး ခံသားချက် တစ်ခုကို ခံစားမိလိုက်သည်။
ထိုအရာက သေးငယ်သော သွေးကြော လေးတစ်ခု ဖြစ်သည် ခဏအကြာမှာတော့ ဇူယွမ်က သူ၏ မူလချီများကို ချက်ချင်း လှည့်ပတ်လိုက်ပြီး ထိုသွေးကြောဆီသို့ အားအပြည့်နှင့် ဦးတည်လိုက်သည်။
ချပ်…
သေးငယ်သော နာကျင်မှုလေး တစ်ခု ခံစားမိလိုက်ပြီး သူခန္ဓာကိုယ်မှ သွေးကြောတစ်ခု ပွင့်သွားကြောင်း သိလိုက်သည်။ သည်အခိုက်မှာပဲ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတိုင်း မူလချီများကို ထိုသွေးကြောဆီသို့ နည်းနည်းချင်း စီးဝင်စေသည်။
သည်အခြေအနေတွင် သိမ်မွေ့စွာ လုပ်ဆောင်ရမည်မှန်း ဇူယွမ် နားလည်ပေသည်။
“ငါ သွေးကြောကို ချောမွေ့အောင် ပြုပြင်ပြီးရင် မြူခိုးအဆီအနှစ် ထည့်သွင်းပေးဖို့ပဲ လိုအပ်တော့တယ်”
ဇူယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် မူလချီများကို တစ်ပတ်ပြီး တစ်ပတ် စတင်လှည့်ပတ်ကာ သူ၏ သွေးကြောကို ချောမွေ့အောင် နှင့် လှည်းဘီးသဏ္ဌာန် အဝန်းအဝိုင်း တစ်ခု ပုံပေါ်အောင် စတင်လုပ်ဆောင် လိုက်သည်။
သွေးကြော အတွင်းတွင် မူလချီများက ဖြည်းညင်းစွာ စီးဆင်းနေပြီး သွေးကြောကို ပိုမိုချောမွတ်စေရန် ပြောင်းလဲပေးလျက် ရှိသည်။
ထိုသို့ ချောမွတ်စေရန် လုပ်ဆောင် ရခြင်းသည် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ အနှစ်သာရ ဖြစ်သည်။ ထိုနောက်မှသာ မြူခိုးအဆီအနှစ်ကို သွေးကြော အတွင်းသို့ သွန်းလောင်း ပေးရသည်။
ဇူယွမ်က ဂရုတစိုက်နှင့် မူလချီများကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး သွေးကြောကို ချောမွေ့အောင် ဆက်လက် လုပ်ဆောင်နေသည်။ အစပိုင်းတွင် ထိုသွေးကြော အတွင်းသို့ မူလချီများကို ဖြတ်သန်းစေသည်မှာ ကြမ်းတမ်းသော လမ်းတစ်ခုသို့ ဖြတ်သန်း ရသည်နှင့် တူပေမဲ့ အချိန်အချို့ ကြာပြီးနောက် ပိုမိုချော့မွေ့လာပြီး လျင်မြန်စွာ မူလချီများကို ဖြတ်သန်း စီးဆင်းနိုင်ခဲ့သည်။
ထိုကြောင့် အချိန်လေးနာရီခန့် ကြာပြီးနောက်တွင် သွေးကြောမှာ ချောမွေ့ပြီး ဝိုင်းဝန်းနေသည်ဟု ခံစားမိလိုက်သည်။
အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပေပြီ။
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး ဇူယွမ်က သိုလှောင်အိတ်ကို တစ်ချက် ထိလိုက်သည်။ ထိုအခါ အိတ်အတွင်းမှ နို့နှစ်ရောင် မြူခိုးများနှင့် ပြည့်နေသည့် ပုလင်းတစ်လုံး ထွက်လာခဲ့သည်။
ထိုမြူခိုးများကို မြူခိုး အဆီအနှစ်ဟု ခေါ်သည်။ ထိုမြူခိုး အဆီအနှစ်တို့သည် နေနှင့်လတို့၏ စွမ်းအင်များကို ဆုပ်ယူထားသည့် တိမ်တိုက်များကို မူလချီများနှင့် မွန်းမံထားခြင်း ဖြစ်သည်။ သည်အရာက အတော်လေးကို ထူးခြား ဆန်းကြယ်ပြီး မှော်စွမ်းအင် ပြည့်ဝနေသော အရာဖြစ်သည်။
