အပိုင်း (၇၇၄)

ခွန်ယို၏အကြံအစည်

“ တော်ဝင် ကျဲနန်းတော်သခင် ရီဖူရှင်းဆိုတာ အရင်နန်းတော်သခင် ကိုယ်တိုင်က အင်ပါယာရှားကို ပင့်ဆောင်ပြီးတော့ လူငယ်လေးကို သူ့နေရာဆက်ခံ စေတဲ့သူဆိုပဲ … သူက လူငယ်လေးကို အဲလို ဆက်ခံစေဖို့အတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ် … ဒီနှစ်မြေရိုင်း ပြည်နယ်ကလည်း အရမ်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ကြတော့ နန်းတော်သခင်ကိုယ်တိုင်က အရမ်းကို ထူးခြားထက်မြက်မှာပဲ … ” တစ်ယောက်က ရီဖူရှင်းကို လှမ်းကြည့်ကာ ပြောသည်။

သူတစ်ယောက်တည်းသာ ထိုသို့တွေးသည် မဟုတ်ဘဲ တခြားလူများကလည်း ထိုသို့အမြင်များ ရှိကြသည်။ ယူချင်းကိုယ်တိုင်က အလွန်ထူးခြား ထက်မြက်နေပြီဖြစ်ကာ တခြားဟွာဂျီယူတို့ စုချွဲတို့ကလည်း ကိုယ်စီ ထက်မြက်ကြ၏။ သူတို့အားလုံးက မည်သည့်တော်ဝင်မြေမှ ပါရမီရှင်များနှင့်မဆို ရင်ဘောင်တန်းနိုင်ကြ၏။ ဤသို့ဆိုလျှင် လက်ရှိမြေရိုင်းပြည်နယ်၏လူငယ်ခေါင်းဆောင် ရီဖူရှင်းက ပိုမို၍​မသာလွန်ဘဲ​နေမည်လား…။

လူအများအပြားက သူနှင့်ပတ်သက်၍​ စိတ်ဝင်စားကြသည်။

“ ကျွန်မတပည့်ချိန်နီဆီက ကြားတာကတော့ ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်က တပည့်တွေကို ဦးဆောင်ပြီး စစ်တုရင်ကျွေးရွာက နတ်နဂါးကစားကွက်ကို ဖျက်နိုင်ခဲ့တယ်ဆိုပဲ… သူက ကွဲပြားခြားနားတဲ့ ကစားဟန်ကိုးခုကို တစ်ယောက်တည်း ထိန်းချုပ်ခဲ့တယ်… ” မှန်နန်းတော်သခင်မကလည်း ရီဖူရှင်းကို ပြုံးလျက်လှမ်းပြောသည်… “ တကယ်လို့ သူက ရှီအဆင့်ကို မတက်လှမ်းရသေးဘူးဆိုရင် ဒီပြိုင်ပွဲမှာ သူ့အရည်အချင်းတွေကို မြင်တွေ့ခွင့်ရမှာပဲ… ”

“ နန်းတော်သခင်မက အရမ်းချီးကျူးလွန်းပါပြီ … ကျွန်တော့်အဆင့်က နိမ့်ပါတယ် … တခြားပြည်နယ်ရှစ်ခုက ပါရမီရှင်တွေက အရမ်းကို ထူးချွန်ကြတယ် … ဒီလိုနေရာမှာ ကျွန်တော့်ရဲ့ပါရမီကို ထည့်မပြောရဲပါဘူး… ”ရီဖူရှင်းက ခေါင်းငုံ့ကာ သူမအား တိုက်ရိုက်မကြည့်ဘဲ ပြောသည်။ သူမကား ရှန့်ထိုဖြစ်ကာ အရှေ့ဘက်ပြည်နယ်၏ နံပါတ်တစ် မိန်းမလှလည်းဖြစ်ရာ သူက အပြုအမူများအား သတိထားရန် လိုပေသည်။

“ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချတာပဲ… ” မှန်နန်းတော်သခင်မက ပြုံးလျက်ပြောသည်။

“ စစ်တုရင်ရှန့် ထိုတပည့်ကိုးယောက်လုံးက အခုဒီမှာ ရှိကြတယ် … ” တစ်ယောက်က ရှီဟွာတောင်ရှန့်ထို၏နောက်မှ တစ်ယောက်ကို ကြည့်လျက်ပြောသည်။ လျူကျောင်း၏နောက်တွင် စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်က ရပ်နေကြသည်။

“ ရီဖူရှင်းက နတ်နဂါးကစားကွက်ကို ဖျက်ပြီးတော့ မြင့်မားတဲ့ပါရမီကို ပြသခဲ့ပေမဲ့ စစ်တုရင်ရှန့်ထိုက လျူကျောင်းကို ရွေးခဲ့တယ် … ကြည့်ရတာ လျူကျောင်းက ရှန့်ထိုတွေရဲ့ဆက်ခံသူဖြစ်လာမှာပဲ… ” ကျောက်မဟာပြည်ထောင် ဘုရင်မင်းမြတ်က ပြုံးလျက်ထပ်ပြောသည်။

“ ဘုရင်မင်းမြတ်က အရမ်းကို ချီးမြှောက်လွန်းပါပြီ … ကျွန်တော်က နန်းတော်သခင်ရီရဲ့ရှေ့က ကစားကွက်ကို နည်းနည်းစောပြီး ဖျက်နိုင်ခဲ့ရုံပါပဲ … နန်းတော်သခင်ရီက စစ်တုရင်ပညာမှာ ကျုပ်ထက် မညံ့ပါဘူး… ” လျူကျောင်းကလည်း ပြုံးလျက်ပြောသည်။

လူအများအပြားက သူ့အား တိတ်တခိုး ချီးကျူးကြသည်။

ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်က လျူကျောင်းအား ပြုံးလျက်ပြောသည် … “ အခု ဒီမှာ ထက်မြက်တဲ့လူငယ်တွေ စုရုံးရောက်နေကြတယ် … စားပွဲကို ပိုအသက်ဝင်သွားအောင် လူငယ်တွေကို သူတို့ရဲ့စွမ်းရည်လေးတွေ ပြခိုင်းရင် ဘယ်လိုလဲ… ”

“ ဘုရင်မင်းမြတ် … သူတို့က ကျုပ်တို့ရဲ့ ဂျူနီယာတွေဆိုတာ မှန်ပေမဲ့ သူတို့ကိုယ်တိုင်က ရှီတန်ခိုးရှင်တွေ ဖြစ်နေကြပြီ … ဒါကြောင့် သူတို့ကို စွမ်းရည်ပြခိုင်းတာက သိပ်မသင့်တော်ဘူး… ဂီတနဲ့အကအလှတွေ ရှိနေပြီပဲ … ကျုပ်တို့ အေးအေးဆေးဆေး သောက်စားပြီး စကားပြောရအောင် … ”

“ ဂီတနဲ့အကအလှကို ပြောရရင် ဒီနေ့ ယွီအိမ်တော်ကလူတွေ ရောက်နေတာပဲ … ခင်ဗျားခေါ်ထားတဲ့သူတွေက သူတို့နဲ့ ယှဉ်ရင် အရမ်းလိုနေသေးတယ် … ” ကျောက်မဟာပြည်ထောင်ဘုရင်မင်းမြတ်က ချီပြည်နယ်မှ တစ်နေရာကို ကြည့်လျက်ပြောသည်။

“ အမှန်ပဲ.. ဘယ်သူက ချီပြည်နယ်ယွီအိမ်တော်ရဲ့ ဂုဏ်သတင်းကို မကြားဖူးဘဲ​နေမှာလဲ… ” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။

“ စီနီယာက အရမ်းကို ချီးကျူးနေပါပြီ.. ” ယွီအိမ်တော်မှ လူများက ဦးညွတ်ကာ ပြောသည်… “ ရှီဟွာတောင်ရှန့်ထိုသခင်နဲ့ ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်တို့က ဒီလိုဆန္ဒရှိနေမှတော့ လျူယွန် … မင်းက တစ်ခုခုသွားတီးလိုက်ပါ … ” သူက အဖြူရောင် ဝတ်ထားသော လူငယ်လေး တစ်ယောက်အား စေခိုင်းလိုက်သည်။ လူငယ်ကား ချောမောခန့်ညားကာ သူ့တွင် ဝမ်းနည်းသော အငွေ့အသက်တစ်ခု ကပ်ညိနေဟန်ရ၏။

“ ယွီလျူယွန်… ” ကျိရှားတော်ဝင်နန်းတော် အကြီးအကဲက ပြောသည် … “ ယွီအိမ်တော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အရမ်းကို မြင့်မားတဲ့ အရည်အချင်းကြောင့် နာမည်ကျော်ကြားတဲ့တစ်ယောက်လား … သူက ဂီတရှန့်ထိုရဲ့ တပည့်ရင်းပဲ…”

“ ဒါဆိုလည်း… ” ပြည်နယ်ကိုးခုမှ လူများအားလုံးက လူငယ်ကို ကြည့်ကာ စိတ်ဝင်စားသွားကြသည်။

“ မင်းတို့ ဖယ်ကြ… ” ရှီဟွာတောင်ရှန့်ထိုက လက်ဝှေ့ယမ်းသည်တွင် ဂီတနှင့်အကဖျော်ဖြေနေသော မိန်းကလေးများအားလုံး ရပ်တန့်လိုက်ကြကာ နောက်ဆုတ်သွားကြ၏။

ယွီလျူယန်က စင်ထက်ကို တက်ကာ ဦးညွတ်လျက်ပြောသည်.. “ ကျွန်တော့ရဲ့ စွမ်းဆောင်ရည်က စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်.. ”

“ စပါ… ” ရှီဟွာတောင်ရှန့်ထိုက လက်ဝှေ့ယမ်းကာ ဖော်ရွှေရင်းနှီးသော အမူအရာဖြင့် ပြောသည်။

ယွီလျူယန်က ကု့ချင်းရှေ့တွင် ထိုင်ကာ ကြိုးများအား လက်ဖြင့် ထိလိုက်သည်။ ထိုအခိုက်တွင် သူကား နောက်တစ်ယောက်အလား ထင်မှတ်ရ၏။ သာယာသော တီးလုံးတစ်ခုစတင်ထွက်ပေါ်လာသည်။ ကု့ချင်းသံစဉ်က တဖြည်းဖြည်း မြင့်တက်လာကာ လေထုတွင် အားကောင်းသော အငွေ့အသက်များ ရိုက်ခတ်လာ၏။ သံစဉ်ကား ကျယ်လောင်ကာ ကြီးမြတ်သော ဟန်ပင်ရှိပြီး သူရဲကောင်းများ ဆုံတွေ့မှု၏ ခံစားမှုကို ပေးသည်။ နာမည်ကျော်ပုဂ္ဂိုလ်များက နေရာတိုင်းတွင်ရှိပြီး အချင်းချင်း စစ်မြေပြင်၌​ တိုက်ခိုက်ကြသည်။ နဂါးများနှင့် ဖီးနစ်များက လေထဲတွင် ပျံသန်းကြသည်။

လူအများအပြားက သံစဉ်ထဲမှ ပုံရိပ်များအား ဝေဝေဝါးဝါး မြင်ကြရသည်။ ထိုအခိုက်တွင် သူတို့အားလုံးက ပြည်နယ်ကိုးခုမှ ပါရမီရှင်များ ပြိုင်ပွဲတစ်ခု၌​ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို မြင်ယောင်လာကြ၏။

သံစဉ်၏ အားအဟုန်က ကြီးမားလွန်းရကာ သူတို့ကိုယ်တိုင် တိုက်ပွဲထဲကို ရောက်နေသလိုလည်း ခံစားကြရသည်။ ညစာစားပွဲတွင် ကု့ချင်းသံမှအပ တခြားမရှိပေ။ လူအများအပြားက ကု့ချင်းတီးခတ်နေသောလူငယ်ကို ကြည့်ကာ သူ၏ပညာကို လေးစားအထင်ကြီး ကြရသည်။

ကျယ်လောင်သောသံစဉ်က ကြည်လင်ပြတ်သားမှုကိုလည်း ပေးသည်။ ထို့နောက် တိုက်ပွဲက တဖြည်းဖြည်း တည်ငြိမ်သွာပြီး အေးချမ်းသော ပတ်ဝန်းကျင်အငွေ့အသက်များအား ခံစားရစေသည်။ သံစဉ်ကိုယ်တိုင်ကလည်း ငြိမ်သက်သွားကာ ကောင်းကင်တွင် တိမ်ကင်းစင်လာပြီး သာယာသော ညနေခင်း ခံစားချက်က သူတို့၏စိတ်နှလုံးကို ငြိမ်သက်စေ၏။

“ အရမ်းကောင်းတယ်.. ” လူအများအပြားက ခေါင်းမော့ကာ ချီးကျူဂုဏ်ပြုကြသည်။ လူငယ်ကား အမှန်ပင် နာမည်ကျော်ထိုက်ပေသည်။ သူ၏သံစဉ်ကား ကောင်းကင်ဘုံမှလာသော သံစဉ်အလားထင်မှတ်ရ၏။

ကု့ချင်းသံက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သို့သော်လည်း လူအများအပြားက အာရုံဝင်စားမိ နေကြဆဲဖြစ်သည်။ ပြည်နယ်ကိုးခုမှ လူများအားလုံးက ပြုံးလိုက်ကြသည်။ ရှီဟွာတောင်ရှန့်ထိုက လူငယ်လေးအား ချီးကျူးသည်…“ ယွီအိမ်တော်က တကယ်ပဲ အနုပညာပိုင်းမှာ နာမည်ကျော်ထိုက်ပါပေတယ် … အကနဲ့အလှမှာ နံပါတ်တစ်ပဲ… ”

“ ကျေးဇူးတင်ပါတယ် စီနီယာ… ” ယွီလျူယန်က တည်ငြိမ်စွာ ပြောသည်။ သူက ထရပ်ကာ ဦးညွတ် အရိုအသေပေးပြီး သူ၏နေရာကို ပြန်သွားသည်။

“ ဒီသီချင်းကို တီးပြီးနောက် သူ့ကို မိန်းကလေးတွေ အများကြီး သဘောကျကြတော့မှာပဲ… ” ကျောက်မဟာပြည်ထောင်ဘုရင်မင်းမြတ်က ပြုံးလျက်ပြောသည်။ ဂီတသံစဉ်တွင် အမှန်ပင် ထူးခြားသော ဆွဲဆောင်အားများ ရှိနေသည်။

“ ယွီအိမ်တော်အပြင် ပြည်နယ်ကိုးခု လူငယ်မျိုးဆက်ထဲမှာ ဂီတထဲ အရမ်းကို ထက်မြက်တဲ့လူငယ်တစ်ယောက်ရှိတာ ကျုပ်သိထားတယ်… ” အသံတစ်သံကို ကြားကြရသည်။ လူအများအပြားက လှမ်းကြည့်ကြသည်တွင် သူကား ယွီပြည်နယ်၏ ကျိရှမ်းကမ်းပါးမှ ခွန်ယိုဖြစ်သည်ကို မြင်ကြရသည်။

လူအများအပြားက ထူးဆန်းသွားကြသည်။ ကျိရှမ်းကမ်းပါးကား ပြိုင်ပွဲမှ ဦးဆုံးထွက်ရသော တော်ဝင်မြေဖြစ်ကာ ထိုကိစ္စက လူအများကြား အရှက်ရစရာလည်း ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် သူက စကားဝိုင်းထဲ​ ဝင်လာရဲသည်လား။

“ အဲဒါ ဘယ်သူများ ဖြစ်မလဲ… ” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျှက်မေးသည်။ ခွန်ယို၏စကားက လူအများအပြားကို စိတ်ဝင်စားစေသည်။ ယွီအိမ်တော်ကို ကျော်လွန်၍ သည်နေရာတွင်ဂီတပိုင်း၌ ချီးကျူးရပါက ထိုသူကား အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းပေသည်။

“ ခင်ဗျားတို့အားလုံးက အူကီယိုသံစဉ်ကို ကြားဖူးလား…” ခွန်ယိုက မေးသည်။

“ အရှင်ဒွန်ဟောင် ရေးစပ်ခဲ့တဲ့ အူကီယိုသံစဉ်လား… ” ရှီဟွာတောင်ရှန့်ထိုက လေးစားသည့် အမူအရာဖြင့် မေးသည်။ တန်ခိုးအဆင့်မြင့် လာလေလေ အရှင်ဒွန်ဟောင်အပေါ် သူတို့၏ယုံကြည်လေးစားမှုက မြင့်တက်လေလေဖြစ်သည်။ အရှင်ဒွန်ဟောင်၏နာမည်ကို ထည့်သွင်းပြောကြားခြင်းကပင် သူတို့၏ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားရစေသည်။

“ အမှန်ပဲ… ” ခွန်ယိုက ခေါင်းညိတ်သည်… “လူငယ်မျိုးဆက်ထဲမှာ အဲဒီသံစဉ်ကို တီးခတ်နိုင်တဲ့ လူငယ်တစ်ယောက် ရှိတယ်… ”

“ အဲဒါ ဘယ်သူများဖြစ်မလဲ… ” ရှီဟွာတောင်ရှန့် ထိုအပါအဝင် ယွီအိမ်တော်ကလည်း အလွန်အမင်း စိတ်ဝင်စားသွားကြသည်။

“ မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်သခင် ရီဖူရှင်းအပြင် ဘယ်သူရှိပါ့မလဲ … ” ခွန်ယိုက ပြောသည်။ အားလုံးက အံ့ဩမင်တက်သွားကာ ရီဖူရှင်းကို လှမ်းကြည့်ကြသည်။

ရီဖူရှင်းက သူ့နေရာတွင် ထိုင်ကာ စိတ်ထဲ ဒေါသများ ထွက်နေသည်။ ကျိရှမ်းကမ်းပါးနှင့် မြေရိုင်းပြည်နယ်ကား ရန်သူများဖြစ်ကြသည်။ အင်ပါယာရှားရောက်လာခြင်းမရှိလျှင် သူက ရီဖူရှင်းအား သတ်ဖြတ်မည်မှာ သေချာ၏။

ထို့ကြောင့် ဤသို့သောအခြေအနေတွင် ခွန်ယိုက သည်စကားများအား မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောနေသည်မှာ ထင်ရှားသည်။ ရှီဟွာတောင်ရှန့်ထိုက ဂီတနှင့် ပတ်သက်သည်များကို ပြောဆိုသည်တွင် သူက ချက်ချင်းပင် ရီဖူရှင်းက အူကီယိုကို တီးခတ်နိုင်ကြောင်း ဝင်ပြောခဲ့သည်။

ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်၌ အူကီယိုကို တီးခတ်ခဲ့ကာ ခွန်ယိုကလည်း ထိုအရာများအား ကောင်းကောင်း သိထားပေသည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူက ထိုကိစ္စကို ပြောနေခြင်းက ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်သည်မှာ သေချာ၏။

တခြားပြည်နယ်မှ လူများအားလုံးက စိတ်ဝင်စားသွားကြသည်။ ရီဖူရှင်းကား နိုဘယ်အဆင့်မျှဖြင့် တော်ဝင်ကျဲနန်းတော် သခင်နေရာအား ဆက်ခံခဲ့ရသည်။ သူက နတ်နဂါးကစားကွက်ကို ဖြိုဖျက်ခဲ့သည်ဟု မှန်နန်းတော်သခင်မက ပြောရာ သူ၏ထူးခြားထက်မြက်သော စစ်တုရင်ပညာအား ကြားသိကြရသည်။ ယခု သူက အူကီယို သံစဉ်ကိုပင် တီးခတ်နိုင်၏။

မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်သခင်က မတတ်သော ပညာ ရှိပါ၏လော။

“ ဒါမှန်လား… ” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်ပြောသည်။

“ ကျွန်တော်က အူကီယိုသံစဉ်ကို မတော်တဆ ရခဲ့ပါတယ် … ဒါပေမဲ့ ကျွန်တော့် တန်ခိုးအဆင့်က နိမ့်တော့ သံစဉ်ရဲ့ တကယ့်အနှစ်သာရကို နားလည်သေးခြင်းမရှိသေးပါဘူး … လက်ရှိကျွန်တော့်ရဲ့ ပညာက သံစဉ်ကို လူအများရှေ့မှာ တီးခတ်ဖို့ မသင့်တော်ပါဘူး … ” ရီဖူရှင်းက ပြောသည်။

“ မင်းက တော်ဝင်ကျဲနန်းတော်မှာတုန်းက ကောင်းကောင်းတီးခတ် နိုင်ခဲ့တာပဲ … ဘာလို့ အခု မတီးနိုင်ရတာလဲ … ” ခွန်ယိုက အတိုင်းသားပြောသည်တွင် မြေရိုင်းပြည်နယ်မှ လူများအားလုံးက သူ့အား ဒေါသတကြီး ကြည့်ကြသည်။ ယွီလျူယန်နှင့် မတူသည်ကား ရီဖူရှင်းက မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ဖြစ်သည်။ သူက ရီဖူရှင်းအား တခြားလူများအားလုံးကို ဖျော်ဖြေခိုင်းနေသည်လား။

***


Comment

Leave a Reply


Options

not work with dark mode
Reset