တစ်ချိန်တည်းမှာပင် ရန်ဟောင်ခန္ဓာကိုယ်က ဟောင်ကျူဂီနှင့် ပေါင်းစပ်သွားသည်။ သူက စစ်မှန်သော ရန်ဟောင်အလား ဖြစ်ပေါ်လာကာ ရန်ဟောင်ဓားအား ဖိနှိပ်ခြင်း လောကဓာတ်ဖြင့် ဝှေ့ယမ်းသည်။ တစ်ချိန်တည်းမှာပင် ချင်ကျောင်း၏ နောက်မှ နဂါးလင်းယုန် အတောင်ပံကလည်း အလွန် တောက်ပလာပြီး ဧရာမပြန့်ကား ကြီးထွားလာသည်။
ဟောင်ကျူဂီက လေထဲကို ဖြတ်သန်းကာ ရန်ဟောင်ပုံရိပ်က ဓားအား မိုးလျက် ချင်ကျောင်းထံကို ခုတ်ချသည်။ သို့သော်လည်း သူ့နောက်မှ ဧရာမ အတောင်ပံကြီးကလည်း အလွန်မာကျောသော တံတိုင်းများအလား ဓားချက်ကို ကာကွယ်သည်။
ဘုန်း… ဘုန်း … ဘုန်း…
တိုက်ခိုက်မှုများက အဆက်မပြတ် ဖြစ်ပေါ်လာကာ ကောင်းကင်၌ အားလှိုင်း အပိုင်းအစများ ကြောက်မက်ဖွယ် ကောင်းအောင် ပျံ့နှံ့သွားကြသည်။ ပုဂ္ဂိုလ်ကြီးများ ကလည်း အားလှိုင်းများ မရိုက်ခတ်စေရန် အရံအတားများ စီမံပေးကြရ၏။
ဘန်း…
အလွန် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာကာ ဖျက်ဆီးအားလှိုင်းက ကျန်နေရစ်သည်။ သို့သော် တိုက်ပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။
စွမ်းအင်များ ပျက်ပြယ် သွားချိန်တွင် ချင်ကျောင်းကား မြေပြင်၌ လဲလျောင်းနေသည်ကို အားလုံးက မြင်ကြရသည်။ သူ၏နဂါးလင်းယုန် အတောင်ပံမှာလည်း ပျောက်ကွယ်သွားကာ သားမွေးများက မြေပြင်၌ ပြန့်ကျဲနေကြသည်။ ဟောင်ကျူဂီမူကား လေထဲတွင် ရန်ဟောင်ဓားကို ကိုင်ကာ ထည်ဝါစွာ ရပ်နေဆဲဖြစ်သည်။ ရီဖူရှင်း၏ သံစဉ်ကလည်း အမြင့်ဆုံး အခိုက်အတန့်ကို ကျော်ဖြတ်သွားပြီး ဖြစ်ကာ သူက ကျင်လည်စွာဖြင့် အဆုံးသတ်ကို တီးခတ် ပြီးဆုံးစေ၏။
တိုက်ပွဲတွင်ကား ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းက ရှုံးနိမ့်ခဲ့သည်။
ချင်ကျောင်းက ဟောင်ကျူဂီကို ကြည့်သည်။ သူကား ကြီးမားသော ဖိနှိပ်အားဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတွင် မည်သည့် လှည့်ကွက်မှ မရှိခဲ့ပေ။ ဟောင်ကျူဂီ၏ တိုက်ခိုက်မှုများကား အလွန်ရုန့်ရင်း ကြမ်းတမ်းကား အားပြင်းသည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်သည်။ အတိတ်က သူကား မြေရိုင်းပြည်နယ် ပါရမီရှင်စင်မြင့်ကို တက်ကာ တော်ဝင်ကျဲ နန်းတော်မှ တပည့်များအား အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ရာ မြေရိုင်းပြည်နယ်၌ ပါရမီရှင်မရှိဟု သူထင်ခဲ့၏။ သို့သော် ရီဖူရှင်းအပြင် ယခု ဟောင်ကျူဂီကပါ သူ့အား အနိုင်ယူခဲ့သည်။ အကယ်၍ ယူချင်းကသာ တန်ခိုးအဆင့်တူဖြင့် သူနှင့် တိုက်ခိုက်ရပါကလည်း ရလဒ်ကို သူ မခန့်မှန်းတတ်ပေ။
ပြည်နယ်ကိုးခုတွင် တန်ခိုးရှင်များကား မရေမတွက်နိုင်အောင် ရှိကြပေသည်။ သို့သော် ချင်ကျောင်းကား မြေရိုင်းပြည်နယ် တစ်ခုတည်းမှ နှစ်ကြိမ်ဆက် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။ အတိတ်မှ သူ၏မာနများအား ပြန်တွေးမိသည်တွင် အလွန် ရူးမိုက်သည်ဟု စဉ်းစားမိသည်။ ယခုမှစ၍ သူကား မိမိကိုယ်ကို ပြန်သုံးသပ်ကာ ပိုမိုကြိုးစား လေ့ကျင့်မည်ဟု စိတ်ထဲ တွေးလိုက်သည်။
ထို့နောက် ရီဖူရှင်းက ထရပ်ကာ ရှီဟွာတောင် ရှန့်ထိုအား ဦးညွှတ်ပြီး ပြောသည်… “ကျွန်တော့်ရဲ့ မသိတတ်မှုအတွက် တောင်းပန်ပါတယ်…” ရီဖူရှင်းက နောက်လှည့်ပြီး သူ၏ ထိုင်ခုံနေရာသို့ ပြန်သွားသည်တွင် ဟောင်ကျူဂီကလည်း နောက်မှ လိုက်ပါသွားသည်။ သူက ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။
ခွန်ယိုက ညစာစားပွဲတွင် သူတို့အား ချောက်ချ လိုခဲ့သော်လည်း တိုက်ပွဲက လုံလောက်သော တုံ့ပြန်မှုကို ပေးလိုက်ပြီး ဖြစ်သည်။
ကျိရှမ်းကမ်းပါး ဘက်တွင် ခွန်ယို၏မျက်နှာကား ဒေါသကြောင့်လား… အရှက် ရသောကြောင့်လား မသိ… နီရဲနေ၏။ သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံတွင် ကျိရှမ်းကမ်းပါးကား ဦးဆုံး ထွက်ခဲ့ရသည်။ ယခု ချင်ကျောင်းက သူအထင်သေးသော ပြည်နယ်မှလူထံတွင် ရှုံးနိမ့်ခဲ့ပြန်၏။ ကျိရှမ်းကမ်းပါးမှ ပါရမီရှင်များ အားလုံးက မြေရိုင်းပြည်နယ်၏ နင်းခြေခြင်းကို ခံခဲ့ရကာ သည်အရာက သူ့အတွက် လွန်စွာ ဆိုးဝါးခံရခက်သော အရှက်ရမှုလည်း ဖြစ်သည်။
“အရမ်းကောင်းတယ်…” ရှီဟွာတောင် ရှန့်ထိုက ရုတ်တရက် ဆိုသည်။
“အမှန်ပဲ… အရမ်းကောင်းတယ်…” မှန်နန်းတော် သခင်မက ပြုံးလျက် ပြောသည်… “သိုင်းပညာရော.. ဂီတရောပဲ…”
အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ တိုက်ပွဲတွင် မြေရိုင်းပြည်နယ်မှ နောက်ထပ် ထူးခြား ထက်မြက်သော တန်ခိုးရှင် တစ်ယောက်အား သူတို့ မြင်တွေ့ခွင့်ရခဲ့ကြပြီး ဂီတကလည်း အလွန်အမင်း မြင့်မားသော အရည်အသွေးကို ပြသခဲ့သည်။
ရီဖူရှင်း သူ့နေရာတွင် ထိုင်ကာ ဟောင်ကျူဂီကလည်း ရီဖူရှင်းနောက်၌ ထိုင်လိုက်သည်အား အားလုံးက မြင်ကြကာ ထူးဆန်းသော အတွေးတစ်ခု အားလုံးတွင် ဖြစ်ပေါ်လာကြသည်။ ယူချင်း၊ စုချွဲနှင့် များစွာသော ပါရမီမြင့် လူငယ်များက မြေရိုင်း ပြည်နယ်တွင် ရှိသော်လည်း တကယ်တမ်း မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ကား လူငယ်တစ်ယောက်သာ ဖြစ်သော ရီဖူရှင်းဖြစ်သည်။ သို့သော် ထိုလူများအားလုံးက ရီဖူရှင်း၏အနီးတွင် စုစည်း ဖြစ်တည်နေကြသည်။
ဟောင်ကျူဂီအပေါ် လူအများအပြားက ချီးကျူး ပြောဆိုကြသည်။ သည်ကဲ့သို့သော ပါရမီရှင်ကား ပြည်နယ်ကိုးခု၌ပင် ရှားပါးပေသည်။ မည်သို့ဆိုစေ ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းကား နာမည်ကျော်ပါရမီရှင် တစ်ယောက် မဟုတ်ပါလား။ သို့သော် ဟောင်ကျူဂီကပင် ထိုမျှ အားကောင်းသည် ဆိုပါက ရီဖူရှင်း၏ပါရမီကရော မည်သို့ ရှိမည်နည်း။
“ကျုပ်က ဒီနန်းတော် သခင်လေးရီရဲ့ စွမ်းရည်ကို တော်တော် သိချင်နေပြီ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရယ်မောသည်။ သူတစ်ယောက်သာ ထိုသို့ သိလိုသည်လည်း ဟုတ်ဟန် မရပေ။
စစ်တုရင်တွင် သူက နတ်နဂါးကစားကွက်ကို ဖျက်နိုင်သည်။
ဂီတတွင် သူကား အူကိယိုသံစဉ်ကို တီးခတ်နိုင်၏။
သိုင်းပညာတွင် သူက ချင်ကျောင်းကို အနိုင်ယူကာ သူ၏မြေရိုင်ပြည်နယ်မှ အပေါင်းအဖော်များကို ဖြတ်ကျော်လျက် နန်းတော်သခင် အဖြစ် ရွေးချယ်ခံခဲ့ရသည်။
အထူးသဖြင့် ယူချင်း၊ ဟောင်ကျူဂီတို့ ကဲ့သို့သော သူများက သူတို့၏ စွမ်းရည်များကို ပြသထားချိန်တွင် ရီဖူရှင်း၏ စွမ်းရည်များအား အားလုံးက ပိုမို၍ စိတ်ဝင်စား လာကြပေသည်။
ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်သည်။ ရှန့်ထိုများထဲတွင် သူကား ချဉ်းကပ်ရပ် ဆက်ဆံရ အခက်ဆုံး ဖြစ်ဟန်ရသည်။ သူကား ကျောက်မဟာ ပြည်ထောင်၏ ဘုရင်မင်းမြတ်ဖြစ်ကာ ပြည်ထောင်တစ်ခုကို အုပ်ချုပ်သူဖြစ်သည်။ သူ၏စကားတစ်ခွန်းက အသက်ပေါင်း များစွာကို ဆုံးဖြတ်နိုင်စွမ်းလည်း ရှိ၏။
“ကျွန်တော်က ငယ်ရွယ်ပြီးတော့ တန်ခိုး အဆင့်ကလည်း နိမ့်ကျပါသေးတယ်… ကျွန်တော်က ရှီအဆင့်ကို တက်လှမ်းတာလည်း မကြာသေးပါဘူး… ဒါကြောင့် ဒီလို အဆင့်အတန်း မြင့်မားတဲ့လူတွေ ကြားထဲမှာ ကျွန်တော့်ရဲ့သေးငယ်တဲ့ အရည်အသွေးတွေကို မပြသရဲပါဘူး…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းအား ကြည့်သည်။ သည်ကောင်လေးကား နှိမ့်ချတတ်သည်ဟု ထင်မြင်ရသော်လည်း တကယ်တမ်းတွင် ဆန့်ကျင်ဘက် ဖြစ်သည်ကို သူထွင်းဖောက် သိမြင်နိုင်သည်။ ယူချင်းနှင့် တခြားလူများ၏ စွမ်းဆောင်ရည်များအရ ရီဖူရှင်းကား အလွန်အမင်း မာနကြီးမားသူ ဖြစ်သည်။
ယူချင်းက ထိပ်ဆုံး ဆယ်ယောက်ကို မဝင်ပါက သူက ရှီဟွာတောင်ကား တော်ဝင်ရတနာ တစ်ခုဖြစ် လက်ဆောင်ပေးမည်ဟု ဆိုခဲ့သည်။ ကျောက်မဟာ ပြည်ထောင်က ထိုကမ်းလှမ်းမှုကို နားမလည်ခဲ့သော်လည်း ယခုမှ ထိုအရာက ရီဖူရှင်း၏ အလွန်ပြင်းထန်သော မာနဖြစ်ကြောင်း ရိပ်မိခဲ့သည်။ နန်းတော်၏တပည့်ယူချင်းက ထိပ်သီး ဆယ်ယောက် စာရင်းသို့ သေချာပေါက် ဝင်မည်ဟု ရီဖူရှင်းက ယုံကြည် ထားသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကလည်း ငယ်ရွယ်စဉ်ကစ၍ ယုံကြည်ချက်မြင့်ကာ မာနကြီးမားသူ ဖြစ်သည်။
“ငါဆိုလိုတာက တန်ခိုးအဆင့်ပဲ မဟုတ်ဘူးဆိုတာ မင်းသိမှာပါ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရယ်မော၍ ပြောသည်… “အရမ်း နှိမ့်ချတတ်တာကလည်း ဟန်ဆောင်ခြင်း တစ်မျိုးပဲ…”
လူအများအပြားက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်သည်တွင် သူ့မျက်နှာပေါ်မှ ထူးမခြားနားသော အပြုံးအား မြင်ကြရသည်။ ရီဖူရှင်း၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ သူက ပြုံးလျက် ခေါင်းညိတ်သည်… “မှန်ပါတယ်.. ဘုရင်မင်းမြတ်…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ နောက်တွင် ကျောက်စီရီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက နှိမ့်ချကာ ယဉ်ကျေး ဟန်ဆောင်နေသည်ဟု သူမထင်သည်။ ယခု သူ့အား ထိုသို့ ပြောလိုက်ရာ သူကား ဆွံ့အသွားရဟန် ရသည်။
“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတဲ့အတွက် သူတို့က ပြည်နယ်ကိုးခုမှာ နောက်ဆုံး အဆင့်ဖြစ်နေတယ်… ဒါပေမဲ့ လက်ရှိ မြေရိုင်းပြည်နယ်က လူငယ်တွေရဲ့ အရည်အသွေးက တခြား ပြည်နယ်တွေထက် မနိမ့်ကျဘူးပဲ…” တန်ခိုးရှင်တစ်ယောက်က မြေရိုင်း ပြည်နယ်ဘက်ကို ကြည့်ကာ မှတ်ချက်ချသည်။
“အခု မြေရိုင်းပြည်နယ်မှာ ပြိုင်ပွဲဝင် ခုနစ်ယောက် ကျန်သေးတယ်… သူတို့ထဲက ဘယ်နှယောက်က ထိပ်သီး ဆယ်ယောက်ထဲကို ဝင်နိုင်မလဲ…” နောက်တစ်ယောက် ကလည်း ပြောသည်။
“တကယ်လို့ သူတို့က ထိပ်သီး ဆယ်ယောက် စာရင်းထဲကို ဝင်နိုင်ရင် ကျုပ်တို့ရှန့်ထိုက တကယ်ပဲ တော်ဝင်ရတနာတစ်ခု ပြင်ဆင် ထားရတော့မှာပဲ…” နောက်တစ်ယောက်က အရွှန်းဖောက်သည်။
ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ခေါင်းညိတ်သည်… “ကဲ.. အားလုံးပဲ လွတ်လွတ်လပ်လပ် သောက်စားကြပါ…”
ညစားစားပွဲက ဆက်သည်တွင် အားလုံးက ပျော်ရွှင်စွာ စားသောက်ကာ စကားစမြည် ပြောကြသည်။ သို့သော်လည်း ပြည်နယ်ကိုးခုလုံးက ကိုယ်စီအတွေးများ ရှိကြကာ ပြည်နယ်ကိုးခု ညီလာခံ၌ မျှော်မှန်းချက်များ ရှိကြသည်။ ရီဖူရှင်းနှင့် သူ့အဖွဲ့ကလည်း သူတို့အကြား အေးအေးဆေးဆေး စကားပြောဆို နေကြသည်။ သူတို့ကား တခြား ပြည်နယ်များနှင့် သိပ်အရောဝင်သည့်ပုံစံ မရှိရာ သည်ညစာစားပွဲက သူတို့နှင့် အမှန်တကယ် သက်ဆိုင်သည့်ပုံစံ ရှိဟန်မရပေ။ သို့သော်လည်း ရှန့်ထိုမရှိခြင်းက သူတို့အား မည်သူကမှ အရေးတယူ ဖက်လှဲတကင်း လုပ်မည် မဟုတ်သည်ကို ရီဖူရှင်းတို့ နားလည် သဘောပေါက်ကြကာ စိတ်ထဲ မထားကြပေ။
သို့သော်လည်း မြေရိုင်းပြည်နယ်မှ လာသောသူများ အားလုံးက မြေရိုင်းပြည်နယ်မှ ပါရမီရှင်များ၏ တောက်ပမှုများအား မြင်တွေ့နေကြသည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ မြေရိုင်း ပြည်နယ်ကား အချိန်အနည်းငယ်သာ လိုအပ်တော့သည်။
ပတ်ဝန်းကျင် အနေအထားက သာယာ ကောင်းမွန်နေကာ အားလုံးက သောက်စား ပျော်ပါးကြသည်။ ရီဖူရှင်းက သူ၏နေရာတွင်ပင် ထိုင်နေသော်လည်း လူတစ်စုက သူတို့ထံကို ဦးတည်လာကာ လျူကျောင်းက ခွက်ကို မြှောက်လျက် ပြောသည်… “နန်းတော်သခင်ရီ…”
ရီဖူရှင်းကလည်း ပြုံးလျက် ခွက်ကို မြှောက်လိုက်ပြီး အတူတူ သောက်လိုက်ကြသည်။ လျူကျောင်း၏နောက်မှ စစ်တုရင်ရှန့်ထို၏တပည့် ရန်ရှောင်က ပြုံးလျက် ပြောသည်… “နန်းတော်သခင်ရီ… မြေရိုင်းပြည်နယ်ရဲ့ တပည့်တွေက အရမ်းကို စွမ်းရည်မြင့်ကြတယ်… ဂုဏ်ပြုပါတယ်…”
“မြှောက်ပင့်လွန်းပါပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောကာ ကျင့်ကုန်းစီကို နှုတ်ဆက်သည်… “ကျင့်ကုန်းစီ … ငါတို့ ပြန်တွေ့ကြပြီ…”
ကျင့်ကုန်းစီက ပခုံးတွန့်သည်။ သူကား ရီဖူရှင်းကို သဘောကျသည်။ ရီဖူရှင်းကား ပေါင်းရသင်းရ လွယ်ကာ လွတ်လပ်သော စိတ်နေစိတ်ထား ရှိသည်။ ထို့အတူ သူ့တွင် တခြားလူများနှင့် မတူသော ဇွဲသတ္တိများ အားလည်း သူက လက်တွေ့ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
“နန်းတော်သခင်ရီ… ခင်ဗျားက ကျုပ်ပြောတာကို တကယ်ပဲ စဉ်းစားသင့်တယ်..” လျူကျောင်းက ပြုံးလျက် ပြောသည်။
“ကျုပ် စဉ်းစားပါ့မယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းတယ်…” လျူကျောင်းကလည်း ခွက်ကို မြှောက်ကာ အသိအမှတ်ပြုပြီး ထိုနေရာမှ ထွက်သွားသည်။
***