သည်မြူခိုး ပုလင်းတစ်လုံးကို မူလကျောက်စိမ်း နှစ်ခုပေး၍ တောက်ပသော ရတနာခန်းမမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
“ဒါ သုံးရက်စာတော့ လုံလောက်သင့် ပါတယ် …”
ဇူယွမ်က သူ့ကိုယ်ကိုယ် ရေရွတ်လိုက်ပြီ အတွေးတစ်ချက်နှင့် အတူ ပုလင်းထဲမှ မြူခိုး အဆီအနှစ်များက မြင့်တက်လာပြီး ဇူယွမ်၏ နှာခေါင်း အတွင်းသို့ တိုးဝင်သွားသည်။
မြူခိုးအဆီအနှစ်က သူ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ဇူယွမ်က စတင်ပြီး မူလချီများနှင့် ရောယှက်ကာ သွေးကြောများ အတွင်းသို့ လှည့်ပတ်စေပြီး ထိုမြူခိုး အဆီအနှစ်များကို သွေးကြောဆီသို့ ဂရုတစိုက်နှင့် ပို့ဆောင်ပေး လိုက်သည်။
ချပ်ချပ် …
မြူခိုး အဆီအနှစ်များက သွေးကြောထဲသို့ ဆက်လက် သွန်ကျနေသည်။
မြူခိုး အဆီအနှစ်များကို ဆက်လက် ဖြည့်သွင်းနေရင်း သူ၏သွေးကြောက မြူခိုးအား စုပ်ယူနေသည်ကို မသဲမကွဲ ခံစားမိလိုက်သည်။
ထိုဖြစ်စဉ်က နောက်ထပ်နှစ်နာရီ ကြာမြင့်ခဲ့သည်။
ဇူယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးလှသော မြူခိုးထုလေးက သူ၏ ဘေးတွင် ဖြစ်ပေါ်နေသည်။
သူ့မျက်နှာပေါ်တွင် ကျေနပ်နေဟန် ပေါ်သည်။
နောက်ဆုံးတွင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ သွေးကြော (၁၀၈)ခုမှ ပထမဆုံး သွေးကြောကို ပြည့်စုံစွာ ဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။
သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ပထမဆုံး သွေးကြော ရှာဖွေသည်မှာ တစ်နေ့လုံးနီးပါး ကြာမြင့်ခဲ့သည်။ သည်နှုန်းတိုင်း ဆိုလျှင် ကျင့်စဉ်၏ ပထမအဆင့်ကို အောင်မြင်ရန် တစ်လနီးပါး လိုအပ်ပေလိမ့်မည်။
သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် အဆင့်သုံးဆင့်ရှိပြီး အဆင့်တိုင်းတွင် သွေးကြော (၃၆)ခု ဖွင့်ရန် လိုအပ်ပေသည်။
“ငါ အနက်ဖော် သူတော်စင်စာလုံး ရထားတာကို ကျေးဇူးတင်ရမယ်”
ဇူယွမ်က ပြုံးလိုက်သည်။ ယခုတွင် ပထမဆုံး သွေးကြောကို ဖွင့်ပြီးသွား သောကြောင့် နောက်ထပ် သွေးကြော၏ တည်နေရာကို ရှာရန် အနက်ဖော် သူတော်စင် မှော်စာလုံးကို အသုံးပြုရ ပေတော့မည်။ ထိုကြောင့် သည့်အနေဖြင့် အနည်းငယ် သက်သာသွားမည် ဖြစ်သည်။
ဇူယွမ်က တုံ့ဆိုင်းခြင်း မရှိပဲ သူ၏ မျက်ခုံး နှစ်ခုကြားရှိ ရှေးဟောင်း သူတော်စင် မှော်စာလုံးကို အသက်သွင်း လိုက်သည်။
“အနက်ဖော် သူတော်စင် မှော်စာလုံး”
သူခန္ဓာကိုယ်မှ မူလချီများက တစ်ဖန်ပြန်လည်ပြီး သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတိုင်း လည်ပတ်လိုက်ကာ ဇူယွမ်က သူ၏ မျက်လုံးဖြင့် သူ၏ ခန္ဓာကိုယ်ရှိ ပထမဆုံး သွေးကြောနေရာကို လှမ်းကြည့်လိုက်သည်။
အံ့ဩဖွယ်ကောင်းစွာ တည်ရှိနေသည့် သွေးကြော၏ သွေးခုန်နှုန်းကိုပင် မြင်လိုက်ရသည်။
သည်အရာမှာ အနက်ဖော် သူတော်စင် စာလုံး၏ စွမ်းအားဖြစ်သည်။
ထိုနောက် မိနစ်အနည်းငယ် အကြာမှာ ဇူယွမ်၏ ခန္ဓာကိုယ်မှာ နောက်ထပ် အံ့ဩဖွယ် ကောင်းသော သွေးခုန်နှုန်း ရှိနေသည့် နေရာကို မြင်လိုက်ရသည့် အတွက် သူ၏ နှလုံးသားမှာ တုန်ခါသွားသည်။
သူက တုံ့ဆိုင်းခြင်း အလျင်းမရှိပဲ မူလချီများကို ထိုနေရာဆီသို့ စီးဆင်းစေ လိုက်သည်။
ချပ် …
ရင်းနှီးခဲ့ဖူးသည့် နာကျင်မှု တစ်ခုနှင့်အတူ သူ၏ ဒုတိယမြောက် သွေးကြောမှာ ပွင့်သွားခဲ့သည်။
ထိုသွေးကြော ပွင့်သွားသည်နှင့် ပထမသွေးကြော ဆီမှ ပဲ့သင်သံ ဆက်သွယ်ချက်ကို ဇူယွမ် ခံစားမိလိုက်သည်။
သည်ပဲ့တင်သံ တုံ့ပြန်မှုက ဒုတိယ သွေးကြော၏ တည်နေရာ မှန်ကန်ကြောင်း ဖော်ပြနေသည်။
ဇူယွမ်၏ မျက်လုံးအစုံမှာ ပွင့်လာခဲ့ပြီး သူ၏ မျက်လုံးအစုံမှာ ကျေနပ်ခြင်းများနှင့် ပြည့်နှက်နေသည်။ သူ့အနေဖြင့် ပထမ သွေးကြောဖွင့်ရန် တစ်နေ့တာမျှ အချိန်ယူခဲ့ရ သော်လည်းပဲ အနက်ဖော် သူတော်စင် မှော်စာလုံး၏ စွမ်းအားဖြင့်ဆိုလျှင် အချိန် လိုအပ်ချက်ကို လျှော့ချလို့ရပြီ ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်း သွေးကြောများမှာ ပိုပြီး တွေ့မြင်နိုင်ရန် ခက်ခဲလာမည် ဖြစ်သည်။ သူ့အတွက်တော့ ထိုအရာများက တကယ့် ပြဿနာ မဟုတ်သေးပေ။
“အနက်ဖော် မှော်စာလုံးက တကယ်ကို အံ့မခန်းပဲ”
ဇူယွမ်က ပြောလိုက်သည်။ သူ့အနေဖြင့် ယခု ထိုစာလုံး၏ စွမ်းအားကို နားလည်ပြီးနောက် မူလကျင့်စဉ်များကို ကျင့်ကြံသည့် အကျိုး သက်ရောက်မှုမှာ အခြားသူများထက် ပိုမိုမြန်ဆန် ပေတော့မည်။
ဇူယွမ်၏ မျက်လုံးမှ တောက်ပလျက်ရှိပြီး ညင်သာစွာ ရယ်မောကာ
“ကျူးယွဲ့ မင်းရဲ့ သင်ကြားပြသမှု မပါလည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ငါ ကျွမ်းကျင်အောင် လုပ်နိုင်တယ်ဆိုတာ ပြမယ်”
သူက အသက် ပြင်းပြင်းရှူကာ သူ၏ မျက်လုံးကို နောက်တစ်ဖန် ပြန်မှိတ်လိုက်ပြီး ဒုတိယမြောက် သွေးကြောကို ချောမွေ့အောင် စတင်ဆောင်ရွက် လိုက်သည်။
အနက်ဖော် သူတော်စင် မှော်စာလုံး အကူအညီနှင့် ဆိုလျှင် သွေးကြောများ၏ တည်နေရာကို ရှာဖွေရန်မှာ သူ့အတွက် အလွန် လွယ်ကူပေသည်။
ထို့ကြောင့် ဇူယွမ်က မူလတောင်တွင်ပင် သွားရောက် မကျင့်ကြံတော့ပဲ နောက်ထပ် သုံးရက်အထိ ထိုနေရာတွင်သာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကိုသာ ကျင့်ကြံနေသည်။
ဇူယွမ်က ဆက်လက် ကြိုးစား ကျင့်ကြံနေပြီး သုံးရက် အတောအတွင်းမှာပဲ သွေးကြော (၁၀၈)ခုထဲမှ သွေးကြော (၁၈)ခုကို ဖွင့်နိုင်ခဲ့ပြီး ဖြစ်သည်။
သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လျင်မြန်စွာ အောင်မြင်တော့မည် ဖြစ်သည်။
***
သို့သော်လည်း ဇူယွမ်က သူ၏ လေ့ကျင့်ခြင်းတွင်သာ စိတ်ဝင်စားနေပြီး အပြင်ဘက် တောင်များတွင် သူ့ကြောင့် တပည့်များ ဆူဆူညံညံ ဖြစ်နေသည်ကို မသိသေးပေ။
လူတိုင်း အံ့အားသင့်နေသော အကြောင်းအရင်းမှာ လျှို့ဝှက်သော ကျမ်းစာဆောင်၏ တောင်အနောက်ဘက်မှ သင်ကြားပို့ချ ပေးသူများကြောင့် ဖြစ်သည်။ ထိုသင်ကြားပို့ချ ပေးသူများ အပြင်ဘက်တောင်တွင် မြင့်မားသော အဆင့်အတန်း ရရှိခြင်းမှာ အဓိက အကြောင်းအရင်း နှစ်ရပ်ရှိသည်။ ပထမအချက်မှာ သူတို့အားလုံးမှာ အတွင်းတောင် တပည့်များ ဖြစ်နေသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ အခြားသော တပည့်များကို ကျင့်စဉ်များ သင်ကြားပြသနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း အချို့သော သင်ကြားပို့ချ သူများက ဇူယွမ်ကို သူတို့၏ မူလကျင့်စဉ် သင်ခန်းစာများတွင် တက်ရောက်ခွင့် မပေးတော့ကြောင်း သတင်းက ပျံ့နှံ့လာသောကြောင့် ဖြစ်သည်။
ထိုသတင်းက လူများကို အုတ်အော်သောင်းတင်း ဖြစ်စေပြီး များစွာသော တပည့်များက ဇူယွမ်ကို သနားနေကြသည်။
သည်ကိစ္စတွင် အပြင်ဘက် တောင်များ၏ ကြီးကြပ်သူ ဆရာချန်းယွင်က ပါဝင်ကာ ရပ်တန့်ပေး သင့်သော်လည်း သူက ထိုကိစ္စကို လျစ်လျူရှု ထားသည်။
“ငါ ကြားခဲ့တာတော့ ဇူယွမ်က ကျူးယွဲ့ကို ဒေါသထွက် စေခဲ့တယ်တဲ့။ ကျူးယွဲ့က အတွင်းတောင်မှာ မိတ်ဆွေတွေ အများကြီး ရှိပြီးတော့ အခြားသော သင်ကြားပို့ချ သူတွေကလည်း သူ့ကို အပြစ်မပြုချင်လို့ ဇူယွမ်ကို ဘယ်မူလကျင့်စဉ်မှ မသင်ပေးဖို့ ဆုံးဖြတ် လိုက်ကြတာဆိုပဲ”
“ဇူယွမ်က တကယ်ကို အဆင်အခြင် မဲ့လွန်းပါတယ်။ အစ်ကိုတော် ကျူးယွဲ့ကိုမှာ အပြစ်ပြုမိ ရတယ်လို့”
“ဟုတယ် အခုတော့ ညွှန်ကြား ပြသပေးမယ့် သင်ကြားပို့ချသူ မရှိပဲ ဇူယွမ် သူ့ကိုယ်သူ ဘယ်လို လေ့လာနိုင်တော့မလဲ။ ဟီးဟီး သည်လိုသာ ဆက်ဖြစ်နေရင် နောက်သုံးလ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ သူ စင်ပေါ်တောင် ကောင်းကောင်း တက်နိုင်ပါ့မလား”
“အဲဒါပဲ သူနဲ့ ထိုက်တန်ပါတယ်။ အခုသင်ကြားပို့ချ သူတွေက သူ့ကို သင်ကြားခွင့် ပိတ်လိုက်ပြီ ဆိုတော့ ဘာဆက်လုပ် နိုင်တော့မလဲ”
“….”
အပြင်တောင်၏ နေရာတိုင်းတွင် ထိုသို့သော စကားမျိုးကိုသာ လူတိုင်း ပြောဆိုနေကြသည်။ သည်အခြေအနေကို စောင့်နေကြသူ များကလည်း မနည်းပေ။ ဇူယွမ်၏ ပထမတန်း တပည့်နေရာကို မနာလိုနေကြ သူများမှာလည်း မနည်းပေ။
လျှို့ဝှက်သော ကျမ်းစာဆောင်၏ တောင်အနောက်ဘက်
ခန်းမ တစ်ခုတည်းတွင် ကျူးယွဲ့က လက်နောက်ပစ်ကာ မတ်တတ် ရပ်နေသည်။ ဂူဟွမ်ဂျီ၊ ကျူးဖန်နှင့် အခြားသော တပည့်များမှာ သူ့ရှေ့တွင်ရှိသော ဖျာပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ်လျက် သွေးကြောကို ရှာဖွေရန် ကြိုးစားနေကြသည်။
ရုတ်တရက် ဂူဟွမ်ဂျီ၏ မျက်လုံးအစုံမှာ ပွင့်လာခဲ့ပြီး သူမ၏ ချစ်စဖွယ် ကောင်းသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှုများ ယှက်သန်းနေသည်။
“ကျွန်မရဲ့ ခြောက်ခုမြောက် သွေးကြောကို ရှာတွေ့ပြီ”
အခြားသူများ မှာလည်း မျက်လုံး ပွင့်လာခဲ့ပြီး သူမကို အားကျသော အကြည့်ဖြင့် လှမ်းကြည့် လိုက်ကြသည်။
ကျူးယွဲ့၏ မျက်နှာပေါ်မှ ဒဏ်ရာမှာ အပြည့်အဝ သက်သာနေပြီ ဖြစ်သည်။
“မင်းတို့အားလုံး သူ့ကို မနာလိုနေစရာ မလိုဘူး ဂူဟွမ်ဂျီရဲ့ ပါရမီက မင်းတို့ထက် ကောင်းတယ်။ မင်းတို့ထက် သာတာ အံ့ဩစရာ မဟုတ်ဘူး”
အခြားတပည့် များကလည်း ပြုံးလျက် လေးစားစွာ ပြောသည်။
“အစ်ကိုတော် ကျူးယွဲ့ရဲ့ သင်ကြားပေးမှုကို ကောင်းကောင်း မှတ်သား ထားပါ့မယ်”
ဂူဟွမ်ဂျီလဲ တုံ့ဆိုင်းမနေပဲ သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ကျူးယွဲ့ကို အရိုအသေ ပြုလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
ကျူးယွဲ့က အမှုမထားသည့်အလား လက်ဝှေ့ယမ်း ပြလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးတွင် ကျေနပ်သည့် အရိပ်အယောင် ပေါ်နေပြီး နှုတ်ခမ်း ထောင့်စွန်းမှာ လျှို့ဝှက်သော အပြုံးတစ်ခုက မသိမသာ ဖြစ်ပေါ်နေသည်။
သူ၏ လက်ကို နောက်ပစ်လျက် အကြည့်က တစ်နေရာဆီသို့ ရောက်သွားပြီး သူ့မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာလေသည်။
သူအနေဖြင့် ဇူယွမ် သွေးကြောမည်မျှ ဖွင့်ပြီးပြီကို သိလိုပေသည်။ ကြည့်ရသည်မှာ ထိုကောင်သွေးကြောပင် ဖွင့်နိုင်သေးမည့်ပုံ မပေါ်ချေ။
“ဇူယွမ် … ဇူယွမ် … အခုမင်းကို သင်ကြားပေးမယ့်သူ တစ်ယောက်မှ မရှိဘူးမလား။ ဟမ့် မင်းငါ့ရှေ့မှာ ဒူးထောက်ပြီး အနူးအညွတ် လာတောင်းပန်ရင်တောင် ငါဘယ်တော့မှ မင်းကို သင်ပေးမှာ မဟုတ်ဘူး”
“မင်းငါ့ကို လာပြီး အပြစ်ပြုမှတော့ ငါကမင်းကို အဆုံးမရှိတဲ့ မျှော်လင့်ချက် မဲ့မှုတွေ ပေးရမှာပေါ့”