Switch Mode

စာစဉ် (၁၇) အပိုင်း (၂၂၇)

ဒဏ်ခတ်ခြင်း

တောင်နောက်ဘက်မှ ထွက်လာပြီးနောက် ဇူယွမ်၏ အမူအရာမှာ နက်မှောင်နေသည်။ သူတစ်ခါမှ သည်လိုတိုက်ဆိုင်မှု ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သည် သင်ကြားပို့ချ ပေးသူက ကျူးဖန်၏ အစ်ကိုကြီးပင် ဖြစ်ပေလိမ့်မည်။

ကြည့်ရသည်မှာ ဂူဟွမ်ဂျီက သူ့အား အစောပိုင်းတွင် သတိပေးလိုဟန် ရှိသည်။ သို့သော်လည်း သူမမှာ အနည်းငယ် မာနကြီးသောကြောင့် အကုန်လုံးကို မရှင်းပြသွားပေ။

“ဒီကျင့်စဉ်ကို သင်ကြားပေးမယ့် သူမပါပဲ ငါ မသင်ယူနိုင်ဘူး ဆိုတာ ငါ လက်မခံဘူး”

ဇူယွမ် ကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း သူ၏အကြည့်က တဖြည်းဖြည်း ခက်ထန်လာ ခဲ့သည်။ ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်များမှာ လေ့လာရန် မလွယ်ကူသော်လည်း သူ့အနေဖြင့် ဆရာမပါပဲ သင်ယူနိုင်ခြင်း မရှိဆိုသည်ကို မယုံကြည်ပေ။ အလွန်ဆုံးမှ သူ၏ အချိန် အနည်းငယ် ပိုကုန်ရုံသာ ရှိပေလိမ့်မည်။

ကျူးယွဲ့၏ သည်နေ့ လုပ်ရပ်ကြောင့် နောက်ပိုင်းတွင် ထိုကောင် အမှန်တကယ် ပျက်စီးရစေမည်။

ဇူယွမ်မှာ စိတ်ဆိုး မာန်ဆိုးဖြင့် တောင်နောက်ပိုင်းမှ ထွက်လာပြီး သူ၏ အိမ်ငယ်လေးဆီသို့ ပြန်လာခဲ့သည်။

အိမ်ငယ်လေး၏ လေသာဆောင်တွင် ယောင်ယောင်က ပျင်းရိစွာ နေပူဆာလှုံနေပြီး ရှေးဟောင်းစာအုပ် တစ်အုပ်ကို ဖတ်နေသည်။ သူမ၏ ပြည့်စုံသော မျက်နှာလေးက နေရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ ဝင်းလဲ့ တောက်ပနေပြီး သူမ၏ သန်စွမ်းသော ဆံနွယ် ရှည်ကြီးများက အောက်သို့ လျှောကျနေသည်။ ထိုသို့ လှပသော မြင်ကွင်းကို မြင်လိုက်ရသူတိုင်း သူတို့၏ နှလုံးသားများ ခိုးယူ ခံလိုက်ရပေမည်။

ဇူယွမ် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အစောပိုင်းက ကြည်လင်ခြင်း မရှိသော စိတ်ယုတ် စိတ်ဆိုးများ နေအလား နှင်းပျောက်သည့် အလား ကွယ်ပျောက်သွားသည်။

ယောင်ယောင်က သူ့ကိုမြင်ချိန်တွင် ခေါင်းကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်ပြီး ပျင်းရိလေးတွဲသော အသံဖြင့် မေးလိုက်သည်။

“ဘာများလဲ”

ဇူယွမ်က သူမ၏ နံဘေးတွင် ထိုင်ချလိုက်ပြီး မိန်းမပျိုလေးများ ထံမှရလေ့ရှိသည့် သင်းရနံ့ကို ရှူရှိုက်ကာ သူသည်နေ့ တစ်နေ့လုံး ဖြစ်ပျက်သမျှကို ရှင်းပြလိုက်သည်။

ယောင်ယောင်က ဂရုတစိုက် နားထောင်နေရင်းမှ သူမ၏ မျက်ဝန်းအစုံမှာ ကျဉ်းမြောင်း သွားတော့သည်။ သူဇာတ်ကြောင်းအစုံ ပြောပြီးချိန်တွင် သူမက…

“အတွင်းတောင် တပည့်ဖြစ်ရုံ လောက်လေးနဲ့ သူ့ကိုယ်သူ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို အကောင်းဆုံး ကျွမ်းကျင်ပြီ ထင်နေတာလား။ အဲဒီကောင် ဆရာတစ်ယောက် ဖြစ်ဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ နင် အဲဒီမှာသင်ဖို့ ရွေးချယ်ခဲ့လည်း မူလကျောက်စိမ်း ပြုန်းတီးရုံပဲ ဖြစ်မှာ”

“အဲဒီ မူလကျောက်စိမ်းတွေကို ထန်ထန်ကို အသား ဝယ်ကျွေးလိုက်”

သူတို့ နံဘေးရှိ ထန်ထန်မှာ ထိုစကားကို ကြားရချိန်တွင် မျက်လုံးများ တောက်ပလျက် ဟောင်သံပေး လေသည်။

“မင်းဒီနေ့ လုပ်ခဲ့တာ တော်တော်ကောင်းတယ် မင်းကိုငါ သင်းရနံ့တစ်ရာ အိမ်တော်ကို နောက်မှခေါ်သွားမယ်”

ဇူယွမ်က ရယ်မောလျက် ထန်ထန်၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ သည်ကောင်လေး ကြောင့်သာ မဟုတ်လျှင် ကျူးယွဲ့နှင့် မျက်နှာချင်းဆိုင် နိုင်ခဲ့မည် မဟုတ်ပေ။

ထန်ထန်၏ ကာကွယ်ပေးမှု ကြောင့်သာ သူ့အစား ကျူးယွဲ့ ဝေဒနာ ခံစားသွားရခြင်း ဖြစ်သည်။

“ငါ့ကို အဲဒီနူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ပြကြည့်စမ်းပါ”

ယောင်ယောင်က သူမ၏ လက်ကို ဆန့်တန်းလိုက်သည်။

ဇူယွမ်က ကျောက်စိမ်းပြားကို ထုတ်ယူပြီး ယောင်ယောင်ကို လှမ်းပေးလိုက်သည်။

ယောင်ယောင်က လှမ်းယူလိုက်ပြီး မျက်လုံး မှိတ်လိုက်သည်။ ခဏအကြာတွင် သူမ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာပြီး

“ဒီမူလကျင့်စဉ်က နည်းနည်း အဓိပ္ပာယ်ရှိတယ်။ နင့်ရဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းက မဆိုးပါဘူး”

“သည်အရာကို လေ့ကျင့်ရမှာ မခက်ခဲပါဘူး ပထမဆုံး အနေနဲ့ သွေးကြော (၁၀၈)ခုကို ဖွင့်ရမယ်။ ပြီးတာနဲ့ သွေးကြောထဲကို မြူခိုး အဆီအနှစ်တွေကို ထည့်သွင်း ပေးရမယ်။ အဆင့် မြင့်လာတာနဲ့ လူတစ်ယောက်က ခန္ဓာကိုယ်ကို မြူခိုးလိုမျိုး ဒြပ်မဲ့အသွင် ကူးပြောင်းနိုင်ပြီး တစ်ခဏအတွင်း မိုင်ပေါင်း ထောင်နဲ့ချီ ခရီးနှင်စေနိုင်တယ် …”

“ဒါပေမဲ့ လူတွေဆီမှာ သွေးကြောတွေက သန်းနဲ့ချီပြီး ရှိတဲ့အတွက် သူတို့ရဲ့ တည်နေရာကို ရှာရတာ ခက်ခဲလိမ့်မယ် ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်က သွေးကြော တည်နေရာ တွေကလည်း မတူညီဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဖြည်းဖြည်းချင်း အာရုံခံပြီးတော့ သွေးကြောတွေကို ရှာရမယ်။ ဒီအတိုင်းဆို သူတို့ကိုယ်သူတို့ သင်ကြားပို့ချ ပေးသူတွေလို့ ခေါ်နေတဲ့ သူတွေကလည်း အကြံပေးရုံက လွဲပြီး ဘာမှအသုံးဝင်မယ့် သူတွေမဟုတ်ဘူး”

ယောင်ယောင်က သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို တစ်ခဏမျှ ဖတ်ကြည့်ပြီး ဇူယွမ်ကို ကျင့်စဉ်၏ သဘောတရားများကို ရှင်းပြနေသည်။ ဇူယွမ်မှာ ထို့ကြောင့် အနည်းငယ် သဘောပေါက် နားလည် လာခဲ့သည်။

ဇူယွမ်၏ မျက်လုံးအစုံမှာ မြင့်တိုက်သွားပြီး ယောင်ယောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဒါဆို အစ်မကြီး ယောင်ယောင်က သွေးကြော(၁၀၈)ခုကို ဘယ်လို ရှာရမလဲ သိတယ်ပေါ့”

ယောင်ယောင်က ခေါင်း ခါယမ်းလိုက်ပြီး

“ငါ မလုပ်နိုင်ဘူး”

သို့သော်လည်း သူမ၏ လက်ညှိုးဖြင့် ဇူယွမ်ကို ထိုးလိုက်ပြီး

“ဒါပေမဲ့ နင်တော့ လုပ်နိုင်တယ်”

ဇူယွမ်မှာ ခေါင်းရှုပ်သွားသည်။ သူမ ဘာကို ဆိုလိုသည်ကို ယခုထိ သူနားမလည် နိုင်သေးပေ။

ယောင်ယောင်က ရယ်မောလိုက်ပြီး ဇူယွမ်၏ မျက်ခုံးနှစ်ခုကြား ရှိနေရာကို လက်ဖြင့် ညင်သာစွာ ထိကာ

“နင်က တကယ်ကို ရတနာတောင်ပေါ် တက်ထိုင်နေပြီး ဘာမှနားမလည်တဲ့ လူတစ်ယောက်နဲ့ တူတယ်”

“ကန်မင်တိုက်ကြီး မှာတုန်းက နင်ရခဲ့တဲ့ သူတော်စင် မှော်စာလုံးကို မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက အနက်ဖော် သူတော်စင်စာလုံးလို့ ခေါ်ခဲ့တယ်လေ”

“အဲဒါက မူလကျင့်စဉ်တိုင်းရဲ့ အားနည်းချက်တွေ ပျော့ကွက်တွေကို မြင်နိုင်တယ်”

“အဲဒါက ရန်သူတွေရဲ့ မူလကျင့်စဉ်တင် မဟုတ်ဘူး ကိုယ်ပိုင်တဲ့ အရာတွေကောပဲ”

သူမ စကားပြော ပြီးသည်နှင့် ဇူယွမ်၏ မျက်လုံးများက ပိုပိုပြီးတောက်ပ လာခဲ့သည်။ အစောပိုင်းက ယောင်ယောင် ပြောခဲ့သော စကားလုံးများကို သူ နားလည်လာခဲ့ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒါဆို ငါအနက်ဖော် သူတော်စင် စာလုံးကို သုံးပြီးတော့ သိမ်မွေ့နူးညံ့သော အသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို ကြည့်လို့ရပြီပေါ့ …”

ယောင်ယောင်က ခေါင်းညိတ်လိုက် ပြီးနောက် ချစ်စဖွယ် အပြုံးတစ်ပွင့်က သူမ၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

“ဒါကြောင့်မလို့ နင့်အနေနဲ့ သွေးကြောရဲ့ တည်နေရာတွေကို အပင်ပန်းခံပြီး ရှာစရာမလိုဘူး အနက်ဖော် သူတော်စင်စာလုံးကို အသုံးပြုပြီး သူတို့ကို ရှာနိုင်တယ်”

“သည်အချိန်မှာတော့ နင့်ရဲ့လေကျင့်မှုက အခြားသူတွေထပ် ပိုပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ ဒါကြောင့် အတွင်းတောင်တပည့် အဆင့်လောက်ကောင်ရဲ့ သင်ကြားမှုကို ဘာလို့ လိုမှာလဲ”

ဇူယွမ်က ပျော်ရွှင်စွာဖြင့် ယောင်ယမ်းပြီး လက်သီးဆုပ်ကာ ယောင်ယောင်ကို အားရဝမ်းသာဖြင့် ထိုးလိုက်သည်။

“အစ်မကြီး ယောင်ယောင်က တကယ့်ကို အံ့အားသင့်ဖွယ်ပဲ”

သူ၏ လက်သီးက ယောင်ယောင်နှင့် ထိလုခင်မှာပဲ သူမ၏ မျက်လုံးအစုံက ကျဉ်းမြောင်းသွားပြီး ဇူယွမ်ကို ကြည့်လိုက်သည်နှင့် ဇူယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစိမ့်သွားသည်။

ဇူယွမ်က သူ၏ လက်ကို ပြန်လည် သိမ်းယူလိုက်ပြီး ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ

“ကျွန်တော့် ခန္ဓာကိုယ်ထဲက သွေးကြောတွေကို သွားရှာလိုက်ဦးမယ်”

ပြောပြီးသည်နှင့် နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်ရန် ထွက်ခွာသွား တော့သည်။

ယောင်ယောင်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လျက် ဇူယွမ် ထွက်သွားသည်ကို ကြည့်နေခဲ့ ပြီးနောက် သူမ၏ အပြုံးမှာ အိမ်အပြင်ဘက်ကို ကြည့်ရင်း တဖြည်းဖြည်း အေးစက်လာခဲ့သည်။

“ထန်ထန် …”

သူမက ထန်ထန်ကို ညင်သာစွာ ပုတ်လိုက်သည်။

ထန်ထန်က ခေါင်းမော့ကြည့် လိုက်သည်။

“ဟိုအကောင်ကို သွားပြီးတော့ သင်ခန်းစာ ပေးလိုက် …”

ယောင်ယောင်က အမူအရာ ကင်းမဲ့စွာ ဆိုသည်။

သူမသာ ဇူယွမ်ကို အနိုင်ကျင့် သော်လည်းပဲ အခြားသူ အနိုင်ကျင့်သည်ကို လက်မခံနိုင်ပေ။

ဝေါင်း …

ထန်ထန်က တိုးညင်းသော ဟိန်းသံလေး ပေးလိုက်ပြီး အရှေ့ဘက်ဆီသို့ အလင်းတန်း အသွင်ပြောင်းကာ ပျံသန်းထွက်ခွာ သွားတော့သည်။

ယောင်ယောင်က ထန်ထန် ပျောက်ကွယ် သွားသည်ကို ကြည့်ရင်း နောက်တစ်ကြိမ် ပြန်လည် လှဲလျောင်းလိုက်ပြီး နေရောင်အောက်တွင် သူမ၏ ရှေးဟောင်း စာအုပ်ကို ပြန်၍ ဖတ်နေတော့သည်။

***

ညအချိန်သို့ ရောက်ရှိလာခဲ့သည်။

ကျူးယွဲ့က သူ၏ သင်ကြားရေး ခန်းမမှ ထွက်လာခဲ့သည်။ တပည့်တွေ၏ လေးစားခြင်းကို ခံရသည်ကြောင့် သူ၏ အတွင်းစိတ်ထဲမှ နေ၍ပင် ကျေနပ် နှစ်သက်နေသည်။

ကျူးယွဲ့၏ နံဘေးတွင် ကျူးဖန်က ရယ်မောလျက်

“ဟီးဟီး ဒီနေ့ အစ်ကိုကြီးက ကူညီပြီး ဇူယွမ်ကို ဆုံးမပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်”

ကျူးယွဲ့က အသာအယာ ပြုံးလိုက်ပြီး

“အဲဒီသည့် သေးငယ်တဲ့ တိုက်ကြီးက နေလာတဲ့ တောသားက သူ့ကိုယ်သူ ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ်ကို ဆရာမပါပဲ လေ့လာဖို့ လွယ်ကူမယ် ထင်နေတယ်”

“အတွင်းတောင် တပည့်တွေထဲက အစ်ကိုတော် ညီတော် တွေကိုလည်း ပြောထားပြီး သူအတွက် သင်ကြားပေးသူ တစ်ယောက်မှ မရအောင် လုပ်လိုက်မယ်”

“တောင်ထွတ် ရွေးချယ်ပွဲ အခမ်းအနားမှာ သူဘယ်လို တိုက်ခိုက်မလဲ စောင့်ကြည့်ရအောင်”

ကျူးဖန်က အေးစက်စက် ရယ်မောကာ ခေါင်းညိတ်လိုက်သည်။

ကျူးဖန်ကို လိုက်ပို့အပြီးတွင် ကျူးယွဲ့က သူ၏ အခန်းသို့ ပြန်လာခဲ့သည်။ အတွင်းတောင် တပည့်များသည် အပြင်ဘက်တောင်မှ တပည့်များထက် ပိုမိုသော အခွင့်အရေးများ ရပြီး လူတိုင်းက မိမိတို့ ကျင့်ကြံနိုင်မည့် နေရာကောင်းများကို ပိုင်ဆိုင်ပေသည်။

ကျူးယွဲ့က သူ၏ မူလချီများကို အသုံးပြုလျက် တောင်များကို ဖြတ်ပျံလာရင်းမှ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့် ဆိုသော် အနက်ရောင် အလင်းတန်း တစ်ခုက သူ၏ အောက်ဘက်နားဆီမှ ပေါ်လာသောကြောင့် ဖြစ်သည်။

“ဘယ်သူလဲ”

အော်သံနှင့် အတူ မူလချီများက သူ၏ ခန္ဓာကိုယ်ဆီမှ စတင် ထွက်ပေါ်လာပြီး မူလချီများက ပေဒါဇင်ချီအောင် ကျယ်ဝန်းသည့် လက်ကြီး တစ်ဖက် ဖြစ်လာကာ အောက်သို့ ရိုက်ချလိုက်သည်။

ဖန်း …

သို့သော်လည်း အနက်ရောင် အလင်းတန်းက ရပ်တန့်မည့် ဟန်မပြပဲ သူ့ဆီသို့ ဆက်လက် တိုးဝင်လာသည်။ တိုးညင်းသော ဟိန်းဟောက်သံနှင့် အတူ လက်သည်း တစ်ခုက သူ၏ မျက်နှာပေါ်သို့ ဆင်းသက်လာ ခဲ့သည်။

သူ၏ ကြီးမားသော မူလချီလက်ကြီး မှာလည်း ထိုလက်သည်းကို တားဆီးနိုင်ခြင်း မရှိတော့ပဲ သူ၏ မျက်နှာပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။

အား …

သူက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သွေးစွန်းနေသည့် လက်သည်း တစ်ခုက သူ၏ မျက်နှာရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏ အင်္ကျီအဝတ်အစား များကိုပင် ဆက်လက် ဆုပ်ဖြဲကာ အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

သူပတ်ဝန်းကျင်ကို မျက်တောင် မခတ်တမ်း လိုက်ရှာကြည့် သော်လည်း မည်သည့် အရိပ်အယောင်မျှပင် မတွေ့တော့ချေ။ သို့သော်လည်း သူက အရူးမဟုတ်ပေ။ သူ့ကို တိုက်ခိုက်သွားသာ လက်သည်း ပိုင်ရှင်မှာ နေ့လယ်က ဇူယွမ်၏ နံဘေးတွင် တွေ့ခဲ့သော ကောင်လေးမှန်း သိပေသည်။

ထိုကြောင့် ကျူးယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဇူယွမ် …”

“မင်း မူလကျင့်စဉ် တစ်ခုမှ မသင်ယူနိုင်အောင် ငါလုပ်ပြမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset