Switch Mode

အခန်း ( ၃၀၂ )

လင်းတျန်ဟောက်၏ အပြောင်းအလဲ

နေဝင်ရီတရောအချိန်၏ အလင်းရောင်မှာ သူ၏မျက်နှာပေါ်၌ ထင်ဟပ်နေစဉ် နားပါးလွန်းလှသော ဝမ်ပေါင်လဲ့မှာ လူအုပ်ကြီးထဲမှ သူ့အား ချီးမွမ်းလိုက်သည့် စကားသံတိုးတိုးလေးကို လှမ်း၍ကြားလိုက်သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ကျေနပ်အားရသွားပြီး ကျောင်းသားများမှာ အမြော်အမြင်ရှိလှပေသည်ဟု မှတ်ယူလိုက်တော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား အနည်းငယ်ခန့် လှည့်ကာ သူ၏ ကိုယ်နေဟန်ထားကို ပြောင်းနေလိုက်ပြီး နေဝင်ရီတရောအချိန်၏ အလင်းရောင်အောက်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ရင်ကော့ကာ ရပ်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ ကိုယ်နေဟန်ထားကို ကြည့်ရင်း လီဝူချန်းမှာ အံကြိတ်နေ၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်ပြီး နှာမှုတ်ကာ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။ ထို့နောက် အခြားဆရာများ၏ အမိန့်များကြောင့် တိုက်ပွဲဝင် ပုဆိန်ဟိုတယ်ရှေ့ရှိ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။ သို့သော် သူတို့ထဲမှ အချို့မှာ ဝမ်ပေါင်လဲ့ကြောင့် စိတ်ဓာတ်များ ယိမ်းယိုင်သွားခဲ့သည့်ပုံပင်။ သူတို့မှာ ထိုနေရာမှ ထွက်ခွာသွားရင်း နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား လေးစားကြည်ညိုနေသည့် မျက်ဝန်းများဖြင့် ကြည့်နေကြတော့သည်။

မြူခိုးတာအိုကျောင်းမှ ကျောင်းသားများမှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ဝိုင်းလာကြ၏။ သူတို့၏ မျက်ဝန်းများထဲရှိ စိတ်အားထက်သန်မှုများကို အတိုင်းသားမြင်နေရပေသည်။ ဤ ဖြစ်ရပ်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့၏ အမြင်တွင် အလွန်အင်မတန်မှ ကြီးမြတ်သော လူကြီးတစ်ယောက် ဖြစ်သွားတော့သည်။

” မီးဝိညာဉ်ကျောင်းက ငါတို့နဲ့ လက်ရည်စမ်းချင်တယ်တဲ့။ ငါ့ကို ပြောစမ်း။ မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလား ”
ဝမ်ပေါင်လဲ့က သူ၏ ဓမ္မလက်နက်အား သိမ်းဆည်းကာ သူ့အား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့်ကြည့်နေသည့် ကျောင်းသားများကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး တည်ကြည်စွာ မေးလိုက်၏။

ထိုအခါ ထိုကျောင်းသားများမှာ အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။

” ရှိပါတယ် ”

” ကောင်းပြီ။ မင်းတို့တွေအကုန်လုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတယ် ဆိုမှတော့ မင်းတို့ကို ငါ့ရဲ့ အလျှို့ဝှက်ဆုံး‌ဗျူဟာကို သင်ပေးမယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏လက်ကိုဝှေ့ရမ်းကာ သူ၏ သင်္ဘောပျံကြီးအား ထုတ်ယူလိုက်ပြီး တိုက်ပွဲဝင် ပုဆိန်ဟိုတယ်ရှေ့မှ ထွက်ခွာသွားတော့သည်။ မြေပြင်ပေါ်ရှိ အော်ဟစ်အားပေးနေကြသော ကျောင်းသားများမှာမူ မျှော်လင့်ချက်ကိုယ်စီဖြင့် ကျန်ရစ်ခဲ့တော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုနေရာမှ မထွက်ခွာခင် ဟိုတယ်အား ဦးစည်းနေသည့် ရွှီကျန်းကျင့်နှင့် သွားရောက်တွေ့ဆုံကာ အမိန့်တစ်ခုပေးလိုက်၏။

” ပုဆိန်အလက်တစ်ရာ လုပ်ပြီးတော့ ပုဆိန်သွားတွေကို မီးဝိညာဉ်ကျောင်းဘက်ကို လှည့်ထားလိုက် ”

ရွှီကျန်းကျင့်မှာလည်း ဝမ်ပေါင်လဲ့၏ အံ့ဩမှင်တက်ဖွယ်ရာ တိုက်ရည်ခိုက်ရည်များကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်နေ၏။ ယခုအခေါက်တွင်မူ သူသည် ဝမ်ပေါင်လဲ့၏ စကားကို နားထောင်ကာ ချက်ချင်းပင် နာခံလိုက်၏။ သူ၏ အလုပ်ရှင်အသစ်မှာ မီးဝိညာဉ်ကျောင်း၏ ရန်သူတော်ကြီး တစ်ယောက်ဖြစ်ကြောင်း သူက သိလိုက်ရပြီဖြစ်သည်။

ထိုအချက်မှာ မှန်ကန်မှုအပြည့် ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ လီဝူချန်းအား အနည်းငယ်လေးပင် မနှစ်မြို့သည်ဖြစ်ပြီး လီဝူချန်းမှာလည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်ကြားတွင် ပဋိပက္ခများ မရှိပါက ပြဿနာ မတက်နိုင်ပါသော်လည်း ယခုတွင်မူ သူတို့မှာ တိုက်ပွဲဝင် ပုဆိန်ဟိုတယ်တွင် ထပ်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည် ဖြစ်ပြီး သူတို့နှစ်ယောက်စလုံးမှာ ရာထူးအဆင့်အတန်းလည်း တူညီနေကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီဝူချန်းအား သူ မည်မျှအထိ အံ့ဩဖွယ်ရာကောင်းကြောင်း သိအောင်ပြသရန်အတွက် သူ စတင်စိန်ခေါ်ခဲ့သည့် လက်ရည်စမ်းပွဲတွင် သူ၏ ကျွမ်းကျင်မှုများကို ထုတ်ပြရန် ဆုံးဖြတ်လိုက်၏။

” မင်း ငါ့ကို အနိုင်မယူနိုင်သလို မင်းရဲ့ ကျောင်းသားတွေကလည်း ငါ့ရဲ့ ကျောင်းသားတွေကို အနိုင်မရစေရဘူး ”
သူသည် မြူခိုးတာအိုကျောင်းတွင် တစ်နှစ်သာနေရန် ဆုံးဖြတ်ထားပါသော်လည်း ယခုတွင်မူ လူတစ်ယောက်က သူ့အား ရန်စလိုက်ပြီဖြစ်ရာ လီဝူချန်းအား သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် သုံးရက်တိတိကုန်ဆုံးသွား၏။

ဟိုတယ်အပြင်ဘက်တွင် ပုဆိန်အလက်တစ်ရာကို စီတန်းထားသောကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။ မီးဝိညာဉ်ကျောင်းမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေရပြီး လီဝူချန်းသာမက ဆရာများနှင့် ကျောင်းအုပ်တို့မှာလည်း ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

” တော်တော် ဗိုလ်ကျတဲ့ကောင်ကွာ ”

” ငါတို့တွေ နောက်သုံးလနေရင် ကျင်းပမယ့် လက်ရည်စမ်းပွဲမှာ အနိုင်ရမှဖြစ်မယ် ”

မီးဝိညာဉ်ကျောင်းမှ ဆရာများအားလုံးမှာ စိတ်ပိုင်းဖြတ်လိုက်ကြတော့သည်။ လီဝူချန်းမှာဆိုလျှင်လည်း စိတ်အားထက်သန်နေသော မျက်ဝန်းများဖြင့် လက်ရည်စမ်းပွဲအတွက် ကြိုတင်ပြင်ဆင်နေလိုက်တော့သည်။ ထိုကိစ္စထဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ကျောင်းသားများကြောင့် တိုက်ပွဲဝင် ပုဆိန် ဟိုတယ် အပြင်ဘက်တွင် ကျင်းပမည့် ထိုပြိုင်ပွဲနှင့် ထိုဟိုတယ်ရှေ့တွင် ဝမ်ပေါင်လဲ့ ပြောခဲ့သည့်စကားများမှာ မြူခိုးတာအိုကျောင်း တစ်ကျောင်းလုံးထဲတွင် ပျံ့နှံ့သွားတော့သည်။

” မီးဝိညာဉ်ကျောင်းက အရှက်မရှိဘဲနဲ့ လူအယောက်တစ်ရာကျော် ခေါ်လာခဲ့ပြီးတော့ ငါတို့ကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တာ။ ကံကောင်းတာက ကျောင်းအုပ်ဝမ်က ငါတို့ရှေ့ကနေ ရပ်တည်ပေးခဲ့ပြီးတော့ သူတို့ရဲ့ ဆရာတွေအားလုံးကို ပယ်ပယ်နယ်နယ် ရိုက်နှက်ကန်ကျောက်ခဲ့ပြီး ငါတို့ကို ကာကွယ်ပေးခဲ့တာ ”

” ပြီးတော့ ကျောင်းအုပ်ဝမ်က ပြည်ထောင်စု ဥက္ကဋ္ဌကြီးအပါအဝင် တခြား ဘယ်သူကမှ သူ့ရဲ့ကျောင်းသားတွေကို အနိုင်ကျင့်ခွင့် မရှိဘူးဆိုပြီးတော့ ပြောခဲ့သေးတာ ”

” မင်းတို့တွေအကုန်လုံး နေဝင်ဆည်းဆာအောက်မှာ ရပ်နေတဲ့ ကျောင်းအုပ်ဝမ် ဘယ်လောက်အထိ ခံ့ညားမှုအပြည့် ရှိနေသလဲဆိုတာကို မမြင်လိုက်ရဘူးကွ။ သူ့ရဲ့ ပုံစံက နဂါးတစ်ကောင်လို ဖြစ်နေပြီးတော့ သူ့ရဲ့ ဓားကြီးက တိမ်တိုက်တွေကို ထပ်ခြမ်းခြမ်းသွားပြီး မီးဝိညာဉ်ကျောင်းရဲ့ ကျောင်းအုပ်ဆီ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့တာ။ အဲဒီကိစ္စကြီး တစ်ခုလုံးလည်းပြီးရော မီးဝိညာဉ်ကျောင်းက ကျောင်းသားတွေကပါ ကျောင်းအုပ်ဝမ်ကို သိပ်ရိုသေလေးစားသွားကြတာ ”

” ကျောင်းအုပ်ဝမ်က တော်တော်လေးကို မိုက်တယ်ကွာ။ သူ့ရဲ့ ကန်ချက်ကလည်း မိုက်လွန်းလို့ ငါ တစ်သက် မေ့နိုင်တော့မှာမဟုတ်ဘူး ”

ကျင့်သိုကျစ်နှင့် အပေါင်းအပါများ အပါအဝင် ဝမ်ပေါင်လဲ့အား ကြည်ညိုလေးစားနေကြသည့် ကျောင်းသားများမှာ ကျောင်းထဲတွင် အတော်အသင့် လွှမ်းမိုးမူရှိကြသော ကျောင်းသားများဖြစ်ကြသည်။ သူတို့မှာ ထိုကိစ္စနှင့် ပတ်သက်၍ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသမျှ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနေသောကြောင့် ထိုကိစ္စကြီးအား အများသိအောင် ကြော်ငြာပေးနေသကဲ့သို့ ဖြစ်နေတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် သူ့ပြိုင်ဘက်၏ ပေါင်ကြားထဲသို့ လျှပ်စီးကန်ချက်တစ်ချက်ဖြင့် လှမ်းကန်လိုက်သည့် ဖြစ်ရပ်ကြီးကို အသေးစိတ် ဖော်ပြနေကြသည်ဖြစ်ရာ ထိုသတင်းများမှာ မြူခိုးတာအိုကျောင်းထဲတွင် တောမီးများကဲ့သို့ ပျံ့နှံ့သွားတော့သည်။ သူတို့မှာ ထိုဇာတ်လမ်းများ၏ အကြောင်းကို ကြားသိလိုက်ရသောအခါ စိတ်လှုပ်ရှားသွား၏။

အကယ်၍ သူတို့မှာ လူကြီးများ ဖြစ်နေကြမည်ဆိုပါက ယခုကဲ့သို့ အိုးနင်းခွက်နင်းဖြစ်ကာ အခြားသူများ၏ ပြောစကားများအားလုံးကို ယုံကြည်နေကြမည် မဟုတ်ပေ။ သို့သော် ထိုကျောင်းသားများမှာ ရိုးသားနုံအနေကြဆဲပင်။ သူတို့မှာ မျက်နှာများ ပွန်းပဲ့ရောင်ကိုင်းနေပါသော်လည်း ဂုဏ်ယူဝင့်ကြွားမှုအပြည့် ရှိနေပြီး စိတ်လှုပ်တရှား ဖြစ်နေကြသော ကျင့်သိုကျစ်နှင့် အပေါင်းအပါများကို ကြည့်ရင်း သူတို့ကိုယ်တိုင်မှာလည်း စိတ်လှုပ်ရှားလာရတော့သည်။

” မီးဝိညာဉ်ကျောင်းက ကျောင်းအုပ်ဝမ်နဲ့ လောင်းကြေးတစ်ခု ထပ်ခဲ့သေးတယ်။ နောက်သုံးလနေရင် ကျင်းပမယ့် လက်ရည်စမ်းပြိုင်ပွဲမှာ ငါတို့တွေ သေချာပေါက်နိုင်မှကို ရမယ် ”

” ဟုတ်တယ်။ ငါလည်း မီးဝိညာဉ်ကျောင်းကို သင်ခန်းစာပေးတဲ့ထဲ ပါချင်တယ် ”

မျက်စိတစ်မှိတ် အတွင်း မြူခိုးတာအိုကျောင်း တစ်ကျောင်းလုံး လှုပ်လှုပ်ရွရွနှင့် စိတ်အားထက်သန်မှုများ ပြင်းပြလာတော့သည်။ မြူခိုးတာအိုကျောင်းမှ ဆရာများမှာ သူတို့ ထိုကဲ့သို့ဖြစ်နေရသည့် အကြောင်းအရင်းကို သိလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ အသစ်ခန့်အပ်ထားသော လက်ထောက်ကျောင်းအုပ် ဝမ်ပေါင်လဲ့အား အထင်သေး၍ မဖြစ်ကြောင်း သူတို့က မှတ်ယူလိုက်ကြ၏။

မြူခိုးတာအိုကျောင်းတစ်ကျောင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွား၏။ သို့သော် သူ၏ ရည်မှန်းချက်ပန်းတိုင်များမှာ ကြီးမားလှပါသော်လည်း မြူခိုးတာအိုကျောင်းမှ ကျောင်းသားများ၏ အဆင့်အတန်း အစစ်အမှန်များကို သိရှိလိုက်ရသောအခါ လက်တွေ့ဘဝမှာ အလွန်အင်မတန်မှ ခက်ခဲကြမ်းတမ်းကြောင်း နားလည်သွားတော့သည်။

မြူခိုးတာအိုကျောင်းနှင့် မီးဝိညာဉ်ကျောင်း နှစ်ကျောင်းစလုံးမှာ ထိပ်တန်းအဆင့်ကျောင်းများ ဖြစ်ကြပါသော်လည်း မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်မှာ စာအုပ်ကြီးအတိုင်း ဆောင်ရွက်တတ်သူသာ ဖြစ်သည်။ သူ၏ အိုမင်းနေပြီဖြစ်သော အသက်အရွယ်ကြောင့်လားတော့ မသိပေ။ သူ့တွင် တိုးတက်လိုသောစိတ် သိပ်မရှိပေ။ ထို့ကြောင့် ကုန်လွန်လေပြီးသော နှစ်များစွာ အတွင်း ဆရာများ၏ အရည်အသွေးအပိုင်းတွင်ဖြစ်စေ၊ ကျောင်းသားများ၏ တိုက်ရည်ခိုက်ရည် အပိုင်းတွင်ဖြစ်စေ၊ အခန်းကဏ္ဍအားလုံးတွင် မီးဝိညာဉ်ကျောင်း၏ နောက်တွင် ကျန်ရစ်နေခဲ့ပြီဖြစ်သည်။

မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်မှာ ရည်မှန်းချက်ကြီးမားသူတစ်ယောက် ဖြစ်သည့်အတွက် အင်္ဂါဂြိုဟ်ပေါ်ရှိ အဖွဲ့အစည်းအသီးသီးထံမှ ကူညီထောက်ပံ့မှုများကို ရယူကာ သူ၏ကျောင်းအား ပြောင်းလဲနိုင်ရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့၏။

ထို့ကြောင့် သူတို့မှာ လက်ရှိအခြေအနေမှ ပြောင်းလဲနိုင်ရန် မကြိုးစားပါက လက်ရည်စမ်းပွဲတွင် မီးဝိညာဉ်ကျောင်းမှာ မြူခိုးတာအိုကျောင်းအား သေချာပေါက် အနိုင်ယူသွားမည်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲသွားရ၏။ သူသည် ကျောင်းကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားပါသော်လည်း အချိန်သုံးလလောက်နှင့် လုံလောက်မည်မဟုတ်ပေ။ ရန်ပုံငွေနှင့် အထောက်အပံ့ပစ္စည်း အမြောက်အမြား မရရှိပါက မဖြစ်နိုင်ပေ။ သို့သော် လက်ရှိတွင် မြူခိုးတာအိုကျောင်းမှာ တိုးတက်ကြီးပွားနေသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တကယ်တွင်မူ ၎င်းမှာ အခွံလွတ်ကြီးတစ်ခုကဲ့သို့သာ ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့ အသုံးပြုနိုင်မည့် အထောက်အပံ့ပစ္စည်းများမှာ များများစားစား ရှိမည်မဟုတ်‌ပေ။

သူသည် အင်္ဂါဂြိုဟ် အစိုးရထံမှ အထောက်အပံ့ပစ္စည်းများနှင့် ရန်ပုံငွေများ တောင်းခံလျှင်တောင် ထောက်ခံချက်ရရန် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကြမ်းဖျင်းခန့် တွက်ချက်ကြည့်လိုက်ပြီးနောက် အချိန်မလောက်တော့ကြောင်း သိလိုက်ရသဖြင့် ပို၍ပင် စိတ်သောက ရောက်သွားရတော့သည်။

” ငါက အရင်တုန်းက သိပ်ပြီးတော့ အားမစိုက်ခဲ့တာမလို့ ကျောင်းရဲ့ အခြေအနေတွေကို နားမလည်ခဲ့တာ။ ကျောင်းကြီးက ဒီအခြေအနေအထိ ရောက်နေတာကိုသာ ငါ ကြိုသိခဲ့ရင် ဒီပြိုင်ပွဲကို မစဉ်းစားဘဲ သဘောတူမိခဲ့မှာ မဟုတ်ဘူး။ လီဝူချန်းဆိုတဲ့ကောင်က တော်တော်ကို ကောက်ကျစ်တာပဲ ”
ဝမ်ပေါင်လဲ့မှာ ခေါင်းခဲနေရပြီ ဖြစ်သည်။ သူသည် မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်ဆီသို့သွားကာ ဤကိစ္စအကြောင်း ဆွေးနွေးလိုက်ပါသော်လည်း ကျောင်းအုပ်မှာ မကြာခင် အငြိမ်းစားယူတော့မည်ဟု ဆုံးဖြတ်ထားသည်ဖြစ်၍ ပြုံးသာပြုံးပြလိုက်ပြီး ဝမ်ပေါင်လဲ့အား စိတ်ကြိုက်စီမံခန့်ခွဲခွင့် ပေးလိုက်၏။ သို့သော် သူသည် အကြံတစ်ခုတစ်လေပင် မပေးခဲ့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရပြီး ထိုကျောင်းအုပ်ကဲ့သို့သော လူတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် နေရသည်မှာ အဆိုးကြီးလည်း မဟုတ်ကြောင်း ဖြေသိမ့်လိုက်၏။ သူသည် ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်သလို တဇွတ်ထိုးတဇောက်ကန်း ဆောင်ရွက်တတ်သည့် လူတစ်ယောက်လည်း မဟုတ်ဘဲ အေးအေးလူလူသာ နေတတ်သည့် လူတစ်ယောက် ဖြစ်ပေသည်။ သို့သော် ထိုအချက်ကြောင့်လည်း သူ့လက်ရှိတွင် ရင်ဆိုင်နေရသည့် အခက်အခဲကြီးကို သူတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်ချေ အမျိုးမျိုးကို တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လင်းတျန်ဟောက်အား အမှတ်ရသွား၏။

” ငါတို့တွေ ကောင်းကင်တာအိုကျောင်းမှာ ပဋိပက္ခ ဖြစ်ခဲ့တုန်းက သူက ကောလာဟလတွေ လွှင့်တဲ့နေရာမှာ တော်တော်လေးကို ပါရမီပါတယ်။ သူက လူအ,တစ်ယောက် မဟုတ်ဘူး။ ကံဆိုးပြီး ငါနဲ့ ကြုံလိုက်ရတာပဲရှိတာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် လင်းတျန်ဟောက်အား ချက်ချင်းပင်ဆင့်ခေါ်ကာ သူရင်ဆိုင်နေရသော အခက်အခဲများကို ပြောပြလိုက်၏။

” တျန်ဟောက်။ ဒီကိစ္စက မြူခိုးတာအိုကျောင်းရဲ့ အနာဂတ်နဲ့ ဂုဏ်သတင်းအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိမှာနော်။ ငါမင်းကို ဒီတာဝန် ပေးလိုက်ပြီ။ မင်း အောင်မြင်မယ်ဆိုရင် ကျောင်းအုပ်ကို မင်းရဲ့ကောင်းကြောင်းတွေ ပြောပေးမယ် ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ လင်းတျန်ဟောက်၏ ပခုံးအားပုတ်၍ သူ့အား ယုံကြည်အားကိုးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ စကားများကို နားထောင်လိုက်ရပြီးနောက် အံ့အားသင့်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား အထူးတဆန်းဖြစ်နေသည့် အကြည့်ဖြင့်ကြည့်ရင်း သူကိုယ်တိုင်သည်လည်း စိတ်သောကရောက်ကာ ခေါင်းခဲသွားရပြီဖြစ်သည်။ သူ၏စိတ်ထဲတွင်မူ ဝမ်ပေါင်လဲ့မှာ လုံးဝအရှက်မရှိကြောင်း မှတ်ယူလိုက်၏။ ဤ လက်ရည်စမ်းပွဲအား တက်ရောက်ရန် ဖိတ်ကြားမှုကို လက်ခံခဲ့သူမှာ ဝမ်ပေါင်လဲ့ ဖြစ်ပါသော်လည်း ယခုတွင် ထိုပြဿနာကြီးမှာ ခက်ခဲလွန်းနေပြီ ဖြစ်သောကြောင့် သူ့အား လက်လွှဲပေးလိုက်သည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ ကျောင်းအုပ်အား သူ့ ကောင်းကြောင်းများကို ပြောပြပေးမည်ဆိုသော စကားကို လင်းတျန်ဟောက်မှာ လုံးဝယုံကြည်မှုမရှိပေ။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိချေ။ ဝမ်ပေါင်လဲ့၏ ရာထူးနှင့် အဆင့်အတန်းနှစ်ခုစလုံးမှာ သူ့ထက်ပို၍ သာလွန်နေသည်ဖြစ်သလို သူသည် လင်းတျန်ဟောက်၏ အထက်လူကြီးလည်း ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုကဲ့သို့သော အမိန့်မျိုးမှာ သူ့အား လှုပ်မရလောက်အောင် ဖိအားပေးနိုင်စွမ်း ရှိပေသည်။

” ဘာလို့ ငါက ဒီလောက်အထိ ကံဆိုးနေရတာလဲ။ တာအိုကျောင်းထဲမှာတင် မဟုတ်ဘဲ ဘွဲ့ရပြီးတဲ့အထိ သူ အနိုင်ကျင့်တာကို ခံနေရတယ်လို့ကွာ ”
လင်းတျန်ဟောက်မှာ ဝမ်းနည်းကာ ဒေါသထွက်နေရတော့သည်။ သို့သော် လက်ရှိတွင် သူ၏ မကျေနပ်ချက်များကို ထုတ်ပြော၍ မဖြစ်သောကြောင့် အရေးကြီးသည့် အချက်များကိုသာ အာရုံစိုက်လိုက်၏။ အချိန်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် အံကြိတ်ကာ ရှေ့သို့လှမ်းလာပြီး တိုးတိုးလေး ပြောလိုက်၏။

” ကျောင်းအုပ်။ အထောက်အပံ့ပစ္စည်းတွေ အတွက်ပဲဆိုရင် ကျနော့်မှာ အကြံတစ်ခုရှိတယ် ”

” ဟေ ”
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်ရန်ပြင်လိုက်စဉ်မှာပင် လင်းတျန်ဟောက်၏ စကားသံကို ကြားလိုက်ရသောကြောင့် သူ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

” ကျောင်းအုပ်ဆီမှာ အကြံတစ်ခုခု ရှိနေပြီသားဆိုတာ ကျနော်သိပါတယ်။ ကျောင်းအုပ်က ကျနော့်ကို စမ်းသပ်ချင်လို့ အခုလို လုပ်နေတာမလား။ ကျနော်အခုပြောမယ့် အကြံက ကျောင်းအုပ် တွေးထားတဲ့ အကြံနဲ့ ဆင်တူလောက်တယ်။ ကျနော့် အမြင်မှာဆိုရင် ကျနော်တို့ရဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်သွားမှာ။ ဒီ ကျောင်းသားတွေရဲ့ မိဘတွေက သာမန်လူတွေမှမဟုတ်ဘဲ။ သူတို့က ကျောင်းအုပ်ကိုတော့ မယှဉ်နိုင်ပေမယ့် အင်္ဂါဂြိုဟ်ပေါ်မှာဆိုရင် ဩဇာအာဏာရှိပြီးတော့ အရှိန်အဝါကြီးမားတဲ့ လူတွေအဖြစ် သတ်မှတ်ခံထားရတာလေ ”

” သူတို့က ကြုံနေရတဲ့ပြဿနာတွေကို ကျေကျေနပ်နပ်နဲ့ လိုလိုလားလား ဖြေရှင်းပေးလိမ့်မယ်ဆိုတာ ကျနော်ယုံတယ်။ လက်ရည်စမ်းပွဲကို အင်္ဂါဂြိုဟ်နေ့မှာ ကျင်းပမှာလေ။ လက်ရှိအခြေအနေတွေကို နည်းနည်းလေး လိုသလို ကစားလိုက်ပြီးတော့ ပြိုင်ပွဲရဲ့ အရွယ်အစားကို ချဲ့နိုင်မယ်ဆိုရင် ကျောင်းသားမိဘတွေကို ပွဲကြည့်ပရိတ်သတ်တွေအဖြစ် ဖိတ်လို့ရပြီ။ အဲဒါဆိုရင် မီးဝိညာဉ်ကျောင်းက ကျနော်တို့အတိုင်း လိုက်လုပ်ရင်လိုက်လုပ်၊ အဲဒီလိုမှမဟုတ်ရင် သူတို့ဘက်က အားနည်းနေတဲ့ပုံ ပေါက်သွားမှာပဲ။ တကယ်လို့ သူတို့တွေက ကျနော်တို့အတိုင်း လိုက်လုပ်မယ်ဆိုရင် ကျောင်းနှစ်ကျောင်းစလုံးက ကျောင်းသားမိဘတွေက ပွဲကြည့်ဖို့ ရောက်လာကြမှာပဲ။ ဒါဆိုရင် အဲဒီပြိုင်ပွဲက အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ခု ဖြစ်သွားမှာ။ ဘုရင်ခံကိုယ်တိုင်တောင် ပွဲလာကြည့်လောက်တယ်။ အဲဒီလိုသာဆိုရင် သူတို့ရဲ့ သားသမီးတွေကို ဘုရင်ခံရဲ့ရှေ့မှာ ထုတ်ကြွားနိုင်မဲ့ အခွင့်အရေး ရသွားတာနဲ့ တူတူပဲလေ ”

” ဘယ်မိဘကမှ ကိုယ့်သားသမီး ရှုံးတာကို မြင်ချင်မှာမဟုတ်ဘူး။ ဘုရင်ခံရဲ့ ရှေ့မှာဆိုရင် ပိုတောင် ဆိုးသေးတာပေါ့….. ”
လင်းတျန်ဟောက်မှာ ဤအရှုပ်ထုပ်ကြီးကို လက်ထဲ၌ မကိုင်ထားလိုသောကြောင့် ဉာဏ်အကုန်ထုတ်ကာ အားမာန်အပြည့်ဖြင့် ရွှမ်းရွှမ်းဝေအောင် ရှင်းပြလိုက်ပြီး မသိစိတ်မှနေ၍ ဝမ်ပေါင်လဲ့အား ဖားယားသည့် စကားများကိုပင် ဆိုမိလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset