အပိုင်း (၇၈၄)

ဂုဏ်ယူဖွယ်ရာ နုတ်ထွက်မှု

စီကလန်၏ တပည့်ယန်ချီကား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်သော သွင်ပြင်ရှိ၏။ သူလမ်းလျှောက်သော အခါတွင်ကား အလွန်တရာ ပေါ့ပါးလွန်းလှသည်။ သတ်ဖြတ်ခြင်း ရှန့်ထို၏ တပည့်ရင်းဖြစ်သော ယန်ချီကား အလွန် အန္တရာယ်များသောသူ ဖြစ်ကာ ရန်သူအား တိတ်တဆိတ် လုပ်ကြံခြင်း၌​ ဆရာတစ်ဆူဖြစ်သည်။ စုချွဲ၏ အမှောင်လောကဓာတ်က စီမင်ကလန်၏ ကျင့်စဉ်နည်းလမ်းနှင့် ဆင်ဆင်ရသည်။

စုချွဲက ယန်ချီကို ပျင်းရိလေးတွဲသော ပုံဟန်ဖြင့် ကြည့်သည်။ ယန်ချီကား အလွန် အန္တရာယ်များ ပေသည်။ သူ့ထံမှ အေးစက်​သော အငွေ့အသက်များ ရိုက်ခတ်နေသော သူ၏ လက်ကလည်း မရေမတွက်နိုင်သော လူများ၏သွေးများ စွန်းနေသည်မှာ သေချာ၏။ သည်မတိုင်ခင် တိုက်ပွဲများ၌​စုချွဲက ယန်ချီ၏ ပညာရပ်များအား သေသေချာချာ အကဲခတ်ခဲ့သည်။ သူက အမှောင် လောကဓာတ်တွင် ကျင်လည်ကာ တစ်ဖက်တွင် ယန်ချီက အသံတိတ် သတ်ဖြတ်ခြင်း၌​ ကျွမ်းကျင်၏။

“စပါ” စုချွဲက ပြောသည်တွင် ယန်ချီ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။ ထိုအရာက အရိပ်သဏ္ဌာန်တစ်ခု ဖြစ်ကာ မူလန္ဓာနှင့် ချက်ချင်း ပေါင်းစပ်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်တွင် များစွာသော အရိပ်များ ဖြစ်ပေါ်လာကာ စုချွဲ၏အနီး၌ လှည့်ပတ် သွားလာနေကြသည်။ ထိုအရိပ်များက တိတ်ဆိတ်ကာ အသံကင်းမဲ့ပြီး အန္တရာယ်၏အငွေ့အသက်များအား ပြင်းထန်စွာ ပေးသည်။

“စေနှင်ခြင်းအရိပ်…”

ဖုန်းပြည်နယ်မှလူများ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ စုချွဲက စီကလန်၏ ပညာရပ်များနှင့် ရင်းနှီးကျွမ်းဝင်ဟန် မရပေ။ စေနှင်ခြင်း အရိပ်ကား စီကလန်၏ နာမည်ကျော် ပညာရပ်တစ်ခု ဖြစ်သည်။

စုချွဲက အရိပ်များ သူ့ထံကို ရောက်လာကာ သူ့လှုပ်ရှားမှုများအား နှောင်ဖွဲ့သည်ဟု ခံစားရသည်။ သူက မြန်ဆန်စွာပင် ရှောင်တိမ်းသည်ပြီး ကောင်းကင်သို့ လျှပ်စီးတန်းအလား ထိုးတက် သွားသည်။ တစ်ချိန်တည်းမှာပင် အရိပ်များက စုချွဲထံသို့ ဆန့်တန်းလာပြီး တားဆီး နိုင်စွမ်းလည်း မဲ့ပေသည်။

ဟူး … အရိပ်က မြန်ဆန်စွာပင် ရှည်မျောလာကာ စုချွဲရှေ့ကို ရောက်လာပြီး ကြီးမားစွာ ခြိမ်းခြောက်သည်။ စုချွဲ၏လက်ချောင်းက သတ်ဖြတ်ခြင်း ဓားအဖြစ် ပြောင်းလဲသွားပြီး လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာပင် အရိပ်အား ယိုင်နဲ့စေသည်။

ပိုမိုသော အရိပ်များက စုချွဲထံကို တိုးဝင်လာကြသည်။ သတ်ဖြတ်ခြင်း ဓားဝိညာဉ် ထွက်ပေါ်လာကာ စုချွဲက ပြန်လည် တိုက်ခိုက်သည်။ သူက ဓားကို ကိုင်သည်တွင် လေဟာနယ် တစ်ခုလုံးက သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွား၏။

သွေးဆာနေသော ဓားအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း စုချွဲက အပေါ်မှ အုပ်မိုး၍ ခုတ်ချလိုက်သည်။ ဓားချက်က အရိပ်များကို ဖြတ်တောက် သွားသလို သူ၏ ခန္ဓာကိုယ်ကလည်း အဆက်မပြတ် လှည့်ပတ်သွားပြီး သူကိုယ်တိုင်က မူလနေရာမှ ပျောက်ကွယ် သွားကာ တစ်ဖက်လူထံကို တိုးဝင်သွာသည်။ သို့သော် သူ့ရှေ့ကို မရေမတွက်နိုင်သော အရိပ်ပုံသဏ္ဌာန်များ လေထဲမှ ကူးခပ်ကာ တိုးဝင် လာကြပြန်၏။

“အရိပ်သဏ္ဌာန် ပြောင်းလဲခြင်း…” ဖုန်းပြည်နယ်မှ တန်ခိုးရှင် တစ်ယောက်က ရေရွတ်သည်။ စုချွဲအတွက် သည်တိုက်ပွဲက ခက်ခဲပေမည်။ သတ်ဖြတ်ခြင်း ရှန့်ထို၏ဆက်ခံသူက အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ပေ။

ကြမ်းတမ်းသော လှုပ်ရှားမှု တစ်ခုနှင့်အတူ အရိပ်လောကဓာတ်က ကောင်းကင်နှင့်မြေပြင် အကြား ပေါ်လာပြီး ရုတ်တရက် အရိပ်မုန်တိုင်း တစ်ခုက တိုက်ပွဲနေရာသို့ ဆင်းသက် လာသည်။ ထိုအရာက အနက်ရောင် သီးသန့်နယ်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး စုချွဲအား ဝါးမျိုသွားသည်။ သို့သော်လည်း အရိပ်များကလည်း အနက်ရောင် နယ်ထဲသို့အထိ လိုက်ပါလာကြကာ သူ၏ အနက်ရောင်နယ်နှင့် တိုက်ရိုက် ပေါင်းစပ်သွားကြသည်။ ထိုအရိပ်များကား အမှောင်လောက ဓာတ်ထဲတွင်ပင် အသက်ရှင် နိုင်ကြသည်။

စုချွဲက မသက်မသာ ခံစားလာရသည်။ အရိပ်များကား နေရာတိုင်းတွင် ရှိနေကာ သူက ရန်သူ၏နေရာကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ အရိပ်က အမှောင်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေကြကာ ထိုအရာက တစ္ဆေစစ်တပ် တစ်ခုနှင့်လည်း ဆင်တူလှသည်။

အမှောင်လောက ဓာတ်ကား သူတို့အတွက် အသုံးမဝင်ပေ။

စုချွဲ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ သူကားထင်းဆွေအိမ်တော်မှဖြစ်ကာ လုပ်ကြံသတ်ဖြတ်ခြင်း၌​ကျင်လည်သည်။ ထို့ကြောင့်ပင် သူက အမှောင်လောကဓာတ်ကို နားလည် ဆင်ခြင်နိုင်စွမ်း ရှိကာ အလွန် ကောင်းမွန်စွာ အသုံးချနိုင်ပြီး ပညာဆင်တူသော ပြိုင်ဘက်များအား ရင်ဆိုင်ရာတွင်လည်း ထိရောက်သော နည်းလမ်းများအား ရှာဖွေနိုင်စွမ်း ရှိသည်။

“လက်မလျှော့သေး ဘူးလား…” တစ္ဆေကဲ့သို့ အသံတစ်ခုက မည်သည့် နေရာမှ​ ထွက်လာမှန်း မသိပေ။ ပရိသတ်များက အခြေအနေကို မသေချာစွာ ကြည့်နေကြသည်။ စုချွဲက သည်တိုက်ပွဲတွင် ရှုံးနိမ့်တော့မည်လား။

“မင်း အရှုံးပေးရင်လည်း ငါစိတ်မဆိုးဘူး…” စုချွဲက ထူးမခြားနားစွာ ပြောသည်။ တစ်ဖက်လူက ဘာမှ ပြန်မပြောပေ။ သို့သော် ပိုမိုအေးစက်သော စွမ်းအားတစ်ခုက အမှောင်နယ်ထံ၌ စတင် ဖြစ်တည်လာသည်။ အမှောင်နယ်ထံ၌​ ပုံရိပ်သဏ္ဌာန်တစ်ခု ဖြစ်တည်လာကာ စုချွဲ၏ရှေ့တွင် ပေါ်လာပြီး သူ၏လည်ပင်းကို ဓားဖြင့် လှမ်းခုတ်သည်။ စုချွဲ၏အနီးတွင် သတ်ဖြတ်ခြင်း မုန်တိုင်းတစ်ခု ဖြစ်လာပြီး ရောက်လာသော ဓားချက်အား ခုခံကာကွယ် သွားသည်။

စုချွဲကား လှုပ်ရှားခြင်း ကင်းမဲ့သည်။ သူက မျက်လုံးကို မှိတ်ထား၏။ အရိပ်များက သူ့ထံကို မိုးသီးမိုးပေါက်များ ကျလာသလို ဆင်းသက် လာကြသည့်တိုင် သူကား လှုပ်ရှားခြင်း ကင်းသည်။

သူတို့နှစ်ယောက်က စိတ်ရှည်ခြင်းပြိုင်ပွဲကို ကျင်းပနေဟန်ရသည်။

လုပ်ကြံ သတ်ဖြတ်ခြင်း၏ အမြင့်မားဆုံး အခြေအနေကား တစ်ချက်တည်းဖြင့် သုတ်သင်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စုချွဲထံသို့ ပြင်းထန်သော ခံစားချက်တစ်ခု ဆင်းသက်လာ၏။ သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ အမှောင်ထုထဲမှ စုချွဲ၏နောက်တွင် အရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ၏လည်ပင်းအား ဓားဖြင့် လှမ်းခုတ်ပြန်သည်။ လျှပ်စီးအလား စုချွဲက ဘေးကို ရှောင်တိမ်း သွားသည်။ သူကား အလွန်တရာ မြန်ဆန်လွန်းသည့်တိုင် အရိပ်ဓားက သူ၏ပုခုံးကို ထွင်းဖောက် သွားသေးသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးအားက စုချွဲ၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပြီး သူ့အား ဒဏ်ရာရစေသည်။ ထိုတိုက်ခိုက်မှု ပြီးသွားသည်တွင် စုချွဲ၏ပြိုင်ဘက်က ပျောက်ကွယ် သွားပြန်သည်။ စုချွဲက ဒဏ်ရာကို လျစ်လျူရှုကာ တည်ငြိမ်စွာ ရပ်နေသည်။

ထို့နောက်တွင် တိုက်ပွဲက ပိုမိုပြင်းထန် လာခဲ့သည်။ အမှောင်ထဲတွင် စုချွဲ၏အဝတ်က သွေးခြင်းခြင်း နီနေကာ သူကား ဒဏ်ရာ ပြင်းထန်စွာ ရနေပြီဖြစ်သည်။

“ဒီနှစ်ယောက်က တကယ်ပဲ​ စိတ်ရှည်ကြတယ်…” ပုဂ္ဂိုလ်ကြီး တစ်ယောက်က မှတ်ချက် ချသည်။

ဖုန်းပြည်နယ်၏ ဘက်တွင် စီကလန်မှ လူများက အမှောင်နယ် အတွင်းမှ တိုက်ပွဲအား မမှိတ်မသုန် ကြည့်နေကြသည်။ စုချွဲကား လုပ်ကြံ သတ်ဖြတ်ခြင်း၏ တကယ့်နားလည်ခြင်း အဆင့်သို့ ရောက်ရှိနေကာ သူ၏ သည်းခံအားကလည်း ယုံနိုင်ဖွယ်ပင် မရှိပေ။

ရီဖူရှင်းနှင့် တခြား လူများကလည်း တိုက်ပွဲအား ကြည့်နေကြသည်။ လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် ရီဖူရှင်းကား တိုက်ပွဲတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ စုချွဲက အဆက်မပြတ် တိုက်ခိုက် ခံနေရကာ သူကိုယ်တိုင်က လက်လျှော့ခြင်း မရှိသေးကြောင်း သတိထားမိသည်။ ထို့ကြောင့် သူက ဝင်မစွက်ဖက်ပေ။ သည်တိုက်ပွဲကား ယန်ကျန်း၏ တိုက်ပွဲနှင့်မတူပေ။ သည်တိုက်ပွဲက လုပ်ကြံသတ်ဖြတ်သူ နှစ်ဦး၏ ရင်ဆိုင်မှုလည်း ဖြစ်သည်။ စုချွဲက ပျင်းရိကာ လွတ်လပ်မှုကို ခုံမင်သော်လည်း သူကား တစ်ဖက်တွင် အခြေအနေကိုလိုက်၍ ဆုံးဖြတ်နိုင်စွမ်း မြင့်မားသူဖြစ်သည်။

အနက်ရောင်နယ်၌​ လူသတ်လိုသော အငွေ့အသက်က ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ရီဖူရှင်း၏ မျက်လုံးက ထက်ရှသွားကာ အနက်ရောင်နယ်ထဲမှ လှုပ်ခတ်မှုအား ရီဖူရှင်းက သေသေချာချာ ကြည့်သည်တွင် ယန်ချီက ထပ်မံ၍ စိတ်ရှည်ဟန် မရတော့ဘဲ တစ်ဖက်လူအား ပြင်းထန်သော ဓားချက်ထုတ်ကာ တိုက်ခိုက် လိုက်သည်ကို မြင်လိုက်ရသည်။ ဓားချက်က သတ်ဖြတ်ခြင်း ဓားအား ဖြတ်ကျော်ကာ စုချွဲ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် စုချွဲ၏ခန္ဓာကိုယ်က အနက်ရောင် အငွေ့အသက်များထဲ၌​ ပျော်ဝင်ကာ တစ်သားတည်း ဖြစ်သွားသည်။

အရိပ်ဓားက အနက်ရောင်နယ်ထဲ​ ဖျက်ခနဲ လက်သွားသည်။ သို့သော်လည်း စုချွဲက ထူးခြားသော ခံစားချက် တစ်ခုအား ရလိုက်သည်။ အနက်ရောင် အငွေ့အသက်များထဲတွင် မဆုံးနိုင်သော အမြစ်ဖြုတ် ချေမှုန်းခြင်းများ ရှိနေသည်။ အရိပ်သဏ္ဌာန်က ပျောက်ကွယ် သွားကာ ယန်ချီက အမှောင်နယ်၏ အတွင်းပိုင်းအထိ ရောက်သွားပြီး နောက်ဆုတ်ရန် မတတ်နိုင်သည်ကို ထိတ်လန့်စွာ​ တွေ့လိုက်ရသည်။

ဘုန်း…

များစွာသော အရိပ်သဏ္ဌာန်များ ဖြစ်တည် လာသော်လည်း တစ်မုဟုတ်ချင်း ပြိုပျက် သွားကြသည်။ မကြာမီ အနက်ရောင် အငွေ့အသက်များ ပြယ်လွင့်သွားကာ လူနှစ်ယောက်က စင်ထက်ကို ကျဆင်းလာသည်။ သို့သော် ယန်ချီ၏ ခန္ဓာကိုယ်ကား မြေပြင်ပေါ်ကို ဖွဲအိတ် တစ်အိတ်ကဲ့သို့ ကျကာ ပါးစပ်မှ သွေးများ တဝေါ့ဝေါ့ အန်သည်။ သူကား အသက်မျှဉ်းမျှဉ်း ရှူရင်းက ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်။

စုချွဲမူကား စင်မြင့်ထက်ကို ကျဆင်း လာသော်လည်း ဒယိမ်းဒယိုင် ရပ်နေဆဲ ဖြစ်သည်။

သိသာစွာပင် တိုက်ပွဲတွင် စုချွဲက အနိုင်ရခဲ့သည်။

စီကလန်၏ နောက်ဆုံး လက်ကျန်ပြိုင်ပွဲဝင်ကား ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။ ကျိရှမ်းကမ်းပါး ပြီးနောက်တွင် စီကလန်က ဒုတိယမြောက် ပြိုင်ပွဲမှ ထွက်ရသော တော်ဝင်မြေ ဖြစ်သည်။ စုချွဲကား မြေရိုင်းပြည်နယ်မှ အားအကောင်းဆုံး မဟုတ်သော်လည်း သူကား စီကလန်မှ အားအကောင်းဆုံး တပည့်အား အနိုင်ယူနိုင်သည်။

“စုချွဲနိုင်တယ်… စီကလန်က ခင်ဗျားတို့ တပည့်ကို သယ်ထုတ်သွားပါ…” အကြီးအကဲက ပြောသည်တွင် စီကလန်မှ တစ်ယောက်က ယန်ချီ၏ ခန္ဓာကိုယ်အား သယ်ထုတ် သွားသည်။

နောက်အရပ် တစ်ခုတွင် အနက်ရောင် ဝတ်ထားသော လူကြီး တစ်ယောက်က စုချွဲအား လေးနက်စွာ ကြည့်သည်။ ယန်ချီက မည်သို့ ရှုံးနိမ့်သွားသည်ကို သူနားလည်သည်။ လူသတ်သမား တစ်ယောက် အနေဖြင့် တစ်ကွက်တည်းဖြင့် ရန်သူအား အဆုံးသတ်ရန်မှာ သူ၏အဓိက ဦးတည်ချက် ဖြစ်ရပေမည်။ သို့သော်လည်း ယန်ချီ မလုပ်နိုင်သည်ကို စုချွဲက လုပ်နိုင်ခဲ့သည်။ သူက နာကျင်မှုများစွာကို အလွန်အမင်း စိတ်ရှည် သည်းခံခဲ့ကာ နောက်ဆုံး တိုက်ကွက်အား ထုတ်ရန် စောင့်ဆိုင်း နေခဲ့သည်။ သူတို့၏ တန်ခိုးအဆင့်တွင် ရလဒ်ကား သူတို့၏စွမ်းရည် အတိမ်အနက်ကို ဖော်ပြနေသည်။ အကယ်၍​ သူတို့က အစစ်အမှန် တိုက်ပွဲတွင် ဆိုပါက ယန်ချီကား သေဆုံးပြီး ဖြစ်နေပေမည်။

ဒယိမ်းဒယိုင်ဖြင့်ပင် စုချွဲက ယူချင်း၏ ဘေးနားကို လျှောက်လာသည်။ ယူချင်း၊ ဟွာဂျီယူနှင့် ရီဝူချင်းတို့က သူ့အား ကြည့်သည်တွင် စုချွဲက ပြောသည်… “ငါ အဆင်ပြေတယ်…”

“ဘာလို့လဲ…” ရီဖူရှင်းက လှမ်းကြည့်ကာ မေးသည်။

စုချွဲက ရီဖူရှင်းအား ကြည့်ကာ ပခုံးတွန့်သည်… “အနည်းဆုံး ငါမရှုံးဘူး… ဟုတ်တယ်မလား…”

ရီဖူရှင်းက သူ၏ ဆိုလိုရင်းကို နားလည် သဘောပေါက် လိုက်ကာ ပြုံးလျက် ကြည့်သည်။ စုချွဲက မြေရိုင်းပြည်နယ်၏ ဂုဏ်သိက္ခာအတွက် သူနှင့်တူညီသော အရည်အချင်း ရှိသူထံတွင် ရှုံးနိမ့်၍ မရပေ။ အထူးသဖြင့် ထင်းဆွေဓား၏ ဆက်ခံသူ တစ်ယောက် အနေနှင့် သူ့တွင် တန်ဖိုးထားရသော မာနတရား ရှိပေသည်။

“လာမည့်တိုက်ပွဲကို နုတ်ထွက်လိုက်တော့…” ရီဖူရှင်းက ပြောသည်။ စုချွဲကား နောက်ထပ် တိုက်ပွဲများကို မတိုက်ခိုက် သင့်တော့ပေ။ သူကား ဒဏ်ရာပြင်းထန်စွာ ရထားကာ အနားယူရန် လိုပေသည်။

“ကောင်းပြီ…” စုချွဲက သဘောတူသည်။ သူကား မြေရိုင်း ပြည်နယ်အတွက် အကောင်းဆုံး လုပ်ခဲ့ပြီးဖြစ်ကာ လက်ရှိ အခြေအနေကလည်း ဆက်လက် တိုက်ခိုက်ရန် မသင့်တော်တော့ပေ။

“မြေရိုင်းပြည်နယ်မှ စုချွဲက ပြိုင်ပွဲမှ နုတ်ထွက်ပါတယ်…” ရီဖူရှင်းက အကြီးအကဲကို လှမ်းပြောသည်။

“လက်ခံတယ်…” အကြီးအကဲက​ ခေါင်းညိတ်သည်။ ပြိုင်ပွဲမှ နုတ်ထွက်သည် ဆိုသည့်တိုင် စုချွဲကား နောက်ဆုံးလူ ၂၅ယောက် စာရင်းသို့ တက်လှမ်း နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဖွယ်ရာ ကောင်းလွန်း နေပေသေးသည်။ သည်တိုက်ပွဲ ပြီးနောက်တွင် မြေရိုင်း ပြည်နယ်ကား လူသုံးယောက်မျှသာ ကျန်ရစ်တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset