Switch Mode

အပိုင်း(၇၈၅)

ပင်လယ်ရေလှိုင်းကြားမှဓား

လူငါးဆယ်ခန့်က တိုက်ခိုက် အပြီးတွင် နောက်တစ်ဆင့်ကား ပုံမှန်အားဖြင့် လူ ၂၅ယောက် ကျန်ရစ်မည် ဖြစ်သည်။ သို့သော် စုချွဲ နုတ်ထွက်မှုက ပြိုင်ပွဲ နောက်တစ်ဆင့်အား လူ၂၄ယောက်သာ ကျန်ရစ်စေသည်။

ပြည်နယ်ကိုးခု ညီလာခံတွင် တော်ဝင်မြေပေါင်း ၂၄ခုကျော်ရှိရာ ဆိုလိုသည်က တော်ဝင်မြေတစ်ခုမှ ပျမ်းမျှ တစ်ယောက်ခန့်သာ ညီလာခံ၌ ကျန်ရစ်တော့သည်ဟု ဆိုလိုသည်။ အချို့သော တော်ဝင်မြေများမှ အတော်ဆုံးများပင် ပြုတ်သွားကြပြီး ဖြစ်သည်။ အလွန် အားကောင်းသော တော်ဝင်မြေများမှသာ ပြိုင်ပွဲ၌ ၂ယောက် ကျန်ရစ်သည်။

မြေရိုင်းပြည်နယ်မူကား သုံးယောက် ကျန်ရစ်ပေသေးသည်။ သူတို့ကား ယူချင်း၊ ဟွာဂျီယူနှင့် ရီဝူချင်းတို့ ဖြစ်ကြသည်။ မြေရိုင်းပြည်နယ် ကဲ့သို့သော ရှန့်ထိုကင်းမဲ့သော နေရာက ပြိုင်ပွဲ၏ လက်ကျန် သုံးနေရာကို အမှန်ပင် ရယူခဲ့သည်။ စုချွဲ၏ နုတ်ထွက်မှုသာ မရှိခဲ့လျှင် သူတို့က လေးနေရာပင် ဖြစ်ပေဦးမည်။

ထိုစဉ်မှာပင် ပင်လယ်ပြည်နယ်မှ ငွေရောင်ချပ်ဝတ် လူငယ်တစ်ယောက်က ရှေ့ကို တက်လာသည်။ သူကား ချောမောကာ ခန့်ညားသော ရုပ်ရည်ရှိပြီး မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။

သူကား ပင်လယ်ပြည်နယ်မှ ပင်လယ်နန်းတော်၏ မင်းသားအော့ခွန် ဖြစ်သည်။ အို့ခွန်ကား ပင်လယ်နန်းတော်မှ နိုဘယ်များထဲတွင် စွမ်းအား အကြီးဆုံး ဖြစ်သည်။ သူကား များစွာသော သိုင်းပညာများ၌ ကျွမ်းကျင် ပိုင်နိုင်မှုကြောင့် နာမည် ကျော်ကြား၏။

ပင်လယ် ပြည်နယ်ကား အဆုံးမဲ့ပင်လယ်၌ တည်ရှိကာ တော်ဝင်မြေ သုံးခုအား ပိုင်ဆိုင်သည်။ နတ်ဘုရားကမ်းပါး၊ ပင်လယ်နန်းတော်နှင့် မြောက်ဘက် ချောက်ကမ်းပါးတို့က ပင်လယ်ပြည်နယ်၏ နာမည်ကျော် တော်ဝင်မြေများ ဖြစ်ကြသည်။ ထိုအထဲတွင် ပင်လယ်နန်းတော်က အများဆုံးသော ထူးဆန်း အံ့ဩဖွယ်ရာများကို ပိုင်ဆိုင်ကာ လောလာဟလများအရ​ သူတို့က မတူကွဲပြားသော ပါရမီနှင့် မျိုးရိုးဗီဇများအား ပိုင်ဆိုင်ကြသည်။ သို့သော်လည်း ပင်လယ်နန်းတော်က အဆုံးမဲ့ပင်လယ်၏ အရှေ့ဘက် အကျဆုံးနေရာ တစ်ခု၌​ တည်ရှိကာ ပြည်နယ်ကိုးခုနှင့် အဆက်အဆံကလည်း သိပ်မရှိပေ။ မြေရိုင်း ပြည်နယ်အပြင် ပင်လယ်နန်းတော် ကလည်း ပြည်နယ်ကိုးခုနှင့် အလွန်ဆက်ဆံရေး ကျဲပါးပေသည်။ အကြောင်းပြချက်ကား အလွန် ဝေးကွာခြင်းနှင့် သူတို့၏နန်းတော်က ပင်လယ် မြေအောက်တွင် ရှိနေခြင်းကြောင့် ဖြစ်သည်။

“ကျုပ်က မြေရိုင်းပြည်နယ်က ရီဝူချင်းကို စိန်ခေါ်တယ်…” အော့ခွန်က ပြောသည်။ အားလုံး၏ မျက်လုံးများက အရောင်တောက် သွားကြသည်။ မြေရိုင်းပြည်နယ်က စိန်ခေါ် ခံရပြန်ပြီ။

လူအများ အထင်သေးခံရသော မြေရိုင်းပြည်နယ်ကား သည်အထိ ရောက်လာခြင်းမှာ အလွန်တရာ ခက်ခဲသော ခရီးလမ်းဖြစ်သည်။ သူတို့က သည်ပြိုင်ပွဲတွင် စွမ်းဆောင်ရည် ကောင်းများ ပြသခဲ့ရာ တခြား ပြည်နယ်များ၏ ပြစ်မှတ် ဖြစ်လာခဲ့ရသည်။ အဖွင့်ပွဲများတွင် တိုက်ပွဲတိုင်း၌​မြေရိုင်းပြည်နယ်က ပါဝင်နေသည်။

ရီဝူချင်းက အော့ခွန်ကို ကြည့်ကာ စင်မြင့်အလယ်ကို လျှောက်လာသည်။ သူက မရောက်မီတွင်ပင် ရီဝူချင်းက မေးသည်… “ငါတို့ စလို့ ရပြီလား…”

“ခင်ဗျား ဆန္ဒအတိုင်းပါပဲ…” အော့ခွန်က ပြောပြီးသည်တွင် သုံးခွမှိန်းတစ်ခု သူ၏လက်တွင် ဖြစ်ပေါ်လာသည်။ ရီဝူချင်းထံမှလည်း ဓားအသိများ ပျံ့နှံ့လာ၏။ အနီးအဝေးကို ဂရုမထားဘဲ သူက ကြီးမား ပြင်းထန်သော ဓားအသိတစ်ခုအား အော့ခွန်၏ မျက်လုံးထဲကို ပစ်လွှတ်လိုက်သည်။ သို့တိုင်အောင် အော့ခွန်က အလွန် အားကောင်းသော စိတ်ဝိညာဉ် အသိတစ်ခုဖြင့် ကာကွယ်ခဲ့ရာ ရီဝူချင်း၏ ဓားအားလှိုင်းက အဆုံးမဲ့ ပင်လယ်ထဲကို နစ်မြုပ်သွားသကဲ့သို့ ပျောက်ကွယ် သွားရသည်။

တစ်ချိန်တည်းမှာပင် အော့ခွန်က ရီဝူချင်းထံကို လှမ်းလာသည်။ ကောင်းကင်နှင့် မြေပြင်အကြား၌​ သဘာဝ စွမ်းအင်များ ဖြစ်ပေါ်လာကာ လှိုင်းလေများ အဖြစ် ပုံပေါ်လာပြီး စင်မြင့်ထက်ကို ရိုက်ခတ်လာသည်။ ပင်လယ်ပြည်နယ်ကား ပင်လယ်ထဲတွင် တည်ရှိကာ သူတို့၏ တန်ခိုးရှင်များက ရေဓာတ်၌​ အလွန်အမင်း အားကောင်း ကြပေသည်။

ယခု စင်မြင့်ကား တန်ခိုးရှင်များ ဖန်ဆင်းသော ရေလှိုင်းများဖြင့် ပြည့်နှက် နေသည့်တိုင် ရီဝူချင်းမူကား ထိုအရာများကို သိရှိဟန်ပင် မရပေ။ ကြောက်မက်ဖွယ် လှိုင်းလုံးများက ထိုလူကို ဝိုင်းရံထားသည့်တိုင် သူက လှိုင်းလေများ၏ စွမ်းအားများကို ဂရုမထားဘဲ အော့ခွန်ထံသို့ တိုက်ရိုက် လှမ်းသွားလိုက်သည်။

ရီဝူချင်းက စိန်ခေါ်ပွဲ မစတင်မီတွင်ပင် တိုက်ခိုက်ခြင်းမှာ သည်တစ်ခါ ပထမဆုံးလည်း ဖြစ်သည်။ သိသာစွာပင် မြေရိုင်းပြည်နယ်က အဆက်မပြတ် စိန်ခေါ် ခံရခြင်းအပေါ် သူက ဒေါသထွက်နေခဲ့၏။

ဓားစွမ်းအင်က ပင်လယ်ကို ဖြတ်သန်း သွားသည့်အလား လှိုင်းလေများကို ဖြတ်သန်းသွားကာ အော့ခွန်ကို တိုက်ခိုက်သည်။ အော့ခွန်၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ခတ်သွားကာ ရေဘဝဲ တစ်ကောင်အလား သုံးခွမှိန်းကို ကိုင်၍​ ရီဝူချင်းထံကို တိုးဝင် သွားသည်။

ရီဝူချင်း၏ လက်ထဲတွင် ဓားအသိမှ ဖန်ဆင်းသော ဓားတစ်လက် ဖြစ်လာကာ ထွင်းဖောက်ခြင်း ဓာတ်သဘာဝများ ပျံ့နှံ့စိမ့်ထွက် လာသည်။ ရီဝူချင်း၏ဓားက လှိုင်းလေများကို ဖောက်ထွင်း သွားသည်တွင် ကြောက်မက်ဖွယ် အခေါင်းပေါက်ကြီး ဖြစ်သွားသည်။

အော့ခွန်၏လက်မှ သုံးခွမိန်းကလည်း အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ သူ၏လက်များက အကြေးခွံများဖြင့် ဖုံးအပ်ထားပြီး သူ၏ခန္ဓာကိုယ်က ဧရာမလှိုင်းကြီးအား စီးကာ ရီဝူချင်းရှေ့ကို ရောက်လာသည်။ သူ၏သုံးခွမှိန်း တိုက်ခိုက်သည်တွင် နောက်မှ လှိုင်းလုံးကြီးများ ကလည်း ကြီးမားသော အဟုန်ဖြင့် ရိုက်ခတ်ကြ၏။

တိုက်ခိုက်မှုပင် မလုပ်ရသေးဘဲ​ မယုံကြည်နိုင်ဖွယ် အားလှိုင်းများက ရီဝူချင်းထံကို ရိုက်ခတ်လာပြီး ဖြစ်သည်။ လှိုင်းလုံးနှစ်ခုက အလွန်အမင်း မာကျောသော ကျောက်သား ကျောက်ဆောင်များပမာ ရီဝူချင်းကို ရိုက်ခတ်သည်တွင် သူ၏ခန္ဓာကိုယ်က မည်မျှ ကြီးမားသော ဖိအားကို ခံရသည်ကို ခန့်မှန်းနိုင်၏။ သို့သော်လည်း သူ၏ဓားကား အလွန်အမင်း တည်ငြိမ်စွာဖြင့် တစ်ဖက်လူ၏ သုံးခွမှန်းကို ရင်ဆိုင်ခုခံသည်။ အမှန်တကယ်အားဖြင့် နှစ်ဖက်လုံးက ကြီးမားသော ဖိအားကို ခံစားကြ ရပေသည်။

ရီဝူချင်း၏နဖူးမှ ငွေရောင် အလင်းတန်းငယ် တစ်ခုက ထွက်ပေါ်လာကာ အော့ခွန်၏နဖူးသို့ တိုးဝင်သွားပြီး တစ်ချိန်တည်းမှာပင် ရီဝူချင်းက နောက်ဆုတ်သည်။ ပင်လယ်ထဲတွင် ရီဝူချင်း၏ ပုံရိပ်များစွာ ဖြစ်လာကာ ပုံရိပ်များစွာကလည်း ဆက်လက် ဖြစ်ပေါ်လာသည်။ အော့ခွန်၏ စိတ်စွမ်းအားကလည်း ဧရာမကြီးမားသော ရေနဂါးကြီးအဖြစ်​ ပြောင်းလဲသွားကာ အော့ခွန်၏နောက်၌ ဖြစ်တည် လာသည်ကို ခံစားရသည်။ ထို့နောက် သူ၏ထက်ရှသော ပါးစပ်ကြီးအား ဟကာ အော်ဟစ်သည်တွင် အလွန် ကျယ်လောင်သော အသံလှိုင်းက ရီဝူချင်း၏ ပုံရိပ်များအား အမှန်ပင် ပြန့်ကျဲပြိုကွဲရသည်။

ရီဝူချင်း၏ ပုံရိပ်ယောင်များက ပျက်စီးရသလို ရီဖူရှင်း၏ စိတ်ကလည်း အလွန်အမင်း နာကျင်မှုကို ခံစားရသည်။ ထိုအဖြစ်က သူ့အား လှိုင်းလေနှင့်အတူ နောက်ကို ဆုတ်သွားစေကာ စိတ်ဝိညာဉ် တိုက်ခိုက် ခံရခြင်းအား ရှောင်ဖယ်စေသည်။

သိသာစွာပင် အော့ခွန်ကား အလွန် အားကောင်းသော စိတ်ဝိညာဉ် ပညာရှင်တစ်ယောက် ဖြစ်သည်။

ပွဲကြည့်စင်မှ ရှီအဆင့်အောက်တွင် ရှိသော တန်ခိုးရှင်များ အားလုံးက ထက်ရှသော နာကျင်မှုအား ခံစားကြရသည်။ အချို့ကလည်း သူတို့၏ နားများကိုပင် ပိတ်ဆို့ကြရ၏။ သူတို့က စင်မြင့်ထက်ကို ကြည့်သည်တွင် စင်မြင့်ထက် အော့ခွန်အတွက် ရင်းနှီးကျွမ်းဝင်သော ပင်လယ်ကြီး တစ်ခုအလား ပြောင်းလဲ သွားသည်ကို မြင်ကြရသည်။

ပင်လယ်နန်းတော်မှ အတော်ဆုံး တပည့်ကား ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းလွန်း လှပေသည်။

ရီဝူချင်းက ပြိုင်ပွဲမှ ထွက်ရနိုင်သည်ဟု ပရိသတ်များက တွေးလိုက်ကြသည်။ အော့ခွန်၏ စွမ်းရည်က ရီဝူချင်းအား ကျော်ဖြတ်နိုင်မည်ဟု တွေးလာကြသည်။ သူ၏ ပုံရိပ်ယောင်များပင် အော့ခွန်ကို ဘာမှ မတတ်နိုင်ပေ။

ရီဝူချင်းက အမှန်ပင် မလွယ်ကူသော တိုက်ပွဲတစ်ခုအား ရင်ဆိုင်နေရသည်ကို ရီဖူရှင်းက မြင်သည်။ သို့သော်လည်း လက်ရှိအဆင့်ကို ရောက်ပြီးမှ အနိုင်အရှုံးက သိပ်အရေးမပါတော့ပေ။ သူတို့ကား အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိထားပြီး ဖြစ်သည်။

“မင်းရဲ့ စိတ်ဝိညာဉ်ပုံရိပ်တွေက ငါ့ကို အသုံးမဝင်ဘူး…” အော့ခွန်က ဆိုသည်။ ဧရာမရေဘဝကြီးက လှိုင်းလေများကို စီးနင်းကာ သူ့အောက်ကို ရောက်လာသည်။ ထိုအခိုက်တွင် သုံးခွမှိန်းကို ကိုင်ဆောင်ထားသော အောခွန်ကား ပင်လယ်၏ ဘုရင်တစ်ပါးအလား ထင်မှတ်ရ၏။

ရေနဂါးကြီးက အော်ဟစ် လိုက်သည်တွင် သူ၏ခန္ဓာကိုယ်ကြီးက လှိုင်းကြီးများ အဖြစ် ကွဲထွက်သွားပြီး ဧရာမလှိုင်းလုံး ကြီးမားအသွင်ဖြင့် ရီဝူချင်းထံကို ရိုက်ခတ်သွားသည်။

ရီဝူချင်း၏ လက်ထဲတွင် မဆုံးနိုင်သော ဓားစွမ်းအင်များ ဖြစ်လာကာ ဆင်တူသော လှိုင်းလုံးကြီးများ ဖြစ်လာသည်။ သူ၏ပြိုင်ဘက်က ရှေ့ကို တိုးလာသည်ကို မြင်လျှင် ရီဝူချင်းကလည်း ဓားတစ်လက်အလား လေထုကို ခွင်းလျက် တစ်ဖက်လူထံကို တိုးဝင်သွားသည်။

သုံးခွမှိန်းနှင့်ဓားက တစ်ဖန် ရင်ဆိုင်မိသည်တွင် လှိုင်းလုံးများကလည်း ဘေးကို ပြန့်ကျဲ ပျောက်ကွယ် သွားကြပြန်ပြီး ရီဝူချင်းအား နောက်ကို ဆုတ်သွားစေသည်။ ပြိုင်ဘက်၏ ရေဓာတ်အသိကား ပင်လယ်၏ ဟန်ချက်ဖြင့် ထိန်းညှိထားဟန် ရကာ အဆုံးမဲ့သော ခွန်အားများကို စီးဆင်း စေနိုင်သည်။

ရီဝူချင်းက နောက်ဆုတ်သည်တွင် အော့ခွန်က ရေနဂါးကြီးအား စီးနင်းလျက် ရှေ့ကို တက်လာပြန်သည်။ နှစ်ယောက်သား ရေထဲတွင် ရင်ဆိုင် တိုက်ခိုက်သည်တွင် လှိုင်းလေများ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။

ပင်လယ်က ရုန့်ရင်းကြမ်းတမ်းကာ လှိုင်းလေများ ထန်နေပြီး ရီဝူချင်း၏ ခန္ဓာကိုယ်ကလည်း နောက်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆုတ်နေရသည်။ ရီဝူချင်းက မျက်လုံးကို မှိတ်လိုက်ကာ သူ၏ခန္ဓာကိုယ်က ရေအလျင်နှင့်အတူ စီးဆင်းနေသည့်အလား ခံစားစေသည်။ ပင်လယ်ကား ကြောက်မက်ဖွယ် ကောင်းသော မီးပြင်းဖိုအလား သူတို့ကို ပတ်လည် ဝိုင်းရံလာသည်။

အော့ခွန်က တစ်ဖန်ရေနဂါးနှင့်အတူ သုံးခွမှိန်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်သည်တွင် ရီဝူချင်းကလည်း သူ၏ဓားဖြင့် ပြန်လည် ခုခံသည်။

ထိုအခိုက်တွင် ရီဝူချင်းက မျက်လုံးကို မှိတ်လိုက်သည်။ ထိုအရာကား ဓားမျက်လုံးအစုံ ဖြစ်သည်။ ယခု အလွန် လင်းလက်သော ဓားအလင်းက အော့ခွန်၏ မျက်လုံးများကို ထိုးနှက်သွားသည်။ အော့ခွန်က တိုက်ခိုက်မှုကို လျစ်လျူရှုကာ သူ၏မှိန်းအား ဝှေ့ယမ်းလျက် တိုက်ခိုက်ပြန်သည်။

ထိုမှိန်းထိုးချက်ကပင် တိုက်ပွဲကို အဆုံးသတ် နိုင်ပေသည်။

ဘန်း… မှိန်းက ဓားနှင့်တစ်ဖန် ရင်ဆိုင်မိကာ သည်တစ်ခေါက်တွင် ရီဝူချင်း၏ဓားက အစိတ်အစိတ် အမြွှာမြွှာ ကွဲထွက်သွားသည်။ အော့ခွန်၏ မျက်လုံးများက ရုန့်ရင်းသွားကာ သူက မှိန်းဖြင့် ရီဝူချင်း၏ ခန္ဓာကိုယ်ကို ဆက်လက် ထိုးစိုက်သည်။ ရေများက ပြင်းထန်စွာ တုန်ခါသွားပြီး ရီဝူချင်း၏ပုံရိပ်က အစိတ်အစိတ် ကွဲထွက်သွားသည်။ လက်တစ်ဖက်ပြတ် ဓားသမားက အရိပ်သဏ္ဌာန် တစ်ခုနှင့်အတူ လေပွေမုန်တိုင်းကို စီးနင်းလျက် တစ်ဖက်ကို ရောက်သွားသည်ကို အော့ခွန်က မြင်သည်။

ဓားတစ်လက် စတင်သည်တွင် ဓားပေါင်း များစွာကလည်း ဖြစ်တည် လာရမည်။

ဧရာမ လှိုင်းလုံးကြီးများအား ရင်ဆိုင်ကာ အလွန် ပြင်းထန်သော ဓားအသိတစ်ခုက မျက်လုံးဖြင့် မြင်နိုင်သည်ထက်ပင် မြန်ဆန်စွာ တိုးဝင်လာသည်။ အော့ခွန်က သူ၏ခွန်အားများကို အလွန် အားစိုက်ကာ တိုက်ခိုက်ပြီးစ ဖြစ်ရာ သူ၏ လှုပ်ရှားဟန်က နှေးကွေးသွားသည်။

“ဆုတ်…” သူ၏စိတ်က ရေနဂါးအား အမိန့်ပေးကာ လှိုင်းလေများကို ဆန်၍ တစ်ဖန် နောက်ဆုတ်သည်။ သူ့ရှေ့တွင်ကား ရီဝူချင်းက ဓားမုန်တိုင်းကို သယ်ဆောင်၍ ရောက်လာပြီး ဖြစ်သည်။

သုံးခွမှိန်းအား တစ်ဖန်မြှောက်ကာ အော့ခွန်က ပြင်းထန်စွာ တိုက်ခိုက်သည်။ သို့သော်လည်း သည်တစ်ကြိမ် သူ၏တိုက်ခိုက်မှုက အလွန်နှေးသွားသည်။ ဓားက ရောက်လာကာ အလင်းတစ်ချက် လက်သွားသည်။ သူ၏သုံးခွမှိန်းက ပုံရိပ်ယောင် တစ်ခုကိုသာ ထွင်းဖောက်သွား၏။ နောက်တစ်ကြိမ် သူကား အရူးလုပ်ခံလိုက် ရပြန်သည်။

ပြိုင်ပွဲဝင် နှစ်ယောက်က တစ်ဖန် ရင်ဆိုင်မိကြသည်တွင် ပင်လယ်က နီရဲသွားသည်ဟု အော့ခွန်က မြင်သည်။ သူက လည်ပင်းမှ အေးစက်သော အငွေ့အသက်ကို ခံစားလိုက်ရကာ လက်ပင်းအား ထိတွေ့လိုက်သည်။ လက်အား ပြန်ချလိုက်သည်တွင် သွေးစသွေးနများ ပေကျံနေသော လက်အားမြင်ရ၏။ လှိုင်းလေများ ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က ငြိမ်သက်သွားသည်။

သူက လက်တစ်ဖက်ပြတ် ဓားသမားအား လှမ်းကြည့်လိုက်သည်။

“ငါ့ရဲ့စိတ်စွမ်းအင်က သက်ရောက်မှုရှိလား…” ရီဝူချင်းက နောက်လှည့်ကာ ဖြည်းညင်းစွာ မေးသည်။

“ဂုဏ်ပြုပါတယ်… မင်း အနိုင်ရတယ်…” အော့ခွန်က ဘာမှ မပြောတော့ဘဲ​ သူ၏နေရာကို ပြန်သွားသည်။

သည်တိုက်ပွဲတွင် မြေရိုင်းပြည်နယ်မှ ရီဝူချင်းက အနိုင်ရရှိခဲ့သည်။ ပင်လယ်နန်းတော်၏ နံပါတ်တစ်တပည့် အော့ခွန်ကား ပြိုင်ပွဲမှ ထွက်လိုက် ရပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset