ခန်းမထဲတွင်မူ ဝမ်ပေါင်လဲ့က အပြာရောင်ကျောက်သားနံရံကြီးရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ အမူအရာမှာ အလွန် တည်ကြည်နေပြီး အာရုံပျံ့လွင့်မှု မရှိပေ။ သူသည် လက်ထဲတွင်ရှိနေသည့် အလင်းရောင်များ ထုတ်လွှတ်နေသော ဝိညာဉ်ကျောက်တုံးကိုသာ အာရုံအပြည့်စိုက်ထား၏။
” ငါက စည်းကမ်းထိန်းသိမ်းရေးဆောင်ကို သင်ခန်းစာပေးခဲ့တာဆိုတော့ သူတို့က ငါ့ကို အငြှိုးအတေး ထားနေမှာအမှန်ပဲ။ ဒီတစ်ခေါက် သူတို့ကို လုံးဝ စိတ်ပျက်လက်ပျက်ဖြစ်သွားအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။ အဲဒါဆိုရင် ဘယ်သူကမှ ငါ့ရဲ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးကို ထိရဲကြတော့မှာမဟုတ်ဘူး ”
ဝမ်ပေါင်လဲ့က အံကြိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝိညာဉ်ချီများကို ထိုကျောက်တုံးအလွတ်ထဲသို့ ထပ်၍ ထည့်သွင်းလိုက်တော့သည်။
ထိုဝိညာဉ်ချီများ စီးဝင်သွားကြသောအခါ ထိုကျောက်တုံးအလွတ်မှာ အချိန်မရွေး တစ်စစီ ကွဲအက်သွားတော့မည့်အလား အက်ကွဲသံများပေါ်ထွက်လာ၏။ ထိုကဲ့သို့ ကွဲအက်ခြင်းမှာ မကောင်းသောအရာ မဟုတ်ပေ။ ၎င်းမှာ သန့်စင်မှု အလျင်အမြန် တိုးတက်လာခြင်းကိုသာ ကိုယ်စားပြုနေသည်။
ကျောက်တုံးအလွတ်ကို သန့်စင်ရသည်မှာ ဝမ်ပေါင်လဲ့၏ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်နှင့် မတူညီပါသော်လည်း ထိုကဲ့သို့သော ပညာရပ်ကို သူ ငယ်စဉ်ကတည်းက ကျင့်ကြံထားခဲ့သည်။ သူသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆိုင်းမဆင့်ဗုံမဆင့် စုစည်းလာအောင် လုပ်နေခြင်း မဟုတ်လျှင်တောင် သူ့အတွက် အဆင့်တစ်ဆင့်သာ ပိုလုပ်ရမည် ဖြစ်သည်။
သူသည် သိပ်၍ မလိုအပ်မှန်း သိပါသော်လည်း လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းရခြင်း၏ အရေးပါမှုကို ကောင်းစွာ နားလည်ထားသည်။ သူသည် မည်သည့် ကျောက်တုံးအလွတ်ကိုမှ မလိုအပ်ပေ။ သူသည် အာရုံအပြည့်စိုက်ထားပြီး ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ချီများ တရိပ်ရိပ် မြင့်တက်လာသောအခါ ပတ်ပတ်လည်မှ မျက်လုံးဖြင့် မမြင်နိုင်သော ဝဲကြီးမှာလည်း အရွယ်အစား ပို၍ကြီးလာ၏။ နောက်ဆုံးတွင် ၎င်းမှာ ခန်းမအပြင်ဘက်အထိ ပျံ့နှံ့သွားတော့သည်။ အဝေးမှ ကြည့်လိုက်ပါက ခန်းမကြီး ရှိနေသည့်နေရာတွင် အာကာသတွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည့် အလားပင်။
ထိုအခြင်းအရာများကို စကားလုံးများဖြင့် ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း လက်တွေ့တွင်မူ စက္ကန့်အနည်းငယ်မျှသာ ကုန်ဆုံးသွားသေးသည်။ ဝမ်ပေါင်လဲ့၏ လက်ထဲရှိ ဝိညာဉ်ကျောက်တုံးဆီမှ ပေါ်ထွက်လာသော အက်ကွဲသံများမှာ ပို၍ကျယ်လောင်လာပြီး တခဏအကြာတွင် ၎င်းမှာ တစ်စစီကွဲကြေကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုကျောက်တုံးအလွတ်ကြီး ပျက်စီးသွားသောအခါ ကျန်ရစ်နေခဲ့သည် အူတိုင်ထဲမှ ရုတ်တရက်ဆိုသလို စူးရှတောက်ပသော သက်တန့်ရောင်စဉ်တန်းတစ်ခု ထွက်ပေါ်လာသဖြင့် ကျောက်မျက်ရတနာ တစ်ခုနှင့်ပင် ဆင်တူသွား၏။ ၎င်းမှာ အလွန် မျက်စိကျိန်းစရာကောင်းလောက်အောင် ဝင်းလက်တောက်ပနေသည်။
ခန်းမကြီး၏ နံရံများပင် ထိုအလင်းရောင်ကို မပိတ်ဆို့ မတားဆီးနိုင်ပေ။ ထို့ကြောင့် သက်တံ့ အလင်းတန်းများမှာ ချက်ချင်းဆိုသလိုပင် ခန်းမကြီးတစ်ခွင် ပြည့်နှက်သွားကြတော့သည်။
ထိုအလင်းတန်းများမှာ ခန်းမထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် အခိုက်အတန့်တွင် ချက်ချင်းဆိုသလို ကွဲထွက်သွားသဖြင့် ခန်းမအပြင်ဘက်ရှိ နေရာအားလုံးကို သက်တန့်ရောင်များဖြင့် လွှမ်းခြုံသွား၏။ အဝေးမှ ကြည့်လိုက်ပါက ထိုသက်တံ့ အလင်းတန်းကြီးမှာ ဓမ္မလက်နက်တောင်ထိပ်အထက် ထွန်းလင်းတောက်ပနေတော့သည်။
ခန်းမအပြင်ဘက်တွင် ရှိနေကြသည့် လူတိုင်းသာမက ဓမ္မလက်နက်ဌာနထဲမှ လူအားလုံးကပါ ထိုမေ့ပျောက်၍ မရနိုင်မည့် မြင်ကွင်းကြီးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရသည်။
” ဒါ ….ဒါက … သက်တံ့ရောင်စဥ်တန်းတစ်ခုပဲ ”
” သက်တံ့ဝိညာဉ်ကျောက်တုံး ပါလားဟ။ သောက်ကျိုးနည်း … ဒါက သက်တံ့ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ”
” သန့်စင်မှု ကိုးဆယ်ရာခိုင်နှုန်းကို ရောက်မှ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးထက် ပိုပြီးအဆင့်မြင့်တဲ့ သက်တံ့ ဝိညာဉ်ကျောက်တုံးတစ်တုံး ပေါ်လာမှာလို့ ဒဏ္ဍာရီတွေထဲမှာ ဆိုစမှတ် ပြုထားကြတယ် ”
ထိုကဲ့သို့ အုပ်အော်သောင်းနင်း ဖြစ်နေချိန်တွင် ဓမ္မလက်နက်တောင်ထိပ်ပေါ်ရှိ နေရာအနှံ့ ရောက်နေကြသော ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ အားလုံးနီးပါး ဝိညာဉ်ကျောက်တုံးခန်းမထဲမှ သက်တံ့အလင်းတန်းကြီး ထိုးထွက်လာသည်ကို လှမ်း၍ မြင်လိုက်ကြရသည်။ ထို့ကြောင့် သူတို့အားလုံး စိတ်နှလုံးများ တုန်ရီသွားကြပြီး ခန်းမဆီသို့ ပြေးလာကြတော့သည်။
ထိုကိစ္စနှင့် ပတ်သက်သော သတင်းများမှာ ဝိညာဉ်ကွန်ရက် တစ်ခုလုံးကိုပါ ရိုက်ခတ်သွား၏။ ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ရာတွင် ဝါသနာအိုးတစ်ယောက်ဖြစ်သော တာအိုလေးမှာ ခန်းမအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ရှေ့တွင် ရှိနေသည့် မြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားရသဖြင့် ဒုန်းပျံလက်ဆောင်များကိုပင် မတောင်းနိုင်လောက်အောင် ဖြစ်သွားတော့သည်။
ထိုအလင်းတန်းများ တိုးထွက်လာကြသောအခါ ခန်းမအပြင်ဘက်မှ လူတိုင်း မျက်လုံးများ ပြူးသွားကြ၏။ ထို့နောက် သူတို့၏ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ ကျန်းလင်မှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဒူးများပင် တုန်ရီနေတော့သည်။ သူ၏ အသိစိတ်များ ဂယောင်ချောက်ချားဖြစ်သွားသဖြင့် တည်တည်ကြည်ကြည် မနေနိုင်တော့ဘဲ အံ့ဩတုန်လှုပ်စွာ စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” မဖြစ်နိုင်ဘူး ”
ထိုအခိုက် မောင်းသံများပေါ်လာ၏။ ထိုအသံများမှာ ဓမ္မလက်နက်တောင်ထိပ် တစ်ခွင် ပျံ့နှံ့သွားသဖြင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
၎င်းတို့မှာ ကျောင်းသားခေါင်းဆောင် အသစ်တစ်ယောက် ပေါ်ပေါက်လာခြင်းကို ကိုယ်စားပြုသော မောင်းသံများ ဖြစ်ကြသည်။
ထိုကဲ့သို့ ကိုယ်စားပြုသည့် မောင်းသံကိုးချက် ပေါ်ထွက်လာ၏။ ထိုအသံများ ပဲ့တင်ထပ်နေချိန်တွင် ဆူညံနေပြီးသား ဖြစ်ကြသည့် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသောကြောင့် ပို၍ပင် ဆူညံသွားကြတော့သည်။
” ဒါ ကျောင်းသားခေါင်းဆောင် အချက်ပြ မောင်းသံတွေပဲ ”
” ဝမ်ပေါင်လဲ့က … ကျောင်းသားခေါင်းဆောင် ဖြစ်သွားတာပါလား ”
” အံ့ဩဖို့ကောင်းလိုက်တာ။ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ ”
ဝိညာဉ်ကွန်ရက် တစ်ခုလုံးနှင့် ဓမ္မလက်နက်ဌာနတစ်ခုလုံး ဆွံ့အမှင်တက်သွားကြရတော့သည်။ ဓမ္မလက်နက်တောင်ထိပ်ပေါ်မှ ဆရာများမှာလည်း အေးအေးဆေးဆေး ထိုင်မနေနိုင်တော့ဘဲ မယုံကြည်နိုင်သော အမူအရာများဖြင့် အပြေးရောက်လာကြတော့သည်။
” သက်တံ့ ဝိညာဉ်ကျောက်တုံးတစ်တုံး ပေါ်လာပြီတဲ့ဟေ့။ ကျောင်းသားခေါင်းဆောင် အသစ်တစ်ယောက်လည်း ပေါ်လာပြီတဲ့ဟ ”
တောင်ထိပ်ရှိ ဌာနမှူးခန်းမထဲတွင်မူ ဓမ္မလက်နက်ဌာန၏ ဌာနမှူးဖြစ်သော ဆရာမုတ်ဆိတ်မှာ သူ၏ အနှစ်သက်ဆုံး ရှူဆေးဘူးလေးကို ကိုင်ရင်း မျက်လုံးများကိုမှိတ်ကာ ကိစ္စအဝဝကို တွေးတောသုံးသပ်နေ၏။ ထို့နောက် သူသည် မောင်းသံများကို ကြားလိုက်ရသောအခါ မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားတော့သည်။ သူသည် အတန်ငယ် အံ့အားသင့်သွားရပြီး နားမလည်နိုင်လောက်အောင် ဖြစ်သွား၏။ ထို့ကြောင့် သူက အနည်းငယ် စဉ်းစားတွေးတောလိုက်ပြီး အသံလွှင့်လက်စွပ်ကို အသုံးပြု၍ မေးမြန်းလိုက်သောအခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။
” ဝမ်ပေါင်လဲ့ ဟုတ်လား။ သက်တံ့ ဝိညာဉ်ကျောက်တုံး ဆိုပါလား။ ကျောင်းသားခေါင်းဆောင်အသစ် ဟုတ်လား ”
သူသည် အံ့ဩတုန်လှုပ်သွားပြီး အတွေးထဲတွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်များ ပြန်၍ပေါ်လာ၏။ ထိုအခါ သူ၏ စိတ်ထဲတွင် ထူးဆန်းသောခံစားချက်တစ်မျိုး ပေါ်ပေါက်လာရတော့သည်။ သူ မမြင်မကန်းဖြင့် ဝယ်မိခဲ့သည့် ခွေးမစင်တုံးကြီးထဲတွင် ရွှေချောင်းတစ်ချောင်း ပါလာသည့်အလားပင်။
ထိုမောင်းသံများကြောင့် ဓမ္မလက်နက်ဌာနတစ်ခုလုံး ပျာယာခတ်နေကြပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ ဤမှော်ဆန်သော ဖြစ်ရပ် အပြောင်းအလဲများကြောင့် တအံ့တဩ အော်ဟစ်မြည်တမ်းနေကြစဉ် ခန်းမအပြင်ဘက်ရှိ စည်းကမ်းထိန်းသိမ်းရေးဆောင်မှ စစ်ဆေးရေးမှူးများမှာ ပင့်သက်များရှိုက်နေကြပြီး အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြတော့သည်။ ထို သက်တံ့ရောင်အလင်းတန်းကြီး၏ အောက်တွင် သူတို့၏ ပုံစံများမှာ အနည်းငယ် ရယ်စရာကောင်းနေ၏။ အခြေအနေများမှာ အလွန် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သူတို့ အသိစိတ်များ ကယောက်ကယက် ဖြစ်နေကြပြီး ဤဖြစ်ရပ်အားလုံးကို နားမလည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။
ကျန်းလင်၏ မျက်နှာမှာမူ ဖြူဖပ်ဖြူရော် ဖြစ်နေပြီဖြစ်ပြီး တစ်ကိုယ်လုံး တုန်ရီကာ မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။ သူ တာအိုကျောင်းထဲတွင် လက်ညိုးညွှန်ရာရေဖြစ်သည့် ဘဝမျိုးကို နေနိုင်ခဲ့သည့် အကြောင်းအရင်းမှာ ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးကြောင့် ဖြစ်သည်။ သို့သော် ဤမောင်းသံများနှင့်အတူ သူ၏ ရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာအားလုံး ချက်ချင်းဆိုသလို ပျက်သုဉ်းသွားရပြီ ဖြစ်သည်။ သူသည် သတိမေ့မြောလုမတတ် ဖြစ်သွားပြီး နှလုံးသားထဲတွင် မခံမရပ်နိုင်သော ခံစားချက်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
” ဒါ လုံးဝကို မဖြစ်နိုင်ဘူး ”
ကျန်းလင်သည် ထိုသို့အော်ဟစ်လိုက်ပြီး တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရဲရဲနီနေပြီး မျက်နှာပြင်ပေါ်တွင် ‘ ကျောင်းသားခေါင်းဆောင် ‘ ဆိုသော စကားလုံးများကို ရှင်းလင်းစွာ ရေးထိုးထား၏။ ၎င်းမှာ ကျောင်းသားတစ်ယောက် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သွားသည့်အချိန်တွင် အပြာရောင်နံရံကြီးက အလိုအလျောက်ထုတ်ပေးသော ကျောင်းသားခေါင်းဆောင်တံဆိပ်ပြားပင် ဖြစ်သည်။
သို့သော် ကျန်းလင်၏ လက်ထဲမှ ကျောင်းသားခေါင်းဆောင်တံဆိပ်ပြားမှာ ကြေမွပျက်စီးသွားတော့မည့်အလား အက်ကွဲသံများ ကျယ်လောင်စွာ ပေါ်ထွက်လာ၏။
” ဝမ်ပေါင်လဲ့ ”
ကျန်းလင်က လက်ထဲမှ ကျောင်းသားခေါင်းဆောင်တံဆိပ်ပြားကို ကြည့်ရင်း မျက်လုံးများ နီမြန်းသွား၏။ ထို တံဆိပ်ပြားပေါ်တွင် ပေါ်လာသည့် အက်ကွဲကြောင်းများက သူ၏ နှလုံးသားကိုပင် ကွဲအက်သွားအောင် လုပ်နေသည့်အလားပင်။ ထိုအခိုက် သူ စိတ်ဖောက်ပြန်ကာ ရူးသွပ်လုမတတ် ဖြစ်သွား၏။ သူသည် အော်ဟစ်မြည်တမ်းကာ ဝိညာဉ်ကျောက်တုံးခန်းမတံခါးကို တွန်းဖွင့်ရန် ပြင်လိုက်၏။ သို့သော် သူ ထိုတံခါးကို မထိနိုင်ခင်မှာပင် အလိုအလျောက် ပွင့်သွား၏။
ထိုသို့ တံခါးပွင့်လာသောအခါ လူတိုင်း လှမ်း၍ ကြည့်လိုက်ကြ၏။ ထိုအခါ ဝိညာဉ်ကျောက်တုံးခန်းမထဲမှ လမ်းလျှောက်၍ထွက်လာသည့် ဝမ်ပေါင်လဲ့အား သူတို့ မြင်လိုက်ရတော့သည်။
သူသည် စုတ်ပြဲနေသော ကျောင်းသားဝတ်ရုံများကို ဆင်မြန်းထားဆဲ ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင်မူ လူတိုင်း၏ သူ့အပေါ်ထားရှိသည့် အမြင်များမှာ မတူညီကြတော့ပေ။ သူသည် ကျောင်းသားခေါင်းဆောင်အသစ်တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
သူ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းလင်၏လက်ထဲမှ ကျောင်းသားခေါင်းဆောင်တံဆိပ်ပြားက ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်လာသည့် အငွေ့အသက်ကို ခုခံတွန်းလှန်နိုင်စွမ်း မရှိတော့သည့်အလား ဖြစ်သွား၏။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အြမွှာြမွှာ ကွဲအက်ကာ ကြေမွသွားတော့သည်။
ထိုတံဆိပ်ပြား တစ်စစီ ကြေမွသွားခြင်းမှာ ကျန်းလင်၏ ကျောင်းသားခေါင်းဆောင်ရာထူးက အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ကိုယ်စားပြုလိုက်ခြင်းပင် ဖြစ်သည်။ ယခုမှစ၍ ဝမ်ပေါင်လဲ့က ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ သူသည် ဓမ္မလက်နက်ဌာန၏ အခြားကျောင်းသားခေါင်းဆောင်နှစ်ယောက်နှင့် တန်းတူအဖြစ်သို့ ရောက်သွားပြီလည်း ဖြစ်သည်။ သူ့အား မည်သူကမှ လျစ်လျူရှုနိုင်တော့မည် မဟုတ်ချေ။
ကျန်းလင်က ကျောင်းသားခေါင်းဆောင်တံဆိပ်ပြား တစ်စစီကြေမွသွားသည်ကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာပြီး သူ၏ မျက်လုံးများထဲတွင်လည်း အနီရောင်သွေးကြောများ ထလာ၏။ သူသည် အသိစိတ်ပျောက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဝမ်ပေါင်လဲ့အား ဒေါသကြီးစွာ စိုက်ကြည့်နေ၏။ အကယ်၍ အကြည့်များကသာ လူသတ်နိုင်မည်ဆိုပါက ဝမ်ပေါင်လဲ့အား တစ်စစီ ဆုတ်ဖြဲပြီးသား ဖြစ်နေလောက်မည် ဖြစ်သည်။
လူအုပ်ကြီး၏ အံ့သြတုန်လှုပ်နေသော အမူအရာများ၊ လက်နက်များကို ကိုင်ဆောင်ထားပါသော်လည်း သူတို့ရှေ့ရှိ အမှန်တရားကို လက်ခံနိုင်စွမ်းမရှိသည့် ဒါဇင်ပေါင်းများစွာသော အနက်ရောင်ဝတ် စစ်ဆေးရေးမှူးများနှင့် အထူးသဖြင့် အလွန် ပြင်းပြသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည့် ကျန်းလင်၏ မျက်လုံးများကို သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့က အသာအယာ ရယ်မောလိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက အေးစက်စက် ဝင်းလက်တောက်ပသွားသည်။
သူသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်သာ ဖြစ်မလာခဲ့ပါက သေချာပေါက် အဖမ်းခံရမည်ဖြစ်ကြောင်း သိထားသည်။ ထို့အပြင် စစ်ဆေးရေးမှူးများ၏ မောက်မာဝင့်ကြွားမှုများနှင့် ထိုနေရာသို့ အပြေးရောက်လာကြသည့် အခြင်းအရာများကိုကြည့်၍ သူတို့၏ ရန်လိုမှုကို အထင်းသား မြင်နိုင်၏။
ထိုကဲ့သို့ သူ့အား ရန်လိုနေသောလူများကို ဝမ်ပေါင်လဲ့က သနားညှာတာနေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ညာလက်ဖြင့် ဝတ်ရုံထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် နီရဲနေသော အသစ်စက်စက် တံဆိပ်ပြားတစ်ခုကို ချက်ချင်းပင် ဆွဲထုတ်ကာ လေပေါ်သို့ မြှောက်ပြလိုက်၏။
၎င်းမှာ စည်းကမ်းထိန်းသိမ်းရေးအဆောင်အပေါ် ဩဇာအာဏာရှိကြောင်း ကိုယ်စားပြုသည့် ကျောင်းသားခေါင်းဆောင်တံဆိပ်ပြားပင် ဖြစ်သည်။
ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ ဝိညာဉ်ကျောက်တုံးခန်းမ အပြင်ဘက်တွင်ရှိနေသည့် လူတိုင်း စိတ်ရောကိုယ်ပါ တုန်လှုပ်ချောက်ချားသွားကြတော့သည်။
” ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးကိုသုံးပြီးတော့ မင်းတို့ကို စစ်ဆေးရေးမှူးတွေ အဖြစ်ကနေ ရပ်စဲလိုက်တယ်။ အခုကစပြီးတော့ မင်းတို့အကုန်လုံးက ဝိညာဉ်ကျောက်တုံးခန်းမရဲ့ စည်းကမ်းထိန်းသိမ်းရေးအဆောင်က စစ်ဆေးရေးမှူးတွေ မဟုတ်တော့ဘူး ”
ဝမ်ပေါင်လဲ့က အေးစက်သော လေသံကြီးဖြင့် ထိုသို့ကြေညာလိုက်ပြီး စစ်ဆေးရေးမှူးများကို ကြည့်လိုက်၏။ ထိုအခါ လက်နက်များကို ကိုင်ဆောင်ထားကြသည့် စစ်ဆေးရေးမှူးအားလုံး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကျတော့သည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး အများစုမှာ လက်နက်များကိုပင် ဆက်၍ မကိုင်ထားနိုင်တော့ဘဲ လွှတ်ချလိုက်ကြတော့သည်။
သူသည် စကားတစ်ခွန်းနှင့်ပင် သူတို့၏ အနာဂတ်များကို ဆုံးဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့က သူတို့၏ရာထူးများကို ရုပ်သိမ်းပြီးနောက် အရောင်လက်နေသော မျက်ဝန်းများဖြင့် ဆက်၍ ကြေညာလိုက်သည်။
” မင်းတို့ရဲ့ ရာထူးသက်တမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေး ကိစ္စအားလုံးကိုလည်း ပြန်ပြီးတော့ ကြားနာစစ်ဆေးမယ်။ မတရားမှုကို လုံးဝသည်းခံမှာ မဟုတ်ဘူး ”
သူ၏စကားတစ်ခွန်းက သူတို့၏ အနာဂတ်ကိုမဟုတ်တော့ဘဲ သူတို့၏ ကံကြမ္မာများကိုပါ ဆုံးဖြတ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ထိုကဲ့သို့ သူ ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် စစ်ဆေးရေးမှူးဟောင်း အကုန်လုံး အသိစိတ်များ ဂယောင်ချောက်ချား ဖြစ်သွားကြတော့သည်။ သူတို့၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူတို့ထဲမှ တစ်ယောက်ဆိုလျှင် စိတ်ပျက်လက်ပျက်နှင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
” ဝမ်ပေါင်လဲ့။ မင်းက ငါတို့ကို အသေသတ်ဖို့ သံန္နိဌာန် ချထားတာပဲကွ ”
ဝမ်ပေါင်လဲ့သည် သူ့အား ယခင်က ရိုင်းပြစွာ ကျိန်ဆဲခဲ့ပါသော်လည်း ယခုတွင် သတ္တိရှိချင်ယောင် ဆောင်နေသည့် စစ်ဆေးရေးမှူးများကို လျစ်လျူရှုလိုက်ပြီး ကျန်းလင်ဘက်သို့လှည့်ကာ အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက် သူက ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်၏။
” ကျန်းလင်။ မင်းက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ရဲ့ ခေါင်းဆောင်ဆိုတဲ့ရာထူးကို အလွဲသုံးစားလုပ်ပြီးတော့ ဒီလူအုပ်ကြီးကို ဆူဆူပူပူ လုပ်အောင် သွေးထိုးလှုံ့ဆော်ပေးခဲ့တာ။ အခု မင်းကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ရဲ့ တာဝန်တွေအားလုံးကနေ ရပ်စဲလိုက်ပြီ။ မင်းကို ရုံးချိန်မရောက်မချင်း ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ထဲမှာ အကျဉ်းချထားမယ် ”
ဝမ်ပေါင်လဲ့၏ စကားသံမှာ မကျယ်ပါသော်လည်း ကျန်းလင်နှင့် စစ်ဆေးရေးမှူးဟောင်းများ၏ နားထဲတွင်မူ မိုးခြိမ်းသံများ ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်နေ၏။ သူသည် သူ ပြောခဲ့သည့် စကားတိုင်း တသွေမတိမ်း လိုက်၍လုပ်မည့်ပုံ ပေါက်နေ၏။ သူသည် အခြေအနေအားလုံးကို ချက်ချင်းဆိုသလိုပင် ပြောင်းပြန်လှန်လိုက်နိုင်သောကြောင့် ယခင်က လူအများ ရှိန်ခဲ့ရသော သူတို့အားလုံး ဖျာလိုလိပ် ထိပ်ပေါ်တင်ခံထားရသည့် အနေအထားမှ အောက်သို့ ပြုတ်ကျလာကြတော့သည်။
” ဝမ်ပေါင်လဲ့။ မင်း အတင့်ရဲလှပါလား ”
” အားလုံး တိုက်ခိုက်ကြဟေ့။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က အာဏာကိုအလွဲသုံးစား လုပ်နေတာ။ ငါတို့တွေ လက်မခံနိုင်ဘူးဟေ့ ”
ကျန်းလင်မှာ စိတ်ကယောင်ချောက်ချား ဖြစ်နေပြီဖြစ်သည်။ ယနေ့ ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံး အလွန် ရုတ်ချည်းဆန်လွန်းနေ၏။ ထို့အပြင် သူသည် အရာအားလုံးကို တစ်ခဏအတွင်း ဆုံးရှုံးသွားခဲ့ရသည်။ သူသည် မကြာသေးမီကပင် ကျောင်းသားခေါင်းဆောင်တစ်ယောက်အဖြစ် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ဖမ်းဆီးခံရတော့မည် ဖြစ်၍ လက်မခံနိုင်လောက်အောင် ဖြစ်နေ၏။ သူသည် မျက်ထောင့်နီကြီးများဖြင့် အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီသို့ မိုက်ရူးရဲဆန်စွာ ပြေးလာ၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များကိုပင် ခပ်ရေးရေး မြင်နေရ၏။
စစ်ဆေးရေးမှူးများမှာမူ အစကတည်းက သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့သာ သူတို့အား နှုတ်အားဖြင့် ရက်ရက်စက်စက် မချိုးနှိမ်ခဲ့ပါက သူတို့ တွေဝေတုံ့ဆိုင်းနေဦးမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့မှာ အစစ်ဆေးခံရတော့မည်ဖြစ်ပြီး သူတို့အားလုံးတွင် အရှုပ်တော်ပုံများ ရှိနေကြသည်။ ထို့ကြောင့် သူတို့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပြီဖြစ်ပြီး မည်သည့်အရာကိုမဆို လုပ်ရဲနေကြပြီဖြစ်သည်။ သူတို့အကုန်လုံး မျက်စိစုံမှိတ်၍ ကျန်းလင်၏နောက်သို့ လိုက်မလာကြပါသော်လည်း လူဆယ်ယောက်ကျော်က ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာကြတော့သည်။
ဝမ်ပေါင်လဲ့ကမူ သရော်ပြုံးသာ ပြုံးလိုက်၏။ သူ ထိုကဲ့သို့ ပြတ်ပြတ်သားသား အမိန့်ချခဲ့ရသည့် အကြောင်းအရင်းမှာ သူတို့အား သူ့ကို ဒေါသတကြီး တိုက်ခိုက်အောင် လုပ်ရန်ဖြစ်သည်။ အကယ်၍ ထိုသို့သာမဟုတ်ပါက သူတို့အား ကိုင်တွယ်ဖြေရှင်းရန် အခြားအကြောင်းအရင်းများကို သူ ရှာနေရဦးမည်ဖြစ်သည်။ သူတို့က သူ့အား ယခင်ကတည်းက မုန်းတီးနေခဲ့သည်ဖြစ်ရာ တိကျပြတ်သားပြီး ယုံကြည်မှုအပြည့်ရှိသော ပုံစံကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။
” စည်းကမ်းထိန်းသိမ်းရေး ဥပဒေကို မလိုက်နာပဲ ဖီဆန်တဲ့အတွက် နောက်ထပ် အမှုတစ်ခုပါ ထပ်တိုးသွားပြီ ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ပြီး ရုတ်တရက်ဆိုသလို ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၏။