လူအများအပြားက ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောကြပေ။ ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကျွန်တော်က ပြည်နယ်ကိုးခုက စီနီယာတွေရှေ့မှာ ဟန်ရေး မပြရဲပါဘူး… ဒါပေမဲ့ အားလုံးက ဆန္ဒရှိနေမှတော့ ကျွန်တော်က သီချင်းတစ်ပုဒ် တီးပြပါ့မယ်… ဒါက သိုင်းပညာရှင် တစ်ယောက်က အဖော်လုပ်ပေးရင် ပိုကောင်းပါလိမ့်မယ်… စီနီယာခွန်က ကျုပ်တို့အတွက် ဆောင်ရွက် ပေးနိုင်ပါ့မလား…”
“မြေရိုင်းပြည်နယ်မှာ ပါရမီရှင်တွေ အများကြီး ရှိတာပဲ… ဒါကြောင့် ကျုပ်က ဝင်ပြီး အဖော်လုပ်ပေးဖို့ လိုမယ်မထင်ဘူး…” ခွန်ယိုက ထပ်ပြောသည်… “မင်းရဲ့ မလိုလားတဲ့ဟန်ကို ကြည့်ရရင် မင်း တီးခတ်တာကို ပြည်နယ်ကိုးခုကလူတွေ နားထောင်ဖို့ မထိုက်တန်ဘူးလို့များ မြင်နေတာလား…” ခွန်ယို၏စကားက ဓားသွားတမျှ ထက်ရှလွန်းသည်။
ရီဖူရှင်းက ခွန်ယိုကို ကြည့်သည်။ ထို့အတူ သူ့အား လူအများအပြားက ဝိုင်းကြည့် နေသည်ကိုလည်း သတိထားမိ၏။ သူက ပြုံးလျက်ပြောသည်.. “အားလုံးက ဒီလိုစဉ်းစားမှတော့ ကျုပ်ရဲ့ စွမ်းဆောင်ရည်က စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…”
သူက ထိုသို့ ပြောပြီးသည်နှင့် ကု့ချင်းထံသို့ လှမ်သွားလိုက်သည်။ မျက်လုံးပေါင်း များစွာက သူ့ထံကို ရောက်လာကြ၏။ ရီဖူရှင်းက တည်ငြိမ်စွာပင် ထိုက်လိုက်ကာ ချက်ချင်းပင် သူ့ထံမှ ထွက်လာသော အရှိန်အဝါက ကွဲပြား ခြားနားသွား၏။ သူကား တော်ဝင်ကျဲ နန်းတော်၏ ဂုဏ်ရောင် ဝင့်ထည်သော နန်းတော်သခင် မဟုတ်တော့ဘဲ ရိုးရှင်းသော ဂီတလုလင် တစ်ယောက်အဖြစ် ထင်မှတ်ရသည်။
ရီဖူရှင်းကား ချောမောကာ ထူးခြားသော ဂုဏ်ကျက်သရေဖြင့် ပြည့်စုံသူဖြစ်သည်။ သူ၏သွယ်လျသော လက်ချောင်းများက ကု့ချင်းကြိုးကို ထိမိသည်တွင်ပင် သံစဉ်က အားလုံး၏နားထဲကို စူးနစ် ဝင်ရောက်လာပြီး သံစဉ်၏ရသကို ခံစားမိကြရသည်။ သူက စတင်တီးခတ် လိုက်သည်နှင့် သူ၏ကု့ချင်းပညာက ယွီလျူယန်ထက် မနိမ့်ကြောင်း ပြောနိုင်ကြ၏။
သံစဉ်က လှပသော အချိုးကွေ့များ၊ အဖွဲ့အနွဲ့များဖြင့် သာယာ ကြည်နူးဖွယ် ကောင်း၏။ ဂီတသံက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာကာ ပုံပြင်တစ်ပုဒ်အား ပြောပြနေဟန် ရသည်။ ပုံပြင်ကား လူငယ်နှစ်ယောက် အရွယ်ရောက်လာကာ လူသားတို့၏သဘာဝများဖြင့် ကြုံဆုံရပြီး အားကြီးသူများက အားနည်းသူများအား မည်သို့မည်ပုံ အနိုင်ကျင့်ကြသည် … သို့တိုင်အောင် သူတို့က ခိုင်ခံ့သော ဇွဲသတ္တိတို့ဖြင့် ရှေ့ကို ဆက်လျှောက်ကြ၏။ ထိုအခိုက်တွင် ရီဖူရှင်း၏ ခံစားချက်များက သံစဉ်နှင့် ပေါင်းစပ်နေကာ ပြည်နယ်ကိုးခု ညီလာခံတွင် ကြုံဆုံရသော သူကိုယ်တိုင်၏ ပုံပြင်အား ပြောပြ နေသယောင်ယောင်လည်း ခံစားကြရသည်။ လူအများအပြားက ထူးခြားသော အမူအရာများ ဖြစ်လာကြသော်လည်း မည်သူမှ တားဆီးခြင်း မပြုကြပေ။ သံစဉ်၏မြင်ကွင်းက သူတို့၏စိတ်ထဲတွင် ရှင်းလင်း ပြတ်သားစွာ ဖြစ်တည်လာနေ၏။ ပုံရိပ်များအား ကြည့်ရှုခြင်းက နာမည်ကျော် ပုဂ္ဂိုလ်များ၏ ကြီးရင့်မှု အရွယ်ရောက်မှုများအား မြင်တွေ့ခွင့်ရသည်နှင့် ထူးမခြားနားပေ။
ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ရှေ့ကို ထွက်လာရာ လူအများအပြားက လှမ်းကြည့်ကြသည်။ သူကား တော်ဝင်ကျဲ နန်းတော်မှ ဟောင်ကျူဂီဖြစ်၏။ သူက ရှီဟွာတောင်ရှန့်ထိုကို ဦးညွှတ်ကာ ပြောသည်… “နန်းတော်သခင်က သူ့ရဲ့သံစဉ်ကို သိုင်းပညာတစ်ရပ်နဲ့ ပေါင်းစပ် ဖော်ကျူးစေတာ အကောင်းဆုံးလို့ ပြောပါတယ်… ဒါကြောင့် ကျွန်တော် ဟောင်ကျူဂီက သံစဉ်နဲ့အတူ ပါဝင်ဖျော်ဖြေ ပေးချင်ပါတယ်…”
“ကောင်းတယ်…” ရှီဟွာတောင်ရှန့်ထိုက ခေါင်းညိတ်သည်။ ဟောင်ကျူဂီက ရှေ့ကို တက်လာကာ ရီဖူရှင်း၏နောက်ကို ရောက်လာသည်။ ထို့နောက် သူက ကျိရှမ်းကမ်းပါး ဘက်ကို မျက်နှာချင်းဆိုင်၍ ပြောသည်… “ကျိရှမ်းကမ်းပါး သားတော် ချင်ကျောင်းက တော်ဝင်ကျဲနန်းတော်ကို ရောက်လာခဲ့ပြီး တော်ဝင်ကျဲ နန်းတော် တပည့်တွေ အကုန်လုံးကို အနိုင်ယူခဲ့တယ်လို့ ကြားဖူးတယ်… ကျုပ်က သံစဉ်နဲ့အတူ ခင်ဗျားတို့ တော်ဝင်မြေက တပည့်နဲ့ လက်ရည် စမ်းချင်ပါတယ်…”
ခွန်ယိုက မျက်မှောင်ကြုတ် လိုက်သည်။ တော်ဝင်ကျဲ နန်းတော်က သူတို့အား ပြန်လည်၍ တုံ့ပြန်နေသည်လား။
ထိုအခိုက်တွင် ကု့ချင်းသံက ပိုမို ကျယ်လောင်လာကာ အကယ်၍ သံစဉ်အား သိုင်းပညာလှုပ်ရှားဟန် တစ်ခုခု ပါဝင်အားဖြင့်ပါက အမှန် ကြည့်ကောင်းမည်ကို အားလုံးက ခံစားမိကြ၏။
“ဒါက ပြည်နယ်ကိုးခု ညီလာခံအတွက် တည်ခင်းဧည့်ခံပွဲပဲ… ဒီနေရာမှာ လက်ရည်စမ်းဖို့ မသင့်တော်ဘူး…” ခွန်ယိုက ပြောသည်။
“ကျုပ်က ရှန့်ထိုတန်ခိုးရှင်ဆီက ခွင့်ပြုချက်ရပြီးပြီ… ခင်ဗျားက ဒီလိုမလိုလားတဲ့ပုံစံ ပြနေတာက ပြည်နယ်ကိုးခု ညီလာခံကလူတွေ ခင်ဗျားတို့ ကျိရှမ်းကမ်းပါးရဲ့ စွမ်းဆောင်မှုကို မြင်တွေ့ခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြောချင်တာလား…” ဟောင်ကျူဂီက ခွန်ယိုပြောခဲ့သော စကားကိုပင် ပြန်ပြောသည်။
ခွန်ယိုက ဟောင်ကျူဂီအား အေးစက်စွာ ကြည့်သည်။ သူ၏ဂျူနီယာ တစ်ယောက်က ဤသို့ သူ့အား ပြန်ခံပြောရဲမည်ဟု မထင်ထားပေ။
ချင်ကျောင်းက ဟောင်ကျူဂီကို ကြည့်သည်။ ကျိရှမ်းကမ်းပါး၏ သားတော်တစ်ပါး အနေဖြင့် သူကား တော်ဝင်ကျဲ နန်းတော်၏ စိန်ခေါ်မှုကို ငြင်းပယ်စရာ မရှိဟု ထင်မြင်သည်။
“မင်းက စိန်ခေါ်ချင်တယ် ဆိုမှတော့ ကျုပ်ကလည်း လက်ခံရတာပေါ့…” ချင်ကျောင်းက ရှေ့ကို တက်လာကာ ရီဖူရှင်းနှင့် သိပ်မဝေးသော တစ်နေရာသို့ ရောက်လာ၏။ ထို့နောက် သူက ပြောသည်.. “ကျိရှမ်းကမ်းပါးက ချင်ကျောင်း… တွေ့ရတာ ဝမ်းသာပါတယ်…”
“တော်ဝင်ကျဲ နန်းတော်ရဲ့ ဟောင်ကျူဂီ… တွေ့ရတာ ဝမ်းသာပါတယ်..”
နှစ်ယောက်လုံးက ယဉ်ကျေးသော ဟန်ပင်ဖြင့် နှုတ်ဆက် လိုက်ကြပြီးသည်တွင် မမြင်ရသော တိုက်ပွဲ အငွေ့အသက်များက ထိုနေရာအား ဖုံးလွှမ်းလာ၏။
ကျိရှမ်းကမ်းပါး၏ သားတော်ကိုးပါးထဲမှ ချင်ကျောင်းကား သူတို့၏ လူငယ်မျိုးဆက်ထဲတွင် ပါရမီအမြင့်ဆုံး ဖြစ်သည်။ သို့သော်လည်း သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။
ဟောင်မိသားစု၏ မျိုးဆက် ဟောင်ကျူဂီကား တော်ဝင်ကျဲနန်းတော် ဝင်ခွင့်၌ ရီဖူရှင်းနောက် ဒုတိယရခဲ့ကာ နောက်ပိုင်းတွင်မှ နန်းတော်ကို ဝင်ရောက် လေ့ကျင့်ခဲ့သည်။
ဟောင်ကျူဂီနှင့် ချင်ကျောင်းတို့ နှစ်ယောက်လုံးက ကိုယ်စီ ထက်မြက် ထူးချွန်သူများ ဖြစ်ကြကာ ယခု အချင်းချင်း မျက်နှာချင်း ဆိုင်နေကြသည်။ လေထုက တင်းကျပ်လာသည်တွင် ရီဖူရှင်း၏ သံစဉ်ကလည်း တဖြည်းဖြည်း မြင့်တက်လာပြီး အင်ပါယာ ကိုယ်တိုင်က လောကကို စတင် လွှမ်းမိုးလာသည်ဟု ထင်မှတ်ရသည်။
ကြီးမားသော အင်အားနှစ်ခုက လေဟာနယ်ထဲ ရင်ဆိုင်မိဟန်ရပြီး ဟောင်ကျူဂီနှင့် ချင်ကျောင်းတို့၏ အဝတ်စများက လေထဲ ပြင်းထန်စွာ လှုပ်ခတ် သွားကြသည်။ ချင်ကျောင်းက ချက်ချင်းပင် ကြီးမားသော ဖိအားကို ခံစားရကာ ဟောင်ကျူဂီက လောကဓာတ်အား စေလွှတ်နေခြင်း ဖြစ်ကြောင်း သိနားလည်၏။
ကောင်းကင်တွင် အလင်းတန်းများ ဖြစ်ပေါ်လာကာ နတ်ငှက်တစ်ကောင် ထွက်လာသည်။ နဂါးလင်းယုန်က ရောင်စုံရောင်ဝါများ တောက်ပနေကာ အတောင်ပံများအား ဖြန့်သည်တွင် အားပြင်းသော လေဆင်နှာမောင်းတစ်ခု ဖြစ်လာပြီး နဂါးလင်းယုန် ပုံရိပ်ကလည်း ပိုမို၍ကြီးလားလာသည်။ မရေမတွက်နိုင်သော သားမွေးများက ထက်ရှသော ဓားသွားများအလား ဟောင်ကျူဂီထံကို တိုးဝင် သွားကြသည်။
ဤသည်ပင်ကား ရှီများ၏ တိုက်ပွဲဖြစ်ပေသည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များက နိုဘယ်များထက် ပြင်းထန်ကာ စိတ်ဖြင့်ပင် တစ်ဖက်သားကို အဝေးမှ သတ်ဖြတ်နိုင်စွမ်း ရှိကြပေသည်။
ဝုန်း…
ဟောင်ကျူဂီ၏ ခန္ဓာကိုယ်အပေါ်တွင် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး စစ်ရထားများနှင့် စစ်သည်တော်များက စစ်မြေပြင်ကို ဖြတ်ကျော်လာခဲ့သည်။
စစ်ရထားများနှင့် လှံများကလည်း စစ်မြေပြင်တွင် ဖြန့်ကြက် ဖြစ်ပေါ်လာကြ၏။ ရွှေရောင်နဂါး လင်းယုန်၏အမွေး အတောင်များက လှံရှည်များဖြင့် လေထဲတွင် ရင်ဆိုင် တိုက်ခိုက်မိရာ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းကို ဖြစ်ပေါ်စေသည်။ သံစဉ်က ပိုမိုမြင့်တက် လာသည်နှင့်အမျှ တိုက်ပွဲမြေပင်တွင် ပိုမို ပြင်းထန်လာခဲ့ကာ ပြည်နယ်ကိုးခု ညီလာခံမှ လူများကား ညစားစားပွဲသို့ ရောက်နေသည် မဟုတ်ဘဲ စစ်မြေပြင်သို့ ရောက်နေသည့်အလား ထင်မှတ်ကြရ၏။
ထိုစဉ်မှာပင် ချင်ကျောင်း၏ ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်း မြောက်တက်လာပြီး နဂါးလင်းယုန်၏ အတောင်ပံများ ကလည်း ပြန့်ကားလာ၏။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်း ဖြစ်ပေါ်လာသည်တွင် ပုဂ္ဂိုလ်ကြီးများက တိုက်ပွဲထံမှ ရိုက်ခတ်မှုများကို ထိန်းချုပ်နိုင်ရန် အရံအတားများပင် ပြုလုပ်ယူ ရတော့သည်။
လူအများအပြားက ချင်ကျောင်းကို လှမ်းကြည့်ကြသည်။ သူကား ယခုအချိန်တွင် အလွန်တရာ ထွန်းတောက်နေသည်။
ကောင်းကင်တွင် နဂါးလင်းယုန်က ထွန်းလင်း တောက်ပနေကာ ချင်ကျောင်းက သူ၏လက်ကို ဆန့်တန်း လိုက်သည်ပြီး ကောင်းကင်ကို ညွန်ပြလိုက်သည်တွင် ရုတ်တရက် အလင်းတန်းများက လေထဲတွင် ဖြစ်ပေါ်လာပြီး နဂါးလင်းယုန်နှင့် ပေါင်းစပ်သွားကာ ဟောင်ကျူဂီထံသို့ ပျံသန်းသွားသည်။
ဟောင်ကျူဂီ၏ရှေ့တွင် ရန်ဟောင်တစ်ပါး ပေါ်လာသည်။ ရန်ဟောင်လေးကို သူ၏လက်တွင် ကိုင်လိုက်သည်တွင် အလွန် အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားတစ်ခုက ရောက်လာသော တိုက်ခိုက်မှုများထံသို့ ဦးတည်ထားသည်။ လောကဓာတ်များက မြားများအဖြစ် ပြောင်းလဲသွားကာ လေးညှို့မှ လွှတ်လိုက်သည်တွင် လေဟာနယ်က တဝုန်းဝုန်း တုန်ခါသွားသည်။ ထို့နောက်တွင် သူ့ထံသို့ ပျံသန်းလာကြသော နဂါးလင်းယုန်ပုံရိပ်များ အားလုံးက ပျက်စီး သွားကြရတော့သည်။
မြားများက ချင်ကျောင်းထံသို့ပင် တိုးဝင်သွားကြကာ ချင်ကျောင်းက မြန်ဆန်စွာ ရွေ့လျား ရှောင်တိမ်းရသည်။ သူ့ရှေ့တွင် နဂါးလင်းယုန်၏ သားမွေးအရံအတား တစ်ခုပေါ်လာကာ ရောက်လာသော မြားအချို့အား တားဆီးသည်။
လှပသော အတောင်အမွေးများ လေဟာနယ်ထဲကို လှုပ်ခတ်နေစဉ်မှာပင် ချင်ကျောင်း၏ မျက်လုံးများက ဟောင်ကျူဂီထံတွင် အာရုံစိုက်ထားရင်းက သူအတောင်ပံများကို လှုပ်ယမ်း လိုက်ပြန်သည်။ ချင်ကျောင်း၏ ခန္ဓာကိုယ်က တောက်ပလာကာ ရွှေရောင် သားမွေးများက ဓားသွားများအလား တိုးဝင်သွားကြသည်။ သားမွေးဓားသွားများက လျှပ်စီးများအလား လေဟာနယ်ကို ဖြတ်သန်းကာ ဟောင်ကျူဂီထံသို့ မိုးစက် မိုးပေါက်များပမာ ကျဆင်းလာ၏။
တစ်ချိန်တည်းမှာပင် ဟောင်ကျူဂီ၏ နောက်မှ ရန်ဟောင်ပုံရိပ်က ရန်ဟောင်ဓားကို ဝှေ့ယမ်းသည်ကာ သူ့ထံ ရောက်လာသော နဂါးလင်းယုန်ကို ဖြတ်တောက်ရန် ကြိုးစားသည်။
ဘုန်း…
စူးရှသော အလင်းတစ်ချက်နှင့်အတူ နှစ်ဖက်သား ရင်ဆိုင်မိသည်တွင် ပြင်းထန်သော အားကြောင့် နဂါးလင်းယုန်ကား အပေါ်ကို ပြန်လည် မြောက်တက် သွားရသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်လဲ…” ပရိသတ်များက ပြင်းထန်သော ပေါက်ကွဲအားကို ခံစားမိသည်တွင် တိတ်တခိုး ချီးကျူးရသည်။ သည်ကဲ့သို့ ခွန်အားကား ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ထုတ်လွှတ်နိုင်သည်။
တိုက်ပွဲထဲတွင် ဟောင်ကျူဂီက လေထဲကို တဖြည်းဖြည်း မြောက်တက်လာပြီး ရန်ဟောင် ခန္ဓာကိုယ်ထံမှ ပြင်းထန်သော အငွေ့အသက်များ တဖြည်းဖြည်း ဖြာထွက်လာသည်။ စစ်မြေပြင်၏ အငွေ့အသက်များနှင့် ဆင်ဆင်ရသော ဖိအားက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။
ဖိနှိပ်ခြင်း လောကဓာတ်… အလွန်အမင်း ရှားပါးသော ဓာတ်သဘာဝတစ်မျိုး ဖြစ်သည်။ ဟောင်ကျူဂီကား စိတ်ဝိညာဉ်သုံး မှော်ထိန်းချုပ်သူဖြစ်သည်။ သို့သော် သူက သိုင်းပညာကို အဓိကထား လေ့ကျင့်၏။ သိုင်းပညာ လောကဓာတ်က သူ့စိတ်စေရာအတိုင်း ပြန့်ကား ထွက်လာသည်တွင် လောဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။
စစ်ရထားများနှင့် တခြား သိုင်းပညာ ပုံရိပ်ယောင်များက ကွင်းထဲကို ဖြတ်သန်း သွားသည်တွင် ချင်ကျောင်း၏ ခန္ဓာကိုယ်ကလည်း သူ့ကို လှည့်ပတ်နေသော နဂါးလင်းယုန် ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီး အတောင်ပံများကို လှုပ်ခတ်ကာ တိုက်ခိုက်သည်။
“သေစမ်း…” ချင်ကျောင်း၏ လောကဓာတ်ကလည်း ကြောက်မက်ဖွယ် ကောင်းပေသည်။ မည်သို့ဆိုစေ သူကား ကျိရှမ်းကမ်းပါး၏ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးဟု သတ်မှတ်ခံရသူ မဟုတ်ပါလား။
ထိုစဉ်မှာပင် သံစဉ်ကလည်း ပိုမို မြင့်တက်လာကာ တိုက်ပွဲ၏ အရှိန်အဝါကို ထင်ဟပ်စေသည်။ ထိုအဖြစ်က ပရိသတ်များ၏ သွေးများကိုပင် ဆူပွက်စေကာ တိုက်ပွဲအား ပိုမိုစိတ်ဝင်စားဖွယ် ကောင်းစေသည်။
“မြေရိုင်းပြည်နယ် ဟောင်မိသားစုက ရှေးဟောင်း ရန်ဟောင်ကလန် ဖြစ်တယ်လို့ ကောလာဟလတွေက ပြောကြတယ်… ဒါကြောင့် ဒီဟောင်ကျူဂီက မြေရိုင်းပြည်နယ် ဟောင်မိသားစုက ဖြစ်ရမယ်… ဒီလိုစွမ်းရည်မျိုး ဆိုတာကလည်း တကယ်ပဲ ရန်ဟောင် မျိုးဆက်များသာ ရှိနိုင်တယ်…” ရှားကလန်မှ တန်ခိုးရှင် တစ်ယောက်က မှတ်ချက်ပေးသည်။ လူအများအပြားက သူ့အား ပြုံးလျက် ကြည့်ကြသည်။ ပြည်နယ်ကိုးခု၌ ရန်ဟောင် မျိုးဆက်များစွာ ရှိကြပေသည်။ ရှားကလန် ကိုယ်တိုင်က အင်ပါယာရှား၏ကလန်ခွဲတစ်ခု မဟုတ်ပါလား။
***