စားပွဲပေါ်မှာ ထိုင်ရင်းနဲ့ ချောင်းရှိုးက ဇူယွမ်၏ အမူအရာကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ငါမြင်တာတော့ ညီတော် ဇူယွမ်လည်းပဲ ပြင်းပြတဲ့ ဆန္ဒရှိပြီး တောင်ထွတ် ခုနစ်ခုကို အဆင့်နိမ့် အနက်ရောင်ခါးစည်း တပည့်အနေနဲ့ မဝင်ချင်တဲ့ သူပဲမလား”
ကန်ရွှမ်းကလန်မှ တပည့်များကို အဆင့်အတန်း ခွဲရန် စည်းကမ်း သတ်မှတ်ခြင်းသည် တပည့်များကို ပိုပြီး တွန်းအား ဖြစ်စေပေသည်။ အဆင့်အတန်း မြင့်မားသော တပည့်များသည် သူတို့၏ မြင့်မားသော အနေအထားကို ကြိုက်နှစ်သက် စေရုံမက အခြားသော တပည့်များထက် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမို ရရှိပေသည်။ ထိုကျင့်ကြံခြင်း အရင်းအမြစ်များက အနာဂတ်တွင် တစ်ပါးသူများကို ဦးဆောင်နိုင်စွမ်း ရှိစေပေသည်။
ထိုအရာ၏ ဆိုလိုရင်းမှာ မင်းခြေတစ်လှမ်း နောက်ကျခဲ့လျှင် အမြဲ ခြေတစ်လှမ်း နောက်ကျနေမည်ဟု ဖြစ်သည်။
တကယ့်ကို သင့်အနေဖြင့် အခြားသူများ၏ ဖနောင့်အောက်တွင် အမြဲနင်းခြေ ခံနေရပေမည်။
ထို့ကြောင့် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် မည်သည့် တပည့်မှ သူတို့၏ အခွင့်အရေးအား တခြားသူကို လွယ်လွယ်ကူကူနှင့် ပေးလိမ့်မည် မဟုတ်ပေ။
“ငါ့ရဲ့ အုပ်စုမှာ ငါအပါအဝင် တခြား ပထမတန်း တပည့် ငါးယောက် ပါသေးတယ်။ ပြောရမယ် ဆိုရင် ငါတို့ရဲ့ အုပ်စုက ရှန်ဇူတိုက်ကြီးက တပည့် မဟုတ်တဲ့ အုပ်စုတွေထဲမှာ အသန်မာဆုံးပဲ”
ချောင်းရှိုးက ဇူယွမ်နှင့် ယောင်ယောင်တို့ကို စိတ်အား ထက်သန်စွာ ကြည့်ရင်း ဆက်ပြောသည်။ “ညီတော် ဇူယွမ်နဲ့ အစ်မတော် ယောင်ယောင်တို့သာ ငါတို့ရဲ့ အုပ်စုထဲကို ဝင်မယ်ဆိုရင် အခြား တပည့်တွေကိုလည်း ငါတို့ရဲ့ အုပ်စုထဲဝင်ဖို့ ဆွဲဆောင် နိုင်လိမ့်မယ်။ အဲဒီလိုသာ ဖြစ်သွားရင် ငါတို့ရဲ့ အုပ်စုက ရှန်ဇူတွေရဲ့ အုပ်စုတွေကိုတောင်မှ မရှုံးနိုင်တော့ဘူး”
သူက ရှန့်ဝမ်ကျင်တို့ လူစုကိုလည်း လှမ်းကြည့်ပြီး ပြောလိုက်သည်။
“အဲဒီအချိန် ကျရင် အခြား ကန်မင်တိုက်ကြီးက တပည့်တွေလည်း ငါတို့နဲ့ ပူးပေါင်းနိုင်တယ်”
သို့သော်လည်း ရှန့်ဝမ်ကျင်၊ ရှောင်ထျန်းရွှမ်တို့ လူစုက မည်သည့်စကားမှ မဆိုကြပေ။ သူတို့က ဇူယွမ်ကိုသာ ကြည့်နေပြီး သူ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေသည်မှာ ထင်ရှားပေသည်။
ချောင်းရှိုး၏ စိတ်အား ထက်သန်နေသော အကြည့်အောက်တွင် ဇူယွမ်က သူ၏ခွက်ကို ကိုင်ကာ တိတ်ဆိတ် နေပြီးနောက် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီး “ကျွန်တော် အစ်ကိုတော် ချောင်းရှိုးရဲ့ အုပ်စုထဲဝင်ဖို့ မစဉ်းစား ရသေးပါဘူး”
သူက အဆုံးတွင် ချောင်းရှိုး၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ လိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူက လူများလျှင် များသလို ဖြစ်လာမည့် အငြင်းပွားမှုများ ပြဿနာများ ဖြစ်လာမည်ကို သိသောကြောင့် ဖြစ်သည်။
ဇူယွမ်၏ ကန်ရွှမ်းကလန်ကို လာရသည့် အဓိက ရည်ရွယ်ချက်မှာ နတ်ဘုံခန်းဝါ အဆင့်ကို မြန်နိုင်သမျှ အမြန်ရောက်ရန် ဖြစ်သည်။ ထိုကဲ့သို့ စစ်မှန်သော စွမ်းအားကို ပိုင်ဆိုင်မှ သူအနေဖြင့် ဝူအင်ပါယာနှင့် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ယခု လက်ရှိတွင် ဝူအင်ပါယာက သူ၏နယ်နိမိတ်မှာ အခြေအနေများကို တည်ငြိမ်အောင် လုပ်နေရပေမဲ့ ဝူဘုရင် အနေဖြင့် သူအားလပ် သွားသည်နှင့် ကြီးမြတ်သော ဇူအင်ပါယာက သူမျက်စိထဲတွင် အလှည့်ကျ လာမည်မှာ အသေအချာပင် ဖြစ်သည်။
ထိုကြောင့် ထိုသို့ မဖြစ်မီ ဇူယွမ်အနေဖြင့် နတ်ဘုံခန်းဝါ အဆင့်ကို ရောက်ရှိရန် လိုအပ်ပေသည်။
ထိုကြောင့် သူ၏ လေ့ကျင့်ချိန်များကို အဖွဲ့အစည်းများသို့ ဝင်ရောက်ပြီး အဓိပ္ပာယ် မရှိသော အာဏာလုခြင်း ခြေရှုပ်ခြင်း စသည့် ပြဿနာများ ဖြေရှင်းခြင်းတို့တွင် မဖြုန်းတီးလိုပေ။
ဇူယွမ်၏ ငြင်းဆိုခြင်းကို ကြားရချိန်တွင် ချောင်းရှိုး၏ မျက်နှာပေါ်တွင် စိတ်ပျက် သွားဟန်များ ပေါ်လာသည်။ သူ့အနေဖြင့် ဒေါသ မထွက်မိသော်လည်း အတော်ကို စိတ်မကောင်း ဖြစ်မိပေသည်။
“ကျွန်တော့် အစ်ကိုရဲ့ အုပ်စုကို မဝင်နိုင်ပေမဲ့ လည်းပဲ ကျွန်တော်နဲ့ အစ်ကိုတော်တို့ မိတ်ဆွေတွေ ဖြစ်လာ နိုင်ပါတယ်။ အနာဂတ်မှာ ဘာပဲ လိုအပ်လိုအပ် အချင်းချင်း ကူညီကြတာပေါ့” ဇူယွမ်က ပြုံးလျက်ပြောသည်။
သူအနေဖြင့် အုပ်စု ကိစ္စရပ်များဖြင့် သူ့ကိုသူ မရှုပ်ထွေးချင် သော်လည်းပဲ ချောင်းရှိုးနှင့် မိတ်ဆွေ ဖြစ်ချင်ပေသည်။ သည်လူ၏ စရိုက် လက္ခဏာမှာ အတော်လေး ကောင်းမွန်သည့် အတွက် ဇူယွမ် အတော်ကို ကြိုက်နှစ်သက် ပေသည်။
ချောင်းရှိုးက ထိုစကားကို ကြားချိန်တွင် ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“သည့်အရာက ကျွန်တော် မျှော်လင့်နေတဲ့ စကားပါပဲ”
ချောင်းရှိုးက သူ၏ ဝေဖန်ပိုင်းခြား နိုင်စွမ်းကို သူယုံကြည်သောကြောင့် ဇူယွမ်ကို ထပ်ပြီး ဖျောင်းဖျရန်နှင့် ဖိအားပေးရန် မကြိုးစားတော့ပေ။ ဇူယွမ် အနေဖြင့် အားလုံး၏ အမြင်တွင် မူလစဦး ပထမ အဆင့်သာ ရောက်ရှိသေးပေမဲ့ ချောင်းရှိုး အနေဖြင့် ဇူယွမ်မှာ အပြင်ပန်း မြင်ရသည်ထက် မရိုးရှင်းမှန်း ခံစားမိပေသည်။
“ညီတော် ဇူယွမ်က ငါတို့နဲ့ မပူးပေါင်းပေမဲ့ တခြား လူတွေလည်း စိတ်ဝင်စားလို့ ရှိရင် ငါတို့နဲ့ ပူးပေါင်းနိုင်တယ်” ချောင်းရှိုးက ရှန့်ဝမ်ကျင်တို့ အုပ်စုကို ပြုံးပြပြီး ပြောသည်။
ရှန့်ဝမ်ကျင်တို့ လူစုမှာ အကုန်လုံး တတိယတန်း တပည့်များ ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ချောင်ရှိုးက သူတို့၏ သန်မာမှုကို စိတ်မဝင်စားပေ။ သို့သော်လည်း သူက ဇူယွမ်နှင့် မိတ်ဆွေ ဖြစ်နေသော လူတစ်ယောက်၏ တန်ဖိုးကို သူသိပေသည်။ သူတို့ကို သူနှင့် ပူးပေါင်းခွင့် ပေးခြင်းဖြင့် ဇူယွမ်ကို မျက်နှာသာ ပေးရပေမည်။
ရှန့်ဝမ်ကျင်တို့ လူစုမှာ စိတ်ပါနေသည်။ သူတို့အားလုံး အပြင်ဘက် တောင်တွင် လက်ရှိ ဖြစ်နေသော အခြေအနေကို နားလည်ပေသည်။ ပုံမှန်အားဖြင့် တတိယတန်း တပည့်တို့မှာ သူတို့၏ နောက်တွင် မည်သည့် အုပ်စုမှ မရှိပါက နေရာတိုင်းတွင် အနိုင်ကျင့် ခံရပေလိမ့်မည်။ ဇူယွမ်က သည်နေ့သူ့ကို လူတိုင်းက ကြောက်ရွံ့ တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ သော်လည်းပဲ သူတို့က သူ့အား ကူညီနိုင်မည့် မိတ်ဆွေများကို သူတို့ မျှော်လင့် နေပေသေးသည်။
သို့သော်လည်း သူတို့က ခေါင်းမညိတ်သေးပဲ ဇူယွမ်ကိုသာ ချက်ချင်း လှမ်းကြည့်လိုက်သည်။
ဇူယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဇူယွမ်အနေဖြင့် သူ၏ ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံစိုက် နေချိန်၌ လူတိုင်းကို အချိန်ပြည့် ဂရုမစိုက် နိုင်မည်ကို စိုးရိမ် မိပေသည်။ ချောင်းရှိုး၏ အကူအညီဖြင့်သာ ဆိုပါက သည်ကိစ္စ အတွက် စိတ်ပူရန် မလိုအပ်တော့ပေ။
ဇူယွမ်က သူ့အပေါ် အရင်အကြွေး တင်ခဲ့သော ခံစားချက်ကြောင့် ချောင်းရှိုးက ရယ်မောလိုက်သည်။
ယခုအချိန်တွင် သူတို့ နှစ်ယောက်က ပိုမို ရင်းနှီးသွားသည့် အတွက် ချောင်းရှိုးက မေးမြန်းလိုက်သည်။
“ဟုတ်ပြီ … ညီတော်ဇူယွမ် မင်းပထမ အကြိမ် မူလစဦး ချီတွေကို ပထမဆုံး အကြိမ် ပြန်သယ်ဆောင် လာတာ အများကြီးပဲ မင်း မူလချီကြယ်ပွင့် ဘယ်လောက်တောင် ဖန်တီးနိုင်ခဲ့လဲ ဆိုတာ ငါတကယ် သိချင်မိတယ်”
ရှန့်ဝမ်ကျင်တို့ လူစုလည်း နားစွင့် ထားကြသည်။ သူတို့လဲ တူညီစွာပင် သိချင်ပေသည်။
ဇူယွမ်က ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်း မော့လိုက်ကာ အဖြေပေး လိုက်သည်။ “အခု တစ်ရာပါပဲ”
ရှန့်ဝမ်ကျင်တို့ လူစုမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ သောကြောင့် စားပွဲဝိုင်းမှာ တိတ်ဆိတ် သွားတော့သည်။ သူတို့အားလုံး မူလစဦး ပထမ အဆင့်သို့ ရောက်ရှိနေပေမဲ့ သူတို့၏ ချီသိုလှောင်ခန်း အတွင်းရှိ မူလချီများမှာ သုံးဆယ် ကျော်ကျော်လေးသာ ရှိပေသည်။
ချောင်းရှိုးက သူ၏ ပါးစပ်ပွင့် နေရာမှ ပြန်ပိတ်လိုက်ပြီး ခါးသက်သက် ရယ်မောလိုက်သည်။
ရှန်ဝမ်ကျင်တို့ လူစုထဲတွင် သူတစ်ယောက်သာ မူလစဦး တတိယ အဆင့်သို့ ရောက်ရှိသေးသည့် သူကိုယ်တိုင်ပင် ကြယ်ပွင့်အလုံး တစ်ရာခန့်သာ ပိုင်ဆိုင်ပေသည်။ အခြား စကားလုံးများဖြင့် ဖော်ပြရပါက မူလချီ ပမာဏများ နှိုင်းယှဉ်လျှင် သူကဲ့သို့ မူလစဦး တတိယအဆင့် လူတစ်ယောက်က ဇူယွမ်ကို ရိုက်နှက်ရန် မဖြစ်နိုင်ပေ။
နက်ရှိုင်းစွာ သက်ပြင်း ချလိုက်မိသည်။ ဇူယွမ်၏ မူလချီသာ သူ့အဆင့်သို့ ရောက်ခဲ့လျှင် သူ့အနေဖြင့် ဇူယွမ်ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း သည်အရာက သူ့ကို ပျော်ရွှင်စေသည်။ ကြည့်ရသည်မှာ သူ၏ ဆင်ခြင်သုံးသပ် နိုင်စွမ်းက အတော်လေး ကောင်းမွန်ပေသည်။ သည်လူငယ်လေးက တကယ့်ကို သာမန်ထက် လွန်ကဲပေသည်။ ယခုချိန်တွင် သူ၏ ဂုဏ်သတင်းမှာ မကျော်စော သေးသော်လည်းပဲ အနာဂတ် ကန်ရွှမ်းကလန်တွင် ဇူယွမ်ကို မသိသူပင် မရှိလောက်ပေ …
***
နောက်တစ်နေ့။
မနက်ခင်း စောစော အချိန်တွင် ဇူယွမ်က မူလတောင် ကျင့်ကြံခြင်းသို့ သွားရန် ပျက်ကွက်ခြင်း မရှိပေ။ သို့သော်လည်း ယောင်ယောင်က သည်တစ်ကြိမ်တွင် စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပဲ ထန်ထန်ကိုသာ သူ့ထံ ပစ်ပေးပြီး ထန်ထန်အား သူမ၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ထားပေးရန် ပြောကာ မူလတောင်သို့ မလိုက်တော့ပေ။
ထိုကြောင့် သည်နေ့တွင် မူလတောင်ပေါ်၌ ထူးဆန်းသော မြင်ကွင်းကို မြင်ရပေသည်။ သတ္တဝါငယ်လေး တစ်ကောင်ဟာ ယောင်ယောင်၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ချထားခြင်း ခံရပြီး သူ၏ပါးစပ်ကို ဖွင့်ကာ မူလချီများကို ဝါးမျိုစားသောက် နေပေသည်။ ထိုမြင်ကွင်းက များစွာသော တပည့်များကို မနာလိုမှု ဖြစ်ပေါ်စေပေသည်။
မူလတောင်တွင် ကျင့်ကြံပြီးနောက် ဇူယွမ်က ထန်ထန်ကို သယ်ဆောင်ကာ တောင်အောက်သို့ ဆင်းလိုက်ပြီး လျှို့ဝှက်သော ကျမ်းစာဆောင် ဆီသို့ ဦးတည်လိုက်သည်။ သူသည် မနေ့ကတည်းက ထိုနေရာသို့ သွားလေ့လာရန် ခြေတရွရွ ဖြစ်နေပေသည်။
လျှို့ဝှက်သော ကျမ်းစာဆောင်သည် မြင့်မားလှသော တောင်တစ်ခုပေါ်တွင် တည်ရှိသည့် ခမ်းနား ထည်ဝါသော ရှေးဟောင်း အဆောက်အဦကြီး တစ်ခုဖြစ်သည်။ များစွာသော တပည့်များက ထိုနေရာသို့ ပျံသန်း လာနေသည့် မြင်ကွင်းကို တွေ့နေရပြီး သည်နေရာက အပြင်ဘက် တောင်၏ အကျော်ကြားဆုံး နေရာဖြစ်သည်ကို သိစေနိုင်ပေသည်။
လျှို့ဝှက်သော ကျမ်းစာဆောင်သည် အလွန်ကို ကြီးမားလှပြီး သုံးထပ် အဆောက်အဦ အဖြစ် တည်ဆောက် ထားပေသည်။ အနက်ရောင် အဆင့် မူလ ကျင့်စဉ်များကို ပထမ အထပ်တွင် ထားရှိပြီး ကောင်းကင်ဘုံငယ် အဆင့်(အဆင့်နိမ့် ကောင်းကင်ဘုံ အဆင့်) မူလ ကျင့်စဉ်များကို ဒုတိယ အထက်တွင် ထားရှိကာ စစ်မှန်သော ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်များကို တတိယ အထပ်တွင် ထားရှိသည်ဟု ပြောကြပေသည်။ သိုသော်လည်း ထိုအဆင့် ကျင့်စဉ်၏ ဈေးနှုန်းမှာ အလွန်တရာ မြင့်မားသည့် အတွက် လက်ရှိတပည့် အများစုမှ မတတ်နိုင်ကြပေ။
ထို့ကြောင့် ဇူယွမ်သည်လည်း ဒုတိယ အထပ်သို့သာ တိုက်ရိုက်တက်လှမ်း သွားခဲ့သည်။
သူ၏ ယခု အခြေအနေဖြင့် ဆိုလျှင် ကောင်းကင်ဘုံငယ် အဆင့် မူလကျင့်စဉ်မှာ သူအတွက်ပိုပြီး သင့်လျှော်ပေသည်။
ဒုတိယ အထပ်တွင် တပည့် အနည်းငယ်သာ ရှိပေသည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်များမှာ စွမ်းအား ပြည့်ဝသော်လည်း တတ်မြောက်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ယခုချိန်တွင် လူတိုင်း၌ မူလကျောက်စိမ်း အပိုင်းအစများ လုံလုံလောက်လောက် မရှိပေ။ ထိုကြောင့် သူတို့ အားလုံးက ထိုအရာများကို မဖြုန်းတီး လိုသည့်အတွက် လုံလောက်သော ပမာဏ တစ်ခုရောက်မှ လာလေ့လာရန် စီစဉ် ထားကြသည်။
ဒုတိယ အထပ်၏ မြင်ကွင်းကာ ပထမ အထပ်ထက် ပိုမို ကောင်းမွန်ပေသည်။ များစွာသော ကျောက်စိမ်းပြားများကို အဖြူရောင် ကျောက်စိမ်းပြားကြီး ပေါ်တွင် ဝဲပျံစေလျက် ပြသထားသည်။ ကျောက်စိမ်းပြားပေါ်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေပြီး စာလုံးများက သူတို့၏ ရှေ့တွင် ဖြစ်ပေါ်နေသည်။
“ဒီမှာ အများကြီးရှိ …” ဇူယွမ်က ထိုမြင်ကွင်းကြောင့် ကြောင်အ သွားခဲ့သည်။ သူ့အနေဖြင့် ထိုအရာများကို ရေတွက်ကြည့် သည်မှာ တစ်ရာထက် ကျော်နေသည်ကို တွေ့ရသည်။ သည်ပမာဏက သူကို ရိုးတွင်းခြင်ဆီ အထိ တုန်လှုပ် စေပေသည်။ သည်ထဲမှ တစ်ခုသာ ကန်မင်တိုက်ကြီး၏ အမျိုးမျိုးသော ကလန်များက တစ်ခုလောက်ပင် ပိုင်ဆိုင်ခွင့် ရပါက ထိုကောင်းကင်ဘုံငယ် ကျင့်စဉ်ကို အမြတ်တနိုးနှင့် ထားရှိပေလိမ့်မည်။
ယခု သည်နေရာတွင် သာမန် အတိုင်းသာ တည်ရှိနေသည်။
သည်အရာက ကန်ရွှမ်း ကလန်ကြီး၏ အခြေခံ အုတ်မြစ်က မည်မျှ ထိတ်လန့်ဖွယ် ကောင်းအောင် နက်ရှိုင်းသည်ကို ဖော်ပြနေပေသည်။
ဇူယွမ်က နှုတ်ခမ်းသပ် လိုက်ပြီး အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး ကျောက်စိမ်း စင်မြင့်များကို တစ်ခုပြီး တစ်ခု ဖြတ်သန်း လာခဲ့သည်။
“အဆင်နိမ့် ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ် ကောင်းကင်ကို ဖုံးအုပ်သော ချိပ်ပိတ်လက်ချောင်း”
“အဆင့်နိမ့် ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ် မြင့်ကမ်းနံဘေးက ဓားနှလုံးသား”
“အလယ်အလတ် အဆင့် ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ် သတ္တုနတ်ဆိုး၏ မူလခန္ဓာ”
“…”
ဇူယွမ်၏ အကြည့်က များစွာသော ကျောက်စိမ်းပြားများ၏ ရှေ့မှစာလုံးများ ဆီသို့ ရောက်ရှိသွားပြီး ကောင်းကင်ဘုံငယ် အဆင့် မူလ ကျင့်စဉ်များကို စေ့စေ့စပ်စပ် ကြည့်ရှုရှာဖွေ နေပေသည်။
သူ၏ ထင်မြင်ချက်အရ သူတော်စင် အကြွင်းအကျန် နယ်မြေတွင် သူရရှိခဲ့သော ကြီးမြတ်သော လေနှင့်မိုးကြိုး ကျင့်စဉ်မှာ အလယ်အလတ် အဆင့် ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ် ဖြစ်ပေလိမ့်မည်။
“သည်အချိန်မှာ ငါအတွက် လှုပ်ရှားမှု အမျိုးအစား မူလကျင့်စဉ် တစ်ခု လိုအပ်နေပြီ”
ဇူယွမ်က ရေရွတ်လိုက်သည်။ သူယခင် ကတည်းက လေ့ကျင့်ခဲ့သော နဂါးခြေလှမ်း ကျင့်စဉ်မှာ အနက်ရောင် အဆင့် မူလကျင့်စဉ် တစ်ခုသာ ဖြစ်သည်။ ထိုကြောင့် ဇူယွမ်က ကောင်းကင်ဘုံငယ် အဆင့် မူလကျင့်စဉ် ရှာရန် စီစဉ်နေခြင်း ဖြစ်သည်။
သူ့က အရှေ့သို့ ဆက်လက်လျှောက်လှမ်း သွားလိုက်သည်။ အမွှေးတိုင် တစ်တိုင် ကုန်ချိန် တစ်ဝက်လောက်တွင် ဇူယွမ်က အဖြူရောင် ကျောက်စိမ်း စင်တစ်ခုရှေ့တွင် ရပ်တန့်သွားပြီး သူက တောက်လောင်နေသော အကြည့်ဖြင့် ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ကြည့်နေသည်။
“အလယ်လတ်အဆင့် ကောင်းကင်ဘုံငယ် ကျင့်စဉ် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်”
“ခန္ဓာကိုယ်ကို တံလျှပ်ကဲ့သို့ အရိပ်အယောင် ဖြစ်စေနိုင်ပြီး အစစ်နှင့် မခြားဘဲ မြင်စေနိုင် သေးသော်လည်း တိမ်ကဲ့သို ဖမ်းဆုပ်နိုင်မည် မဟုတ်”
ဇူယွမ်၏ စိတ်နှလုံးမှာ တုန်လှုပ်သွားသည်။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်က တကယ့်ကို သာမန်မဟုတ်ပေ။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်သည်။
သို့သော်လည်း သူ့ရဲ့လက်က ကျောက်စိမ်းပြားကို ထိမိလိုက်သော အချိန်တွင် နောက်ထပ် လက်တစ်ဖက်က ကျောက်စိမ်းပြား၏ ထောင့်စွန်းတစ်ဖက်ကို လာရောက် ဆုပ်ကိုင်သည်။
ဇူယွမ်က အံ့အားသင့် သွားသည်။ သူ၏ ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်လျှင် သူ့အား စိန်းစိန်းဝါးဝါး ကြည့်နေသော မျက်လုံးအစုံကို မြင်လိုက်ရသည်။
အနီးကပ် ကြည့်လိုက်ပါက ခေါင်းအစ ခြေအဆုံး အနီရောင် ဆင်မြန်းထားသော အနီရောင် ဝတ်စုံနှင့် ဆွဲဆောင် ညှို့ယူနိုင်စွမ်း အပြည့်ရှိသော ခန္ဓာကိုယ်ပိုင်ရှင် မိန်းမပျိုလေးကို တွေ့လိုက်ရသည်။ သူမမှာ ဂူဟွမ်ဂျီက လွဲ၍ မည်သူမှ မဖြစ်နိုင်ပေ။