အပိုင်း(၇၈၈)

ရှန့်ထိုတစ်ပါး၏ဂုဏ်ရည်

အက်ကွဲသံများနှင့်အတူ ထောင်ကျန်း ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ထင်လာ၏။ ယူချင်းက ဟွာယွန်ရှုကို ကြည့်သည်တွင် သူကလည်း ပြန်လည်၍​ ငုံ့ကြည့်သည်။ ထောင်ကျန်းခန္ဓာမှ အက်ကြောင်းများ ပိုမိုများပြားလာသည်။ ကျောက်တုံး ကျောက်ဆောင်များက ထောင်ကျန်း ခန္ဓာကိုယ်ကို ဖုံးအုပ် သွားအောင်ပင် ကျဆင်း လာနေကြသည်။

ထိုအခိုက်တွင် ဟွာယွန်ရှုက ကောင်းကင်ထက်ကို တစ်ဖန် ခုန်တက်သွားပြီး သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်သည်။ ကောင်းကင်မှ အဆုံးအစမဲ့သော စွမ်းအားများက သူ၏ခန္ဓာကိုယ်တွင် လာရောက် စုစည်းကြကာ သူနောက်၌ ကျောက်ဘီလူး တစ်ကောင် ပေါ်လာသည်။ ဟွာယွန်ရှုက နတ်ဘုရားတစ်ပါး အသွင် ပြောင်းလဲသွား၏။

“တကယ်ပဲ အားကောင်းတာပဲ…” လူအများအပြားက ဟွာယွန်ရှုအား ကြည့်ကာ မှင်တက် သွားကြသည်။ ဒါက တကယ်ပဲ ဟွာယွန်ရှု စွမ်းဆောင်နိုင်သည်လား။

ထို့နောက် ဟွာယွန်ရှုက နတ်ဆိုးတစ်ပါးအလား ကောင်းကင်နှင့် မြေပြင်ကို အရင်းတည် ဖြစ်ပေါ်လာသော အားအဟုန်ဖြင့် လက်ဝါးတစ်ချက်ဖြင့် ယူချင်းထံကို ရိုက်ထုတ် လိုက်သည်တွင် ယူချင်း၏ ခန္ဓာကိုယ်က ဧရာမ ကျောက်သားများဖြင့် တစ်မုဟုတ်ချင်း ဖုံးအုပ်သွား၏။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ စင်မြင့်တစ်ခုလုံး ကျောက်တုံး ကျောက်သားများ ပျံ့လွင့်သွား၏။

“ဟာ…” ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားက ထိတ်လန့်ကြရသည်။ ရှီဟွာတောင်မှ ဟွာယွန်ရှုကား အလွန် ကြောက်စရာ ကောင်းလွန်း၏။

ရှီဟွာတောင်မှ လူများကား ယုံကြည်ချက်မြင့်ကား ဂုဏ်ယူဟန်များ ရှိနေကြသည်။ ယူချင်က အားကောင်းနိုင်သည် ဆိုသော်လည်း သူက အမှန်တကယ်ကော ဟွာယွန်ရှုကို ယှဉ်ပြိုင်နိုင်ပါ့မလား။

သည်နှစ်ပြည်နယ်ကိုးခု ညီလာခံ၏ အိမ်ရှင်ပြည်နယ် ဖြစ်သည့်အလျောက် ရှီဟွာတောင်က ထိပ်သီး ပါရမီရှင် တစ်ယောက်အား မပြင်ဆင်ထားဘဲ​ နေမည်မဟုတ်ပေ။ ဟွာယွန်ရှုက နိုဘယ်အဆင့်မှသည် ရှီအဆင့်သို့ တက်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်လည်း သူ သည်နှစ်ပြိုင်ပွဲတင် အနိုင်ရဗိုလ်စွဲရန် အလို့ငှာ သူ၏ တန်ခိုးအဆင့်အား ဖိနှိပ်၍ နိုဘယ်အဆင့်၌​ ဆက်နေခဲ့ရ၏။

ဟွာယွန်ရှုအား ထိပ်သီး ဆယ်ယောက် စာရင်းသို့ပင် မဝင်ရာက်စေရန် ယူချင်းက ရည်ရွယ် ရပ်တန့် လိုနေသည်လား။

ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ။

ကျောက်တုံး ကျောက်ခဲများ ပြင်းထန်စွာ ပေါက်ကွဲကြပြီး ကြေပျက်သွားသော ယူချင်း၏ တိုက်ခိုက်ရေးပုံစံကို မြင်လိုက်ကြရသည်။ ဟွာယွန်ရှုက လက်ဝါးကို ဆန့်တန်း၍​ တိုးဝင်လာကာ အရာအားလုံကို ဖျက်ဆီးတော့မည့်ဟန်ဖြင့် တိုက်ခိုက်သည်။ ယူချင်း၏ ခန္ဓာကိုယ်ကလည်း ကျောက်သားများဖြင့် ဖုံးအုပ်သွားကာ သူကိုယ်တိုင်က ကျောက်ရုပ်အလား ပြောင်းလဲ သွားရသည်။ တစ်ချိန်တည်းမှာပင် ဟွာယွန်ရှုကလည်း သူ၏လက်ဝါးကို ပြန်လည် ရုပ်သိမ်းခြင်း မရှိဘဲ ဆက်လက်၍ ရိုက်နှက်လိုက်၏။

ဘုန်း … ကြောက်မက်ဖွယ် ပေါက်ကွဲမှု တစ်ခုနှင့်အတူ ယူချင်း၏ ခန္ဓာကိုယ်ပေါ်မှ ကျေက်သားများ ပြိုကွဲထွက် သွားကြသည်။ လက်ဝါးက ယူချင်း၏ ရင်ဘတ်ကို ကျဆင်းလာကာ ယူချင်း၏ ခန္ဓာကိုယ်ကို တုန်ခါ သွားစေသည်။ သည်ရိုက်ချက်က လူတစ်ယောက်အား သေချာပေါက် အဆုံးသတ်စေနိုင်၏။ ယူချင်းက သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် သည်တစ်ကြိမ်တော့ သက်သာမည် မဟုတ်ပေ။

“မင်းက ငါ့ကို ဘယ်လို ရပ်တန့်မှာလဲ…” ဟွာယွန်ရှုက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောသည်။ သူ၏အသံက ပတ်ဝန်းကျင် တစ်ခုလုံးအား တုန်ခါသွားစေသလို မျက်လုံးများကလည်း ယူချင်းကို အေးစက်စက် ကြည့်သည်။

အချိန်များ ရပ်တန့် သွားဟန်ရကာ လူအများအပြား၏ စိတ်နှလုံးများကလည်း တုန်ယင်ကြသည်။ ဟွာယွန်ရှု၏ ဝင့်ကြွားသော အသံက ပရိသတ်များ၏ နားထဲကို တုန်ခါသွားသည်။

ဤကား ယူချင်းကို ပျက်စီး ရှုံးနိမ့်စေသော တိုက်ပွဲ ဖြစ်သည်။

သည်တိုက်ပွဲတွင် ယူချင်းက သေချာပေါက် အဆုံးသတ်ပေပြီ။

မြေရိုင်းပြည်နယ်၏ တော်ဝင်မြေမှ မထင်မှတ်သည့် အံ့ဖွယ်ရာများအား ဖန်တီးပြခဲ့သော ပါရမီရှင် တစ်ယောက်က ဤသို့ အဆုံးသတ်ပြီလား။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည် ထင်ရ၏။ ထိုနေရာတစ်ခုလုံး တစပြင်လို တိတ်ဆိတ် နေသည်။

ယူချင်းက သူ့အား စိုက်ကြည့်နေဆဲ ဖြစ်သည်ကို ဟွာယွန်ရှုက သတိထားမိသည်။

ယူချင်း၏ မျက်လုံးများထဲမှ တစ်စုံတစ်ခုကို ခံစားမိသည်တွင် သူက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ အတွင်းကလီစာများ မပျက်စီး သွားပေဘူးလား…။

“ဒါက မင်းလုပ်နိုင်တာ အကုန်လား…” ယူချင်းက စင်မြင့်ထက်မှ ထွက်သွားရန် ဟန်ပြင်နေသော ဟွာယွန်ရှုအား ကြည့်ကာ မေးလိုက်သည်။ သူ၏အေးစက်သော အသံကို ကြားသည်တွင် ဟွာယွန်ရှု၏ခြေထောက်များ တောင့်တင်း သွားသည်။

ပရိသတ်များ၏ ရင်ဘတ်များကတည်း တစ်ဖန် ပြင်းထန်စွာ လှုပ်ရှား သွားကြ၏။

ဒါက မင်းတတ်နိုင်တာ အကုန်လား … သူက အမှန်ဤသို့သော စကားကို ဘာမှ မဖြစ်ခဲ့သလို ပြောလိုက်သည်လား။

သူက ဘာကို ဆိုလိုတာလဲ။

သည်တိုက်ခိုက်မှုက သူ၏ရုပ်ခန္ဓာကိုယ်ကို ထိခိုက် ပျက်စီးစေအောင် မလုံလောက်တာလား။

ဘုန်း … အဆုံးအစမဲ့သော မြေခဲခြင်း လောကဓာတ်က ဟွာယွန်ရှု၏ လက်ဝါးမှ ထွက်ပေါ်လာကာ ယူချင်း၏ ခန္ဓာကိုယ်အား ကျောက်ရုပ်အဖြစ် ပြောင်းလဲ သွားစေသည်။ သို့သော် ထိတ်လန့်စရာ ကောင်းလောက်အောင် ယူချင်းထံမှ ဝါးမျိုခြင်း လောကဓာတ်အား သူ ခံစားလိုက်ရ၏။ ယူချင်း၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် လေပွေမုန်တိုင်းအလား စွမ်းအင်တစ်ခုက ဟွာယွန်ရှု၏ လောက စွမ်းအားများကို ဝါးမျိုသွားသည်။ လေပွေမုန်တိုင်းက ပိုမို သိပ်သည်းသွားကာ သူ့ထံမှ အရာခပ်သိမ်းအား ဆက်လက်၍ ဝါးမျိုလာသည်။

ဟွာယွန်ရှု၏ မျက်နှာက ပြောင်းလဲသွားသည်။ သူက နောက်ဆုတ် လိုသော်လည်း ကြောက်မက်ဖွယ် အငွေ့အသက် တချို့က သူ့ခန္ဓာကိုယ်သို့ စီးဆင်းလာကာ သူ့အား တောင့်တင်းစေပြီး ကြီးမားသော ဖိအားနှင့်အတူ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…” ဟွာယွန်ရှုက အလွန်အမင်း ကြောက်ရွံ့သွားသည်။ သူတစ်ယောက်တည်း ထိုသို့ ခံစားရသည် မဟုတ်ပေ။ ရှီဟွာတောင်မှ တစ်ဦးတစ်ယောက်စီတိုင်းက အံ့ဩ ထိတ်လန့်ကြရ၏။

ဒါက ဝါးမျိုခြင်း လောကဓာတ် မဟုတ်ပေ။ ပြည်နယ်ကိုးခုမှ ပုဂ္ဂိုလ်ကြီးများ အားလုံးက ယူချင်းကို ကြည့်နေကြသည်။ ယူချင်း၏ ခန္ဓာကိုယ်မှ အလွန်အမင်း ပြင်းထန် အားကောင်းသော အငွေ့အသက်များ ထွက်ပေါ် နေကြသည်။ ချက်ချင်းပင် ဟွာယွန်ရှု၏ ခန္ဓာကိုယ်ကား ချက်ချင်းပင် ကျောက်သားများထဲ၌ နစ်မြုပ်သွား၏။ ယူချင်းက ဟွာယွန်ရှု၏ စွမ်းအားများဖြင့် ပြန်လည် တိုက်ခိုက် လိုက်သည့်အလား အနက်ရောင် ကျောက်သားများက သူ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားသည်။

ဟွာယွန်ရှု၏ ကြောက်ရွံ့ ထိတ်လန့်နေသော မျက်လုံးရှေ့၌ပင် ယူချင်းက သူ၏လက်ကို မြှောက်လိုက်သည်။ အေးစက်နေသော နတ်ဆိုးမျက်လုံး အစုံကား သူ့ကို စူးရဲစွာ ကြည့်နေသည်ဟု ခံစားရ၏။

ပြိုင်ပွဲအား စီစဉ်ကျင်းပနေသော အကြီးအကဲက ယူချင်း လက်မြှောက်လိုက်သည်ကို မြင်လျှင် ထိတ်လန့်သွားသည်။ သူက ချက်ချင်းပြောသည်… “သူက တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး… သက်ညှာပါ…”

ယူချင်းက အကြီးအကဲအား တစ်ချက်ကြည့်ကာ လက်အား ဆန့်တန်းလိုက်သည်။ ဝုန်းခနဲ မြည်သွားကာ ဟွာယွန်ရှုကား အရှေ့ဘက်ပြည်နယ်မှ လူများဘက်သို့ လွင့်စဉ်သွား၏။

ဘုန်း… ဟွာယွန်ရှုက ဧရာမစင်မြင့်၏ ထောင့်စွန်းနားအထိ လွင့်စဉ်သွားသည်။ သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားကာ ကြမ်းပြင်ပေါ်ကို ပုံလျက်ကျသည်။ သူ၏ အတွင်းကလီစာများ ကြေပျက်သွားသလို ခံစားရပြီး ပါးစပ်မှလည်း သွေးများ အဆက်မပြတ် အန်၏။

ယူချင်းကား … သူအချိန်ကြာမြင့်စွာ ထိန်းထားခဲ့ရသော လက်ဝါးအား ရိုက်ထုတ်ခဲ့သည်။ သို့သော်လည်း သူက ဟွာယွန်ရှုကို သက်ညှာခဲ့၏။ မဟုတ်လျှင် သူကား လုံဝ မသန်စွမ်းဘဝ ရောက်သွား ပေလိမ့်မည်။

ယူချင်းက ထိုမျှအထိ လွန်ကဲစွာ ပြုမူခဲ့ခြင်း မရှိပေ။

တိတ်ဆိတ်နေသော တိုက်ပွဲ ကွင်းပြင်ထဲတွင် လူအများအပြား၏ မျက်လုံးများက စင်မြင့်ထက်တွင် ကုန်းရုန်းထလာသော ဟွာယွန်ရှုအား ကြည့်ကြသည်။ ရှီဟွာတောင်၏ ဂုဏ်ယူ ဝင့်ကြွားရသော နံပါတ်တစ် နိုဘယ်တန်ခိုးရှင်… ပြည်နယ်ကိုးခု ညီလာခံ၌ ပထမရမည်ဟု တစ်ပေးခံရသော ပါရမီရှင်ကား ယခု ပြိုင်ပွဲမှ လက်ပြ နှုတ်ဆက်ရပြီ ဖြစ်သည်။

သူကား ထိပ်သီး ဆယ်ယောက် စာရင်းကိုပင် မဝင်ရောက်ခဲ့ပေ။

အရှေ့ဘက်ပြည်နယ်မှ ထိပ်သီးပါရမီရှင် တစ်ယောက်စီတိုင်းက ပြိုင်ပွဲမှ ထွက်ခွာသွားရပြီး ဖြစ်သည်။

ရှီဟွာတောင်၏ စွမ်းရည် အမြင့်ဆုံးနှင့် ကျောက်မဟာ ပြည်ထောင်၏ အားအကောင်းဆုံးသော သူများကား မြေရိုင်းပြည်နယ်မှ ယူချင်း တစ်ယောက်တည်း၏ လက်ချက်ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ပြိုင်ပွဲမစတင်မီက မြေရိုင်းပြည်နယ်မှ လူများကို မည်သူမှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော်လည်း ယခု အိမ်ရှင်ပြည်နယ်မှ တော်ဝင်မြေတပည့်တိုင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ဖြစ်၏။ နောက်ဆုံး ကျန်ရစ်သူကလည်း တော်ဝင်မြေများ၏ တပည့်မဟုတ်သော ရာရာ ဖြစ်နေသည်။

ဤသို့ ဖြစ်လာမည်ဟု မည်သူကမှ မထင်ထားကြပေ။

ယူချင်းအတွက် ဟွယွန်ရှုကို အနိုင်ယူရန် လက်ဝါး တစ်ချက်မျှသာ လိုအပ်သည်ဟု မည်သူ ထင်မှတ်မိမည်နည်း။

“ကျေးဇူးပဲ…” ယူချင်းက ဟွာယွန်ရှုကို ကြည့်ကာ ပြောသည်။ ထို့နောက် သူက အကြီးအကဲဘက်ကို လှည့်ကာ တောင်းပန်သည်… “ရှီဟွာတောင်က တပည့်တစ်ယောက်ကို ဒဏ်ရာရစေမိလို့ စီနီယာကို တောင်းပန်ပါတယ်…”

“ဒါက အဆင်ပြေတယ်…” အကြီးအကဲက လက်ဝှေ့ယမ်းပြသည်။ ယူချင်း လုပ်ခဲ့သည်က စည်းမျဉ်းစည်းကမ်း ဘောင်ထဲမှဖြစ်ရာ သူက မည်သို့မှ​ မတတ်နိုင်ပေ။

“တိုက်ပွဲအတွင်း ဒါက ဖြစ်နေကျပါပဲ… မင်း လုပ်ခဲ့တာတွေက ဘာမှ မမှားပါဘူး…” ကောင်းကင်ရှန့်ထိုက ယူချင်းကို ကြည့်ကာ ပြုံးလျက်ပြောသည်… “တော်ဝင်မြေက တပည့်တွေ အကုန်လုံးက ပြည်နယ်ကိုးခု ညီလာခံမှာ လာပြီးတော့ တိုက်ခိုက်ကြတယ်… ပြည်နယ်ကိုးခု ညီလာခံဆိုတာ လူငယ်တွေအကြား အပြင်းထန်ဆုံးသော ပြိုင်ပွဲလို့ ပြောလို့ရတာပဲ… အနိုင်အရှုံး ဆိုတာက တစ်ဦး တစ်ယောက်ချင်းစီရဲ့ အရည်အချင်းနဲ့ပဲ သက်ဆိုင်တယ် … ဒါကို စိုးရိမ်ပူပန်နေစရာ မလိုဘူး… တကယ်လို့ စီနီယာ တစ်ယောက်ယောက်က မင်းကို အပြစ်တင်မယ်လို့ ထင်ရင် ဒါက တော်ဝင်မြေတွေရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းကို မင်းက အထင်သေးရာ ကျတာပဲ…”

ကောင်းကင်ရှန့်ထို ပြောသည်မှာ မမှားပေ။ ပြည်နယ်ကိုးခု ညီလာခံတွင် တော်ဝင်မြေ တပည့်များအကြား တိုက်ပွဲ၌ အမြဲတမ်း အနိုင်ရသူ မရှိနိုင်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က ရှုံးနိမ့်ခြင်းအပေါ် တော်ဝင်မြေများကသာ အပြစ်တင်ကာ အငြိုးထားပါက သူတို့က ပြည်နယ်ကိုးခု ညီလာခံအပေါ်​ အထင်သေးရာ ကျပေသည်။

ရီဖူရှင်းက ယူချင်းကို တည်ငြိမ်စွာ ကြည့်သည်။ သူ၏စကားလုံးများက မှန်ကန်သော်လည်း တခြား ပြည်နယ်များက မြေရိုင်းပြည်နယ် ကြုံဆုံခဲ့ရသော ခံစားချက်ကို မည်သို့ နားလည်မည်နည်း။

မြေရိုင်းပြည်နယ်ကား ရှန့်ထိုမရှိသည့် အင်အားနည်း ပြည်နယ်ဖြစ်သည်။

ကောင်းကင်ရှန့်ထိုကား အမှန်ပင် သူ၏စကားလုံးများဖြင့် မြေရိုင်းပြည်နယ်ဘက်မှ ရပ်တည်ခဲ့သည်။

“မင်း နားလည်ထားတာ ဘယ်လောကဓာတ်လဲ…” ရှီဟွာတောင်ရှန့်ထိုက ယူချင်းကို ကြည့်ကာ မေးသည်။ ကောင်းကင်ရှန့်ထို ဆိုလိုသည်ကို သူက နားလည်ပေသည်။ ရှီဟွာတောင်၏ အရှင်သခင် တစ်ယောက်က လူငယ်တစ်ယောက် အပေါ် အငြိုးအတေး ထားစရာမရှိပေ။ သူ၏ တပည့်တစ်ယောက်က တခြား တစ်ယောက်ထက် အားနည်းခြင်း အပေါ်​သူက ပြောစရာ မရှိပေ။ သူက မျက်နှာပျက် ရသည်။ သူက မည်မျှ မသက်မသာ ခံစားနေရပါစေ ယူချင်းကို အပြစ်မတင်နိုင်ပေ။

“မိစ္ဆာအသွင် ပြောင်းခြင်း …” ယူချင်းက ရှီဟွာတောင် ရှန့်ထိုကို ကြည့်ကာ ပြောသည်။

ရှီဟွာတောင်ရှန့်ထို၏ အမူအရာက ထက်ရှသွားသည်။ ထိုအရာက ဝါးမျိုခြင်း လောကဓာတ်မျှသာ မဟုတ်ပေ။ မိစ္ဆာအသွင် ပြောင်းခြင်း လောကဓာတ်ကား ပိုမို၍ ရင့်သီးကာ ကြောက်မက်ဖွယ် ကောင်းပေသည်။ သူကား မြေခဲခြင်း လောကဓာတ်ကို မိစ္ဆာစွမ်းအားအဖြစ် အသွင်ပြောင်းကာ သူ့ကိုယ်ပိုင်ဖြစ်စေပြီး တစ်ဖက်လူအား ပြန်လည် တိုက်ခိုက်ခဲ့သည်။ မိစ္ဆာအသွင်ပြောင်း မြေခဲဓာတ်ဖြင့် တိုက်ခိုက်ခံရသော ဟွာယွန်ရှုကား လှုပ်ရှားနိုင်စွမ်း ကင်းမဲ့ခဲ့ရသည်။ ယူချင်း၏ လောကဓာတ်ကား ဟွာယွန်ရှု၏ လောကဓာတ်ထက် အဆမတန် အားကောင်းပေသည်။

ဟွာယွန်ရှုက တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်မှာ သဘာဝ ကျပေသည်။

ရှီဟွာတောင်ရှန့်ထိုက ယူချင်းအား အတန်ကြာ ကြည့်ပြီးနောက် ရီဖူရှင်းကို ပြောသည်… “ငါက ဒီအဆင့်အထိ လေ့ကျင့်ပြီးတာတောင်မှ မောဟစိတ်ရဲ့ လွှမ်းမိုးမှုကို ခံနေရသေးတယ်… မြေရိုင်းပြည်နယ်က အားနည်းတာနဲ့ပဲ မြေရိုင်းပြည်နယ်က တပည့်တွေက အားနည်းမယ်လို့ ကျုပ်က အထင်သေးမိခဲ့တယ်…”

“ယူချင်းက မြေရိုင်းပြည်နယ် ရသင့်တဲ့လေးစားမှုကို ရယူခဲ့တယ် … သူက သေချာပေါက် ထိပ်သီး ဆယ်ယောက် စာရင်းဝင်နိုင်တဲ့ အရည်အချင်း ရှိတယ်… မြေရိုင်းပြည်နယ်ကို နေရချထားမှုဟာ ကျုပ်ရဲ့ မှားယွင်း စီစဉ်မှုပါပဲ…”

ရှီဟွာတောင် ရှန့်ထိုက ထိုသို့ပြောသည်တွင် မရေမတွက်နိုင်သော မျက်လုံးများက အေးခဲသွားကြသည်။

ရှီဟွာတောင်၏ အရှင်သခင် ရှီဟွာတောင်ရှန့်ထိုက တောင်းပန် နေသည်။

ယူချင်းက မြေရိုင်းပြည်နယ် ရသင့်သော လေးစားမှုကို ရယူပေးခဲ့သည်။ အကယ်၍​မြေရိုင်းပြည်နယ်မှ တပည့်တစ်ယောက်က ထိပ်သီး ဆယ်ယောက် စာရင်းကို ဝင်နိုင်ခဲ့ပါက မြေရိုင်းပြည်နယ်အား တောင်းပန်မည်ဟု ရှီဟွာတောင် ရှန့်ထိုက ဆိုသည်။

ထိပ်သီး ဆယ်ယောက် စာရင်းကို မသတ်မှတ်ရ သေးသော်လည်း ယူချင်းက ကျောက်ယိုနှင့် ဟွာယွန်ရှုအား ဆက်တိုက် အနိုင်ယူပြီး ဖြစ်သည်။ ထိုသို့သော စွမ်းရည်အပေါ် ထပ်မံ၍ သက်သေပြရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ရှီဟွတောင် ရှန့်ထိုက ကတိပေးထားသည့် အတိုင်း တောင်းပန်ခဲ့သည်။

သို့တိုင်အောင် ရှီဟွာတောင် ရှန့်ထိုအား မည်သူကမှ အထင်မသေးရဲကြပေ။ ထိုအစား သူ့အား လေးစား အထင်ကြီးကြရသည်။ ဤကား ရှန့်ထိုတစ်ပါး၏ ဂုဏ်ရည် မဟုတ်ပါလား။

ရီဖူရှင်းက မှင်တက် သွားသည်။ သူက ရှီဟွာတောင် ရှန့်ထိုဘက်ကို ကြည့်ကာ ဦးညွှတ်လျက် ပြောသည်… “ကျွန်တော်က ရှန့်ထိုစီနီယာရဲ့ သဘောထားကြီးမှုကို အလွန် လေးစားမိပါတယ်… စီနီယာကိုယ်တိုင်က ဒီလိုပြောလာမှတော့ ကျွန်တော်တို့က စီနီယာအပေါ် ဘယ်လိုမှ သဘော မထားတော့ပါဘူး… ဒီမတိုင်ခင် ယူချင်းရဲ့ရိုင်းပျမှု အတွက်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်…”

စိတ်ရင်းနှင့်ဖြစ်စေ စိတ်ထဲမပါ၍ ဖြစ်စေ… ရှီဟွာတောင်ရှန့်ထိုကား သူ၏အမှားကို တောင်းပန်နေပြီ ဖြစ်သည်။ ဤသို့သော အချိန်အခါတွင် ရီဖူရှင်းက အတင်း ခေါင်းမာနေပါက အလွန်တရာ ရိုင်းပျ၍ စိတ်ကြီးဝင်ရာ ရောက်နေပေမည်။

ယူချင်းက ပြည်နယ်ကိုးခု ညီလာခံ၌ နိုဘယ်များ၏ တိုက်ပွဲများတွင်သာ နိုင်ပွဲများ ရရှိခြင်းဖြစ်ကာ သူတို့က တော်ဝင်မြေ အဆင့်အတန်းမျိုး ပြန်ရအောင် အချိန်များစွာ လိုသေးပေသည်။ သူတို့၏ လက်ရှိအခြေအနေဖြင့် လိုအပ်ချက်က အလွန် ကြီးမားလွန်းသည်ကို ရီဖူရှင်းက ကောင်းကောင်း နားလည်သည်။ ပုံမှန်အားဖြင့် သူ့ဘက်မှ မှန်ကန်နေလျှင်ပင် ခေါင်းမာ၍ မရပေ။

ရှီဟွာတောင်ရှန့်ထိုက လက်ဝှေ့ယမ်းသည်… “ကျုပ်က ဒီနှစ်ညီလာခံရဲ့ အိမ်ရှင်ပဲ… ကျုပ်က မတည်တဲ့စကားကို ပြောလို့ မရဘူး… ကတိပေးထားတယ် ဆိုရင် ကျုပ်က တည်ရမှာပဲ… ယူချင်းက ဟွာယွန်ရှုအပေါ် အနိုင်ယူခဲ့တာကို ငါက သဘာမကျဘူး.. ဒါပေမဲ့ ဒါက ကျုပ်တို့ဘက်က အရည်အချင်း နိမ့်ပါးလို့ ဖြစ်တာမလို့ တစ်ဖက်လူကို အပြစ်တင်လို့ မရဘူး…”

ရီဖူရှင်းကား ဆွံ့အရသည်။ ထို့နောက် သူက ဘာမှ မပြောတော့ဘဲ​ အနည်းငယ် ဦးညွှတ်လိုက်သည်။

“ဒီနှစ် ပြည်နယ်ကိုးခု ညီလာခံမှာ မြေရိုင်းပြည်နယ် အပေါ် လူတိုင်းက မှားယွင်း အကဲဖြတ်ခဲ့ကြပြီးတော့ အထင်သေးခဲ့ကြတယ်… ဒါပေမဲ့ သူတို့က တကယ်ပဲ မထင်မှတ်တာတွေ လုပ်ပြခဲ့ကြပြီ… သူတို့ ဘယ်အထိ သွားနိုင်မလဲ ကျုပ်တကယ်ပဲ​ စိတ်ဝင်စားတယ်…” ရှီဟွာတောင် ရှန့်ထိုဘေးမှ မိုးစက်ရှန့်ထိုကလည်း ယူချင်းကို ကြည့်လျက် ပြောသည်။

ယူချင်းက စင်မြင့်ပေါ်မှ မဆင်းသေးပေ။

“မင်းက ဆက်ချင်သေးတာလား.. ” ရှီဟွာတောင်မှ ပွဲစီစဉ်သူ အကြီးအကဲက မေးသည်။

“ဟုတ်ကဲ့…” ယူချင်းက ခေါင်းညိတ်သည်တွင် အားလုံးက ဆွံ့အရသည်။ သူ စိန်ခေါ်မည့် လူကိုလည်း အားလုံးက ခန့်မှန်းမိကြ၏။ ယူချင်း စိန်ခေါ်မည့်လူက ဤမတိုင်မီ မြေရိုင်းပြည်နယ်မှ တပည့်များအား ပစ်မှတ်ထားခဲ့သည့် တော်ဝင် အလင်းနန်းတော်မှ ကျိဟွားမှလွဲလျှင် တခြား မည်သူရှိအံ့နည်း။

“စိန်ခေါ်ချင်တဲ့ တစ်ယောက်ယောက် ရှိလား..” အကြီးအကဲက ပြိုင်ပွဲဝင်များအား မေးသည်။

“ဟုတ်ကဲ့…” အသံတစ်သံ ထွက်လာသည်။ အားလုံးက လှမ်းကြည့်ကြသည်တွင် တော်ဝင်အလင်း နန်းတော်မှ ကျိဟွား ထွက်လာသည်ကို မြင်ကြရ၏။ ယူချင်းက သူ့အား စိန်ခေါ်မည်ကို သူကလည်း နားလည်ဟန်ရ၏။

“အကြီးအကဲခင်ဗျား… စည်းမျဉ်းတွေအရ သူက နှစ်ပွဲဆက်တိုက် စိန်ခေါ်ပြီးပြီ… တကယ်လို့ နောက်ထပ် စိန်ခေါ်သူ ထပ်မရှိခဲ့ရင် ကျုပ်ကလည်း နှစ်ပွဲဆက် တိုက်ခိုက်နိုင်တယ်.. ဟုတ်တယ်မလား…” ကျိဟွားက အကြီးအကဲကို မေးသည်။

“ဟုတ်တယ်…” အကြီးအကဲက ခေါင်းညိတ်သည်။

ကျိဟွားက ခေါင်းညိတ်ကာ ယူချင်းအား ကြည့်သည်… “မင်းက ငါ့ကို စိန်ခေါ်ချင်တာလား…”

ယူချင်းက သူ့အား ကြည့်ကာ ဘာမှ မပြောပေ။ သို့သော် သူ၏မျက်လုံးများက စကားပြောနေပေသည်။

“မင်းမှာ ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိတယ်… မင်းက ထိပ်သီး ဆယ်ယောက်စာရင်း… ဒါမှမဟုတ်… ဒီထက်မြင့်တဲ့ အဆင့်ကိုတောင် ရောက်နိုင်တယ်… မင်းက ငါ့ကို အနိုင်ရကောင်း ရနိုင်တယ်… ဒါပေမဲ့ မင်းနဲ့ငါ မတိုက်ခင် မြေရိုင်းပြည်နယ်က ပြိုင်ပွဲမှာ ဝင်မပါသင့်တော့တဲ့လူတွေ ရှိသေးတယ်…” ကျိဟွားက မည်သည့် ခံစားချက်မှ မပါသော မျက်နှာဖြင့် ပြောသည်။ သူ၏မျက်လုံးများက ရီဝူချင်းနှင့် ဟွာဂျီယူထံကို ရောက်သွားကာ ပြောလိုက်သည်… “ကျုပ်က ရီဝူချင်းကို စိန်ခေါ်တယ်…”

***


Comment

Leave a Reply


Options

not work with dark mode
Reset