Switch Mode

အခန်း ( ၂၉ )

တွေဝေခြင်း အလျဥ်းမရှိ

ကျင့်ကြံခြင်းအဆင့် မြင့်မားသွားသောကြောင့် ပီတိဖြာနေသည့်အပြင် အောင်မြင်စွာ ဝိတ်ချနိုင်ခဲ့ခြင်းကြောင့် ဝမ်ပေါင်လဲ့မှာ အထူးသဖြင့် ကျောင်းသားခေါင်းဆောင် ဖြစ်တော့မည်ကို တွေးမိကာ အလွန် စိတ်လှုပ်ရှားနေသည်။ ကျောင်းသား ခေါင်ဆောင်ဖြစ်သွားသည့် မြင်ကွင်းများကို မြင်ယောင်ကြည့်ကာ မျက်လုံးများ ဝင်းလက်တောက်ပနေသည်။

နောက်ဆုံးတော့ ရောက်လာခဲ့ပြီကွ …
အပျော်လွန်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ရင်တဒိန်းဒိန်းခုန်နေသည်။ ခန်းမသို့ အပြေးသွားရန် ဟန်ပြင်နေစဥ် မှင်သက်မိနေသော ရှဲ့ဟေးရန်ကို သူ သတိပြုမိသွားသည်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်လာသောကြောင့် ရှဲ့ဟေးရန်ကို အားရပါးရ ဖက်ပစ်လိုက်သည်။

“ ဝမ်းသာလိုက်တာ အစ်ကိုရေ၊ ဝိတ်ကျဆေးနည်းက တကယ်ကြီး အလုပ်ဖြစ်တာပဲ ”

“ နောက်ကျရင်လည်း အဆက်အသွယ် မပြတ်နေကြမယ်။ ဒီမှာ ကျနော်တို့ သဘောတူထားတဲ့ ဝိညာဥ်ကျောက်တုံးတွေ”

ဝမ်ပေါင်လဲ့က ဝိညာဥ်ကျောက်တုံးများကို ရှဲ့ဟေးရန်ကို လှမ်းပေးရင်း တဟားဟား အော်ရယ်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် စကားစမြည် ဆက်ပြောနေသော်လည်း ရှဲ့ဟေးရန်မှာ ပြန်ရန် စိတ်ကူးမရှိသည့်အလား တွေတွေကြီး ရှိနေဆဲဖြစ်ကြောင်း သတိထားမိသွားသည်။

“ ဟေး… အစ်ကိုရှဲ့၊ နောက်ကျနေပြီလေ… နောက်ရက်ကျမှ တစ်ဝိုင်းလောက် လိုက်ကျွေးပါဦးမယ် ”
အခြားအချိန်များတွင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်နှင့် သေချာပေါက် စကားဆက်ပြောမည် ဖြစ်သော်လည်း ယခုတွင်မူ ကျောင်းသားခေါင်းဆောင်ဖြစ်တော့မည့် အတွေးများသာ ရှိနေသည်။ စိတ်အားထက်သန်လွန်းသောကြောင့် ကြောင်ပေါက်လေး တစ်ကောင်က အသည်းနှလုံးကို ကုတ်ခြစ်နေသည့်အလား ရွစိထိုးနေတော့သည်။ ထို့ကြောင့် ရှဲ့ဟေးရန်ကို ပြန်ရန် စကားဦးသမ်းလိုက်ခြင်း ဖြစ်သည်။

“ မင်း…. မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ကြီး တိုးတက်လာတာပဲ။ အံ့ဩစရာ ကောင်းလိုက်တာကွာ ”
ရှဲ့ဟေးရန်က ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။ သူသည် တာအိုကျောင်းတွင် စီးပွားရေး လုပ်စားနေသည်မှာ နှစ်ချီနေပြီ ဖြစ်ကာ ဖောက်သည်ပေါင်း မရေမတွက်နိုင်အောင် ကြုံဆုံခဲ့ရသည်။ သေမင်းဆေးလုံးကို စားခဲ့ဖူးသူများလည်း တွေ့ခဲ့ဖူးသော်လည်း ဆေးလုံးစားပြီးနောက် အဆင့်တက်နိုင်ခဲ့သူကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“ ဆေးလုံးစားတာ နည်းနည်းလေး များသွားလို့ နေမှာပေါ့ ”
ဝမ်ပေါင်လဲ့က ခပ်လွယ်လွယ် ဖြေလိုက်သည်။ သူက စကားပြောနေစဥ် ကြောင်တောင်တောင် ဖြစ်နေသော ရှဲ့ဟေးရန်ကို ပုခုံးဖက်ကာ ဂူအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။

သူထွက်သွားသည့်တိုင် ရှဲ့ဟေးရန်မှာ အံ့ဩထိတ်လန့်နေဆဲ ဖြစ်သည်။ အတွေးများ ရှုပ်ထွေးကာ တောင်အောက်သို့ ဆင်းနေစဥ်တလျှောက် အံ့ဩတကြီး ရေရွတ်သွားလေသည်။

ရှဲ့ဟေးရန်ထွက်သွားသည်ကို စောင့်ကြည့်နေရင်း ဝမ်ပေါင်လဲ့က အဝေးဆီမှ ပျောက်ကွယ်လုဆဲဆဲ နေမင်းကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ဝိညာဥ်ကျောက်တုံးခန်းမဆီသို့ တန်းတန်းမတ်မတ် ပြေးလေတော့သည်။

ငါ ကျောင်းသားခေါင်းဆောင် ဖြစ်တော့မှာကွ …
ဝမ်ပေါင်လဲ့က အော်ရယ်လိုက်သည်။ သူသည် အတော်လေး ခံစားချက်ကောင်းကာ ပျော်ရွှင်နေသည်။ ကျောင်းသားခေါင်းဆောင်ဖြစ်ရန် မည်သို့လုပ်ရမည်ကို သူ လေ့လာထားသည်။ ကျောင်းခန်းမထဲရှိ ကျောက်နံရံရှေ့တွင် စမ်းသပ်မှုကို အသက်သွင်းရုံသာ လုပ်ရမည် ဖြစ်သည်။ ထိုနံရံရှေ့တွင် သူ၏ ဝိညာဥ်ကျောက်တုံး သန့်စင်ခြင်း အဆင့်ဆင့်ကို မှတ်တမ်းတင်ရမည် ဖြစ်သည်။ သန့်စင်မှုက လိုအပ်သည့် နံပါတ်သို့ ရောက်သွားသည်နှင့် အလိုအလျောက် ကျောင်းသား ခေါင်းဆောင် ဖြစ်သွားမည် ဖြစ်သည်။

ငါ ကျောင်းသား ခေါင်းဆောင် ဖြစ်တာနဲ့ ငါက ဓမ္မလက်နက်ဌာနက အရေးအပါဆုံးလူတွေထဲက တစ်ယောက် ဖြစ်မှာပဲ။ အဲဒီအချိန်ကျရင် ငါ့ကို ဘယ်သူက အနိုင်ကျင့်ရဲသေးလဲ ကြည့်ကြသေးတာေပါ့ …
ဝမ်ပေါင်လဲ့၏ မျှော်လင့်ချက်များ အလွန်ပြင်းထန်လာသည်နှင့်အတူ စိတ်အားထက်သန်မှုမှာလည်း မီးတောက်အလား လောင်ကျွမ်းနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသော သွေးများပင် အရှိန်မြင့်တက်ကာ လည်ပတ်နေသည့်အလား ထင်မှတ်ရသည်။

နတ်ဝိဇ္ဇာဂူမှ ကျောင်းခန်းမအထိ အကွာအဝေးမှာ အလွန် မဝေးလှသော်လည်း နီးကပ်သည်ဟု ပြောမရပေ။ စိတ်လှုပ်ရှားနေသောကြောင့် ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ဌာနမှ စီနီယာကျောင်းသားတစ်ဦး ဘေးမှ ဖြတ်သွားသည်ကို သတိမထားမိလိုက်ချေ။ ထို‌ကျောင်းသားက ဝမ်ပေါင်လဲ့ကို မြင်သောအခါ မျက်လုံးများ လက်ခနဲ ဖြစ်သွားလေသည်။

ဝမ်ပေါင်လဲ့၏ အထူးဝင်ခွင့်ရ‌ကျောင်းသား ဝတ်စုံမှာ စုတ်ပြဲနေကြောင်း သတိထားမိလိုက်သည်။ ချက်ချင်းပင် သူ၏ အသံလွှင့်လက်စွပ်ကို မြှောက်ကာ တီးတိုးပြောလိုက်သည်။
“ ငါ ဝမ်ပေါင်လဲ့ကို တွေ့လိုက်တယ်။ သူ့အဝတ်တွေက စုတ်ပြတ်နေတယ်ဟေ့ ”

ကျောင်းသားက အသံပို့လိုက်စဥ် ဓမ္မလက်နက်ဌာန၏ တောင်ထိပ်တစ်ခုပေါ်တွင် ကြီးကျယ်ခမ်းနားလှသော အိမ်တော်သုံးဆောင် ရှိလေသည်။ ထိုအိမ်တော်များမှာ ဓမ္မလက်နက်ခန်းမသုံးခုအနက် ခန်းမတစ်ခုဘေးတွင် တည်ရှိသည်။ ၎င်းတို့မှာ တစ်ဆောင်လုံး ခရမ်းရောင်ဖြစ်ကြပြီး ပဒေသရာဇ်ခေတ် တရုတ်ပြည်မှ အမတ်ရုံးတော်များနှင့် ဆင်တူလေသည်။ အိမ်တော်များကို မြင်သည်နှင့် လူတိုင်း အထင်ကြီးလေးစားသွားကြရသည်။

ထိုအိမ်တော်သုံးဆောင်၏ ဝင်ပေါက်များတွင် အစောင့်ဟု ထင်ရသည့် ကျောင်းသားများပင် ရှိနေကြသည်။ သူတို့သည် အပေါက်တွင် ရပ်ကာ ဖြတ်သွားသမျှ လူတိုင်းကို အေးတိအေးစက် ကြည့်နေကြလေသည်။

များသောအားဖြင့် ထိုအိမ်တော်များဘေးမှ ဖြတ်သွားမိသည့် ကျောင်းသားတိုင်း ကြာကြာမနေမိရန် မသိစိတ်က ခြေလှမ်း အရှိန်တင်ကာ အမြန်ထွက်ခွာကြမြဲ ဖြစ်သည်။

ထိုခရမ်းရောင် အိမ်တော်သုံးဆောင်သည် ကောင်းကင်တာအိုကျောင်း စည်းကမ်းထိန်းသိမ်းရေးဆောင်ကို ကိုယ်စားပြုပြီး ဓမ္မလက်နက်ဌာန ဌာနမှူးနှင့် ဆရာများအောက် တစ်ဆင့်သာနိမ့်သော ရာထူး၊ အာဏာ ဂုဏ်အရှိန်အဝါမျိုး ရှိကြသည်။

အများစုက ထိုအိမ်တော်များကို ကျောင်းသားခေါင်းဆောင် အိမ်တော်များဟု ခေါ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းစည်းကမ်း ထိန်းသိမ်း‌ရေးဆောင်အတွက် တာဝန်ရှိသူမှာ သက်ဆိုင်ရာဌာနမှ ကျောင်းသားခေါင်း‌ဆောင် ဖြစ်သောကြောင့် ဖြစ်သည်။

ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းတွင် ဌာနတစ်ခုစီ၌ ကျောင်းသားခေါင်းဆောင်များ ရှိကြပြီး သက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးဆောင်များ ရှိကြသည်။

ကျောင်းသား‌ခေါင်းဆောင် ရာထူးမှာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့် ရရှိခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းကင်တာအိုကျောင်း၏ စည်းမျဥ်းတစ်ခုဖြစ်ပြီး ကျောင်းသားခေါင်းဆောင် ရာထူးကို တမူထူးခြားစေသည့်အချက် ဖြစ်သည်။ သူတို့ကို အမိန့်ပေးနိုင်သူမှာ ပါမောက္ခတစ်ဦးတည်းသာ ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားခေါင်းဆောင်တိုင်းကို ပါမောက္ခတပည့်ဟု သိထားကြသည်။

သူတို့တာဝန်ယူထားသည့် စည်းကမ်း ထိန်းသိမ်းရေးဆောင်အတွက် ပါမောက္ခက အာဏာလွှဲအပ်ပေးထားသည်။ ယခုအချိန်တွင် ဝမ်ပေါင်လဲ့ကို မကျေမနပ်ဖြစ်နေသော အနက်ရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူမှာ လုပ်ပိုင်ခွင့်ရှိနေသည်။ သို့ဖြစ်၍ ဒုပါမောက္ခသည်လည်း လုပ်ပိုင်ခွင့် အာဏာရှိသည့် အဓိပ္ပါယ် ဖြစ်သည်။

ဤသို့ ထူးခြားသော အခြေအနေများကြောင့် ဌာနမှူးများက ကျောင်းသား ခေါင်းဆောင်များကို ညွှန်ကြား အမိန့်ပေးနိုင်သော်လည်း ယေဘုံယျအားဖြင့် ဝင်မပါကြပေ။ လူမြင်ကွင်းတွင် သဘောထားကိုက်ညီကြောင်းပြသကာ စိတ်ထဲမှ ကြိတ်၍ မကြိုက်သည်များ ရှိလျှင်ပင် ကျောင်းသားခေါင်းဆောင်ကို လွှဲထားကြလေသည်။

ထိုအခိုက် ဝိညာဥ်ကျောက်တုံးခန်းမဘေးရှိ ကျောင်းသားခေါင်းဆောင် အိမ်တော်တွင် သာမန် ကျောင်းသားများနှင့်မတူဘဲ အနက်ရောင်ဝတ်ရုံနှင့် စီနီယာကျောင်းသားများ ပျော်ပျော်ရွှင်ရွှင်ကြ စကားစမြည် ပြောနေသည်။ သူတို့ထဲမှ တစ်ယောက်သာ ဓမ္မလက်နက်ဌာနထဲတွင် လျှောက်သွားပါက ကျောင်းသားများမှာ ခြေသံကျယ်ကျယ် မလျှောက်ရဲကြပေ။

ဝိညာဥ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်က စည်းကမ်း ထိန်းသိမ်းရေးဆောင် စစ်ဆေးရေးမှူးများအဖြစ် တာဝန်ပေးထားသောကြောင့် အတော်လေး အာဏာရသူများ ဖြစ်ကြသည်။ ကျောင်းစည်းကမ်း ချိုးဖောက်မှုအတွက် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများအားလုံးကို စစ်ဆေးခွင့် ရှိသည်။ သူတို့ထဲမှ နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ကို ခန်းမထဲမှ ခေါ်ထုတ်လာခဲ့သည့် လူငယ်နှစ်ယောက် ဖြစ်သည်။

သူတို့စကား ပြောနေစဥ် တစ်ယောက်က ခေါင်းငုံ့ကာ အသံလွှင့်လက်စွပ်ကို ကြည့်လိုက်သည်။ ပြန်မော့လာသောအခါ သူက ပြုံးလိုက်သည်။

“ အားလုံးပဲ၊ နောက်မှ ဆက်ပြောရအောင်။ ဝမ်ပေါင်လဲ့နဲ့ သွားရှင်းကြမယ်။ သူ ကျောင်းစည်းကမ်း ဖောက်နေတာကို တစ်ယောက်ယောက်က တွေ့တယ်တဲ့။ သူက အခု ဝိညာဥ်ကျောက်တုံးခန်းမကို လာနေတာ ”
သူက ထိုသို့ ပြောလိုက်စဥ် ဘေးမှ ကျောင်းသားများကလည်း လှောင်ပြောင် ရယ်မောလိုက်ကြသည်။

“ နောက်ဆုံးတော့ သူ့ကို မိပြီလား။ ဟိုးတ‌လောတုန်းက ကျောင်းသားခေါင်းဆောင်ဆီ သတင်းပို့တော့ သူက ဒီအကြောင်း မေးနေတာ”

“ ဟုတ်သားပဲ၊ မင်းပြောတော့မှ စဥ်းစားကြည့်တော့ ကျောင်းသားခေါင်းဆောင် ငါတို့ကို ဒီတာဝန်ပေးထားတာ နှစ်ဝက်တောင် ကျော်နေပြီ။ ငါ ဘယ်လိုလုပ်ရပါ့မလဲလို့ ခေါင်းခြောက်နေရတာ။ အဲဒီဖက်တီးက ခြောက်လလုံးလုံး သရဲလို နေနေတာ။ လုံးဝကို မမြင်ရဘူး။ ဒါပေမဲ့ သူက ကျောင်းသားခေါင်းဆောင်ကို စော်ကားမော်ကား လုပ်မိလို့ ဖမ်းခိုင်းတာ မဟုတ်ဘူးထင်တာပဲ ”

“ ဟားဟား ငါတို့ အဲဒါတွေ စဥ်းစားနေစရာ မလိုပါဘူး။ ကျောင်းသားခေါင်းဆောင်က တစ်ယောက်ယောက်ကို ကူညီတာပဲ ဖြစ်ဖို့များတယ်။ သူသာ တကယ် စော်ကားခဲ့ရင် အဲဒီဖက်တီး ဒုက္ခရောက်နေတာ ကြာပြီ။ ဒါပေမဲ့ ငါတို့ ခပ်ကြမ်းကြမ်း ကိုင်မှ ဖြစ်မယ်။ ဒီဖက်တီးကို ငါလည်း အမြင်ကပ်တယ် ”

စစ်ဆေးရေးအဖွဲ့သည် စကားတပြောပြောနှင့် ဌာနထဲမှ ထွက်လာသည်။ သူတို့ထွက်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာအမူအရာများမှာ ကြောက်စရာကောင်းလောက်အောင် ခက်ထန်တင်းမာသွားကြသည်။ လူဆယ်ယောက်ကျော်အဖွဲ့ကြီးက ဝိညာဥ်ကျောက်တုံးခန်းမသို့ သွားရန် မဖြစ်မနေ ဖြတ်သန်းရသည့်လမ်းဆီ တည့်တည့်မတ်မတ် လျှောက်လာခဲ့ကြသည်။

သူတို့ထွက်လာသည့် မြင်ကွင်းက ကျောင်းသားအတော်များများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားသည်။ အဖွဲ့ကို တွေ့သောအခါ သူတို့သည် ထိတ်ခနဲ ရင်တုန်ပန်းတုန် ဖြစ်သွားကြပြီး တစ်ယောက်ယောက် ဒုက္ခရောက်တော့မည်မှန်း သိလိုက်ကြသည်။ ထိုအကြောင်းကို ပြောနေကြရင်း စည်းကမ်း ထိန်းသိမ်းရေးဆောင်က စည်းကမ်းများကို လက်တွေ့တွင် မည်သို့ တင်းကြပ် ကြောင်း မြင်ရလို့မြင်ရငြား ကျောင်းသားတချို့က စစ်ဆေးရေးအဖွဲ့နောက် ခပ်ဝေးဝေးမှ လိုက်သွားကာ ကြည့်ကြလေသည်။

ဝိညာဥ်ကျောက်တုံးခန်းမ အပြင်ဘက်ရှိ လမ်းကျဥ်းလေးပေါ်တွင် စိတ်လှုပ်ရှားနေသော ဝမ်ပေါင်လဲ့တစ်ယောက် မကြာမီ ပေါ်လာသည်။ သူသည် လမ်းခုလတ်၌ စည်းကမ်း ထိန်းသိမ်းရေးဆောင် စစ်ဆေးရေးမှူးများနှင့် ဆုံလိုက်ရသည်။

လမ်းကျဥ်းလေးမှာ အလွန်မကျယ်သော်လည်း လူငါးယောက် ရင်ဘောင်တန်းကာ လျှောက်သွားနိုင်သည်။ ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်နေပြီး ထိုအဖွဲ့နှင့် တွေ့သောအခါ တခဏကြာပြီးနောက် သူတို့၏ အထက်လူကြီး ဖြစ်မည်ကို တွေးမိသွားလေသည်။ သူက ပြုံးမိသွားကာ နှုတ်ဆက်ရန် လက်မြှောက်လိုက်သည်။

“ အားလုံးပဲ … ”

စကားမဆုံးမီမှာပင် သူ့ရှေ့မှ အနက်ဝတ် စစ်ဆေးရေးအဖွဲ့က နှာခေါင်းရှုံ့ကာ လှောင်ကြသည်။ တစ်ယောက်က ဝမ်ပေါင်လဲ့စကားကို ဖြတ်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

“ ဝမ်ပေါင်လဲ့၊ မင်း ဖရိုဖရဲ အဝတ်အစားတွေနဲ့ လျှောက်သွားနေတာပဲ။ ပုံမှန်အတိုင်း မဝတ်ထားရင် မင်း ငါတို့ ကောင်းကင်တာအို ကျောင်းရဲ့ စည်းမျဥ်း ( ၃ ) အပိုဒ်ငယ် ( ၇) ကို ဖောက်ဖျက်တာပဲ။ ငါတို့နဲ့ အခုချက်ချင်းလိုက်ခဲ့ ”
စစ်ဆေးရေးမှူးက အော်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ လျှောက်သွားကာ ညာလက်ကို မြှောက်၍ ဝမ်ပေါင်လဲ့ ပုခုံးကို ဖမ်းချုပ်ရန် ဟန်ပြင်လိုက်သည်။

သူက ဝမ်ပေါင်လဲ့၏ အထူးဝင်ခွင့်ရ ကျောင်းသားဟူသော ဂုဏ်ပုဒ်ကိုသာမက ကျင့်ကြံခြင်းအဆင့်ကိုပါ ထည့်မတွက်ချေ။ သူ့အမြင်အရ ဓမ္မလက်နက်ဌာနတွင် မည်သည့်ကျောင်းသားမျှ ဖမ်းဆီးခြင်းကို မဆန့်ကျင်ရဲပေ။ အထူးသဖြင့် လက်ပူးလက်ကြပ် သက်သေ ရှိနေသောအခါမျိုး ဖြစ်သည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ထိုးချက်ကို ရှောင်ရန် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

“ အစ်ကိုတို့၊ ကျုပ် တကယ်ကို တောင်းပန်ပါတယ်။ ဒီလိုမျိုး ဖရိုဖရဲ ဖြစ်နေရတာ အကြောင်းရှိပါတယ်။ ကျုပ် မကြာခင် အဝတ်တွေ လဲမှာပါ။ ကျုပ် ခဏနေရင် ပြဿနာရှင်းဖို့ စည်းကမ်း ထိန်းသိမ်းရေးဆောင်ကိုလည်း လိုက်ခဲ့မှာပါ ”
ဝမ်ပေါင်လဲ့က မျက်လုံးများကို မှေးကာ စိတ်ရှည်လက်ရှည် ဖြေလိုက်သည်။ သူသည် အမှန်တကယ် အစုတ်အပြတ်များ ဝတ်ထားသည်မှန်သော်လည်း ထိုသို့ ဖြစ်ခြင်းမှာ သူ အလွန်ဝလာပြီး နူးညံ့လှသော အထူးဝင်ခွင့်ရတာအိုဝတ်ရုံများ ပြဲကွဲကုန်သောကြောင့် ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ဖြစ်ရန် အလွန် စိတ်အားထက်သန်နေသောကြောင့် အဝတ်အသစ်တစ်စုံ ထုတ်ရန် အချိန်မရှိလိုက်ခြင်း ဖြစ်သည်။

ကိစ္စမှာ သေးသေးလေး ဖြစ်သည်။ ဝိညာဥ်ကျောက်တုံးခန်းမ ကျောင်းသားခေါင်းဆောင် ညွှန်ကြားချက်ကြောင့်သာ မဟုတ်လျှင် ဤပြဿနာမှာ ဝိညာဥ်ကျောက်တုံး အနည်းငယ် သုံးရုံဖြင့် ပြေလည်သွားနိုင်သည်။ သူ၏ အထူးဝင်ခွင့်ရ ကျောင်းသား ဂုဏ်ပုဒ်ကြောင့် ဤမျှ အသေးစား ချိုးဖောက်မှုကို မျက်စိမှိတ်ကာ မသိချင်ယောင်ဆောင်ပေးနိုင်သည်။

သို့သော် အနက်ဝတ် စစ်ဆေးရေးမှူးများအတွက် ဝမ်ပေါင်လဲ့ကို အပြစ်ရှာရန်မှာ မလွယ်ကူလှချေ။ သို့ဖြစ်၍ ဤအခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။ ဝမ်ပေါင်လဲ့က သူ၏ ဖမ်းချုပ်ခြင်းကို ရှောင်ရဲသောကြောင့် လူငယ်လေးမှာ သဘောမကျဖြစ်သွားသည်။

“ မင်းက ခုခံရဲတာလား။ တော်စမ်းဟေ့၊ သူ့ကို ခေါ်သွားလိုက်တော့ ”
စစ်ဆေးရေးမှူးက ပြောလိုက်ပြီး ဝမ်ပေါင်လဲ့ကို တစ်ကြိမ်ထပ်ဆွဲလိုက်သည်။ အခြား စစ်ဆေးရေးမှူးများကလည်း နှာမှုတ်ကာ အမြန်ပြေးလာကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို ဖမ်းကာ စည်းကမ်း ထိန်းသိမ်းရေးေဆာင်သို့ ခေါ်သွားရန် ကြံစည်နေကြသည်မှာ သိသာသည်။

ထိုနေရာသို့ ရောက်သည်နှင့် အခြားသော စည်းမျဥ်းများကို ဖောက်ဖျက်ခြင်းမှာ ဝမ်ပေါင်လဲ့ ဆုံးဖြတ်ချက် မဟုတ်တော့ပေ။ ဝမ်ပေါင်လဲ့ကို ပုဒ်မနာမည်တပ်ရန် နည်းလမ်းများစွာ ရှိသည်။ ကျောင်းမှ ထုတ်ပယ်ရန် မဖြစ်နိုင်သော်လည်း နာမည်ဆိုးထွက်ရန် သေချာပေါက် လုပ်နိုင်သည်။

နောက်နားမှ လိုက်လာကြသော ကျောင်းသားများက ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးပြူးသွားကြလေသည်။ အခြားသူများ အဖမ်းခံရလျှင်မူ သူတို့သည် အဖက်လုပ်ကာ အာရုံစိုက်နေမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ အထူးဝင်ခွင့်ရ ဂုဏ်ပုဒ်နှင့်အတူ ဟိုးလေးတကြော် ဖြစ်သွားသည့် အကြိမ်ရေမှာ များသောကြောင့် အားလုံးက သူ့ကို အရေးကြီးပုဂ္ဂိုလ်တစ်ဦးဟု ခံစားကြရသည်။

ဝမ်ပေါင်လဲ့က ပါးနပ်သူတစ်ဦးဖြစ်သည်။ သူသည် ကျောင်းသားခေါင်းဆောင် ဖြစ်တော့မည်ကို သိသောကြောင့် ကောင်းကောင်းမွန်မွန် ပြောနေခြင်း ဖြစ်သည်။ သို့သော် စစ်ဆေး‌ရေးမှူးများ၏ တုံ့ပြန်ချက်နှင့် တင်းမာသော သဘောထားများကို တွေ့ရသောကြောင့် သတိအနေအထားဖြစ်ကာ စိတ်မရှည် ဖြစ်လာသည်။

ထိုလူငယ်က လက်ကို ဆန့်ထုတ်လိုက်သည့် အခိုက် ဝမ်ပေါင်လဲ့က ညာလက်ကို မြှောက်ကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်သည်။ ဝမ်ပေါင်လဲ့က မျက်လုံးထဲကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“ စည်းကမ်း ထိန်းသိမ်းရေးဆောင်ရဲ့ ဘယ်စည်းမျဥ်းက အဝတ်အစား မသေသပ်တာလေး အတွက်နဲ့ ဒီလိုဖမ်းဆီးတာမျိုး လိုအပ်တာလဲ ”

“ မင်းကများ ငါ့လက်ကို ဆွဲပြီးတော့ စည်းမျဥ်းတွေအကြောင်း ပြောရဲသေးတယ်။ ဝမ်ပေါင်လဲ့၊ မင်းက စည်းကမ်းထိန်းသိမ်းရေး လုပ်နေတာကို ခုခံတာပဲ၊ ဒါ မင်းအပြစ် တစ်မှုတိုးသွားပြီ။ သူ့ကို အခု ဖမ်းချုပ်လို့ ရပြီဟေ့ ”
လက်ကောက်ဝတ် အဆွဲခံလိုက်ရသော လူငယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူသည် စိတ်လှုပ်ရှားနေခြင်း မရှိသည့်အပြင် အသံမှာ မောက်မာရိုင်းစိုင်းသည်။ ထို့ပြင် နောက်လက်တစ်ဖက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ကို ထိုးရန် ပြင်လိုက်သည်။

ထိုလူငယ်၏ စကားများနှင့် အမူအရာကို မြင်ပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားသည်။ သူသည် ပုံမှန်အားဖြင့် ပျော်‌ပျော်နေသေခဲဟူသည့် လူစားမျိုး ဖြစ်သော်လည်း အနိုင်ကျင့်ခံရပါက ြပန်ရန်တွေ့ရန် ဝန်မလေးသည့် လူမျိုးဖြစ်သည်။

“ စည်းကမ်း ထိန်းသိမ်းရေးဆောင်က ဒီလောက်တောင် ယုတ်မာရိုင်းစိုင်းနေတာပဲ ”
ထိုသို့ ပြောပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားလေသည်။ သူက လက်ကောက်ဝတ်ကို ချိုးပစ်ရာ ဂျွတ်ခနဲ မြည်သွားလေသည်။ ဝမ်ပေါင်လဲ့က အနက်ဝတ်လူငယ်ကို တစ်ပတ်လှည့်ကာ ကိုင်ပေါက်လိုက်စဥ် သူ့ထံမှ စူးစူးရှရှ အော်သံထွက်လာကာ ဘေးဘက်သို့ လဲကျသွားသည်။ သူ့မျက်နှာတစ်ခုလုံး ချက်ချင်းပင် ချွေးများ ရွှဲနစ်သွားပြီး သူ့အော်သံမှာလည်း စူးစူးဝါးဝါး ကျယ်လောင်နေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset