အပိုင်း(၇၇၇)

ကျောက်မဟာ ပြည်ထောင်၏ပြစ်မှတ်

ထိုစဉ်မှာပင် ဖီးနစ်ဝတ်စုံကို လှပတင့်တယ်စွာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရောက်လာသည်။ သူက ရီဖူရှင်းဘေးကို လျှောက်လာကာ ပြောသည်… “ကျောက်မဟာ ပြည်ထောင်က ကျောက်ရာပါ… နန်းတော်သခင်ရီဆီမှာ လမ်းညွှန်ပြသမှု ခံရဖို့ အခွင့်အလမ်း ရှိကောင်း ရှိနိုင်ပါတယ်… ”

လူအများအပြားက ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ လျူကျောင်းနှင့် ကျောက်ရာတို့ နှစ်ယောက်လုံးကား ရှီအဆင့်ကို တက်လှမ်းပြီးဖြစ်သလို တစ်ယောက်ကား ရှီဟွာတောင် ရှန့်ထိုသုံးပါး၏ တန်ဖိုးထားခြင်းကို ခံရကာ နောက်တစ်ယောက်ကား ကျောက်မဟာပြည်ထောင် ဘုရင်မင်းမြတ်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခြင်း ခံထားရကြောင်း သတင်းများ ထွက်နေသူဖြစ်သည်။

နှစ်ယောက်လုံးက ရီဖူရှင်းအနီးကို ကပ်ကာ လေးနက်စွာ ပြောဆိုကြရာ သူတို့က ရီဖူရှင်းနှင့်ပတ်သက်၍​ အလွန် စိတ်ဝင်စားကြကောင်း သိသာပေသည်။ သူတို့သာမဟုတ် ပြည်နယ်ကိုးခုညီလာခံမှ လူတိုင်းက မြေရိုင်းပြည်နယ်၏ လူငယ်ခေါင်းဆောင်အား စိတ်ဝင်စား ကြပေသည်။

ညစာစားပွဲ ပြီးဆုံးသည်တွင် ပြည်နယ်ကိုးခုမှ လူများအားလုံး အသီးသီး မိမိတို့ တည်းခိုရာသို့ ပြန်ကြသည်။ ရီဖူရှင်းနှင့် တခြားလူများလည်း ဟွာထျန်းမြို့ကို ပြန်ကြ၏။

ဟွာထျန်းမြို့ကား ယခု အုန်းအုန်းကျွက်ကျွက် ဖြစ်နေကာ လူတိုင်းက ပြည်နယ်ကိုးခု၏ အတော်ဆုံးလူတစ်ရာ အကြောင်းကို ပြောနေကြသည်။ အချို့က မည်သူတို့ ထိပ်သီးဆယ်နေရာသို့ ဝင်မည်ကိုပင် အလောင်းအစား လုပ်နေကြ၏။ စိတ်ဝင်စားဖွယ် အကောင်းဆုံးကား မည်သူက ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုကို ရယူနိုင်မည်နည်း။

ရှီဟွာတောင်က ဟွာယွန်ရှုလား….။

ကျောက်မဟာ ပြည်ထောင်၏ပါရမီရှင် ကျောက်ယိုလား….။

ရှားကလန်မှ ပြိုင်ဘက်ကင်း ပါရမီရှင်လား။

မှန်သည်… ချီကလန်၊ ဗာဂျရာဒေသ၊ တော်ဝင် အလင်းနန်းတော်၊​ ယွီကလန်နှင့် တခြား တော်ဝင်မြေတို့ကိုလည်း လျှော့တွက်၍​မရပေ။ သူတို့ကလည်း ထိပ်သီး ဆယ်ယောက်စာရင်းကို ဝင်နိုင်သော အရည်အချင်းများ ရှိကြပေသည်။ နောက်ဆုံး တိုက်ပွဲကိုမူကား လူအများက ခန့်မှန်းရုံကလွဲ၍ အတိအကျ ခန့်မှန်းနိုင်စွမ်း မရှိကြပေ။

ထိုလူများအပြင် နောက်ထပ် လူအများက ရံဖန်ရံဖန် ထည့်ပြောရသူ တစ်ယောက်လည်း ရှိပေသည်။ သူကား တော်ဝင်ကျဲနန်းတော်မှ ယူချင်းဖြစ်သည်။ သူက တိုက်ပွဲတိုင်းကို အရှိန်အဝါကြီးစွာဖြင့် အနိုင်ယူထားရာ သူ၏အစစ်အမှန် စွမ်းရည်ကို မည်သူမှ​ မခန့်မှန်းနိုင်ကြပေ။

ရီဖူရှင်း မှန်းထားသလို သူက ထိပ်သီးဆယ်ယောက် စာရင်းသို့ အမှန်ပင် ရောက်ရှိနိုင်မည်လား။

ပြည်နယ်ကိုးခုလုံးတွင် ထိပ်သီးဆယ်နေရာကို ယှဉ်ပြိုင်ရန် တကယ့်စွမ်းရည်မြင့် ပါရမီရှင် သုံးဆယ်ခန့် ရှိပေသည်။ ယူချင်း၏စွမ်းရည်က အလွန်အမင်း ကောင်းနေသည့်တိုင် သူ့အပေါ်​မည်သူမှ လုံးဝဥဿုံ ယုံကြည်နိုင်ခြင်း မရှိကြပေ။ သူတို့က ဖြစ်နိုင်ဖွယ် ရှိသည်ဟုသာ ပြောနိုင်ပေသည်။

စောင့်မျှော်နေသူများ အတွက် သုံးရက်ဟူသော အချိန်ကား ကြာမြင့်လွန်း လှပေသည်။

ရီဖူရှင်းတို့ တည်းခိုရာ အဆောင်ထဲတွင် မြေရိုင်းပြည်နယ်မှ လူများအားလုံး စုစည်းနေကြကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြ၏။ ကောင်းကင်ကို မော့ကြည့်ကာ ရီဖူရှင်းက သူ့ရှေ့မှ လူများကို ကြည့်လျက်မေးသည်… “မင်းတို့ ယုံကြည်ချက် ရှိလား…”

အကောင်းဆုံး တစ်ရာတို့၏ တိုက်ပွဲကား အလွန်အမင်း ပြင်းထန်မည်မှာ သေချာ၏။ ခုနစ်ယောက်ထဲတွင် ဘယ်နှယောက် ကျန်မည်နည်း။

ရီဖူရှင်း ကိုယ်တိုင်က မသေချာပေ။ သို့သော်လည်း ရှီနန်းတော်ထဲမှ ထွက်လာသူများ အားလုံးက အားနည်းခြင်း မရှိသည်ကို သူသိသည်။ အနည်းဆုံး သူတို့က ပြည်နယ်ကိုးခုမှ ပါရမီရှင်များဖြင့် သူတင်ကိုယ်တင် ယှဉ်နိုင်ပေသည်။

အရေးကြီးသည်က ဘယ်သူက အတော်ဆုံးဟူသော မေးခွန်းပင်။

“စောင်ကြည့်နေစမ်းပါ…” စုချွဲက အေးအေးလူလူ ပြောသည်။ သူကိုယ်တိုင်က ယုံကြည်ချက်အချို့ ရှိပေသည်။ သို့သော်လည်း သူတို့ကိုယ်တိုင်က ယုံကြည်ချက် ရှိသည့်တိုင် တခြားလူများက အားနည်းသည်လည်း မဟုတ်ပေ။

ရီဖူရှင်းက သူ့အား ကြည့်ကာ ဆွံ့အရသည်။

“အစ်ကို၇… ကော့တေးနာမည်ကို မဖျက်ပါနဲ့…” ရီဖူရှင်းက ယိရှောင်ရှီကို ပြုံးလျက်ပြောသည်။ ဖက်တီးက လက်ကာပြကာ ပြောသည်… “ယူချင်းက ကော့တေးရဲ့ တပည့်တစ်ဝက်ပဲ… ယူချင်း ရှေ့က ရှိနေသရွေ့ ငါက ဖိအားရှိမှာ မဟုတ်ဘူး…”

“ယူချင်း…” ရီဖူရှင်းက သူ့ရှေ့မှ ယူချင်းအား ကြည့်ကာ ရယ်မော၍​ ပြောသည်… “ပြည်နယ်ကိုးခုက လူတွေက မြေရိုင်းပြည်နယ်ကို အထင်သေးကြတယ်… သူတို့ကို အံ့အားသင့်စရာ လေးတွေ ပေးလိုက်ကြရအောင်…”

ပုံမှန်အားဖြင့် ယူချင်းက စိတ်ပူပန်ခြင်း စိုးရိမ်ခြင်း အလျှင်းမရှိပေ။ သို့သော်လည်း သူက တခြားလူများကိုလည်း နောက်တစ်ဆင့်သို့ တက်စေလိုပေသည်။

“ဒီတစ်ခေါက် ညီလာခံမှာ ဘယ်လို စွမ်းဆောင်ရည်မျိုး ရလာပါစေ… ငါတို့ ပြည်နယ်က တခြားပြည်နယ်ထက် အားမနည်းဘူး ဆိုတာကို သက်သေပြထားပြီးပြီ ဖြစ်လို့ ဒီတစ်ဆင့်မှာ ဘယ်လို ရလဒ်တွေ ဖြစ်လာပါစေ ဖိအားမဝင်စေနဲ့…” ဝမ်ရှင်းက ပြောသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ပြောသည်… “အချိန်ကျပြီ… သွားရအောင်…”

အားလုံးက ခေါင်းညိတ်ကာ သူတို့တစ်ဖွဲ့လုံး ရှီဟွာတောင်ဘက်သို့ ဦးတည် လိုက်ကြတော့သည်။

တောင်ခြေတွင် မရေမတွက်နိုင်သော လူများကို တွေ့ကြရပြီး လူများက တောင်ပေါ်ကို တက်နေကြသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ နောက်ဆုံးအဆင့် တိုက်ပွဲများကား မကြာမီ စတင်တော့မည် ဖြစ်သည်။

ရီဖူရှင်းတို့က ညီလာခံသို့ ရောက်သွားသောအခါ များစွာသော လူများက ရောက်ရှိနေကြပြီး ဖြစ်သည်။ ယခင်နေ့များကလိုပင် သည်နေ့တွင်လည်း လူများက ယမန်နေ့ တိုက်ပွဲများ အကြောင်း၊ လာမည့်တိုက်ပွဲများ အကြောင်းတို့ကို ပြောဆို ဆွေးနွေးနေကြသည်။

“မြေရိုင်းပြည်နယ်က လူတွေ ရောက်လာကြပြီ… ပြီးခဲ့တဲ့ သုံးရက်က ပြည်နယ်ကိုးခုက ဧည့်သည်တွေကို ရှီဟွာတောင်က ညစာတည်ခင်း ဧည့်ခံတာမှာ ရီဖူရှင်းက တော်ဝင်ဂီတကို တီးခတ်ခဲ့ပြီး နန်းတော်တပည့် ဟောင်ကျူဂီက ကျိရှမ်းကမ်းပါးက ချင်ကျောင်းကို စိန်ခေါ် အနိုင်ယူခဲ့တယ်လို့ ကြားတယ်…”

“ငါလည်း ကြားတယ်… ဒီတစ်ခါ ကျိရှမ်းကမ်းပါးကတော့ တကယ် အရှက်ကွဲတာပဲ… မြေရိုင်းပြည်နယ်က လူငယ်မျိုးဆက်က တကယ်ပဲ ထူးချွန်ကြတယ်… တကယ်လို့ ယူချင်းက ထိပ်သီး ဆယ်နေရာထဲက တစ်နေရာကို ရမယ်ဆိုရင် ဒါက သိပ်မထူးဆန်းတဲ့ကိစ္စပဲ…”

“အတိအကျပဲ… သူက ထိပ်သီး ဆယ်နေရာကို ဝင်ခဲ့မယ်ဆိုရင် ရှီဟွာတောင် ရှန့်ထိုကိုယ်တိုင်က တောင်းပန်မယ်လို့ ပြောထားတယ်… ယူချင်းက ထက်မြက်တယ် ဆိုပေမဲ့ ထိပ်သီး ဆယ်နေရာကတော့ တကယ်ပဲ ခက်မဲ့ပုံပဲ… ဒါပေမဲ့ သူက စွမ်းရည် အပြည့်အဝ ထုတ်မပြသေးတော့ ပြောရခက်တယ်…”

လူအများအပြားက အခြေအနေကို လေ့လာသုံးသပ်နေကြကာ ရီဖူရှင်းက ထိုအသံများကို ပြုံးလျက် နားထောင်နေသည်။

ယူချင်း… ထိပ်သီး ဆယ်နေရာလား….။ ပြည်နယ်ကိုးခုမှ လူတိုင်းက ယူချင်း၏နာမည်ကို မကြာခင် မှတ်မိကြရပေတော့မည်။

ဆန့်ကျင်ဘက် အရပ်တွင် ရှီဟွာတောင်မှ တန်ခိုးရှင်များနှင့် ရှားကလန်တို့ကလည်း ရောက်လာကြသည်။ ကျောက်မဟာပြည်ထောင်၊ မှန်နန်းတော်၊ ကောင်းကင်ရှန့်ထိုတို့ကလည်း ကောင်းကင်ထက်မှ ဆင်းသက်လာကြကာ သူတို့အတွက် ပြင်ဆင်ထားသော နေရာများတွင် ထိုင်ကြသည်။

ပြည်နယ်ကိုးခု ညီလာခံ၏ နောက်ဆုံးအဆင့် တိုက်ပွဲများကား မကြာခင် စတင်တော့မည် ဖြစ်သည်။

အတန်ကြာ စောင့်ပြီးနောက်ပိုင်း အရှေ့ဘက်ကနေသည် ကောင်းကင်ထက်ကို တဖြည်းဖြည်း မြင့်တက်လာပြီး ရွှေဝါရောင် နေခြည်များက ရှီဟွာတောင်ကို ဖျန်းပက်လာတော့သည်။ ရှီဟွာတောင်ရှန့်ထို၊ ကျောက်မဟာ ပြည်ထောင်၊ ကောင်းကင်ရှန့်ထို၊ မှန်နန်းတော်သခင်မနှင့် တခြား ပုဂ္ဂိုလ်ကြီးတို့က စင်မြင့်ထက်တွင် နေရာယူထားရင်းက လူအုပ်ကို ကြည့်ကြသည်။ ထိုအခိုက်တွင် ပြိုင်ပွဲကြီးကြပ်သူ အကြီးအကဲက စင်မြင့်ထက်ကို တက်လာပြီး ကြေညာသည်… “ပြည်နယ်ကိုးခုက ပြိုင်ပွဲဝင်လက်ကျန် အယောက်တစ်ရာက စင်ထက်ကို တက်မယ်…” အကြီးအကဲက ကြေညာသည်တွင် ပြည်နယ်ကိုးခုမှ ပြိုင်ပွဲဝင်တစ်ရာတို့က စင်ထက်ကို တက်ရောက် လိုက်ကြသည်။ ရီဖူရှင်းဘေးမှ ဟွာဂျီယူကလည်း သူ့အား ကြည့်ကာ ထရပ်သည်။

“ဖိအားမဖြစ်စေနဲ့… အဆင့်က အရေးမကြီးဘူး…” ရီဖူရှင်းက ပြုံးလျက် သူမကို သတိပေးသည်။

“ကောင်းပြီ…” ဟွာဂျီယူက တီးတိုး ခေါင်းညိတ်ကာ စင်ထက်ကို တက်သည်။ အဆင့်က အရေးမကြီးဟု ရီဖူရှင်းက ပြောသော်လည်း အမှန်တကယ်အားဖြင့် အရေးပါသည်ကို သူမက နားလည်ထားပေသည်။ အကယ်၍ မြေရိုင်းပြည်နယ်မှ တပည့်များက ပြိုင်ပွဲတွင် ကောင်းမွန်သော ရလဒ်ကို မရခဲ့ပါက တခြားပြည်နယ်များက မြေရိုင်းပြည်နယ်ကို ဆက်လက်၍​အထင်သေး အမြင်သေး ဆက်ဆံကြပေမည်။

ရီဖူရှင်းက စင်ထက်မှ သူ့လူများကို ကြည့်ကာ သူတို့၏ စိတ်အား ထက်သန်မှုများကို ခံစားနေရသည်။ သူက ခေါင်းယမ်းကာ မသက်မသာ ပြုံးလိုက်၏။ ပြည်နယ်ကိုးခုမှ လူတစ်ရာက ဧရာမစင်ကြီးထက်တွင် ရပ်နေကြသည်။ ထိုအခိုက်တွင် တိုက်ပွဲစင်မြင့်ကြီးက အလွန်အမင်း ခမ်းနား ကြီးကျယ်ပေသည်။

ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အားလုံးက တိုက်ပွဲ စင်မြင့်ထက်ကို ကြည့်ကာ နောက်ဆုံးအဆင့် တိုက်ပွဲများအား မျှော်လင့်စောင့်စား နေကြသည်။

“ပြည်နယ်ကိုးခုညီလာခံရဲ့ နောက်ဆုံးအဆင့် တိုက်ပွဲတွေမှာ စည်းမျဉ်းက ရှင်းတယ်… ကြိုက်တဲ့လူကို စိန်ခေါ်လို့ရတယ်… အနိုင်ရတဲ့လူက နောက်တစ်ဆင့်တက်မယ်… ရှုံးတဲ့လူက ပြိုင်ပွဲက ထွက်ရမယ်… အစီအစဉ်ဆိုတာ မရှိဘူး… စိန်ခေါ်ချင်တဲ့လူက ရှေ့ကို တက်ပြီး စိန်ခေါ်ချင်တဲ့လူကို လက်ညှိုးထိုးပြရုံပဲ… တကယ်လို့ အနိုင်ရရင် နောက်ဆုံးလူ ငါးဆယ်စာရင်းထဲကို ဝင်မယ်…” အကြီးအကဲက စည်းမျဉ်းကို ကြေညာ၏။

“စမယ်…” အကြီးအကဲက ကြေညာသည်။ ဤတွင် တိုက်ပွဲစင်မြင့်ထက်ကို တိုက်ပွဲအငွေ့အသက်များ တစ်မုဟုတ်ချင်း လွှမ်းခြုံ ရစ်သိုင်းလာကာ လူတိုင်းက လေးနက်သော အမူအရာများဖြင့် ကြည့်ကြသည်။

မမြင်ရသော လေထုဖိအားတစ်ခုက စင်မြင့်ရောက်ရှိနေကာ အကြီးအကဲက စတင်ပြီးဟု ပြောသော်လည်း မည်သူကမှ ရှေ့ကို ထွက်လာခြင်း မရှိဘဲ တိတ်ဆိတ်နေသည်။ စည်းမျဉ်းအရ သည်အချိန်ကား အားအနည်းဆုံး လူများကို စိန်ခေါ်ကာ နောက်တစ်ဆင့် တက်ရန်ဖြစ်သည်။ သို့သော် နောက်ဆုံးကျန်သော လူတစ်ရာထဲတွင် အားနည်းသူမရှိပေ။ ထိပ်သီးပါရမီရှင်များမှ လွဲ၍​ ကျန်သော လူများအတွက် ပြိုင်ဘက်ကို ရွေးချယ်ရန် အလွန်ခက်ခဲပေသည်။

ထိုအခိုက်တွင် လူတစ်ယောက် ရှေ့ကို တက်လာသည်။

သူကား အရှေ့ဘက်ပြည်နယ်၊ ကျောက်မဟာ ပြည်ထောင်မှ တစ်ယောက်ဖြစ်ကာ သူ့မျက်လုံးထဲတွင် မောက်မာသော ဟန်ပင်အား မြင်ကြရ၏။ သူက ရွှေရောင်ဖီးနစ်ဝတ်စုံကို ဝတ်ထားကာ ကျောက်မဟာ ပြည်ထောင်၏ အမှတ်အသားက သူဝတ်စုံတွင် ဝင့်ထည်စွာ ရှိနေသည်။

ကျောက်ယို….။ မရေမတွက်နိုင်သော လူများက ပထမဆုံး ရှေ့ကို ထွက်လာသူအား ကြည့်ကာ အေးခဲသွားကြသည်။

ကျောက်ယိုကား ကျောက်မဟာ ပြည်ထောင်မှ ပြိုင်ပွဲဝင်သူများထဲတွင် အားအကောင်းဆုံး ဖြစ်သည်။ သူက လူငယ်မျိုးဆက်၌​ အလွန်မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ကာ လူအများအပြားက သူ့အား ထိပ်သီးဆယ်နေရာသို့ ဝင်မည်ဟု ခန့်မှန်းထားကြသည်။ ကျောက်ယိုက ပြိုင်ပွဲ ပထမရမည်ဟုပင် အချို့က အခိုင်အမာ ဆိုကြ၏။

ကျောက်ယိုက မည်မျှ အားကောင်းသည်ကို ခန့်မှန်းနိုင်သည်။ အရှေ့ဘက် ပြည်နယ်ကား သည်တစ်ကြိမ် ညီလာခံအတွက် အိမ်ရှင်ဖြစ်ကာ လူအများ၏ အာရုံကလည်း ရှီဟွာတောင်နှင့် ကျောက်ယိုတို့ထံတွင် ရှိနေပေသည်။ သို့တိုင်အောင် ကျောက်ယိုက လုံလောက်အောင် အားကောင်းခြင်း မရှိပါက ဤသို့သော ခန့်မှန်းမှုများ ရှိမည် မဟုတ်ပေ။

သူ၏ပြိုင်ဘက်ကား အမှန်ပင် ကံဆိုးသည်ဟု လူအများအပြားက တွေးမိကြသည်။ တိုက်ပွဲကွင်းထဲတွင်ပင် လူအများအပြားက စိုးရိမ်ပူပန် နေကြသည်။ ကျောက်ယိုနှင့် ရင်ဆိုင်ရာတွင် ယုံကြည်ချက် ရှိရန် မလွယ်ကူပေ။ အကယ်၍ သူတို့က စိန်ခေါ်ခြင်းခံခဲ့ရလျှင် ပြိုင်ပွဲမှ ထွက်ရရန် အလားအလာ များပေသည်။ ကျောက်ယိုက သူတို့အား စိန်မခေါ်ရန်ကိုသာ မျှော်လင့်နေကြသည်။

မှန်သည်… မိမိကိုယ်ကို ယုံကြည်မှု အလွန်မြင့်မားကာ စိုးရိမ်ပူပန်မှု မရှိသော လူအချို့လည်း ရှိကြပေသည်။ သူတို့အတွက်မူ သည်အဆင့်က ဘာမှ မပြောပလောက်စရာ ဖြစ်၏။

ကျောက်ယို၏အကြည့်က လူအုပ်ထဲ ဖြတ်သန်းသွားကာ နောက်ဆုံး တစ်နေရာ၌ ရပ်သွားသည်။ လူတိုင်းက ထိုနေရာကို လှမ်းကြည့် လိုက်သည်တွင် ခုနစ်ယောက် အဖွဲ့အား မြင်ကြရ၏။ သူတို့ကား မြေရိုင်းပြည်နယ်မှ လူများ ဖြစ်ကြသည်။

“မင်းရဲ့ သက်စောင့်ဝိညာဉ် ကလည်း ဖီးနစ်ဖြစ်နေတာ့ ကျုပ်က မင်းကို စိန်ခေါ်တယ်…” ကျောက်ယိုက ပြောသည်။ သူက ဖီးနစ်ကို ပြောသည်မှာ သေချာ၏။

ကျောက်ယို ပထမဆုံး စိန်ခေါ်သူက မိန်းကလေး တစ်ယောက်ဖြစ်ကာ သူမကလည်း မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှ တပည့်တစ်ယောက် ဖြစ်သည်ကို မည်သူကမှ မထင်မှတ်ထားပေ။ မြေရိုင်းပြည်နယ်မှ လူများအားလုံက ကျောက်ယိုကို ကြည့်ကြသည်။ မြေရိုင်းပြည်နယ်က အမြဲတမ်း တခြားပြည်နယ်များ၏ ပစ်မှတ်ထားခြင်းကို အဘယ်ကြောင့် ခံနေရသနည်း။

ရီဖူရှင်းကလည်း အံ့အားသင့်ရသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ့အား သဘောမကျသောကြောင့် ပေလော။ ပထမက ကျောက်စီရီ ဖြစ်သည်။ ယခု ကျောက်မဟာ ပြည်ထောင်၏အတော်ဆုံး ပြိုင်ပွဲဝင်က မြေရိုင်းပြည်နယ်ကို စိန်ခေါ်၏။

ဖီးနစ်ကား အခြေအနေ မဟန်ပေ။ သို့သော်လည်း သည်ပြိုင်ပွဲတွင် ဤသို့သော ကိစ္စက ရှောင်လွှဲ၍ မရပေ။

ဖီးနစ်မူကား တည်ငြိမ်နေသည်။ သူမက ရှေ့ကို တက်သွားကာ ကျောက်ယိုကို မျက်နှာချင်း ဆိုင်လိုက်၏။

“ကျောက်မဟာ ပြည်ထောင်က ကျောက်ယို…”

“တော်ဝင်ကျဲ နန်းတော်က ဖီးနစ်…”

သူတို့က အချင်းချင်း မိတ်ဆက်ပြီးသည်တွင် နှစ်ယောက်လုံးထံမှ မီးလျှံများ ထတောက်လာသည်။ ကျောက်ယို၏ ခန္ဓာကိုယ်မှ မီးလျှံများက ရွှေရောင်ဖြစ်ကာ အလွန်အမင်း ပြင်းထန်ဟန် ရသည်။ ဖီးနစ်၏ မီးလျှံများမူကား ပိုမို သိမ်မွေ့ဟန်ရကာ ကြောက်မက်ဖွယ် ကောင်းပြီး ငြှိမ်းသတ်နိုင်စွမ်းမဲ့သည်။ မီးလျှံများက လေထဲတွင် ရင်ဆိုင်မိသည်တွင် ဧရာမဖီးနစ်ငှက် ပုံရိပ်ကြီးနှစ်ခု ဖြစ်ပေါ်လာ၏။

ကျောက်ယို၏ ခန္ဓာကိုယ်မှ ရွှေရောင် မီးတောက်များကား အရာခပ်သိမ်းကို လောင်ကျွမ်းနိုင်စွမ်း ရှိဟန်ရကာ ဖီးနစ်၏မီးလျှံများအား သူ၏မီးလျှံများအဖြစ် စတင်ဝါးမျိုသည်။ ထိုအဖြစ်က ရွှေရောင်ဖီးနစ်အား ပိုမိုကြီးမားစေကာ ဖီးနစ်၏အား ကြီးစွာသော ဖိအားကို ဖြစ်စေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset