အပိုင်း (၇၇၃)

ညစာစားပွဲ

ထိုသို့သော ကံကောင်းမှုကလည်း ယူချင်းတို့က သူတို့၏ အားထုတ်မှုကြောင့် ရလာခြ င်းမဟုတ်ပါလား။ မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များက သူတို့၏ အရည်အချင်းများကို ကောင်းကောင်း ပြသနိုင်ခြင်း မရှိခဲ့ပါက ဤသို့သော အလေးထားမှုကို မည်သို့ရမည်နည်း။ သည်တစ်ခေါက် စိန်ခေါ်ပွဲများတွင် ယိရှောင်ရှီမှလွဲ၍ တခြားလူများ စိန်ခေါ်ခံခဲ့ရခြင်း မရှိတော့ပေ။ မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များသာ တခြားပြည်နယ်မှ လူများကို စိန်ခေါ်ကြရ၏။ သူတို့ကသာ ကောင်းမွန်သော စွမ်းဆောင်ရည် မရှိလျှင် ဤသို့သော အခွင့်အရေးမျိုးလည်း ရှိမည် မဟုတ်ပေ။ ဥပမာအားဖြင့် ကျိရှမ်းကမ်းပါးက အားနည်းဟန် ရလာသည်တွင် အများစု၏ နင်းခြေခြင်းကို ခံလိုက်ရကာ သိပ်မကြာခင် ပြိုင်ပွဲမှ ထွက်ခဲ့ရ၏။ ကောက်ချက်ချရလျှင် ကံကောင်းခြင်းဟူသည် စွမ်းရည်နှင့်လည်း တိုက်ရိုက် အချိုးကျပေ၏။

မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ နောက်တစ်ဆင့် တက်သွားပြီး နောက်ပိုင်း တခြားလူများက ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်ကြ၏။ နောက်ထပ် ပွဲရှစ်ဆယ်ခန့် ယှဉ်ပြိုင် တိုက်ခိုက်ပြီးနောက် အဆုံးသတ် လူစာရင်း တစ်ရာခန့် ရလာ၏။

မရေမတွက်နိုင်သော လူများက ပြိုင်ပွဲကွင်းပြင်ကို ကြည့်နေကြသည်။ ကွင်းကြီးထဲတွင် ပြည်နယ်ကိုးခုကို ရည်ညွန်းသော နေရာများ၌​ လူတစ်ရာ ရပ်နေကြသည်။

လူတစ်ရာထဲတွင် …

အရှေ့ဘက် ပြည်နယ်က ဆယ့်သုံးနေရာ…

နွေဦးပြည်နယ်က ဆယ့်ငါးနေရာ…

ချီပြည်နယ်က ဆယ့်လေးနေရာ…

တိမ်တိုက်ပြည်နယ်က ဆယ့်နှစ်နေရာ…

စစ်ဘုရင် ပြည်နယ်က ဆယ့်တစ်နေရာ …

ဖုန်းပြည်နယ်က ဆယ့်တစ်နေရာ…

ပင်လယ်ပြည်နယ်က ဆယ်နေရာ …

ယွီပြည်နယ်က ခြောက်နေရာ…

မြေရိုင်းပြည်နယ်က ခုနစ်နေရာတို့ ဖြစ်ကြသည်။

ကျိရှမ်းကမ်းပါး၏ပြိုင်ပွဲကို လက်ပြနှုတ်ဆက် ရမှုပြီးနောက်တွင် ယွီပြည်နယ်ကား ပြည်နယ်ကိုးခု၌​ လက်ကျန် ခြောက်နေရာမျှဖြင့် အဆိုးဝါးဆုံး စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသည်။ နွေဦးပြည်နယ်နှင့် ချီပြည်နယ်တို့ကား အင်အား အကြီးဆုံးဖြစ်ကာ အိမ်ရှင်ပြည်နယ်ထက်ပင် စွမ်းဆောင်ရည် ကောင်းများ ရှိနေသည်။ သို့သော်လည်း တော်ဝင်မြေ တစ်ခုချင်းစီ၏ အရည်အသွေးကို ပြောရလျှင် မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်က အရေအတွက် အများဆုံးဖြင့် ရပ်တည်နေသည်။

လူအများ၏ အထင်သေး အမြင်သေး ခံရသော တော်ဝင်မြေကား ယခု ပြိုင်ပွဲဝင် အရေအတွက် အများဆုံး ကျန်ရစ်သူ ဖြစ်နေသည်။ တော်ဝင်မြေပြင်ပများထဲမှ လက်ကျန်သုံးယောက် ကျန်ရစ်ကာ သူတို့ကား အရှေ့ဘက် ပြည်နယ်မှ ဖြစ်ကြသည်။ သူတို့တစ်ဦး တစ်ယောက်ချင်းစီက ထူးခြားထက်မြက်သော အရည်အသွေးများကို ပိုင်ဆိုင်ကြ၏။

ရာရာကား ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

“ ကျန်ရစ်သူတွေကို ဂုဏ်ပြုပါတယ်… ” ထိုအခိုက်တွင် ရှီဟွာတောင် တန်ခိုးရှင်က ကျန်ရစ်သူများအား လက်ဝှေ့ယမ်းလျက်ပြောသည်… “ ပြည်နယ်ကိုးခု ညီလာခံမှာ ထိပ်သီးပါရမီရှင် နိုဘယ်တွေ စုစည်းကြတယ်… ထိပ်ဆုံးလူစာရင်း တစ်ရာထဲ ပါဝင်နိုင်တာက ပြည်နယ်ကိုးခုလုံးထဲက လူငယ်တွေထဲ အကောင်းဆုံး အတော်ဆုံးတွေဆိုတဲ့ အမှတ်သညာပဲ … အနာဂတ်မှာ မင်းတို့က ဒီလိုပွဲမျိုးကို အထူးဧည့်သ ည်တော်နေရာက ထိုင်ကြည့်ရတဲ့ သူတွေ ဖြစ်လာနိုင်တာပဲ… ”

ပြည်နယ်ကိုးခု ညီလာခံမှ လူများအားလုံးက ပြုံးလိုက်ကြသည်။ ရှီဟွာတောင်ရှန့် ထို၏စကားက လူငယ်များအပေါ် ယုံကြည်ကိုးစားမှုအား ပြသနေသည်။ အမှန်လည်း ယခုလူငယ်တစ်ရာက နောင်တွင် ပြည်နယ်ကိုးခု ရှီနှင့်ရှန့်ထို အဆင့်ဇယားတွင် ပါဝင်နိုင်ခြေ ရှိပေ၏။

“ဒီနှစ်ပြည်နယ်ကိုးခုညီလာခံက အဆင့်အတန်းတော်တော်မြင့်လွန်းတော့ ကျုပ်ကိုယ်တိုင်က အဆုံးသတ်တိုက်ပွဲတွေကို ကြည့်ဖို့ မစောင့်နိုင်အောင်ပဲ… ” ကျောက်မဟာပြည်ထောင်ဘုရင်မင်းမြတ်ကလည်း ပြုံးလျှက်ပြောသည်။ သူ့နောက်တွင် ထိုင်နေသော ကျောက်စီရီမူကား မျက်နှာမသာမယာဖြင့် ကြည့်နေသည်။ သူမကား ပထမတိုက်ပွဲတွင်ပင် ဟွာဂျီယူထံတွင် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရ၏။ တစ်ဘက်တွင် ဟွာဂျီယူနှင့် မြေရိုင်းပြည်နယ်၏တခြားခြောက်ယောက်တို့က အတော်ဆုံးလူစာရင်းတစ်ရာအထိ ရောက်လာကြပြီးဖြစ်သည်။

“ မြေရိုင်းပြည်နယ်က တကယ်ပဲ အံ့အားသင့်ဖို့ကောင်းတယ်… သူတို့က ပြိုင်ပွဲမှာ မပါခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင်မှ အခု အရမ်းကို ကောင်းတဲ့စွမ်းဆောင်ရည်ကို ပြထားကြတယ်… ” ကောင်းကင်ရှန့်ထိုက ပြုံးလျှက်ပြောသည်တွင် တခြားလူများကလည်း ခေါင်းညိတ်ထောက်ခံကြ၏။ မှန်နန်းတော်သခင်မကလည်း ပြောသည်… “ အမှန်ပဲ.. ပြိုင်ပွဲမစခင် ဒီလိုဖြစ်လာမယ်လို့ ဘယ်သူ ထင်ခဲ့ကြလို့လဲ… ရှီဟွာတောင်က မြေရိုင်းပြည်နယ်ကို ဖိတ်ခေါ်ခဲ့တာက အရမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ… ”

“ သူတို့စွမ်းရည်ကို သူတို့ ကောင်းကောင်းသက်သေပြခဲ့ကြတာပါပဲ… ” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ သူကိုယ်တိုင်က ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားပေ။

ရှီဟွာတောင်ရှန့်ထိုက မြေရိုင်းပြည်နယ်မှ ခုနစ်ယောက်အား ကြည့်သည်။ ထို့နောက် သူက ပြုံးလျှက်ပြောသည်… “ ရက်ဆက်တိုက်ပွဲဝင်ခဲ့ကြတော့ အကုန်လုံးက ပင်ပန်းနေကြမှာပဲ… ပြည်နယ်ကိုးခုလုံးက ဧည့်သည်တွေကလည်း ငြီးငွေ့နေကြရော့မယ်.. ဒါကြောင့် ပြိုင်ပွဲကို ခဏရပ်ပြီး ကျုပ်တို့ ညစာစားပွဲတစ်ခု တည်ခင်းဧည့်ခံဖို့ စီစဉ်ထားတယ်.. ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ… ”

အားလုံးက ခေါင်းညိတ်ကြသည်။

နောက်ဆုံး လူစာရင်းတစ်ရာ ထွက်ပေါ်လာချိန်တွင် ပြိုင်ပွဲကို ခဏရပ်နားကာ အိမ်ရှင်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်းကား အစဉ်အလာ ဖြစ်သည်။ ပြိုင်ပွဲဝင်များကလည်း နောက်တစ်ဆင့်တိုက်ပွဲများအတွက် သုံးရက် အနားယူချိန် ရပေသည်။

“ ညစာစားပွဲကို ကျုပ်က စီစဉ်ခိုင်းထားပြီ… ဧည့်သည်တော် တော်ဝင်မြေတွေနဲ့ လက်ကျန်ပြိုင်ပွဲဝင်တွေရဲ့ ဆွေမျိုးမိဘတွေ၊မိတ်ဆွေတွေက ညစာစားပွဲကို တက်ရောက်နိုင်တယ်… ” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ တခြားပြည်နယ်မှ ဧည့်သည်များကိုကား သူတို့က မည်သည့်နည်းနှင့်မဆို ဧည့်ခံရန် လိုအပ်ကာ အရှေ့ဘက်ပြည်နယ်မှ လက်ကျန်သုံးယောက်ကိုလည်း ဧည့်ခံပွဲတက်ရောက်ရန် သူက အထူးတလည် ဖိတ်ကြားခဲ့၏။

ထိုသို့ ပြောပြီးသည်နှင့် ရှီဟွာတောင် ရှန့်ထိုက ထရပ်သည်။ အားလုံးကလည်း ထရပ်ကာ ရှီဟွာတောင်အတွင်းပိုင်းသို့ ထွက်ခွာရန် ပြင်ဆင်ကြသည်။

ပြည်နယ်ကိုးခုညီလာခံ၏နောက်ဆုံးအဆင့်တိုက်ပွဲများအား နောက်သုံးရက်တွင် ကျင်းပမည်ဖြစ်သည်။

ရီဖူရှင်းတို့ကလည်း ထရပ်ကြသည်။ ယူချင်း၊​ဟွာဂျီယူနှင့် တခြားလူများကလည်း ရီဖူရှင်း၏ဘေးနားကို ရောက်လာကြ၏။

“ မင်းတို့ ကောင်းကောင်းလုပ်ခဲ့ကြတယ်.. ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ သူတို့ပြသခဲ့သော စွမ်းဆောင်ရည်များကြောင့် သူကား အလွန်မျက်နှာရ၏။

“ ငါတို့ မပြီးသေးဘူး… ” ယူချင်းက ပြောသည်။ သူ့အတွက်မူကား အကောင်းဆုံး လူစာရင်းတစ်ရာက ဘာမှ မဟုတ်သေးပေ။ တခြားပြည်နယ်များ၏အမြင်များကို ရိုက်ချိုးရန် သူက သည့်ထက် သက်သေပြရန် လိုအပ်သေးသည်။

“ ငါ မျှော်လင့်နေမယ်.. ” ရီဖူရှင်းကလည်း ပြုံလျက်ပြောသည်။ သူကလည်း ယူချင်းအပေါ် အလွန်မျှော်လင့်ထားပေသည်။

“ ငါ့အတွက်တော့ စိတ်ပျက်စရာပဲ.. ” ကျွေ့ချိန်ချူက ခေါင်းယမ်းလျက်ပြောသည်။

ရီဖူရှင်းက သူ့အား ပြုံးလျက်ကြည့်ကာ ပြောသည်… “ မင်းက ကံဆိုးတာပါပဲ… ”

“ ငါက အားနည်းတယ်.. ဒါက အမှန်တရားပဲ… ငါက လုံလုံလောက်လောက်အားကောင်းရင် ရှုံးမှာမဟုတ်ဘူး… ” ကျွေ့ချိန်ချူက ရှီဟွာတောင်ဘက်ကို ကြည့်ကာ ပြောသည်။ အကယ်၍ ဟွာယွန်ရှုက ယူချင်းကို ရွေးချယ်စိန်ခေါ်ခဲ့ပါက အခြေအနေက ကွဲပြားခြားနားနိုင်ပေသည်။

“ စိတ်ပျက်မနေနဲ့တော့… စားပွဲကို သွားရအောင်… ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ပြည်နယ်ကိုးခုညီလာခံကား သူတို့အတွက် ခရီးအစမျှသာဖြစ်သည်။ နောင်တွင် သူတို့ကား သည့်ထက်မြင့်မားစွာပျံသန်းကြပေမည်။

“ သွားရအောင်… ” ဝမ်ရှင်းက ပြောသည်။ အားလုံးကလည်း ရှီဟွာတောင်၏အတွင်းဘက်နေရာသို့ ဦးတည်၍​လှမ်းလိုက်ကြတော့သည်။

***

ရှီဟွာတောင်က ဧရာမစားပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ညစာစားပွဲအား နေရာကိုးခုခွဲကာ ကျင်းပ၏။ စားပွဲက လူထောင်ပေါင်းများစွာအတွက် နေရာလုံလောက်အောင် စီစဉ်ထားကာ အပြငအဆင် အခင်းအကျင်းများကလည်း အလွန်လှပပြီး ရှုချင်စဖွယ်ကောင်း၏။

ပြည်နယ်ကိုးခုမှ ဧည့်သည်များက ရောက်လာသောအခါ ပုံမှန်အားဖြင့် မြေရိုင်းပြည်နယ်ကား ညစာစားပွဲ၏ ထောင့်ကျကာ အစွန်အဖျားနေရာ၌ နေရာချပေးခြင်းခံရသည်သာ။ သို့သော်လည်း ရီဖူရှင်းတို့ကား ထိုသို့သော စီမံမှုများကို အသားကျနေပြီးဖြစ်ကာ ဘာမှ ပြောဆိုခြင်းမပြုကြပေ။

ညစာစားပွဲကား အကောင်းဆုံးသော အစားအသောက်များ သေရည်များဖြင့် တည်ခင်းဧည့်ခံရာ ကျွေ့ချိန်ချူကား အလွန်ပျော်ရွှင်ပေသည်။ သူက ဟန်ပင်မဆောင်နိုင်ဘဲ သေရည်များအား မော့သောက်ကာ ပါးစပ်မှလည်း အဆက်မပြတ် ချီးကျူးပြောဆိုနေသည်။

ဧည့်သည်များအား တည်ခင်းဧည့်ခံကြသော မိန်းကလေး ငယ်များမှာလည်း လှပချောမောကြကာ ဧည့်ခံပွဲ၏ အလယ်ဗဟို၌လည်း မိန်းကလေးများက တီးမှုတ်ကခုန်ကြပြီး ဧည့်သည်များအား ဖျော်ဖြေကြသည်။

အရှေ့ဘက်ပြည်နယ်၏ တော်ဝင်မြေဖြစ်သည့်အလျှောက် ရှီဟွာတောင်ကား ရှန့်ထိုသုံးပါးကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ပြည်နယ်တစ်ခုလုံးအပေါ်​ သူတို့၏ဩဇာ အာဏာသက်ရောက်မှုကလည်း အလွန်ကြီးမားပေ၏။ ထို့ကြောင့် သည်ညစာစားပွဲတွင် တည်ခင်းဧည့်ခံကြသော မိန်းကလေးများကား သာမန်များမဟုတ်ဘဲ နာမည်ကြီးကလန်များ၊ အဖွဲ့အစည်းများ၏သမီးပျိုများဖြစ်ကြပေသည်။

ရီဖူရှင်းက သူ၏ထိုင်ခုံနေရာကို ရောက်လာကာ တိတ်ဆိတ်စွာ ထိုင်ပြီး ဧည့်ခံပွဲကို ကြည့်သည်။ မကြာသေးမှီက အသေအကြေ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသော ပြည်နယ်ကိုးခုကား ယခု မိတ်ဆွေရင်းသူငယ်ချင်းများပမာ ခင်မင်ရင်းနှီးသောအမူအရာများဖြင့် ဖော်ရွေစွာ ပြောဆိုနေကြသည်။ သည်မြင်ကွင်းက မိတ်ဆွေ အပေါင်းအသင်းများ၏ဆုံတွေ့ပွဲများအလား ထင်မှတ်ရ၏။

“ ကျုပ်တို့ တန်ခိုးရှင်တွေက ပြင်ပကို သိပ်ထွက်လေ့ မရှိကြဘူး … ဒါကြောင့် ပြည်နယ်ကိုးခုက ပါရမီရှင်တွေကို ဆုံတွေ့ဖို့ အရမ်းခက်ခဲတယ် … ကျုပ်တို့အားလုံး ဒီနေ့ဆုံတွေ့ကြတယ်.. ဒါကြောင့် သိပ်ပြီး ဟန်ဆောင်နေစရာ မလိုဘူး … ဒီညစာစားပွဲကို မိသားစုစားပွဲလို သဘောထားလို့ ရတယ် … စိတ်ရှိတိုင်း သောက်စားကြပါ … ဒီအချိန်မှာ အဆင့်အတန်းတွေ၊ အကန့်အသတ်တွေကို ထည့်စဉ်းစားနေစရာ မလိုဘူး … ” ရှီဟွာတောင်ရှန့်ထိုက ခွက်ကို မြှောက်လျက်ပြောသည်။ သူ၏အသံကား တည်ငြိမ်ကာ အေးဆေးသည်။ အားလုံးကလည်း ခွက်မြောက်ကြသည်။

“ ကောင်ကင်ရှန့်ထို … တစ်ချိန်တုန်းက ကျုပ်တို့လည်း သူတို့တွေလိုပဲမလား … ငယ်ရွယ်ပြီးတော့ တက်ကြွခဲ့ကြတယ် … အချိန်တွေကုန်တာ မြန်လိုက်တာ … ” ရှီဟွာတောင်ရှန့်ထို့က ပြုံးလျှက်ပြောသည်။

“ ပြည်နယ်ကိုးခုက မရေမတွက်နိုင်တဲ့လူတွေအကြား လေးစားအားကျရတဲ့ နာမည်ကျော်ရှန့်ထိုတစ်ပါးက အချိန်တွေကုန်တဲ့အကြောင်း ပြောတာ တကယ် ထူးဆန်းတယ်… ” ရှားကလန်တန်ခိုးရှင်တစ်ယောက်က ပြုံးလျက်ပြောသည်။

“ စီနီယာရှား ဘာလုပ်နေလဲ … ” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ရှားကလန်တန်ခိုးရှင်အား မေးသည်။

“ အဘိုးကြီးက ကျန်းကျန်းမာမာပါပဲ… ” ရှားကလန်တန်ခိုးရှင်က ခေါင်းညိတ်သည်။ ရှီဟွာတောင်ရှန့်ထိုက စီနီယာပိုင်းတွင် မြင့်မားသော နေရာ၌​ ရှိသည့်တိုင် ရှားကလန်မှ အဘိုးကြီးကား သူ့ထက်ပင် စီနီယာကျကာ အသက်ကြီးရင့်ပေသည်။

“ အခွင့်အရေးရရင် ကျုပ်က အဘိုးကြီးဆီကို သွားတွေ့ဦးမှပဲ … ” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။ ရှားကလန်တန်ခိုးရှင်က ခေါင်းညိတ်သည်။

တခြားတစ်ဖက်တွင် ကျောက်မဟာပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက မှန်နန်းတော်သခင်မထံကို ရောက်လာသည်။ သူက ခွက်ကို မြှောက်လျက်ပြောသည် … “ နန်းတော်သခင်မ.. ဒီနှစ်ပိုင်းတွေမှာ ဘာတွေများ လုပ်နေလဲ… ”

မှန်နန်းတော်သခင်မက ဘုရင်မင်းမြတ်ကို ကြည့်ကာ ပြုံးလျက်ပြောသည်… “ ကျွန်မက မှန်နန်းတော်မှာပဲ​ တစ်ချိန်လုံး လေ့ကျင့်နေတာပါပဲ … ”

မှန်နန်းတော် သခင်မ၏တပည့်များအားလုံးက ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်ကို ကြည့်ကြသည်။ သူတို့အားလုံးက မှန်နန်းတော်သခင်မအား ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်က ပိုးပမ်းခဲ့ဘူးကြောင်း ကြားဖူးကြသည်။ သို့သော်လည်း မှန်နန်းတော် သခင်မကား နှစ်ပေါင်းများစွာ တစ်ယောက်တည်း လေ့ကျင့်နေခဲ့ရာ သူမအား ရယူလိုသည့် သူ၏မျှော်မှန်းချက်မှာလည်း တဖြည်းဖြည်း ဝေးကွာလာဟန်ရနေသည်။

“ ဘုရင်မင်းမြတ် … နန်းတော်သခင်မက ဘယ်လိုလုပ် အဆင်မပြေဘဲ​နေပါ့မလဲ … ဘယ်လိုပြောပြော သူမက ရုပ်ရည်ပိုင်းရော … ပညာအဆင့်အတန်းပိုင်းရော … မျိုးဆက်တစ်ခုရဲ့ သင်္ကေတပဲမဟုတ်လား… ”

ရှီဟွာတောင်ရှန့်ထိုကား သူတို့နှစ်ယောက်လုံးထက် မျိုးဆက်တစ်ခုကြီးရင့်ကာ ပိုမို၍ စီနီယာကျပေသည်။

“ စီနီယာရှီဟွာသခင်.. ကျွန်မတို့က ဒီအသက်အရွယ်ကိုတောင် ရောက်လာပြီပဲ… ” မှန်နန်းတော်သခင်မက ပြုံးလျက်ပြောသည်။ သူမ၏အသံက ကြည်လင်သာယာကာ အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်နှင့် မခြားပေ။

“ တန်ခိုးရှင်တွေက ဘယ်တုန်းက အသက်အရွယ်ကို ဂရုစိုက်လို့လဲ … ” ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်ပြောသည်။

“ ဒါက မှန်ကန်တယ်ဆိုပေမဲ့ အချိန်က သူတို့တွေအတွက်ပါပဲ… ” မှန်နန်းတော်သခင်မက ပြည်နယ်ကိုးခုမှ လူငယ်ပါရမီရှင်များအား ပြုံးလျက်ပြောသည်။

ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်တို့အပြင် တခြားပုဂ္ဂိုလ်ကြီးများ အားလုံးက လူငယ်များအား ကြည့်ကြသည်။ ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက်ပြောသည်… “ ခေတ်အဆက်ဆက်တိုင်းမှာ ကိုယ်ပိုင် အမှတ်သင်္ကေတဆိုတာ ရှိကြတာပါပဲ … ဒီနှစ်ပြည်နယ် ကိုးခုညီလာခံမှာ လူငယ်တွေရဲ့ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးလေးစားစရာပဲ… ရှားကလန်၊ ယွီကလန်၊ နွေဦးပြည်နယ်က ရီကလန်နဲ့ ပြည်နယ်ကိုးခုကျောင်းတော်၊ ချီပြည်နယ်၊ကျိရှားနန်းတော်၊ အလင်းနန်းတော်၊ ချီပြည်နယ်က ယွီအိမ်တော်၊ ဗာဂျရာဒေသ၊ လို့ဟွားနန်းတော်နဲ့ တော်ဝင်အလင်း ဘုရားကျောင်း … စတဲ့ နေရာတွေအကုန်လုံးက ထွန်းလင်းတောက်ပကြတယ် … ရှီဟွာတောင်ရဲ့ တော်ဝင်ရတနာက သေချာပေါက် တစ်စုံတစ်ယောက် လက်ထဲ ရောက်တော့မှာပဲ… ”

ရှီဟွာတောင်ရှန့်ထိုက အရွှမ်းဖောက် ပြောနေသည်ကို အားလုံးက နားလည်ကြသည်။ သူက တော်ဝင်ရတနာကို ဆုလဘ်အဖြစ်ထားရာ ရတနာကို လက်လွှတ်ရန် ပြင်ဆင်ပြီး ဖြစ်ရပေမည်။

“ ရှီဟွာတောင်က ဟွာယွန်ရှုနဲ့ ကျောက်မဟာ ပြည်ထောင်က ကျောက်ယိုတို့ကလည်း အဆုံးသတ်မှာ ပြိုင်ပွဲအနိုင်ရသူ ဖြစ်နိုင်တာပဲ … တော်ဝင်ရတနာက အရှေ့ဘက် ပြည်နယ်မှာပဲ ကျန်ရစ်နိုင်တယ်… ” ပုဂ္ဂိုလ်ကြီးတစ်ယောက်က ပြုံးလျက်ပြောသည်။

“ ဒီနှစ်ပြိုင်ပွဲမှာ တကယ်ပဲ ထူးချွန်ထက်မြက်တဲ့လူတွေ ပါလာကြတယ် … ကျုပ်ကိုယ်တိုင်တောင် အရမ်းစိတ်ဝင်တစား ဖြစ်ရတယ် … ” ကောင်းကင်ရှန့်ထိုက ပြုံးလျက်ပြောသည် … “ တိတိကျကျပြောရရင် ကျုပ်က မြေရိုင်းပြည်နယ်ကို အထင်သေးခဲ့တယ် … ဒါပေမဲ့ ဒီလူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေက သာမန်မဟုတ်ဘူးပဲ … အထူးသဖြင့် ယူချင်းပဲ … သူက ပြိုင်ပွဲမှာ ကြောက်စရာ ကောင်းတဲ့လူ ဖြစ်လာနိုင်တယ်… ”

လူအများအပြားက မြေရိုင်းပြည်နယ်မှ လူများရှိရာဘက်ကို လှမ်းကြည့်ကြသည်။ ယူချင်းက အမှန်ပင် ထူးခြားသော အမြင်များအား ပေးစွမ်းစေနိုင်သည်။ သူက မြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်လောက်ပေသည်။ သို့သော်လည်း ယခု လက်ရှိအဆင့်တွင် အားလုံးက အတော်ဆုံး အကောင်းဆုံးများ ဖြစ်ကြရာ မည်သည့်အရာကိုမှ ရေရေရာရာ ပြော၍ မရသေးပေ။ အကယ်၍​ယူချင်းကသာ ထိပ်သီးဆယ်နေရာသို့ တက်လှမ်းနိုင်ပါက သူက ပြည်နယ်ကိုးခု၏အတော်ဆုံးလူများနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုနေရာ၌​ခက်ခဲမှုကိုကား အထူးပြောနေစရာမလိုတော့ပေ။

“ မြေရိုင်းပြည်နယ်ရဲ့ ဒီမျိုးဆက်က တိုးတက်မည့် အလားအလာတွေ အရမ်းများတယ် …” တစ်ယောက်က ပြုံးလျက်ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset