“ဂူဟွမ်ဂျီ …”
ဇူယွမ်က သူနှင့် တစ်ပြိုက်နက်တည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လာရွေးသည့် အနီရောင် မိန်းမပျိုလေးအား တွေဝေ မိန်းမောစွာ စိုက်ကြည့် နေမိသည်။ သူမ၏ ကောင်းချီးပေး ခံရသော ကြည့်ရှုခံ အလှနှင့် သာလွန်သော စွမ်းရည်များက အပြင်ဘက် တောင်၏ တပည့်များ၏ အာရုံစိုက်မှုကို ရရှိထားပေသည်။ ပိုအရေးကြီး သည်မှာ သူမက ကန်ရွှမ်း ကလန်နှင့် ဆက်နွယ်မှု အချို့ ရှိနေခြင်းပင် ဖြစ်သည်။ ထိုကြောင့် သူမက အပြင်ဘက် တောင်၏ ယောက်ျားလေး တပည့်များ အကြားတွင် ကျော်ကြားသော သူတစ်ဦး ဖြစ်နေစေပေသည်။
“ဒါကို မင်းလည်း ရွေးချယ် ထားတာလာ။ အဲဒါဆို မင်းအရင် ယူသွားပါ”
ရှန်ဇူတိုက်ကြီးမှာ တပည့်များသည် အလွန်အမင်း မောက်မာဝင့်ကြွား ကြသော်လည်း ဂူဟွမ်ဂျီတွင် ထိုသို့သော အမူအရာမျိုး မတွေ့ရပေ။
သည်ကျင့်စဉ်ကို တစ်ယောက်က ရွေးချယ်ထားပါက အခြား တစ်ယောက်တွက် အခွင့်အရေး မရှိပေ။ ထိုကြောင့် ဇူယွမ်က အမျိုးသမီးလေးကို အခွင့်အရေး ပေးလိုစိတ် ရှိပေသည်။
“အို … ဘယ်လောက် ယဉ်ကျေးမှု ရှိလိုက်လဲ” ဂူဟွမ်ဂျီက ဇူယွမ်ကို ကြည့်လိုက်သည်။ သို့သော်လည်း ဇူယွမ်မှာ နာမည်ကောင်း မရပေ။ သူမက လက်လွှတ်လိုက်ပြီး ပြောသည်။
“မေ့လို့ ဒီကျင့်စဉ်က မိတ္တူ ပွားထားတာ တစ်ခု ရှိသေးတယ်”
ပြောပြီးနောက် သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှု အပြည့်ရှိသော ဟန်ပန်ဖြင့် တစ်ဖက်သို့ ချာခနဲလှည့်ကာ ထွက်သွားသည့် အတွက် သူမ၏ သန်စွမ်းသော ဆံကေသာမှ သင်းရနံ့ကာ ဇူယွမ်၏ ရှေ့တွင် စွဲကျန်ခဲ့ပေသည်။
သို့သော်လည်း သူမက ခြေလှမ်း နှစ်လှမ်း လှမ်းပြီးသည်နှင့် ရပ်တန့်လိုက်ပြီး ခေါင်းကို အနောက်သို့ ပြန်လှည့် ငဲ့ကြည့်လိုက်ပြီး သူမ၏ တောက်ပသော မျက်လုံး အစုံဖြင့် ဇူယွမ်ကို ကြည့်ကာ
“ဒါပေမဲ့ နင်ဒီကျင့်စဉ်ကို မရွေးဖို့ ငါသတိပေးချင်တယ်”
“ဘာလို့လဲ” ဇူယွမ်က အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။
ဂူဟွမ်ဂျီက ပြန်ပြောသည်။ “ဘာလို့လဲ ဆိုတော့ ကျူးဖန်ကလည်း ဒီကျင့်စဉ်ကို လေ့ကျင့်တယ်”
ဇူယွမ်၏ မျက်မှောင်မှာ ပိုကြုတ်သွားသည်။ သူက တည်ငြိမ်သော လေသံဖြင့် “အဲဒါ ငါနဲ့ဘာဆိုင်လဲ။ သူရွေးချယ်ထားတဲ့ ကျင့်စဉ်ကို ငါလေ့ကျင့်ဖို့ အခွင့်အရေး မရှိဘူးလား”
ဂူဟွမ်ဂျီ၏ အနီရောင် နှုတ်ခမ်း၏ ထောင့်စွန်းမှာ ကွေးညွတ်တက် သွားပြီး “သိပ်ပြီး ပြောစရာ မရှိဘူး …”
သူမက ဇူယွမ် မနေ့က သူမ၏ မေးခွန်းကို လူတိုင်းရှေ့တွင် သူမ၏ မေးခွန်းကို ငြင်းဆိုခြင်းကို အာဃာတ ထားရှိပေသည်။ ထိုကြောင့် သူမက သူ၏ စကားလုံးများ အတိုင်း တူညီစွာ ပြန်ပြောလိုက်သည်။
ဇူယွမ်က ထွက်ခွာသွားသော သူမ၏ ကျစ်လျစ်ပြီး တင့်တယ်သော ပုံရိပ်ကို ကြည့်နေသည်။ အရှေ့သို့ လှမ်းနေသော သူမ၏ သွယ်လျှသည့် ခြေထောက်များက ဒုတိယ အထက်တွင် ရှိနေသော တပည့်များ အားလုံး၏ အကြည့်ကို ဆွဲဆောင်နေတယ်။
“မိန်းမတွေက တော်တော် အာဃာတတရား ကြီးမားတာပဲ” ဇူယွမ်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
သို့သော်လည်း သူက ဂူဟွမ်ဂျီကို စိတ်မဝင်စားပေ ထိုကြောင့် သူမ၏ သဘောထား ကိုလည်း ဂရုစိုက် မနေပေ။ သူ၏ အကြည့်ကာ လျင်မြန်စွာပင် သူ၏ ရှေ့တွင်ရှိသော ကျောက်စိမ်းပြား ပေါ်သို့ ရောက်ရှိသွားပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအရာကို လှမ်းယူလိုက်သည်။
ကျောက်စိမ်းပြားက သူ၏ လက်အတွင်း ရောက်ရှိသည်နှင့် ရိုးရှင်းသော အချက်အလက် အချို့က သူ၏ ခေါင်းအတွင်းသို့ စီးဝင်လာသည်။ ကျောက်စိမ်းပြား၏ ငှားရမ်းခ တန်ဖိုး …
တစ်နေ့လျှင် မူလကျောက်စိမ်း ငါးခု။
ကျောက်စိမ်းပြား အတွင်းတွင် ကျင့်ကြံခြင်း နည်းလမ်းများနှင့် များစွာသော အကြီးအကဲများ နောင်တော်များ၏ အတွေ့အကြုံများကို ထည့်သွင်း ထားပေသည်။ ထို့ပြင် လေ့ကျင့်ရန် ပုံမှန်အားဖြင့် အလွန်အမင်း ခက်ခဲသောကြောင့် သာမန်သာ ပါရမီရှိသော တပည့်များ အနေဖြင့် အချိန်ကြာမြင့်စွာ ပေးရန် လိုအပ်ပေသည်။
ထိုအခါ သေချာပေါက်ကို များပြားသော မူလ ကျောက်စိမ်းများကို အသုံးပြု ရပေလိမ့်မည်။
ထိုကြောင့် အများအားဖြင့် တပည့်များသည် လျှို့ဝှက်သော ကျမ်းစာဆောင်မှ မူလကျင့်စဉ် ရွေးချယ် ပြီးသည်နှင့် သင်ခန်းစာ ပို့ချသူများထံ သွားကြပေသည်။ ထိုသင်ခန်းစာ ပို့ချသူများသည် မှန်ကန်သော နည်းလမ်းကို ညွှန်ပြနိုင် သောကြောင့် ကျင့်စဉ်ကို ကျွမ်းကျင်ရန် ပိုမို လွယ်ကူ သွားပေသည်။
“အရမ်း ဈေးကြီးတာပဲ” ဇူယွမ်က အကူအညီမဲ့စွာ သက်ပြင်း ချလိုက်သည်။ သူတွင် မူလကျောက်စိမ်း အပိုင်းအစ လေးဆယ် ကျန်ရှိနေသေး သော်လည်း ထိုအရာက တကယ်ကို မလုံလောက် နိုင်သေးပေ။
ဇူယွမ်က ကျောက်စိမ်းပြားများကို ဆက်ကြည့် နေပြီးနောက် ခြေလှမ်းအချို့ လှမ်းပြီးနောက်တွင် ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးများက ပြုတ်ထွက်တော့မည့် အလား ပြူးကျယ်နေပြီး သူ့ရှေ့တွင် ရှိသော ကျောက်စိမ်းပြားကို စိုက်ကြည့်လိုက်သည်။
“နဂါးကိုးကောင် နိယာမ အဆင့်မြင့် ကောင်းကင်ဘုံငယ် ကျင့်စဉ်”
“လူတစ်ဦးရဲ့ ချီကို နဂါးများအဖြစ် ပြောင်းလဲစေပြီး ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိစေသည်”
သည်တိုတောင်းသော စာလုံးများမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်း ရှိသော အရှိန်အဝါမှာ ကျင့်စဉ်၏ စွမ်းအားကို ဖော်ပြနေသည်။
ဇူယွမ်၏ နှလုံးသားမှာ လိုအင်ဆန္ဒကြောင့် တုန်ယင် နေခဲ့သော်လည်း ထိုအရာ၏ ငှားရမ်းခကို မြင်ပြီးချိန်တွင် တစ်ကိုယ်လုံး တောင့်တင်း သွားတော့သည်။ နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို တစ်နေ့ ငှားရမ်းရန် ကျသင့်သော မူလကျေက်စိမ်း အခု နှစ်ဆယ်သည် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေးရက်ငှားရမ်း နိုင်ပေသည်။
“သေစမ်း”
ဇူယွမ်က အကူအညီ မဲ့စွာပဲ အံကြိတ် နေခဲ့သည်။ သည်အချိန်တွင် သူအမှန်တကယ် နာကျင် နေမိပေသည်။ ထိုကြောင့် သူ့အနေဖြင့် ပထမဦးဆုံး သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးနောက် မူလ ကျောက်စိမ်းများကို ပြန်လည် စုဆောင်းပြီးမှ နဂါးကိုးကောင် နိယာမကို ပြန်ပြီး ငှားရမ်းရမည် ဖြစ်သည်။
ဇူယွမ်က အားတင်းပြီး သူ၏ အကြည့်ကို မူလ ကျောက်စိမ်းပြားပေါ်မှာ ခွာလိုက်ပြီး သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျောက်စိမ်းပြား ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ သူမကြာခင် ကောင်တာနားသို့ ရောက်ရှိသွားပြီး ကောင်တာ အနောက်ရှိ သတ်လတ်ပိုင်း လူကြီးအား ကျောက်စိမ်းပြားကို ပေးလိုက်သည်။
လူကြီးက ကျောက်စိမ်းမှတ်တမ်း တစ်ခုကို ကောက်ယူပြီး မှတ်တမ်း သွင်းလိုက်ကာ “မင်းရဲ့ တပည့် သင်္ကေတပြားကို ငါ့ကိုပြပါ။ ပြီးတော့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ငှားရမ်းခက တစ်ရက်ကို မူလကျောက်စိမ်း အပိုင်းအစ ငါးခုကျမယ် မင်းဘယ်နှရက် ငှားဖို့ စီစဉ်ထားလဲ”
ဇူယွမ်က တစ်ခဏမျှ စဉ်းစားချင့်ချိန် နေပြီးနောက် ဖြေလိုက်သည်။
“ကျွန်တော် ငါးရက်ငှားမယ်”
သူ့အနေဖြင့် ငါးရက်တည်းနှင့် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သူမည်မျှ ကျွမ်းကျင်မည်ကို အရင်ဆုံး သိလိုပေသည်။
သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်လျက် ပြောသည်။
“မင်း စိတ်ဝင်စားမယ် ဆိုရင် မူလကျင့်စဉ် သင်ကြား ပို့ချပေးသူ တစ်ယောက်ဆီမှာ အဲဒါကို သွားလေ့လာလို့ ရတယ်နော်”
ဇူယွမ်က ခဏမျှ တိတ်ဆိတ် သွားပြီးနောက် မေးမြန်းလိုက်သည်။
“အဲဒါနဲ့ ပတ်သက်ပြီး အကြံပြု ပေးချင်တာများ ရှိလားမသိဘူး”
ကောင်းကင်ဘုံငယ် မူလ ကျင့်စဉ်သည် လေ့ကျင့်ရန် အလွန် ခက်ခဲပေသည်။ ညွှန်ကြား ပြသပေးသူ ရှိခြင်းက ကြီးမားသော အကူအညီကို ဖြစ်စေသည်။
ထို့ကြောင့် ဇူယွမ် အနေဖြင့်ကို သူ့ကို ညွှန်ကြား ပြသပေးရန် သင်ကြား ပို့ချပေးသူ တစ်ယောက် လိုအပ်ပေသည်။
သတ်လတ်ပိုင်း လူကြီးက တစ်ခဏမျှ စဉ်းစားနေပြီး ကျောက်စိမ်းပြား တစ်ခုကို ဇူယွမ်၏ လက်ထဲသို့ ထည့်ကာ “တောင်ထွတ် ခုနစ်ခုရဲ့ အတွင်းတောင် တပည့်တွေက ဒီနေရာမှာ သင်ကြား ပို့ချသူတွေ အဖြစ် လာနေကြတယ် အဲဒီထဲမှာမှ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြားပေးတဲ့ သူတစ်ယောက်ပါတယ်။ သူ့ရဲ့ သင်ခန်းစာတွေကို နားထောင်မယ် ဆိုရင် တစ်နေ့တာ အတွက် မူလကျောက်စိမ်း အပိုင်းအစ ငါးခု ကျသင့်မယ်”
ဇူယွမ်က သူရလိုက်သည့် ကျောက်စိမ်း ကြွေပြားကို သိချင်စိတ် အပြည့်ဖြင့် ကြည့်လိုက်သောအခါ နာမည်တစ်ခုကို တွေ့လိုက်ရသည်။
“ကျူးယွဲ့”
သူခေါင်းမမော့ ကြည့်ရ သေးချိန်မှာပဲ သတ်လတ်ပိုင်း လူကြီးက ဆက်ပြောခဲ့သည်။
“သင်ခန်းစာ ပို့ချတဲ့ ခန်းမကတော့ လျှို့ဝှက်သော ကျမ်းစာဆောင်ရဲ့ တောင်အနောက် ဘက်မှာ ရှိတယ်။ သူတို့ကို မင်းကိုယ်တိုင် သွားရှာနိုင်တယ်။ မင်းမှတ်မိ နေဖို့က ကျောက်စိမ်းပြားကို နောက်ဆုံးရက် ရောက်တာနဲ့ လာပေးဖို့ပဲ မဟုတ်ရင် ဒဏ်ကြေးနဲ့အတူ ပြန်ယူလာရမယ်”
ဇူယွမ်က သူလက်မ နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ သူက သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ကျောက်စိမ်းပြားကို ကောက်ယူလိုက်ပြီး တောင်နောက်ဘက် ဆီသို့ ဦးတည်လိုက်သည်။
တောင်အနောက်ဘက် ပိုင်းတွင် တစ်မူ ထူးခြားသော အဆောက်အဦ အချို့ကို သူမြင်တွေ့လို ရပြီး ထိုနေရာတွင် တပည့်များက ဥဒဟို ဝင်ထွက် သွားလာ နေကြသည့် မြင်ကွင်းဖြင့် သက်ဝင်လှုပ်ရှား နေသည်။
ဇူယွမ်က ဆက်လက် လျှောက်လှမ်းလာပြီး ကျယ်ပြန့်သော အဆောက်အဦ တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ တံခါးပေါ်တွင် ရေးထားသော သင်ကြား ပို့ချသူ၏ အမည်ကို အတည်ပြု ပြီးသည်နှင့် အတွင်းထဲသို့ လမ်းလျှောက်ဝင် လိုက်သည်။
တံခါး၏ အနောက်ဘက်တွင် ကျယ်ပြန့်သော ခန်းမတစ်ခု ရှိနေပြီး တစ်ဒါဇင် သို့မဟုတ် ထို့ထက်ပိုသော ပုံရိပ်များက စက်ဝိုင်းသဏ္ဌာန် ဝိုင်း၍ ထိုင်နေကြသည်။ ထိုသူများ၏ အလယ်တွင် အရပ်မြင့်မြင့်နှင့် သူတစ်ဦးက သင်ခန်းစာ ပို့ချနေသည်။
ဇူယွမ် သင်ခန်းစာ ပို့ချသော ခန်းမ အတွင်းသို့ ဝင်လိုက်သည်နှင့် သင်ခန်းစာ နားထောင် နေကြသူများက လှည့်ကြည့် လာကြသည်။
သူတို့ထဲတွင် မူလတောင်တွင် ဟန်ရှန့်၏ ကိစ္စနှင့် ပတ်သက်ပြီး သူနှင့် စကားများခဲ့သော ကျူးဖန် ဆိုသူလည်း ရှိနေပေသည်။
ဂူဟွမ်ဂျီမှာ ကျူးဖန်နှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ရှိနေပြီး ဇူယွမ် ဝင်လာသည်ကို မြင်သည်နှင့် သူမ၏ မျက်နှာမှာ အနည်းငယ် မရွှင်မပျ ဖြစ်သွားသည်။ မျှော်လင့် ထားသလိုပင် ဒီအကောင် သူမ၏ အကြံပေးချက်ကို နားမထောင်ပေ။
အလယ်တွင် ထိုင်နေသော သင်ကြားပို့ချသူက ဇူယွမ်ကို လှမ်းကြည့်ကာ ခပ်တည်တည်နှင့် မေးလိုက်သည်။
“မင်း ဘယ်သူလဲ”
ပိန်သွယ်သော မျက်နှာ ခက်ထန်သော မျက်လုံးများနှင့် အတူ စွမ်းအား ပြည့်ဝသော မူလချီများက သူပတ်ဝန်းကျင်တွင် လည်ပတ်နေသည်။
“အပြင်ဘက်တောင် တပည့် ဇူယွမ်” ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ သူက ကျူးဖန်ကို လှမ်းကြည့် လိုက်ပြီးနောက် အတွင်းတောင် တပည့်ဖြစ်သည့် ကျူးယွဲ့ကို ပြန်ကြည့်လိုက်သည်။
ထိုသူနှစ်ဦးမှာ အတော်ကို ရုပ်ရည်ဆင်တူ သောကြောင့် အစောပိုင်းတွင် ဂူဟွမ်ဂျီက သူ့ကို အဘယ်ကြောင့် သတိပေးသည်ကို နားလည် သွားခဲ့သည်။
“ဇူယွမ်လား” ကျူးယွဲ့က အနည်းငယ် အံ့အားသင့် သွားဟန်ရပြီး ကျူးဖန်ဆီသို့ လှမ်းကြည့်ကာ အေးစက်စက် အပြုံးတစ်ခုနှင့် အတူ ခေါင်းညိတ်ပြ လိုက်သည်။
ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပဲ နှိမ့်ချခြင်း မရှိသလို ထောင်လွှားခြင်းလဲ မရှိသော လေသံမျိုးဖြင့် ပြောသည်။
“ကျွန်တော် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ရွေးချယ်ထားတဲ့ အတွက် ကျင့်စဉ်ရဲ့ သော့ချက်တွေနဲ့ နားထောင်ပြီး လေ့လာဖို့ သည်ကို ရောက်လာတာ။ သည်မှာ မူလကျောက်စိမ်း အပိုင်းအစ ငါးခု”
အတွင်းတောင် တပည့်ဖြစ်သော ကျူးယွဲ့က အမှုမထားဟန်ဖြင့် ဇူယွမ်ကို ကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် ယောင်ယောင်လေး ပြုံးလိုက်ပြီး “မလိုပါဘူး။ ဒီအတန်းက လူပြည့်သွားပြီ နောက်ထပ် လူအသစ် လက်မခံတော့ဘူး”
ကျူးဖန်မှာ သူ၏ ညီငယ်လေးဖြစ်ကာ သူနှင့် ဇူယွမ်က အငြင်းပွားခဲ့သည့် အတွက် ကျူးဖန်၏ အမြင်တွင် ဇူယွမ်မှာ မျက်စိစပါးမွေး စူးစရာ ဖြစ်သည်။
ကျူးယွဲ့၏ စကားသံက ခန်းမတစ်ခုလုံးကို ရယ်မောစေပြီး ရှန်ဇူတိုက်ကြီးမှ တပည့်များက ဇူယွမ်ကို လှောင်ပြောင်နေသော အကြည့်များဖြင့် လှမ်းကြည့် လာကြသည်။
ဇူယွမ်က ဖြေးညင်းစွာ ပြောလိုက်သည်။
“အစ်ကိုတော် ကျူးယွဲ့ရဲ့ အပြုအမူတွေက စည်းကမ်းနဲ့ ဆန့်ကျင်နေတယ် မထင်ဘူးလား”
အတန်းလူပြည့်ပြီ ဆိုသည်မှာ ဆင်ခြေ တစ်ခုသာ ဖြစ်သည်။
“အိုး … အပြင်ဘက်တောင်က တပည့်လေးက ငါ့ကို စည်းမျဉ်းစည်းကမ်းတွေ အကြောင်းပြောတာ မှန်တယ်လို့ ထင်နေတဲ့ပုံပဲ” ကျူးယွဲ့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး လှောင်ပြောင် သရော်ဟန်ဖြင့် ပြုံးလိုက်သည်။ ထိုနောက် စွမ်းအား ပြည့်ဝသော မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာပြီး ဇူယွမ်ကို ဖိနှိပ်လိုက်သည်။
ကျူးယွဲ့က ပဉ္စမမြောက် မူလစဦး အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီး သည်နေရာတွင် ရှိသော လူတိုင်းထက် သာလွန်ပေသည်။
ထိုကြောင့် မူလချီ၏ ဖိအားအောက်သို့ ဇူယွမ်ရောက်ရှိ သွားသည်နှင့် ကောင်းစွာပင် အသက်ရှူနိုင်ခြင်း မရှိတော့ပေ။
ဝေါင်း …
သို့သော်လည်း ကျူးယွဲ့က ဇူယွမ်ကို ဖိနှိပ်လိုက်စဉ်မှာပဲ ဇူယွမ်၏ အဝတ်အစားထဲမှ ထန်ထန်က လှုပ်ရှားလိုက်ပြီး သူ၏ခေါင်းကို အပြင်သို့ ထုတ်ကာ လည်ခေါင်းသံဖြင့် ဟိန်းဟောက်လိုက်သည်။
ထန်ထန်က ဇူယွမ်ရှေ့သို့ ခုန်ထွက် လာခဲ့ပြီးနောက် သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ လျှင်မြန်စွာ ကြီးထွား လာခဲ့ကာ တိုက်ပွဲဝင်တော့မည့် ပုံစံဖြစ်သွားပြီး ရုန့်ရင်းသော မူလချီများက သူ၏ ဟိန်းသံနှင့် အတူထွက်ပေါ် လာသည်။
ဝေါင်း …
ခန်းမတစ်ခုလုံး တုန်ခါသွားပြီး ကျူးယွဲ့၏ မူလချီ ဖိအားများမှာ ချက်ချင်းပင် ဖျက်ဆီးခြင်း ခံလိုက်ရသည်။ သူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး ထန်ထန်၏ အင်အားကြောင့် နာကျင် သွားဟန်ပေါ်သည်။
ကျူးယွဲ့၏ မျက်မှာမှာ အစိမ်းရောင် သန်းနေပြီး ဒေါသထွက်စွာဖြင့် ပြောသည်။
“မင်း … မင်း … သားရဲကို အသုံးပြုပြီးတော့ ငါ့ကို နာကျင်အောင် လုပ်ရဲတယ်”
ဇူယွမ်က မျက်မှောင်ကြုတ်လျက် ထန်ထန်၏ ဦးခေါင်းအား ဂရုတစိုက်နှင့် ပွတ်သပ်ပေး လိုက်သည်။ ထန်ထန်က ကျူးယွဲ့ကို စိုက်ကြည့် နေရင်းမှာ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင် သွားတော့သည်။
ခန်းမတစ်ခုလုံး ကမောက်ကမ ဖြစ်နေပြီး ကျူးဖန်နှင့် အခြား တပည့်များက ထန်ထန်ကို မယုံနိုင်ဖွယ် အကြည့်များဖြင့် ကြည့်နေကြသည်။
ဂူဟွမ်ဂျီတစ်ဦးသာ တည်ငြိမ်စွာ ထိုင်လျက်ရှိပြီး သူမ၏ အနီရောင် နှုတ်ခမ်းပါးလေးကို လှုပ်ကာ “အစ်ကိုတော် ကျူးယွဲ့ရဲ့ ငြင်းပယ်မှုက စည်းကမ်းနဲ့ မညီညွတ်ဘူးနော်။ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကသာ ဒါကို ရှာတွေ့သွားရင် အစ်ကို့အတွက် မကောင်းနိုင်ဘူး”
ကျူးယွဲ့က ဂူဟွမ်ဂျီကို လှမ်းကြည့် လိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ “ညီမလေး ဂူဟွမ်ဂျီက ပြောပေးနေမှတော့ ငါမျက်နှာသာ ပေးလိုက်ပါမယ်”
ဂူဟွမ်ဂျီ၏ အကြီးအကဲမှာ ကန်ရွှမ်းကလန်တွင် မြင့်မားသော အဆင့်အတန်း ရှိသောကြောင့် ကျူးယွဲ့အနေဖြင့် သူမကို အပြစ်မပြုရဲချေ။
သူက ဇူယွမ်ကို လှည့်ကြည့် လိုက်ပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့ကာ “ညီမတော် ဂူဟွမ်ဂျီရဲ့ မျက်နှာကြောင့် မင်းဒီမှာ နေခွင့်ရမယ်။ ဒါပေမဲ့ မင်းရဲ့ သားရဲကိုတော့ ငါ့ရဲ့ခန်းမထဲ ဝင်ခွင့် မပြုနိုင်ဘူး။ မင်းအဲဒီ မျိုးမစစ်ကို အပြင်ဘက် လွှင့်ပစ်ပြီးရင် ပြန်ဝင်လာခဲ့”
သို့သော်လည်း ဇူယွမ်က မျက်မှောင်ကြုတ် လိုက်ပြီး အေးစက်စွာ ပြောသည်။
“သားရဲ တစ်ကောင်ကိုတောင် မရိုက်နိုင်ပဲနဲ့ ငါက ဘာကြောင့်ဒီမှာ သင်ယူရမှာလဲ။ ဒါက မူလ ကျောက်စိမ်းတွေကို ဖြုန်းတီးသလိုပဲ ဖြစ်နေမှာ”
ကျူးယွဲ့၏ မျက်လုံးများက နက်မှောင်နေပြီး ဇူယွမ် ထွက်သွားသည်ကို ကြည့်နေသည်။ ထိုနောက် သူက အေးစက်စက် ရယ်မောလိုက်သည်။
“ဘယ်လောက်တောင် မိုက်မဲတဲ့ အရူးလဲ … သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ငါ့ရဲ့ သင်ကြားမှုမပါဘဲ ကျင့်နိုင်မယ်လို့ မင်းထင်တယ်ပေါ့ အဲဒီမှာ မာနကြီးနေလိုက်”