အပိုင်း(၇၆၉)

ကျိရှမ်းကမ်းပါး၏ကံကြမ္မာဆိုး

နောက်တစ်ပွဲတွင် နွေဦးပြည်နယ်မှ တန်ခိုးရှင် တစ်ယောက်က ပြိုင်ဘက် တစ်ယောက်အား ရွေးချယ် စိန်ခေါ်ပြီး အနိုင်ယူခဲ့သည်။

နောက်တစ်လှည့်တွင် ချီပြည်နယ်နှင့် တိမ်တိုက် ပြည်နယ်တို့က တိုက်ခိုက်ခဲ့ကြသည်။ ကျန်ရစ်သော လူများထဲတွင် လောကဓာတ် မရင့်သန်သေးသော လူများလည်း ပါဝင်ကြပေသည်။ ထိုလူများကား ပုံမှန်အားဖြင့် အများမှ ပစ်မှတ်ထား စိန်ခေါ်ခံရသူများလည်း ဖြစ်ကြ၏။ ထို့အပြင် သူတို့ကို စိန်ခေါ်သူများကလည်း အမှန်တကယ် အနိုင်ရရှိကြ၏။

မည်သို့ဆိုစေ စိန်ခေါ်သူများကား သူတို့ကြိုက်သော ပြိုင်ဘက်ကို ရွေးခွင့်ရှိပေသည်။ တိုက်ပွဲမစမီ ကတည်းကပင် သူတို့ကား တခြားပြည်နယ်မှ ပြိုင်ပွဲဝင်များ၏ စွမ်းရည်များကို လေ့လာ အကဲဖြတ်ပြီး ဖြစ်ကြ၏။ လက်ရှိတွင် ယွီပြည်နယ်နှင့် မြေရိုင်းပြည်နယ်တို့ ကသာ စိန်ခေါ် တိုက်ခိုက်ခြင်း မပြုရသေးပေ။ ထိုအခိုက်တွင် ယွီပြည်နယ်မှ တစ်ယောက် ရှေ့ကို ထွက်လာသည်။

ရီဖူရှင်း၏ အကြည့်က ယွီပြည်နယ်မှ လူထံကို ရောက်သွားသည်။ သူ၏နာမည်ကား ခွန်ချိန်ဖြစ်ကာ သူ၏ သက်စောင့်ဝိညာဉ်က နတ်ဆင်ဖြစ်၏။ သူ့ကို ကြည့်သည်တွင် ရီဖူရှင်းက ကျိရှမ်းကမ်းပါးမှ ခွန်ယိုကို ကောင်းကောင်း အမှတ်ရစေသည်။

ခွန်ယိုက နတ်ဆင်ခွန်အားကို လေ့ကျင့်ကာ သူ၏မျိုးဆက်အား အုပ်စိုးမင်းမူနိုင်ခဲ့၏။ ခွန်ချိန်ကား ခွန်ယိုကဲ့သို့ အားမကောင်းသေးသော်လည်း သူကား ငယ်ရွယ်သေး၏။ သူကား သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံကို ဝင်ရောက် ယှဉ်ပြိုင်သူများထဲတွင် ကျိရှမ်းကမ်းပါး၏ အတော်ဆုံးလူလည်း ဖြစ်ပေသည်။ အရည်အချင်းပိုင်း၌ ကျိရှမ်းကမ်းပါးက သူနှင့်တန်းတူနိုင်သူ နောက်တစ်ယောက်သာ ရှိပေသည်။

ခွန်ချိန်ကား ခွန်ယို၏တပည့်ဖြစ်သည်။ သူက မျိုးရိုးနာမည် “ခွန်” သို့ပြောင်းကာ ခွန်ယိုအား သူ၏မွေးစားအဖေအဖြစ် သတ်မှတ်ခဲ့သည်။ ကျိရှမ်းကမ်းပါးမှ ခွန်မျိုးရိုး၏ အဆင့်အတန်းကြောင့်ပင် သူကား ကျိရှမ်းကမ်းပါး၏ အကောင်းဆုံးသော အထောက်အပံ့ကို ရရှိကာ ရှန့်ထိုကိုယ်တိုင်၏ သင်ကြားပေးခြင်းကို ခံရသည်။

ယခု ခွန်ချိန်၏ အကြည့်ကလည်း မြေရိုင်းပြည်နယ်၏ နေရာကို ရောက်လာသည်။ ယခင်က ကျိရှမ်းကမ်းပါးကား မြေရိုင်းပြည်နယ်တွင် ကြီးမားသော ဆုံးရှုံးနစ်နာမှုအား ကြုံခဲ့ရကာ သူ၏မွေးစားအဖေက ကျိရှမ်းကမ်းပါးကို ပြန်သောအခါ များစွာ အရှက်ရခဲ့၏။ ထိုစဉ်ကတည်းက သူကား မြေရိုင်းပြည်နယ်ကို ကြီးစွာ အငြိုးအတေး ထားခဲ့ကာ အခွင့်ကြုံလျှင် လက်စားချေမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအတူ ပြည်နယ်ကိုးခု ညီလာခံ၏ ပထမနေ့တွင်ပင် ယူချင်းက ကျိရှမ်းကမ်းပါး၏ ကျန်ယိုအား ယူချင်းက မသန်စွမ်းဘဝ ရောက်စေခဲ့သည်။

ယခု လက်စားချေရန် အချိန်ကျပြီ ဖြစ်သည်။

ကျန်းရှာကလည်း မြေရိုင်းပြည်နယ် ထိုက်ဟန်တောင်တွင် သေဆုံးခဲ့ရသည်ဟု သတင်းကြားရသည်။ ယနေ့ ထိုက်ဟန်တောင်မှ လူဝံ၏သွေးဖြင့် သူ၏သူငယ်ချင်း ကျန်းရှာအား တမလွန်မှ ကျေနပ်စေမည်။

“ကျုပ်က မြေရိုင်းပြည်နယ်က ယန်ကျန်းကို စိန်ခေါ်တယ်…” ခွန်ချိန်က ပြောသည်။ သူ၏ပြိုင်ဘက်ကား ရွှေလူဝံဖြစ်ကာ သူ၏ သက်စောင့်ဝိညာဉ်ကား နတ်ဆင်ဖြစ်၏။ သူတို့နှစ်ယောက်လုံးက ခွန်အားကို အခြေပြုကာ ဆင်တူသော စွမ်းရည်အား ပိုင်ဆိုင်ကြသည်။ ထို့ကြောင့်ပင် သည်တိုက်ပွဲကား ဖြစ်ကို ဖြစ်လာရမည့် တိုက်ပွဲပင်။

ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်နှင့် တစ်ခုခု ရှိနေပုံရ၏ဟု လူအများက တွေးမိကြသည်။ သူတို့က ယွီပြည်နယ်၊ ကျိရှမ်းကမ်းပါးနှင့် မြေရိုင်းပြည်နယ်တို့ အကြား အဖြစ်အပျက်ကို တစ်စွန်းတစ်စ ကြားဖူးကြကာ ရန်ဟောင်ပင်လျှင် ဝင်ရောက် ဖျန်ဖြေရသည်ဟု ကောလာဟလများက ဆိုသည်။

“ခွန်ချိန်ရဲ့ ခွန်အားက ကျိရှမ်းကမ်းပါးထဲမှာ အကောင်းဆုံးထဲ ပါတယ်… ယန်ကျန်းတော့ ပြိုင်ပွဲက ထွက်ရတော့မှာပဲ…” တစ်ယောက်က မှတ်ချက်ချသည်။

မြေရိုင်းပြည်နယ်ကား သူတို့၏ ရှစ်ယောက်အဖွဲ့ကို ကြာမြင့်စွာ တည်တံ့စေခဲ့သည်။ တစ်ယောက်က ဟွာယွန်ရှုထံတွင် ရှုံးနိမ့်ပြီး ထွက်ခဲ့ရသော်လည်း မည်သူကမှ သူတို့အား ပေါ့ပေါ့တန်တန် သဘောမထားရဲကြပေ။ သည်တစ်ခေါက် စိန်ခေါ်ပွဲများ အပြီးတွင် မြေရိုင်းပြည်နယ်က ဘယ်နှယောက်များ ကျန်ရစ်မည်နည်း … အားလုံးက သိလိုကြသည်။

ရီဖူရှင်းက ခွန်ချိန်၏စကားကို ကြားသောအခါ သူ၏ပုံဟန်က တည်ငြိမ် အေးဆေးသည်သာ။ သည်မတိုင်ခင် ကတည်းက ပြည်နယ်ကိုးခု ညီလာခံ၌ ယွီပြည်နယ်က အားအနည်းဆုံး ဖြစ်သည်ဟု အကဲဖြတ်ထားပြီး ဖြစ်သည်။ ကျိရှမ်းကမ်းပါး၏ လူငယ်မျိုးဆက်များကား သေချာပေါက် နွေဦးပြည်နယ်၊ စစ်ဘုရင်ပြည်နယ်၊ ချီပြည်နယ်နှင့် တခြား ပြည်နယ်များထက် အားနည်းပေသည်။ ခွန်ချိန်က အားနည်းဟန် မရသော်လည်း သူက အားကောင်းသည်ဟုလည်း မဆိုနိုင်ပေ။ သူက ယန်ကျန်းအား အနိုင်ရရန် မလွယ်ကူပေ။

ကျိရှမ်းကမ်းပါးဘက်မှ ခွန်ယိုနှင့် ချင်ကျောင်းတို့ကလည်း မြေရိုင်းပြည်နယ်ဘက်ကို လှမ်းကြည့် နေကြသည်။

“အစ်ကိုခွန်က တကယ်ပဲ မြေရိုင်းပြည်နယ်က တစ်ယောက်ကို စိန်ခေါ်ခဲ့တယ်… ဒါပေမဲ့ သူ့ခွန်အားနဲ့ဆို  ရီဖူရှင်းရဲ့လူကို အနိုင်ရလောက်တယ်…” ချင်ကျောင်းက ပြောသည်။ ယခင်က သူသည်လည်း တော်ဝင်ကျဲနန်းတော်ကို ခြေချခဲ့ကာ ထိုနေရာမှ တပည့်များ အားလုံးကို အနိုင်ယူခဲ့ပြီး နောက်ဆုံးတွင်မှ ရီဖူရှင်းနှင့်တွေ့ပြီး ရှုံးနိမ့်ခဲ့ရ၏။

သို့သော်လည်း သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံကို ရီဖူရှင်း ခေါ်လာသူများကား ယခင်ကထက် အားကောင်းလာဟန် ရသည်။ ထို့အတူ နှစ်အနည်းငယ် အတွင်းမှာပင် ရီဖူရှင်းက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်၏နန်းတော်သခင် ဖြစ်လာသည်။

“ဒါက ပုံမှန်ပါပဲ… ရွှေလူဝံကလန်က ထူးခြား ထက်မြက်တယ် ဆိုပေမဲ့ သူတို့က ခွန်အားပဲရှိပြီး ခေါင်းမသုံးတတ်တဲ့ သတ္တဝါတွေပဲ…” ခွန်ယိုက ထူးမခြားနားစွာ ပြောသည်။ သူက အသံကို နှိမ့်၍​ပြောခြင်းမဟုတ်ရာ အားလုံးက သူ့ပြောစကားကို ကြားကြရသည်။

ခွန်ယိုကား ရွှေလူဝံကလန်ကို လူမြင်ကွင်း၌ ချိုးဖဲ့ ပြောဆိုနေခြင်းပင်။ သို့သော်လည်း သူကား ပြည်နယ်ကိုးခု ရှီဇယား၌​ အဆင့်ကိုးဖြစ်ရာ သူ့အပြုအမူ အပြောအဆိုများ အတွက် မည်သည့်အရာကိုမှ မကြောက်ရွံ့ပေ။ အကယ်၍ အင်ပါယာရှားသာ ရောက်မလာခဲ့လျှင် သူက မြေရိုင်းပြည်နယ်အား သည်အတိုင်း အလွတ်ပေးမည် မဟုတ်ပေ။

ရီဖူရှင်းနှင့် ယန်ဟောင်တို့ကလည်း ခွန်ယို၏ စကားကိုကြားကာ မျက်နှာက တင်းမာ ခက်ထန်သွားကြသည်။ သို့သော်လည်း ခွန်ယိုက မသိသလိုပင် တိုက်ပွဲကွင်းပြင်အား ကြည့်နေသည်။

ယန်ကျန်းက ရှေ့ကို ခြေလှမ်းကျဲကျဲဖြင့် တက်လာသည်။ ရွှေလူဝံကိုယ်လုံးကား ဧရာမကြီးမားကာ ရွှေရောင်များ ဝင်းလက် တောက်ပြောင် နေသည်။ ထို့အတူ သူ၏ခန္ဓာကိုယ်ကလည်း ခွန်အားများဖြင့် ပြည့်နှက်နေ၏။

“ကျိရှမ်းကမ်းပါး ခွန်ချိန်…” ခွန်ချိန်က မိမိကိုယ်ကို မိတ်ဆက်၏။ သူက ထိုသို့ပြောစဉ် ယန်ကျန်းအား ကြည့်ရှုခြင်း မရှိဘဲ ခေါင်းငုံ့ကာ သူ၏လက်နှစ်ဖက်ကို ဆုပ်လျက်ပင် အရိုးအဆစ်များအား တဖျစ်ဖျစ်ကျိုးအောင် ချိုးခြင်းဖြင့် ယန်ကျန်းအပေါ် သူက မည်သို့ ကြမ်းရမ်း တော့မည်ကို ဟန်ရေးပြ၏။

ယန်ကျန်းက ဘာမှ မပြောပေ။ သူက ပြိုင်ပွဲကြီးကြပ်သူ အကြီးအကဲအား ကြည့်ကာ မေးသည်… “ကျွန်တော်တို့ စလို့ရပြီလား…”

“ကောင်းပြီ…” အကြီးအကဲက ခေါင်းညိတ်သည်။

ခွန်ချိန်က ခေါင်းမော့ ကြည့်လိုက်သည်တွင် မျက်လုံးက ရုတ်တရက် စူးရှသွား၏။ ဆင်တစ်ကောင်၏ အော်သံနှင့်အတူ ဧရာမဆင်ကြီး တစ်ကောင်က ခွန်ချိန်၏နောက်တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကလည်း အတိုင်းအဆမဲ့သော ခွန်အားများဖြင့် စီးဆင်းလာခဲ့သည်။

ယန်ကျန်းကလည်း မာန်သွင်းလိုက်လျှင် သူ၏ခန္ဓာကိုယ်က ပိုမို၍ တုတ်ခိုင် ကြီးမားလာ၏။ ရွှေလူဝံက ရုန့်ရင်းကြမ်းတမ်းသော ပုံစံသို့ ပြောင်းလဲသွားပြီး ရှေ့ကို တက်လာသည်တွင် တိုက်ပွဲကွင်းပြင်အား ပြင်းစွာ တုန်ခါစေ၏။

ဘုန်း…

ခွန်ချိန်ကလည်း ရှေ့ကို တက်လာ၏။ နတ်ဆင်က ခြေလှမ်းသည့်အလား တိုက်ပွဲကွင်းပြင်၌ နတ်ဆင်ပုံရိပ်များနှင့်အတူ ကြီးမားသော ဖိအားတစ်ခု ဆင်းသက်လာသည်။ သူတို့က တစ်ပြိုင်နက်တည်း ရှေ့ကို ပြေးလွှား သွားကြလျှင် ကြီးမားသော လှုပ်ခတ်မှုများ စတင် ဖြစ်ပေါ်လာသည်။

သူတို့နှစ်ယောက်က ရင်ဆိုင်တွေ့ခြင်း မရှိသေးသည့်တိုင် နှစ်ယောက်လုံးက ထိန်းသိမ်းမရနိုင်သော ခွန်အားများကို မြင်ကြရသည်။

ယန်ကျန်းက သူ၏လက်ကြီးဖြင့် ရှေ့ကို ရိုက်ထုတ်လိုက်သည်တွင် ကြီးမားသော အားလှိုင်းတစ်ခု ဖြစ်လာ၏။ ရွှေလက်ဝါးက လေထုကို ခွင်းလျက် နတ်ဆင်ပုံရိပ်များအား ပျက်စီးသွားစေသည်။ သို့သော်လည်း ခွန်ချိန်၏ လက်ဝါးကလည်း တစ်ပြိုင်နက်တည်းတွင် ရောက်လာသည်။ သူက လက်ဝါးဖြင့် ရိုက်သည်တွင် လက်ဝါးက ဆင်တစ်ကောင် ပြေးသွားသလို လေထုကို တုန်ခါစေလျက် အရာအားလုံးကို ဖျက်ဆီးသွားသည်။ ထိုအရာက နတ်ဆင်လောကဓာတ် ဖြစ်ပြီး ဖိနှိပ်ခြင်း လောကဓာတ်နှင့် တွန်းအား လောကဓာတ်တို့ ပေါင်းစပ်ရာမှ ဖြစ်လာခြင်းပင်။

ပေါက်ကွဲသံကြီး တစ်ခုကြားရကာ နှစ်ယောက်လုံးက နောက်ကို ဆုတ်သွားကြသည်။ ဧရာမရွှေလူဝံကြီးကား နောက်ကို ဆုတ်သွားရကာ မြေပြင်ပေါ်ကို ဘုန်းခနဲကျသည်။ တစ်ဖက်တွင် ခွန်ချိန်ကား အနည်းငယ်မျှသာ နောက်ဆုတ်ရ၏။ ခွန်အားတွင် သူကား ခွန်ချိန်ကို အရေးနိမ့်ပေသည်။

နတ်ဆင်လောကဓာတ်နှင့် အားကောင်းသော လောကဓာတ်နှစ်ခု ပေါင်းစပ်ခြင်း…။ ယန်ကျန်းက တစ်ဖက်လူ၏ ခွန်အားကို မယှဉ်နိုင်သည်မှာ မထူးဆန်းတော့ပေ။  ခွန်ချိန်က သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ယန်ကျန်းအား အဖက်မတန်သလို ကြည့်သည်။

ယန်ကျန်းက ပြိုင်ဘက်အား စိုက်ကြည့်သည်။ သူခန္ဓာကိုယ်မှ အငွေ့အသက်များက ရုန့်ရင်းနေဆဲ ဖြစ်သည်။ မာန်တစ်ချက်သွင်းလျှင် ခန္ဓာကိုယ်က ပိုမိုကြီးမားလာကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ့ခွန်အားများ အဆမတန် ထိုးတက်သွားသည်။

ယန်ဟောင်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများက အရောင်လက် သွားသည်။ အမှန်တကယ်အားဖြင့် သူကား ယန်ကျန်း၏ စွမ်းရည်များကို သိပ်သိနားလည်ခြင်း မရှိပေ။ သည်နည်းစနစ်က ထောင်ကျန်း၏ ခန္ဓာကိုယ် လေ့ကျင့်နည်းစနစ် ဖြစ်ပုံရကာ ရီဖူရှင်းက ထပ်ဆင့် သင်ကြားခဲ့ခြင်း ဖြစ်ပေမည်။ သူကား သားရဲဘုရင်နွယ်ဝင်ဖြစ်ကာ ရုပ်ခန္ဓာက အလွန်တရာ ရုန့်ရင်းကြမ်းတမ်းပေသည်။ ယခု သူက သွေးကြောမများအား ဖွင့်လှစ်ခဲ့သည်တွင် ယခင်ထက် အဆမတန် အားကောင်း လာရပေမည်။

ရွှေရောင်အလင်းများ သူ့ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်တွင် ယန်ကျန်းကလက်ကို ဆန့်တန်းလိုက်ပြီး နှင်တံတစ်လက်အား ဖန်ဆင်းလိုက်သည်။

ဝုန်း … ယန်ကျန်းက နှင်တံအား တစ်ချက် ဝှေ့ယမ်းလိုက်သည်တွင် လေထုက တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ထွက်ပေါ်လာသည်။ သူ၏သားရဲမျက်လုံးက ခွန်ချိန်ထံကို စူးရဲစွာဖြင့် ရောက်လာသည်။

သူကား ကောင်းကင်ကိုပင် လှုပ်ယမ်းနိုင်စွမ်းသော ရွှေလူဝံမျိုးနွယ်ဝင် ဖြစ်သည်။

ဒုန်း…

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ယန်ကျန်းက မြေပြင်မှ လေထဲကို လျှပ်စီးအလား ခုန်တက်သွားသည်။ သူက နှင်တံအား မြှောက်ကာ ကြီးမားသော ခွန်အားနှင့်အတူ ခွန်ချိန်အား ရိုက်ချလိုက်သည်တွင် ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာသည့်အလား ခွန်ချိန်က ခံစားရ၏။

ယန်ကျန်းကား တစ်ခဏအတွင်းမှာပင် အလွန် အားကြီးလာသည်။

ခွန်ချိန်က လက်သီး တင်းတင်း ဆုပ်လိုက်သည်တွင် သူ၏နတ်ဆင်ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး သူကိုယ်တိုင်က မုန်ယိုနေသော ဆင်တစ်ကောင်အလား လွန်စွာ ကြမ်းရမ်း ခက်ရော်သွားတော့သည်။ သူက လက်ကို မြှောက်လိုက်ကာ ကောင်းကင်မှ ဆင်းသက်လာသော နှင်တံအား ပင့်ကာလိုက်သည်။

အော်သံတစ်ချက်နှင့်အတူ နတ်ဆင်ပုံရိပ်ကား လုံးဝ ပျက်စီး ပျောက်ကွယ်သွား၏။ ယန်ကျန်း၏ ခန္ဓာကိုယ်က လေထဲကို ခုန်တက်သွားပြီး နှင်တံပုံရိပ်က ကောင်းကင်တွင် မိုးလျက် ပေါ်လာသည်။ ခွန်ချိန်ကလည်း လေထဲကို ပျံသန်းကာ သိုင်းပညာ အလင်းတန်းများ ဖြစ်ပေါ်သွား၏။ နတ်ဆင်က ကောင်းကင်အား ဖိနှိပ်လျက် ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်လာသည်။

ထိုအခိုက်တွင် နှစ်ယောက်သား ပြင်းထန်စွာ ရင်ဆိုင်မိကြသည်။ နှင်တံပုံရိပ်နှင့် နတ်ဆင်ပုံရိပ်တို့က ရင်ဆိုင်မိသည်တွင် အလွန် အားကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်လာ၏။

မည်မျှ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းပျံ့နှံ့မှုနည်း။ လူအုပ်ကား အံ့အားသင့်ရသည်။

“ကျိရှမ်းကမ်းပါးရဲ့ တပည့်က လူရွေးမှားသွားပြီ ထင်တယ်…” တော်ဝင်မြေမှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြုံးလျက်ပြောသည်။ ယန်ကျန်းက သည်မတိုင်မီ သူ၏ အင်အားအပြည့်ကို ထုတ်သုံးခြင်း မရှိခဲ့သည်ကို လူအများက တွေ့မြင်ကြရသည်။

ခွန်ချိန်ကား မှားယွင်းသော ပြိုင်ဘက်ကို ရွေးချယ်ခဲ့မိသည်။

ကြောက်မက်ဖွယ် တိုက်ပွဲအားလှိုင်း အပိုင်းအစများ လေထုထဲ​ ပျံ့နှံ့သွားသည်။ ယန်ဟောင်ကား အံ့အားသင့်ရသည်။ ယန်ကျန်းကား ယခင်ကထက် များစွာ အားကောင်းလာသည်။ သူကား နောင်တွင် သူ့ထက် စွမ်းအား ကြီးလာမည်မှာ သေချာသလောက်ရှိသည်။ သို့သော်လည်း ရီဖူရှင်း၏ စွမ်းရည်များကို ပြန်စဉ်းစားမိသည်တွင် သူက သိပ်ထူးဆန်းသည် မခံစားရတော့ပေ။ ရီဖူရှင်းအနီးတွင် ရှိသူများကား သေချာပေါက် အနည်းနှင့်အများ သူ့ပါရမီ၏ ရိုက်ခတ်မှုများအရ အကျိုးကျေးဇူးများ ရနိုင်ပေသည်။

ထိုအခိုက်တွင် ကောင်းကင်၌ ဧရာမနှင်တံကြီးက တိုက်ပွဲကွင်းပြင် တစ်ခုလုံးအား ရိုက်ခတ်သွားဟန်ရကာ လူအများအပြားက ထိတ်လန့်ရသည်။ သည်ရိုက်ချက်၏အင်အားကား ကြောက်ခမန်းလိလိပင်။

ဒုန်း…

ကျယ်လောင်စွာ ထိရိုက်သံ တစ်ချက်ကြားလိုက်ရကာ နှင်တံပုံရိပ်နှင့် နတ်ဆင်ပုံရိပ်တို့အားလုံး ပျောက်ကွယ် သွားကြသည်။ တစ်ချိန်တည်းမှာပင် လူတစ်ယောက်က မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျဆင်းပြီး သွေးပွက်ပွက်အန်သည်။

သူကား ကျိရှမ်းကမ်းပါးမှ ခွန်ချိန်ဖြစ်သည်။

ခွန်ချိန်ကား ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ လူအများအပြားက မှင်တက်နေကြသလို ခွန်ယို၏ အမူအရာကလည်း ပျက်ယွင်းသွား၏။

ယန်ကျန်းအား ကြည့်သည်တွင် သူကား ရုန့်ရင်းကြမ်းတမ်းသော သားရဲနတ်ဘုရား တစ်ပါးနှင့် အလားသဏ္ဌာန်ရကာ လေထဲတွင် မားမားမတ်မတ် ရပ်နေသည်။ ထိုအခိုက်တွင် သူကား အကြမ်းဆုံး အရမ်းဆုံး အရှိန်အဝါအား ထုတ်လွှတ်ထား၏။

သိသာစွာပင် ယန်ကျန်းကား အကောင်းဆုံး လူတစ်ရာစာရင်းသို့ ဝင်ရန် အရည်အချင်း ရှိပေသည်။ သူကား အလွန်အားကောင်း၏။ ခွန်ချိန်ကား ပြည်နယ်ကိုးခုညီလာခံမှ အတော်ဆုံးထဲ တစ်ယောက်ဖြစ်ကာ ယခု သူ့အား ယန်ကျန်းက အရှိန်အဝါ ကြီးမားစွာဖြင့် အနိုင်ယူခဲ့၏။

မြေရိုင်းပြည်နယ်က ထူးဆန်းသည်ဟု လူအများအပြားက တွေးမိကြသည်။ မြေရိုင်းပြည်နယ်တွင် လူခုနစ်ယောက်မျှသာ ကျန်ရစ်ခဲ့ကာ ထိုအထဲ၌ ယန်ကျန်းက အားအနည်းဆုံးဟု အများစုက ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း သည်တိုက်ပွဲက သူတို့အား အထင်နှင့်အမြင်ကို လုံးဝ လွဲမှားစေ၏။

“အနိုင်ရသူ… မြေရိုင်းပြည်နယ်… ယန်ကျန်း…” အကြီးအကဲက ရလဒ်ကို ကြေညာသည်တွင် ကျိရှမ်းကမ်းပါး တန်ခိုးရှင်က ခွန်ချိန်အား ကွင်းထဲမှ သယ်ထုတ် သွားကြသည်။ သူကား ဆိုးဝါးသော အခြေအနေသို့ ရောက်နေ၏။

“မြေရိုင်းပြည်နယ်ရဲ့ စိန်ခေါ်လှည့်…” အကြီးအကဲက ဆက်လက်၍ ကြေညာသည်။ ယွီပြည်နယ်ပြီးပါက မြေရိုင်းပြည်နယ်၏ အလှည့်ဖြစ်ပေသည်။

ယန်ကျန်းက စိန်ခေါ်ခံရပြီးဖြစ်ရာ သူက နောက်လာမည့် တိုက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စရာ မလိုတော့ပေ။ ထို့ကြောင့် သူက မူလနေရာသို့ ပြန်သွားသည်။

လူအများအပြားက မြေရိုင်းပြည်နယ်ဘက်ကို လှမ်းကြည့်ကြသည်။ မြေရိုင်းပြည်နယ်မှ မည်သူက ထွက်လာမည်နည်း။

“ကျိရှမ်းကမ်းပါးက တကယ်ပဲ ယွီပြည်နယ်ရဲ့ တော်ဝင်မြေပဲ… သူတို့ရဲ့ တပည့်တွေက တော်တော် အားကောင်းတယ်…” ရီဖူရှင်းက အေးတိအေးစက် ပြောသည်တွင် လူအများအပြားက သူ့အား လှမ်းကြည့်ကြသည်။ ယန်ကျန်းက ခွန်ချိန်ကို အနိုင်ယူပြီးသည်တွင် ရီဖူရှင်းက ဤသို့ ပြောခြင်းဖြစ်ရာ သူက သေချာပေါက် လှောင်ပြောင်ခြင်း ဖြစ်ပေမည်။

ထင်မှတ်ထားသည့် အတိုင်းပင် ရီဖူရှင်း၏စကားကိုကြားပြီး ခွန်ယိုနှင့် သူ့လူမျာအားလုံး မျက်နှာများ တင်းမာသွားကြသည်။ သို့သော်လည်း ရီဖူရှင်းက သူတို့ကို မမြင်ချင်ယောင် ဆောင်၍ ယူချင်းဘက်ကိုလှည့်၍ ပြောသည်… “အရင်တုန်းက ကျိရှမ်းကမ်းပါး တပည့်ချင်ကျောင်းက မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်ကို ရောက်လာပြီး လူငယ်မျိုးဆက်တွေကို အနိုင်ယူသွားတယ်… သူ့ကို ဘယ်သူမှ မတားနိုင်ခဲ့ကြဘူး… အခု အရာအားလုံးက ပြောင်းလဲသွားပြီ… မြေရိုင်းပြည်နယ်ရဲ့ တပည့်တွေက အရွယ်ရောက်လာကြပြီ… အခု ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်နဲ့ လက်ရည်စမ်းချင်တယ် ဆိုမှတော့ မြေရိုင်းပြည်နယ်က တပည့်တွေကလည်း ကျိရှမ်းကမ်းပါးကို သွားပြီး စိန်ခေါ်သင့်တယ်…”

“ဒါ…” လူအုပ်က သူ၏စကားကို ကြားသည်တွင် မှင်တက်သွားကြသည်။ ရီဖူရှင်းက ကျိရှမ်းကမ်းပါးကို ပစ်မှတ်ထားနေသည်လား။

ရီဖူရှင်း၏နောက်တွင် ဟောင်ကျူဂီ၊ စုချွဲနှင့် တခြားလူများအားလုံးက တက်ကြွသော အမူအရာများ ဖြစ်လာကြသည်။ သည်တစ်ခေါက် ကျိရှမ်းကမ်းပါး၏ တပည့်များက သိပ်အားကောင်းခြင်း မရှိသည်ကို သူတို့အားလုံး သတိထားမိကြသည်။ သို့တိုင်အောင် သူတို့က အေးအေးဆေးဆေးမနေဘဲ မြေရိုင်းပြည်နယ်ကို ရန်စရဲကြ၏။ ဤသို့ဆိုလျှင်လည်း သူတို့အား ပြန်လည်၍​ ပညာပေးမှ ဖြစ်ပေတော့မည်။

“ဟုတ်ကဲ့ နန်းတော်သခင်…” စုချွဲ၏အသံကား ပျင်းရိစွာ ထွက်လာသည်။ သူက ပြုံးလျက်ပင် ကျိရှမ်းကမ်းပါးမှ လူငယ်မျိုးဆက်များအား ကြည့်သည်။

တခြားလူများကလည်း ခေါင်းညိတ်ကြပြီး ယူချင်းက ရှေ့ကိုတက်သွားသည်။

ယူချင်း ထွက်လာသည်ကို မြင်လျှင် ကျိရှမ်းကမ်းပါးမှ ပြိုင်ပွဲဝင်များအားလုံး သွေးဆုတ်သွားကြ၏။ ခွန်ယို၏အမူအရာကား ပိုမို၍ပင် အရုပ်ဆိုး အကျည်းတန်လာသည်။ လက်ရှိသူ့အမြင်အရ ယူချင်းကား မြေရိုင်းပြည်နယ်၏ အတော်ဆုံးတပည့် ဖြစ်ဟန်ရသည်။

ယခု ခွန်ချိန်ကား ယန်ကျန်းထံတွင် ရှုံးနိမ့်ခဲ့သည်။ ကျိရှမ်းကမ်းပါးမှ မည်သူက ယူချင်းကို တားဆီးနိုင်မည်နည်း။

မည်သူမှ မရှိနိုင်ပေ။

ယူချင်းက ကျိရှမ်းကမ်းပါးမှ လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောသည်… “ယွမ်ချန်း… ”

***


Comment

Leave a Reply


Options

not work with dark mode
Reset