“အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအား…” ယိရှောင်ရှီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချက်ချင်းပင် အဆုံးအစမဲ့သော ရွှေရောင် အလင်းများက တစ်နေရာတည်းတွင် စုစည်းလာကာ ယိရှောင်ရှီ၏ စိတ်အသိနှင့် ပေါင်းစပ်သွားသည်။
တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်ကို ရံကာ ရွှေရောင် ရှေးဟောင်း နတ်ဘုရားတစ်ပါး ပုံသဏ္ဌာန်တစ်ခု ပေါ်လာ၏။ သို့သော်လည်း ပိုင်လွေလီက ဂူတုံးလျိုနှင့် တိုက်ခိုက်ရာတွင် သုံးခဲ့သော ရှေးနတ်ဘုရား ပုံရိပ်နှင့်ယှဉ်လျှင် ယိရှောင်ရှီ၏ ဖန်ဆင်းခြင်းက အလွန် သေးငယ်ပေသည်။
“သေးသေးလေးလား…” ကျူးကော့မင်းယွီက အံ့အားသင့်သော အမူအရာဖြင့် ရေရွတ်သည်။
“ကြီးစမ်း…” ယိရှောင်ရှီက ခပ်ဆတ်ဆတ် ပြောသည်။ ချက်ချင်းပင် ရွှေရောင် ရှေးနတ်ဘုရားက အရွယ်အစား မြန်ဆန်စွာ ကြီးထွားလာသည်။
မြန်ဆန်စွာ ကြီးထွားလာသော ရှေးနတ်ဘုရားကား ပိုင်လွေလီ ဖန်ဆင်းခဲ့သည်ထက် ကြီးမားလာသည်ကို မြင်လျှင် ကျူးကော့မင်းယွီက မျက်လုံး ပြူးသွားသည်။ သို့သော်လည်း ယိရှောင်ရှီကား ရပ်တန့်လိုဟန်မရဘဲ ဆက်လက်၍ အော်ဟစ်နေသည်… “ကြီးစမ်း.. ကြီးစမ်း.. ကြီးစမ်း.. ”
ရှေးဟောင်း နတ်ဘုရားကား အဆမတန် ကြီးမားလာကာ စစ်မှန်သော နတ်ဘုရားအလား ကောင်းကင်ကို မိုး၍ ဖြစ်တည်လာ၏။ လူအုပ်ကြီးက ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲသွားကြသည်။
ဝမ်ယွီက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သော အသွင်ဖြစ်လာသည်။ ယိရှောင်ရှီ သုံးနေသည်ကား သစ်သားဓာတ်မှ ဖြစ်တည်လာသော ကြီးထွားခြင်း လောကဓာတ်ဖြစ်သည်။
“သူ့ကိုနင်း…” ထိုအခိုက်တွင် ယိရှောင်ရှီ၏ စိတ်တိုင်းမကျသော အသံထွက်ပေါ်လာသည်။ မင်းက ဒီဖက်တီးကို အနိုင်ကျင့်ရဲတာလား…။
ရှေးဟောင်း နတ်ဘုရားက ခြေထောက်ကို မြှောက်ကာ သူ့ထံ နင်းခြေလာသည်ကို မြင်လျှင် ဝမ်ယွီ၏အမူအရာက တင်းမာသွားသည်။ သူ၏ရင်ဘတ်က တုန်ယင်နေကာ ခေါင်းထဲ၌ အတွေးများ ဗြောင်းဆန်နေသည်။ သူက သည်အရာအား မည်သို့ လောင်ကျွမ်း မည်နည်း။
“ဒါ…” ပရိသတ်များကလည်း ဧရာမ ရှေးနတ်ဘုရားအား ကြည့်ကာ ဆွံ့အရသည်။
“ဒီဝက်စုတ်…” ကျူးကော့မင်းယွီက တိုက်ပွဲကိုကြည့်ပြီး ရယ်မောသည်။ ဝက်စုတ်ကား ကျိရှမ်းကမ်းပါးမှ အတော်ဆုံးလူကို အနိုင်ယူနိုင်သည့်တိုင် အညံ့ဆုံးလူကို တမင်ရွေး၍ စိန်ခေါ်ခဲ့၏။ အမှန်ပင် ညစ်ပတ်သော ရွေးချယ်မှုပင်။
ဝမ်ယွီက ရှောင်ဖယ်ကာ နောက်ဆုတ်သည်။ ဧရာမ ခြေထောက်ကြီးက ဆောင့်နင်းသည်တွင် စင်မြင့်ကြီး တစ်ခုလုံးအား ပြင်းစွာ တုန်ခါစေ၏။ အကယ်၍ စင်မြင့်အား ရှီဟွာတောင်မှ ထိပ်သီး တန်ခိုးရှင်များက အစီအရင်များ အသုံးပြု၍ တည်ဆောက်ခြင်း မရှိခဲ့လျှင် ယခုချက်ချင်း ပြိုလဲသွားနိုင်ပေသည်။
ရွှေရောင် ရှေးနတ်ဘုရားက ဆက်လက်၍ နင်းခြေလာသည်။ သူကား မြေပြင်ပေါ်တွင် သည်အတိုင်း ရပ်နေရင်းနှင့်ပင် ကြီးစွာသော ဖိအားကို ပေးစွမ်းနိုင်သူ ဖြစ်သည်။ ဝမ်ယွီ အသုံးပြုနေသော လောကဓာတ်ကား မီးဓာတ်ကို အခြေခံ၏။ ထိုလောကဓာတ်က သစ်သားဓာတ်ကို ဆန့်ကျင်သော်လည်း ယခု ထိုမျှကြီးမားသော ရွှေရောင် ရှေးဟောင်း နတ်ဘုရားအား ဘာမှ မလုပ်နိုင်ပေ။
“နင်း… နင်း… နင်း…” ယိရှောင်ရှီက ရှေးဟောင်း နတ်ဘုရား၏နောက်တွင် ပုန်းကွယ်ကာ အော်ဟစ်သည်။
ဝမ်ယွီက သူရှိရာဘက်ကို အေးစက်စွာ ကြည့်သည်။ သည်ဝက်စုတ်ကား အမှန်ပင် ညစ်ပတ်လွန်းလှသည်။
မြေပြင်က ဆက်လက်၍ တုန်ခါလာသည်တွင် ဝမ်ယွီ၏မျက်နှာက အကြီးအကျယ် ပျက်ယွင်းလာသည်။ နောက်ဆုံးတွင် သူက ဘယ်လိုမှ မဟန်တော့ဘဲ အော်ဟစ်လိုက်သည်… “ကျုပ် အရှုံးပေးတယ်… ”
ထိုသို့ပြောလိုက်မှ ရှေးဟောင်း နတ်ဘုရားက လှုပ်ရှားရာမှ ရပ်တန့်သွားသည်။ ထိုအရာက အငွေ့များအဖြစ် ပျောက်ပျက်သွားကာ ယိရှောင်ရှီက လေထဲကို ခုန်တက်သွားပြီး ဝမ်ယွီကို စိုက်ကြည့်ကာ ပြောသည်… “အရမ်း အားနည်းတယ်.. ငါ့အချိန်တွေကို ဖြုန်းနေတာပဲ…” ထို့နောက် သူက နောက်လှည့်ကာ ဒေါသူပုန်ထနေသော ဝမ်ယွီအား ချန်ထား၍ ထွက်သွားသည်။
အရမ်း အားနည်းသည်တဲ့လား…။ ဝမ်ယွီ၏လက်က ကျစ်ကျစ်မြည်အောင် ဆုပ်လိုက်၍ အရိုးအဆစ်ကျိုးသံ ကြည်လင် ပြတ်သွားစွာ ထွက်လာသည်။ သူက အံကို တင်းတင်း ကြိတ်ကာ ဝက်စုတ်အား သည်နေရာတွင်ပင် ပိတ်ကန်ပစ်လိုသည်။
“ဘယ်လိုလဲဟ…” ပုဂ္ဂိုလ်ကြီး များစွာသော ဆွံ့အရသည်။ မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်သူ ဖက်တီးကား အလွန်တရာ ညစ်ပတ်လွန်းသည်။
မည်သို့ဆိုစေ ယိရှောင်ရှီကား နောက်တစ်ဆင့်ကို တက်သွားကာ မြေရိုင်းပြည်နယ်မှ နောက်ဆုံးလူစာရင်း တစ်ရာသို့ ဝင်နိုင်သော ပထမဆုံးလူလည်း ဖြစ်၏။
“မြေရိုင်းပြည်နယ်…” လူအများအပြားက မြေရိုင်းပြည်နယ် ဘက်ကို ကြည့်ကာ မြေရိုင်းပြည်နယ် အပေါ် အမြင်များလည်း ပြောင်းလာခဲ့ကြသည်။ မြေရိုင်းပြည်နယ်ကား သည်ပြိုင်ပွဲ၌အဖြည့်ခံမျှသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြ သော်လည်း ယခု လက်ရှိ အခြေအနေအရ သူတို့ကား နောက်ဆုံး လူတစ်ရာစာရင်းတွင် အနည်းဆုံး သုံးယောက် ပါဝင်နိုင်ပေသည်။ သူတို့၏ လက်ရှိစွမ်းဆောင်ရည် အရ မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဟူသော ဂုဏ်ပုဒ်နှင့်လည်း ထိုက်တန် လာသလိုရှိ၏။
ကျိရှမ်းကမ်းပါး၏ မည်သည့်တန်ခိုးရှင်မှ နောက်ဆုံးလူ တစ်ရာစာရင်းသို့ မဝင်ရောက်နိုင်သည်ကို သတိထားကြည့်ရန် လိုပေသည်။ ထိုသို့ နှိုင်းယှဉ်ကြည့်လျှင်ပင် လူအများအပြားက မြေရိုင်းပြည်နယ်ကို အထင်ကြီး ကြရသည်။
ပရိသတ်များက ပိုမို၍ စိတ်ဝင်စား လာကြသည်။ လူတစ်ရာ စာရင်းပြည့်သွားပြီး နောက်ပိုင်း တိုက်ပွဲများ မည်သို့ ဖြစ်လာမည်ကို တွေးကာ အားလုံးက စိတ်အား ထက်သန်လာကြ၏။
တိမ်တိုက်ပြည်နယ်၊ စစ်ဘုရင်ပြည်နယ်နှင့် တခြားပြည်နယ်များမှ လူများက ရှေ့ကို တက်လာကာ တိုက်ခိုက်ကြသည်။ သို့သော်လည်း မည်သူကမှ မြေရိုင်းပြည်နယ်ကို စိန်မခေါ် ရဲကြတော့ပေ။
ယိရှောင်ရှီ၏ စွမ်းအားပင် ကြောက်မက်ဖွယ် ကောင်း၏။ မြေရိုင်းပြည်နယ်မှ လူများထဲတွင် လက်ရှိ အားအနည်းဆုံး ဆိုပါလျှင် ဖီးနစ်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း သူမကလည်း ယိရှောင်ရှီကဲ့သို့ ပညာလျှိုထားခြင်း ဖြစ်နေပါက မည်သို့ လုပ်မည်နည်း။
ထို့ကြောင့် မည်သူကမှ သူမအား စိန်မခေါ်လိုကြပေ။
မြေရိုင်းပြည်နယ်၏ အလှည့်ကို ရောက်လာသောအခါ ဖီးနစ်က ဦးဆုံး စိန်ခေါ်သည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်ကာ ယူချင်းတို့အဖွဲ့ စီမံနေသည်ကို အသိအမှတ်ပြုသည်။
စိန်ခေါ်ပွဲများ စတင်သော အချိန်အခါပင်ဖြစ်ရာ အားနည်းသော လူများကား ပြည်နယ်အချို့၌ကျန်ရစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယခု သူတို့အလှည့် ရောက်သောအခါ ဖီးနစ်အား သွားရောက် စိန်ခေါ်ခိုင်းခြင်းဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းရန် အခွင့်အရေး ပေးခဲ့ကြသည်။
ဖီးနစ်က သူတို့အား စိတ်မပျက်စေခဲ့ပေ။ သူမက စိန်ခေါ်သူအား အနိုင်ရခဲ့၏။ သူမက ယိရှောင်ရှီပြီးနောက် နောက်တစ်ဆင့်ကို တက်ရောက်သော မြေရိုင်းပြည်နယ်၏ ဒုတိယမြောက်လူ ဖြစ်လာသည်။ သူတို့နှစ်ယောက်လုံးက ကနဦးတိုက်ပွဲများ အစတွင် အားအနည်းဆုံးလူများ ဖြစ်ကြသော်လည်း ယခု နှစ်ယောက်လုံးက နောက်ဆုံးလူစာရင်းတစ်ရာသို့ ဝင်ကြသည်။
ကျန်သော ငါးယောက်ဖြစ်သော ယူချင်း၊ ဟွာဂျီယူ၊ရီဝူချင်း၊ စုချွဲနှင့်ယန်ကျန်းတို့အား အနိုင်ယူရန် အလွန် ခက်ခဲပေမည်။
အထူးသဖြင့် ယူချင်းဖြစ်သည်။ သူ့အား မည်သူကမှ စိန်မခေါ်ရဲကြပေ။
သူကား သေချာပေါက် ထိပ်သီး အယောက်သုံးဆယ် စာရင်းသို့ ဝင်နိုင်ပေသည်။ မည်သည့် ထိပ်သီး ပါရမီရှင်ကမှ သူ့အား လက်ရှိအချိန်၌ စိန်မခေါ်လိုကြပေ။ ထိုသို့လုပ်ခြင်းက စွန့်စားလွန်းရာ ရောက်ပြီး လောလောဆယ် မလိုအပ်ပေ။
စိန်ခေါ်ပွဲများ ဆက်လျှင် တိုက်ပွဲတိုင်းက တစ်ယောက်စီကား နောက်တစ်ဆင့်ကို တက်ကြသည်။ တိုက်ပွဲတိုင်းက ပိုမိုပြင်းထန်လာကာ ပါရမီရှင်များ၏ ပုန်းကွယ်နေသော စွမ်းရည်များကလည်း ထွက်ပေါ် လာကြတော့သည်။
မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များကလည်း ရှေ့ကို တက်ကာ စိန်ခေါ် တိုက်ခိုက်ကြပြီး အားလုံးက အနိုင်ရကြ၏။ ယူချင်းကား နောက်ဆုံးမှ ထွက်လာသူဖြစ်သည်။ သူကား ကျန်ရစ်သူများထဲ၌ အားအကောင်းဆုံးလည်း ဖြစ်၏။ ထို့ကြောင့် သူက ပြိုင်ဘက် တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ခြင်း မရှိလျှင်ပင် သူ့အား စိန်ခေါ်သူကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိ၏။
ဤသို့ဖြင့် မြေရိုင်းပြည်နယ်မှ ခုနစ်ယောက်လုံးက နောက်ဆုံးလူ တစ်ရာစာရင်းသို့ ဝင်ရောက် သွားခဲ့ကြသည်။ ပြည်နယ်ကိုးခု ညီလာခံ၌ ပြိုင်ပွဲဝင် အရေအတွက်က ပိုမို၍ နည်းလာကာ မြေရိုင်းပြည်နယ်မှ ခုနစ်ယောက် အင်အားစုကား အလွန် သိသာလာသည်။
တခြားပြည်နယ်များမှ ပြိုင်ပွဲဝင် အရေအတွက်က များပြားသည် ဆိုသော်လည်း တော်ဝင်မြေ သက်သက်ဖြင့် တွက်ချက်ပါက လက်ရှိတွင် ပြိုင်ပွဲဝင် တော်ဝင်မြေပေါင်း သုံးဆယ်ခန့်ရှိ၏။ ပျမ်းမျှအားဖြင့် တော်ဝင်မြေ တစ်ခုစီက ပြိုင်ပွဲဝင် ကိုယ်စားပြု သုံးယောက် သို့မဟုတ် လေးယောက်မျှသာ ရှိကြပေသည်။ မြေရိုင်းပြည်နယ်၏ တော်ဝင်ကျဲနန်းတော်ကား ခုနစ်ယောက်ဖြင့် အများဆုံး ဖြစ်ပေသည်။
ယခု အားလုံး၏အာရုံက မြေရိုင်းပြည်နယ်တွင် ရှိကာ ဤသို့ ဖြစ်လာမည်ကိုလည်း မည်သူကမှ မမျှော်လင့်ခဲ့ကြပေ။
ရှီဟွာတောင်က မြေရိုင်းပြည်နယ်ကို ဖိတ်ခေါ်သော အချိန်၌ ဤသို့သော အဖြစ်အပျက်အား မည်သို့မှ မမျှော်လင့်ထားခဲ့ပေ။ ကျိရှမ်းကမ်းပါးမူကား မြေရိုင်းပြည်နယ်ကို ရန်စခဲ့သေးသည်။ ထို့ကြောင့်ပင် ရီဖူရှင်းက ရှီဟွာတောင်ရှန့်ထိုကို ပြုမူ ပြောဆိုခဲ့ခြင်းများက စိတ်ရင်းနှင့် မဟုတ်နိုင်ကြောင်း တွေးမိလာကြ၏။
“ပြည်နယ်ကိုးခုမှာ ရှီဟွာတောင်ကိုပဲကြည့်… ပါရမီမြင့်သူတွေ ဘယ်လောက်ရှိလဲ… မင်းက သူတို့ကို တွေ့တဲ့အခါ နှိမ့်ချဆက်ဆံပြီး သူတို့ဆီက လမ်းညွှန်မှုကို ရယူသင့်တယ်…” ထိုစကားက ပြည်နယ်ကိုးခုညီလာခံ မစတင်မှီ ယူချင်းအား ရီဖူရှင်းက ပြောခဲ့သော စကားဖြစ်သည်။
နှိမ့်ချဆက်ဆံကာ လမ်းညွှန်မှုကို ရယူသင့်သည်လား…။
မြေရိုင်းပြည်နယ်က ထိပ်သီးဆယ်နေရာသို့ မတက်လှမ်းနိုင်ပါက တော်ဝင်ရတနာ တစ်ခုကို ပေးအပ်မည်။
ထိုစကားက တစ်ဖက်သားကို တောင်းပန် တိုးရှိုးခြင်းလား…။
မဟုတ်ပေ … ထိုစကားက ယုံကြည်မှု ဖြစ်၏။
ပြည်နယ်ကိုးခုလုံးမှ လူတိုင်းက ထိုအချက်အား နားလည် လိုက်ကြသည်။ သို့သော်လည်း မည်သူကမှ ထုတ်မပြောကြပေ။ လက်ရှိတွင် ရှီဟွာတောင်ကား ပြည်နယ်ကိုးခု ညီလာခံ၏ အိမ်ရှင်ဖြစ်ကာ သူတို့အား မျက်နှာပျက်စေအောင် မည်သူမှ မလုပ်လိုကြပေ။ ထို့အပြင် ရီဖူရှင်း၏ တုံ့ပြန်မှုကလည်း ပြင်းထန်ခြင်း မရှိခဲ့သလို ထိုစကားများကို ပြောခြင်း အတွက်လည်း အပြစ်ဆိုစရာ မရှိပေ။ အမှန်တကယ်အားဖြင့် ထိုသို့ပြောအောင် ပြည်နယ်ရှစ်ခုလုံး၏ အထင်သေး အမြင်သေး ဆက်ဆံခြင်းက တွန်းအား ပေးခဲ့သည် မဟုတ်ပါလား။
အကယ်၍ အပြစ်တင်ရမည်ဆိုလျှင် မြေရိုင်းပြည်နယ်အစား တခြား ပြည်နယ်ရှစ်ခုကို အပြစ်တင်ရပေမည်။ မည်သူကမှ ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားကြပေ။ မြေရိုင်းပြည်နယ်နှင့် ရီဖူရှင်းတို့ပင် နောက်ဆုံးလူ တစ်ရာစာရင်းသို့ တက်ရောက်သော သူတို့လူများကို ကြည့်ပြီး အံ့အားသင့်ရသည်။ ကျွေ့ချိန်ချူမှအပ ကျန်လူများအားလုံး နောက်တစ်ဆင့်ကို တက်ရောက်ကြသည်။
မြေရိုင်းပြည်နယ်မှ ပြည်နယ်ကိုးခု ညီလာခံသို့ တက်ရောက်သော ပုဂ္ဂိုလ်ကြီးများ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ အိပ်မက်မက်နေသလား ထင်ရ၏။ ရီဖူရှင်းက တော်ဝင်ကျဲနန်းတော် သခင်အဖြစ် လက်ခံဆောင်ရွက်ပြီး နောက်ပိုင်း လူငယ်များက ဤအခြေအနေအထိ တိုးတက်လာမည်ဟု မည်သူကမှ မထင်ထားကြပေ။ သူနှင့်သူ့အဖွဲ့က မြေရိုင်းပြည်နယ် ပြင်ပသို့ ပထမဆုံး ထွက်လာကြသော်လည်း ယခုစင်ပေါ်တွင် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်များအား ပြသနိုင်ခဲ့ကြသည်။
သည်အရာက ဖြစ်နိုင်မည်ဟု မည်သူ ထင်မှတ်ခဲ့ကြမည်နည်း။
ကျိရှမ်းကမ်းပါးမှ ချင်ကျောင်း တစ်ယောက်တည်းပင် တော်ဝင်ကျဲနန်းတော် တစ်ခုလုံးအား အရှက်ခွဲခဲ့ဖူးပေသည်။ ပို၍ အဓိပ္ပာယ် ကင်းမဲ့သည်ကား ရီဖူရှင်းအား သူ၏မိတ်ဆွေများကို ရှီနန်းတော်သို့ ဝင်ခွင့်ပေးခြင်းအပေါ် သံသယဝင်ခဲ့သူများ ရှိခြင်းပင်။
ရီဖူရှင်း ထိုအရာများအား သိပ်မတွေးတော့ပေ။ သူကိုယ်တိုင်က ကံကောင်းသည်ဟုသာ တွေးထင်ထားသည်။ ကျွေ့ချိန်ချူမှလွဲ၍ တခြားလူများ အားလုံးက တော်ဝင်မြေများ၏ ထိပ်သီးပါရမီရှင်များဖြင့် မတွေ့ခဲ့ကြပေ။ ကျိရှမ်းကမ်းပါးမှ အတော်ဆုံးလူပင်လျှင် ယူချင်း၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရ၏။
***