အပိုင်း (၇၈၀)

ကျောက်မဟာ ပြည်ထောင်၏အရေးနိမ့်မှု

ဟွာဂျီယူက သူမ၏နေရာကို ပြန်သွားပြီးနောက် ရီဖူရှင်ကို ဂုဏ်ယူသော ဟန်ပင်ဖြင့် လှမ်း၍​ပြုံးပြသည်။ ရီဖူရှင်းကလည်း ပြုံးလျက် ပြောသည်… “ကောင်းတယ်…”

ဟွာဂျီယူက ကျေနပ် နှစ်သိမ့်သွားဟန်ဖြင့် သူမ၏နေရာတွင် ထိုင်ကာ ဘာမှမဖြစ်ခဲ့သလို တိုက်ပွဲကို ကြည့်သည်။

ထိုအခိုက်တွင် အားလုံးက ထင်မှတ် ထားသလိုပင် မြေရိုင်းပြည်နယ်မှ နောက်တစ်ယောက် ထွက်လာသည်။ သူကား ယူချင်းမဟုတ်ဘဲ ယိရှောင်ရှီ ဖြစ်နေသည်။

မြေရိုင်းပြည်နယ်မှ တပည့်များကား ကျောက်မဟာ ပြည်ထောင်မှ တပည့်များကို ရင်ဆိုင်ရာတွင် ယူချင်းအား မလိုအပ်ဟု တွေးထင် နေကြသည်များလား။

ကျောက်မဟာ ပြည်ထောင်မှ မတိုက်ခိုက်ရသေးဘဲ နောက်ဆုံး ကျန်ရစ်သော တစ်ယောက်ကား ထိတ်လန့်သွားသည်။ အကယ်၍​ သူက တိုက်ခိုက်ရပါက မြေရိုင်းပြည်နယ်ထံ၌ အရှက်တကွဲ ရှုံးနိမ့်ရမည်မှာ သေချာသလောက် ရှိနေသည်။

ဖက်တီးက မျက်မှောင်ကြုတ် လိုက်ကာ ပြိုင်ဘက်အား မချိုမချဉ် ကြည့်သည်။ သူက ခေါင်းမော့ ရင်ကော့ကာ ပြောသည်… “ငါက မင်းကို အခွင့်အရေးပေးမယ် … မင်းက ငြင်းပယ်ရင် ငါက နောက်တစ်ယောက်ကို သွားပြီး စိန်ခေါ်မယ်…”

“…” လူအများအပြား၏ အကြည့်များက အေးခဲသွားကြသည်။ ဖက်တီးက ကျောက်မဟာ ပြည်ထောင်၏ တပည့်များအား စော်ကားနေသည်။

“ဒီခွေးကောင်…” ကျောက်မဟာ ပြည်ထောင်မှ လူများက ဒေါသတကြီးဖြင့် ယိရှောင်ရှီကို ကြည့်ကြသည်။

သည်မတိုင်မီက မြေရိုင်းပြည်နယ်ကို အနိုင်ကျင့်ရန် ကြိုးစားသည်မှာ ကျောက်မဟာ ပြည်ထောင် ဖြစ်သည်။ သို့သော် အခြေအနေကား မြန်ဆန်စွာ ပြောင်းလဲခဲ့သည်။ ယခု ယိရှောင်ရှီက ထူးမခြားနားဟန်ဖြင့် အထင်သေး အမြင်သေး ပြောနေခြင်းမှာ သူ့အား အလွန် ရိုက်နှက်ချင်စရာ ကောင်းလွန်းပေ၏။ အကယ်၍ ကျောက်မဟာ ပြည်ထောင်ကသာ ငြင်းပယ်ပါက သူတို့က တိုက်ပွဲရှုံးသည်ထက် အဆများစွာ အရှက်ရရပေမည်။

ကျောက်မဟာ ပြည်ထောင်ဘက်တွင် ကျောက်ချိန်ကား နောက်ဆုံး ကျန်ရစ်သူဖြစ်သည်။ သူက ယိရှောင်ရှီကို ဒေါသတကြီး ကြည့်ကာ ရှေ့ကို တက်လာသည်။ ကျောက်မဟာ ပြည်ထောင်၏ လက်ကျန် လေးယောက်တွင် သူကား အားအနည်းဆုံး ဖြစ်သည်။ ကျောက်ယိုက ဖီးနစ်ကို စိန်ခေါ်စဉ်က သူတို့အားလုံးက ယုံကြည်ချက် မြင့်မားခဲ့သော်လည်း ယခု ကျောက်ချိန်၏ ယုံကြည်ချက်ကား သုညတွင်သာ ရှိသည်။ သို့သော်လည်း သူက စိန်ခေါ်မှုကို လက်မခံရဲ ရလောက်အောင် စိတ်မပျော့ပေ။

“စပါ…” ကျောက်ချိန်က အေးစက်စွာ ပြောသည်။

ဖက်တီးက ခေါင်းမော့ကာ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုကို မြင်ကြရသည်။ အင်ပါယာ နွယ်ပင်များက သူ၏ကိုယ်မှ ထွက်ပေါ် လာကြသည်တွင် ကျောက်ချိန်ကလည်း သူ၏ ဖီးနစ်ဝိညာဉ်ကို ထုတ်လိုက်သည်။ နွယ်ပင်များ သူ့အနီးကို ရောက်လာသောအခါ သူက နွယ်ပင်များအား မီးဖြင့် လောင်ကျွမ်းစေသည်။ သို့သော်လည်း နွယ်ပင်များက ရွှေရောင် မီးတောက်များ ရစ်ပတ်ရက်ဖြင့်ပင် ရှေ့ကို ဆက်တိုးဝင် လာကြသည်။

ဘုန်း.. ပိုမိုပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုနှင့်အတူ ကျောက်ချိန်၏ ဖီးနစ်က မီးဟုန်းဟုန်း ထတောက်သည်။ သည်တွင် မူလက လောင်ကျွမ်း နိုင်စွမ်းမဲ့သော နွယ်ပင်များက သူ့အနီးကို ရောက်သောအခါ ပြာမှုန့်များအဖြစ် ပြောင်းလဲ သွားကြရသည်။ သို့သော် တစ်ချိန်တည်းမှာပင် အားလုံးက ဧရာမရွှေရောင်များ လင်းလက်လာသော နောက်ထပ် ထောင့်စွန်း တစ်နေရာကို ကြည့်ကြသည်။

“ကြီးစမ်း.. ကြီးစမ်း.. ကြီးစမ်း…” ဖက်တီးက သူ၏ရှေ့မှ ဧရာမခန္ဓာကြီးကို ကြည့်ကာ အော်ဟစ်သည်။

“အဲဒါ… လာပြန်ပြီ…” အားလုံး၏ မျက်လုံးများက ရွှေရောင် ရှေးနတ်ဘုရားကြီး ဧရာမ ကြီးမားလာသည်ကို မြင်ကြရကာ ဆွံ့အရသည်။ ပေတစ်ရာခန့် မြင့်မားကာ ကြီးမားသော ရှေးနတ်ဘုရားက ကျောက်ချန်ရှေ့တွင် ရပ်နေသည်တွင် အဆုံးအစမဲ့သော အလင်းများက ကြီးမားသော ဖိအားများကို ဖြစ်စေသည်။ ရှေးဟောင်း နတ်ဘုရားက သူ၏ဧရာမ ခြေထောက်ကြီးကို မကာ ကျောက်ချိန်အား နင်းခြေရန် ကြိုးစားသည်။

လေပြင်းများ တိုက်ခတ် မြည်ဟည်းလာကာ ရွှေရောင် မီးတောက်များက နေရာတိုင်းတွင် ရှိ၏။ ဖီးနစ်ပုံရိပ်ကလည်း အတောင်ပံများကို ဖြန့်ကာ လျှပ်စီးတန်းအလား နောက်ကို ဆုတ်သည်။

ဘုန်း … ရှေးဟောင်း နတ်ဘုရားက ဆောင့်နင်းသည်တွင် စင်ကြီးက တုန်ခါသွားသည်။ သို့သော် ရွှေရောင် အလင်းတန်းက လက်မတင်လေး လွတ်မြောက် သွားကာ အားလုံးက သက်မချလိုက် ကြသည်။ ကျောက်ချိန်က အလင်းတန်းအလား မြန်ဆန်စွာ ရွေ့လျားနေသည်။

ထိုအခိုက်တွင် ဧရာမလက်ကြီးကလည်း ဆန့်တန်းကာ ကျောက်ချိန်ကို သွားရောက် ဆုပ်ကိုင်သည်။ သို့သော် ကျောက်ချိန်ကား အလွန်မြန်ကာ ဖမ်းဆုပ်ရန် ခက်ခဲလွန်း ပေသည်။ သို့သော် မရေမတွက်နိုင်သော နွယ်ပင်များက လက်ဝါးမှ ထွက်ပေါ်လာပြီး သူ၏ပြေးလမ်းများအား ပိတ်ဆို့သည်။

ကျောက်ချိန်၏ မျက်လုံးများက အလွန်အမင်း ထက်ရှသွားသည်။ သူကား ရွှေရောင် မီးတောက်များ လွှမ်းခြုံထားကာ ဖီးနစ်ငှက်အလား ထောင့်တစ်ခုသို့ ပြန်ဆန်စွာ ပျံသန်းသွားသည်။ သို့သော်လည်း နွယ်ပင်များကား အကန့်အသတ်မဲ့ကာ သူ့အား ရစ်ပတ်ရန် ကြိုးစားကြသည်။

ယိရှောင်ရှီက သူ၏ အားအကောင်းဆုံး ဖြစ်သော ကြီးထွားခြင်း လောကဓာတ်ကို ထုတ်လွှတ်နေခြင်း ဖြစ်ကြောင်း သိကြသည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်က နွယ်ပင်ကြီးအဖြစ် ပြောင်းလဲသွားကာ တိုက်ပွဲကွင်း တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ နေရာတိုင်းတွင် နွယ်ပင်ရှိသည်။ တစ်နေရာတွင်ကား မီးလျှံများ တဟုန်းဟုန်း ထတောက်နေပြီး ကျောက်ချိန်က ထိုနေရာတွင် ရှိနေသည်ကို အားလုံးက သိနားလည် ကြသည်။

ဘုန်း.. ရှေးနတ်ဘုရား၏ လက်ကြီးက အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက်သွားကာ လက်အသစ်တစ်ခု ထပ်မံ၍ ကြီးထွား လာပြန်သည်။ အလွန် လင်းလက်သော မီးလျှံများနှင့်အတူ ကျောက်ချိန်၏ ခန္ဓာကိုယ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လက်ပေါက်ကွဲထွက်သွားရာ နေရာမှ ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ကျောက်ချိန်၏ မျက်နှာက လွန်စွာ အရုပ်ဆိုးနေသည်။ သူ့တွင် နောက်ဆုတ်စရာ လမ်းမရှိသည်ကို သိသည်။

လက်ဝါးနှင့် ရွှေရောင်ဖီးနစ်တို့ ရင်ဆိုင်မိသည်တွင် ဧရာမလက်ဝါးကြီက အက်ကွဲသွားပြီး လျှပ်စီးအလင်းက ကွယ်ပျောက် သွားသည်။ ဧရာမ လက်ဝါးကြီးက အားကောင်းသော အလင်းတစ်ခုအဖြစ် ကွဲထွက်သွားကာ လုံးဝ ပြယ်လွင့် သွားတော့သည်။ ကျောက်ချိန်၏ ခန္ဓာကိုယ်ကား အလွန် အခြေအနေ ဆိုးနေသည်။ ဖီးနစ်ပုံရိပ်က အရောင် ဖျော့တော့နေပြီး သူ၏ တစ်ကိုယ်လုံးကလည်း အစိတ်အပိုင်းများ ကြေပျက် သွားတော့မည်ကဲ့သို့ ခံစားနေရသည်။

“ကျောက်ချိန် ရှုံးသွားပြီ…” လူအများအပြားက သက်ပြင်း ရှိုက်လိုက်ကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ သို့သော်လည်း ကျောက်ချိန်ထံမှ ကိုယ်ရောင် ကိုယ်ဝါက တစ်ဖန် အားကောင်းလာကာ နောက်ဆုတ်ရန် စိတ်ကူးရှိဟန် မရပေ။

“မင်းက ထပ်တိုက်ချင် သေးတာလား…” ယိရှောင်ရှီ၏ အသံကို ကြားကာ ရွှေရောင် အလင်းများက ထပ်မံ၍​ တောက်ပလာသည်။ ရှေးဟောင်း နတ်ဘုရားကြီးက တစ်ဖန်နွယ်ပင်များ ပြန်လည် ကြီးထွား ရှင်သန်လာကာ ကောင်းကင် တစ်ခွင်ကို ဖုံးအုပ်သွားသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ကျောက်ချိန်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူကား ယိရှောင်ရှီ၏ စွမ်းအားကို မည်သို့မှ မယှဉ်သာပေ။

ကျောက်ချိန်၏ မျက်နှာကတွင် ထိတ်လန့်မှုများကို မြင်ကြရသည်။

ကျောက်ချိန်၏ခန္ဓာကိုယ်မှ အလင်းများ ပျောက်ကွယ် သွားသည်။ ထို့နောက် သူကလည်း နောက်လှည့်ကာ ကွင်းထဲမှ ထွက်သွားသည်။ သူက တိုက်ပွဲအား လက်လျှော့ သွားသည်မှာ သေချာသည်။ ယိရှောင်ရှီကလည်း သူ၏နဖူးကို ပွတ်ကာ သူ၏ စိတ်စွမ်းအားများ အလွန် အားနည်းနေသည်ဟု ခံစားရ၏။

သို့သော်လည်း ယခု တခြား ပြည်နယ်မှ တော်ဝင်မြေများကား ယခု မြေရိုင်း ပြည်နယ်ကို ထပ်မံ၍ အထင်သေးစရာ အကြောင်း မရှိတော့ပေ။

တိုက်ပွဲလေးခုတွင် ကျောက်မဟာ ပြည်ထောင်က တစ်ပွဲတည်းနိုင်ကာ မြေရိုင်းပြည်နယ်က သုံးပွဲအနိုင်ရပေသည်။ အနိုင်ရသူကား ကျောက်မဟာ ပြည်ထောင်၏ အတော်ဆုံးပြိုင်ပွဲဝင် ကျောက်ယိုဖြစ်၏။ တော်ဝင်မြေနှစ်ခု၏ တိုက်ပွဲတွင် ကျောက်မဟာ ပြည်ထောင်ကား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

ကျိရှမ်းကမ်းပါးနှင့် တိုက်ပွဲများတွင်လည်း မြေရိုင်းပြည်နယ်က သူတို့၏ အရည်အချင်းများအား သက်သေပြပြီး ဖြစ်ကာ ယခုလည်း ထပ်မံ၍ သူတို့၏ အရည်အသွေးများအား မှတ်ကျောက်တင် ခံခဲ့ကြပြန်၏။

ယူချင်း၏ စွမ်းရည်ကား သေချာပေါက် နောက်တစ်ဆင့်ကို တက်ပေသည်။ ထို့ကြောင့် လာမည့် ထိပ်သီး အယောက် ငါးဆယ်စာရင်းတွင် မြေရိုင်းပြည်နယ်မှ အနည်းဆုံး လေးယောက် ပါဝင်မည်ဟု ဆိုလိုကာ သူတို့ကား တော်ဝင်မြေများထဲ၌​ လူအများဆုံး လက်ကျန် ပိုင်ဆိုင်သူလည်း ဖြစ်သည်။

သူတို့၏ အကန့်အသတ်က မည်သည့်နေရာတွင် ရှိသနည်း။ လူအများအပြားက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ သူ ဘာတွေးနေသည်ကို ခန့်မှန်းကြသည်။ သို့သော်လည်း သူကား တည်ငြိမ်နေကာ ဘာမှ မပြောပေ။ သူ့ဘေးတွင် ထိုင်နေသော ကောင်းကင်ရှန့်ထိုက ပြုံးလျက်ပြောသည်… “အတိတ်က ပြည်နယ်ကိုးခု ညီလာခံမှာ  ဒီလိုပဲ မထင်မှတ်တဲ့ ရလဒ်တွေကို မြင်ခဲ့ကြရတယ် … ဒါပေမဲ့ တော်ဝင်ကျဲ နန်းတော်က ပြိုင်ပွဲမဝင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ … အခု သူတို့က ထိပ်သီး အယောက်တစ်ရာ စာရင်းမှာ လူအများဆုံး ဖြစ်ပြီးတော့ ထိပ်သီး ငါးဆယ် စာရင်းကိုလည်း ဆက်ပြီး တက်ရောက် နိုင်ကြတယ်… ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး… ”

“ဒါက တကယ်ပဲ​ အံ့အားသင့်ရတယ်…” ရှားကလန်မှ ခေါင်းဆောင် လာသူကလည်း ဝင်ပြောသည်။ မည်သို့ဆိုစေ တော်ဝင်ကျဲနန်းတော်ကား မူလကတည်းက ရှန့်ထိုရှိသည် မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset